← Chapters

နတ်နန်းတော်များကို တုန်လှုပ်စေမည့် ခရမ်းသလင်းကျောက်

Vol. 43 Ch. 654

နတ်နန်းတော်များကို တုန်လှုပ်စေမည့် ခရမ်းသလင်းကျောက်

Vol. 43 Ch. 654

ရွှီချင်းသည် သူ့အတွက် လွတ်မြောက်နိုင်မည့် အခွင့်အရေးကို မရယူကြောင်း သတိပြုမိသောအခါ ပန်းချီကားအဖိုးအိုသည် မျက်နှာသုန်မှုန်သွားသည်။

‘ ဒီကောင်လေးက အရမ်းသတိကြီးတာပဲ… ဒီလိုဆိုမှတော့ နောက်အစီအစဉ်တစ်ခုကို ငါအသုံးပြုရတာပေါ့ ’

အဖိုးအိုသည် အတွင်းစိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ပြီး ဆက်လက် ပန်းချီဆွဲသည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ရွှေကျီးကန်း၏ အာဟာရဖြည့်စွမ်းအားသည် ဒသမနတ်နန်းတော်ထဲသို့ ဒလဟော စီးဆင်းသွားနေသည်။ သူ၏ အသိစိတ်ပင်လယ်ထဲတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး ဒသမနတ်နန်းတော်သည် အလျှင်အမြန် ဒြပ်ထည်ဖြစ်တည်လာနေသည်။

“ အခြေတည်ကျင့်ကြံသူတစ်ယောက်က အသက်မီးတောက်ဘောလုံးငါးလုံး ဖွဲ့စည်းပြီးတဲ့နောက် သက်စောင့်မီးအိမ်တွေမပါဘဲ အမြင့်ဆုံးအရေအတွက် နတ်နန်းတော်ရှစ်ခုကို ဒြပ်ထည်ဖွဲ့နိုင်လိမ့်မယ် ”

“ ငါ့ရဲ့နတ်နန်းတော်ဆယ်ခုမှာ သုံးခုက သက်စောင့်မီးအိမ်တွေကနေ ဒြပ်ထည်ဖွဲ့ထားတာ… အခု နတ်နန်းတော်ရှစ်ခုထဲက သတ္တမမြောက်နတ်နန်းတော်က ဒြပ်ထည်ဖွဲ့နေပြီ ”

“ ငါ ဒီနတ်နန်းတော်ကို ဖွဲ့စည်းပြီးတာနဲ့ ပြီးပြည့်စုံတဲ့ ရွှေအမြူတေအဆင့်ကိုရောက်ဖို့ နတ်နန်းတော်တစ်ခုပဲ လိုတော့မယ် ”

ရွှီချင်းသည် အမြန်တွေးတောလိုက်ပြီး ရွှေကျီးကန်း၏ အာဟာရဖြည့်စွမ်းအားကို ဆက်လက် ပေါက်ကွဲထွက်စေသည်။ ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားသည်။ နတ်ဘုရားခန္ဓာကိုယ်သည် (၇၀)ရာခိုင်နှုန်းထိ ပြီးစီးသွားသောအခါ သူရိန်နေမင်း၏ အသွေးအသားသည် သိသိသာသာ ခြောက်သွေ့လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဒသမနတ်နန်းတော်သည် (၅၀)ရာခိုင်နှုန်းထိ ဒြပ်ထည်ဖြစ်တည်လာသည်။

“ သိပ်မလိုတော့ဘူး ”

ရွှီချင်း၏ နှလုံးသားထဲတွင် မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်နေသည်။ ခရမ်းသလင်းကျောက်ကို ဒသမနတ်နန်းတော်ထဲသို့ ထည့်သွင်းလိုက်သည့်အခါ မည်သို့ဖြစ်လာမည်ကို သူတကယ်သိချင်သည်။

ထို့ကြောင့် သူသည် အဖိုးအိုကို ဆက်လက်အာရုံစိုက်နေစဉ် နတ်နန်းတော်၏ ဒြပ်ထည်ဖြစ်တည်မှုကို စစ်ဆေးနေသည်။

သိပ်မကြာမီ သူ၏ ဒသမနတ်နန်းတော်သည် (၉၀)ရာခိုင်နှုန်းထိ ဒြပ်ထည်ဖြစ်တည်လာသည်။

အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် နတ်ဘုရား၏ ခန္ဓာကိုယ်သည် ဦးခေါင်းတစ်ခုသာလျှင် လိုအပ်တော့သည်။ ထိုစဉ် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဒသမနတ်နန်းတော်သည် နောက်ဆုံးမှာတော့ (၉၉)ရာခိုင်နှုန်းထိ ဒြပ်ထည်ဖြစ်တည်သွားပြီး သူ၏ အသိစိတ်ပင်လယ်ထဲတွင် ကျယ်လောင်သော ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသည်။

“ ခရမ်းသလင်းကျောက် ”

ရွှီချင်း၏ လက်သည် ကြည်လင်ရှင်းလင်းလာပြီး သူ၏ နှလုံးထဲထိ တိုက်ရိုက်ထိုးဖောက်သွားသည်။ သူသည် စိတ်မသက်မသာခံစားမှုနှင့် ပြင်းထန်သော နာကျင်မှုကို ကြိတ်မှတ်သည်းခံရင်း အတွင်းပိုင်းထဲမှ ခရမ်းသလင်းကျောက်ကို ဖမ်းဆုပ်လိုက်သည်။

သူသည် ခရမ်းသလင်းကျောက်ကို အပြင်သို့ ဆွဲမထုတ်ဘဲ အတွင်းထဲသို့ တွန်းပို့လိုက်ပြီး သူ၏ အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်လိုက်သည်။

“ ပေါင်းစပ်စမ်း ”

ဤအခိုက်အတန့်မှာ ရွှီချင်း၏ နှလုံးသားထဲ၌ ပြင်းပြသော မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း ခရမ်းသလင်းကျောက်သည် သူ၏ အသိစိတ်ပင်လယ်နှင့် နီးကပ်လာပြီး အတွင်းထဲသို့ မဝင်ရောက်သေးခင် ပြင်းထန်သော ငြင်းဆန်မှုသည် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ ထွက်ပေါ်လာသည်။

ထိုငြင်းဆန်မှုသည် နတ်နန်းတော်တစ်ခုတည်းထံမှမဟုတ်ဘဲ ရွှီချင်း၏ ခန္ဓာကိုယ်ထဲရှိ နတ်နန်းတော်အားလုံးထံမှ ဖြစ်သည်။ ဤအခိုက်အတန့်မှာ နန်းတော်အားလုံးသည် ပြင်းထန်သော အားလှိုင်းအတတ်အကျကို အလိုအလျောက် ထုတ်လွှတ်နေကြသည်။

ရွှီချင်းသည် အံ့ဩသွားသည်။

နတ်နန်းတော်များ၏ ငြင်းဆန်မှုသည် ခရမ်းသလင်းကျောက်ကို လှုံ့ဆော်လိုက်ပုံရသည်။ ယင်းသည် မကျေမနပ်ဖြစ်သွားသည့်အလားပင်။ ကောင်းကင်ဘုံစွမ်းအားကို ကျော်လွန်သွားသော တုနှိုင်းမဲ့ အထွတ်အထိပ်စွမ်းအင်အမျှင်တန်းတစ်ခုသည် ခရမ်းသလင်းကျောက်ထံမှ ထွက်ပေါ်လာသည်။

ထိုအမျှင်တန်းတွင် ပြင်းထန်သော လွှမ်းမိုးခြယ်လှယ်မှု သဘောတရား ပါဝင်သည်။ ယင်း၏ စွမ်းအားသည် အလွန်ကျယ်ပြောပြီး သာလွန်ကြီးမြတ်လေရာ ကမ္ဘာနှင့် အရာအားလုံးကို ဖိနှိပ်နိုင်သယောင်ပင်။

ခရမ်းသလင်းကျောက်သည် ရှေးဟောင်းခေတ်မှ မြင့်မြတ်ထည်ဝါသော နတ်ဘုရားတောင်ကြီးတစ်တောင်နှယ် ပြောင်းလဲသွားဟန်ရသည်။

ယင်းနှင့်နှိုင်းယှဉ်လျှင် ရွှီချင်း၏ အသိစိတ်ပင်လယ်သည် သေးငယ်သော အိတ်ကပ်တစ်ခုနှင့် ဆင်တူသည်။

သေးငယ်သော အိတ်ကပ်ထဲသို့ ကြီးမားသော အရာဝတ္ထုတစ်ခုကို မည်သို့ထည့်နိုင်မည်နည်း။

အက်ကွဲကြောင်းများသည် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲတွင် ထွက်ပေါ်လာကြပြီး သူ၏ နတ်နန်းတော်ဆယ်ခုသည် အပြင်းအထန် တုန်လှုပ်လာကြသည်။

နတ်နန်းတော်များထဲမှ ထီးနက်သက်စောင့်မီးအိမ်သော်လည်းကောင်း၊ သက်တံ့လေသံစဉ် သက်စောင့်မီးအိမ်သော်လည်းကောင်း၊ ငရဲဝိညာဉ်သွေးအတောင်ပံ သက်စောင့်မီးအိမ်သော်လည်းကောင်း ၎င်းတို့၏ ကိုယ်ပေါ်မှ ထာဝရတောက်လောင်နေမည့်ဟန်ရသော အထွတ်အထိပ်မီးတောက်သည် ငြိမ်းသတ်တော့မည့် လက္ခဏာများ ပြလာသည်။

၎င်းတို့သည် ရှေးဟောင်းခေတ် ဦးသျှောင်များနှင့် အုပ်ချုပ်သူများ၏ သွေးမျိုးစက်မှ မွေးဖွားလာကြသော်လည်း ခရမ်းသလင်းကျောက်မှ ထုတ်လွှတ်လိုက်သော ဖိနှိပ်ခြင်းစွမ်းအင်အမျှင်တန်းတစ်ခုကိုပင် မတောင့်ခံနိုင်ကြပေ။

၎င်းတို့သည် အပိုင်းပိုင်းအက်ကွဲတော့မည့် လက္ခဏာများပင် ပြလာကြသည်။

ရွှီချင်းသည် ထိုသို့ဖြစ်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားပေ။ သူ၏ အမူအရာသည် တစ်ခါမှမဖြစ်စဖူး အကြီးအကျယ် ပျက်ယွင်းသွားသည်။ တားမြစ်အဆိပ်ဆေးလုံးတည်ရှိနေသော နတ်နန်းတော်ထံမှ ထွက်ပေါ်လာသော မြင်ကွင်းသည်ပင် သူ့အတွက် ယုံကြည်ရန် အလွန်ခဲယဉ်းသည်။

နတ်ဘုံမှ နတ်ဘုရားကျိန်စာစွမ်းအားဖြစ်သော တားမြစ်အဆိပ်ဆေးလုံးသည် အလျှင်အမြန် ကျုံ့လာနေသည်။ ယင်းသည် တစ်စုံတစ်ရာ၏ ဖယ်ရှားခံနေရသည့်အလား တဖြည်းဖြည်း ဝေဝါးလာသည်။ ယင်းသည် မတည်မငြိမ်ဖြစ်လာပြီး စွမ်းရည်ယိုယွင်းပျက်စီးလာကာ မကြာခင် ပေါက်ကွဲတော့မည် လက္ခဏာများ ပြလာသည်။

ခရမ်းလနတ်နန်းတော်သည်လည်း ထို့အတူ သက်ရောက်ခံနေရသည်။ ခရမ်းလ၏ ဇစ်မြစ်သည် နီလာနတ်သမီးထံမှ ဖြစ်သည်။ သို့သော်လည်း ယင်းသည် နတ်နန်းတော်ထဲတွင် လှုပ်ခါနေသည်။ ယင်း၏ အဖြစ်သည် အပြစ်ကင်းစင်သော မိန်းမငယ်လေးတစ်ယောက်က ကြောက်စရာကောင်းသော လူယုတ်မာတစ်ယောက်နှင့် ရင်ဆိုင်နေရသလိုပင်။ ယင်းသည်လည်း အက်ကွဲတော့မည့် လက္ခဏာများ ပြလာသည်။

ထိုသို့အခြေအနေမျိုးသည် တစ်ခါမှ မဖြစ်ဖူးပေ။

“ ဟူး… ”

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာပြီး သူသည် အလွန်ထိတ်လန့်သွားသည်။ သူသည် ဤကဲ့သို့အခြေအနေမျိုးနှင့် တစ်ခါမှ မတွေ့ကြုံဖူးပေ။

ကောင်းကင်ဘုံတာအိုမိုဆာဆောနှင့် တစ္ဆေအင်ပါယာတောင်ကုန်းသည်ပင် ဤအခိုက်အတန့်မှာ အပြင်းအထန် တုန်လှုပ်နေကြသည်။ မိုဆာဆောသည် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုနှင့် တွေ့ကြုံနေရသည့်အလား အလွန်အမင်း ကြောက်လန့်ခြောက်ခြားသော စိတ်ခံစားမှုကို ထုတ်လွှတ်နေသည်။

တစ္ဆေအင်ပါယာတောင်ကုန်း၏ ပုံရိပ်သည်မူ ခရမ်းသလင်းကျောက်၏ ဦးတည်ရာသို့ ဖြည်းဖြည်းချင်း ဦးညွတ်လိုက်ပြီး အညံ့ခံကြောင်း ဖော်ပြသည်။

တတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်၍ တာအိုနတ်သူငယ်သို့ အသွင်ပြောင်းလဲသွားခဲ့သော ရွှေကျီးကန်းသည် အလွန်ထိတ်လန့်တုန်လှုပ်နေပြီး တအီအီညည်းသံကို ထုတ်ဖော်နေသည်။

ထိုဖြစ်စဉ်အားလုံးသည် ရွှီချင်း၏ စိတ်ထဲတွင် မုန်တိုင်းထန်စေသည်။ ကြီးမားသော ရေလှိုင်းလုံးများသည် တစ်ဟုန်ထိုး မြှောက်တတ်သွားကြပြီး မိုးထစ်ချုန်းသံများသည် ကျယ်လောင်စွာ မြည်ဟိန်းထွက်လာသည်။

သူ၏ ခရမ်းသလင်းကျောက်သည် သာမန်မဟုတ်ကြောင်း သိသည်။ မည်သို့ဆိုသော် အရိပ်လေးသည်ပင် ယင်း၏ ဖိနှိပ်ခံခဲ့ရပေသည်။ သို့သော် ဤမျှထိကြောက်စရာကောင်းလိမ့်မည်ဟု တစ်ခါမှ သူမျှော်လင့်မထားပေ။

သူသည် ခရမ်းသလင်းကျောက်ကို သူ၏ အသိစိတ်ပင်လယ်နားသို့ တိုးသွားစေရုံမျှသာ ရွှေ့ပြောင်းရသေး၏။ ယင်းကို နတ်နန်းတော်ထဲသို့ တကယ်မထည့်သွင်းရသေးပေ။ သို့သော်လည်း သူ၏ အသိစိတ်ပင်လယ်ထဲမှ နတ်နန်းတော်များသည် လူရမ်းကားတစ်ယောက်နှင့် တွေ့ဆုံလိုက်ရသော မိန်းမငယ်လေးများသဖွယ် ဖြစ်ပျက်သွားကြသည်။ ယင်းတို့သည် ခရမ်းသလင်းကျောက်ကို အရှေ့သို့ ဆက်မတိုးသွားစေချင်သည့်အလား ပုံစံအမျိုးမျိုးပြ၍ အကြောက်အကန် ငြင်းဆန်နေကြသည်။

သို့သော်လည်း ယင်းတို့၏ ငြင်းဆန်မှုက ခရမ်းသလင်းကျောက်ကို လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။ ထို့ကြောင့် ခရမ်းသလင်းကျောက်က ယင်းတို့ကို လွှမ်းမိုးခြယ်လှယ်သော အရှိန်အဝါဖြင့် ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ ရွှီချင်းသာ ခေါင်းမာပြီး ခရမ်းသလင်းကျောက်ကို သူ၏ အသိစိတ်ပင်လယ်ထဲသို့ ဆက်လက်ရွှေ့ပြောင်းမည်ဆိုလျှင် သူ၏ အသိစိတ်ပင်လယ်သည် ယင်းကို တောင့်ခံနိုင်လိမ့်မည်မဟုတ်ဘဲ  ချက်ချင်း အပိုင်းပိုင်းအစစ အက်ကွဲသွားလိမ့်မည်။ နတ်နန်းတော်အားလုံးသည်လည်း ချက်ချင်း အက်ကွဲသွားကြလိမ့်မည်။

ရွှီချင်း၏ လက်သည် တုန်ယင်လာသည်။ သူ၏ လက်ထဲတွင် ခရမ်းသလင်းကျောက်မဟုတ်ဘဲ ကမ္ဘာဖျက်ဆီးမည့် မိုးကြိုးတစ်ခုကို ဆုပ်ကိုင်ထားသည့်အလား ခံစားမိလာသည်။ ထို့ကြောင့် သူသည် လုံးဝတုံ့ဆိုင်းမနေဘဲ ခရမ်းသလင်းကျောက်ကို သူ၏ အသိစိတ်ပင်လယ်ထဲမှ အဝေးသို့ ရွှေ့ပြောင်းလိုက်ပြီး သူ၏ ရင်ဘက်ထဲတွင် သေချာဂရုတစိုက် ပြန်ထားလိုက်သည်။

ခရမ်းသလင်းကျောက်ထွက်ခွာသွားသည်နှင့် အပြင်းအထန် တုန်လှုပ်နေသော သူ၏ အသိစိတ်ပင်လယ်သည် နောက်ဆုံးမှာတော့ ရပ်တန့်သွားပြီး ပုံမှန်ပြန်ဖြစ်သွားသည်။

“ အဲ့ဒါက တကယ်ပဲ ဘာလဲ ”

ရွှီချင်း၏ တစ်ကိုယ်လုံးသည် ချွေးစေးဖြင့် ရွှဲရွှဲစိုသွားသည်။ ခရမ်းသလင်းကျောက်အပေါ် သူ၏ နားလည်မှုသည် အလွန်သေးငယ်သည်ဟု ခံစားရလာသည်။ သို့သော်လည်း ယခု ဤအကြောင်းကို တွေးတောနေရန် သူ့မှာအချိန်မရှိကြောင်း နားလည်သည်။ ထို့ကြောင့် သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုကို အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။

“ ခရမ်းသလင်းကျောက်ကို ထည့်လို့မရဘူးဆိုတော့… ”

ဆုံးဖြတ်ချက်ပြတ်သားမှုသည် ရွှီချင်း၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် သူသည် (ဃ၁၃၂)၏ အစောင့်အကြပ်နှင့် နတ်ဘုရားလက်ချောင်း၏ စွမ်းအားပါဝင်သော ဝါးခြမ်းပြားများကို ထုတ်လိုက်သည်။

ရွှီချင်းသည် ထိုဝါးခြမ်းပြားများတွင် သူနိုးလာသည့်အခါတိုင်း သူ၏ နားလည်မှုကို မှတ်သားထားလေ့ ရှိသည်။ ယင်းတို့သည် (ဃ၁၃၂)၏ အကူအညီဖြင့် သူ့ကိုယ်ပိုင်ဖန်တီးထားသော ပစ္စည်းဖြစ်သည်။

ယင်းတို့ထဲတွင် မှတ်သားခြင်းနှင့် မေ့လျော့ခြင်းဟူသော မတူကွဲပြားသည့် စွမ်းအင်နှစ်မျိုးပါဝင်သည်။ ရွှီချင်းသည် ဝါးခြမ်းပြားများကို ထုတ်လိုက်ပြီး သူ၏ အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်လိုက်သည်။ ထိုမှတဆင့် ဒသမနတ်နန်းတော်ဆီသို့ ထည့်သွင်းလိုက်သည်။

ဒသမနတ်နန်းတော်ထဲသို့ သူထည့်သွင်းလိုက်သည်နှင့်ချက်ချင်း ဝါးခြမ်းပြားအားလုံးသည် အပိုင်းပိုင်းအစစ အက်ကွဲသွားကြပြီး ပြာမှုန်သို့ ပြောင်းလဲသွားသည်။ ထိုပြာမှုန်သည် ပြန်လည်စုဝေးသွားပြီး နောက်ဆုံးမှာတော့ သွေးနီရောင်တောက်ပသော ဝါးခြမ်းပြားတစ်ခုသို့ ဖွဲ့စည်းသွားသည်။

ထိုဝါးခြမ်းပြားပေါ်တွင် ပြွတ်သိပ်နေသော စာလုံးများစွာဖြင့် ရေးထွင်းထားသည်။ ယင်းတို့သည် ရွှီချင်း၏ လက်ရေးစာများ ဖြစ်သည်။

ထိုစာလုံးများသည် တစ်ခါတစ်ရံ ဝေဝါးသွားပြီး တစ်ခါတစ်ရံ ရှင်းလင်းလာသည်။ တစ်ခါတစ်ရံ လုံးဝပျောက်ကွယ်သွားပြီး တစ်ခါတစ်ရံ ဝါးခြမ်းပြားအပြည့် ထွက်ပေါ်လာသည်။ ယင်းထံမှ အလွန်သိပ်သည်းသော သွေးနီရောင်အလင်းကို ထုတ်လွှတ်နေလေရာ ဒသမနတ်နန်းတော်သည် အနီရောင်စွန်းထင်သွားသည်။

ဒသမနတ်နန်းတော်၏ အသွင်အပြင်သည်လည်း ပြောင်းလဲသွားသည်။ ယင်းက (ဃ၁၃၂)ဖြစ်လာသည်။

နန်းတော်ထဲမှ သွေးနီရောင်အလင်းသည် နတ်ဘုရားလက်ချောင်း၏ ကိုယ်ပေါ်မှ အလင်းနှင့် အတူတူဖြစ်သည်။

သို့သော် အနီးကပ်သေချာကြည့်ရှုသည့်အခါ သွေးနီရောင်အလင်းပေါ်တွင် ချည်မျှင်အဖြူတချို့ ရောထွေးနေကြောင်း ရွှီချင်း မြင်လိုက်ရသည်။ ချည်မျှင်အဖြူများသည် သွေးနီရောင်အလင်းနှင့် ယှက်ထွေသွားပြီး တစ်သားတည်းပေါင်းစပ်သွားသောအခါ (ဃ၁၃၂)နှင့်ဆင်တူသော နတ်နန်းတော်အထဲတွင် မျောလွင့်နေသော ဝါးခြမ်းပြားသည် အဖြူအနီအလင်း၏ လွှမ်းခြုံမှုအောက်တွင် အဆုံးမဲ့သော မကောင်းဆိုးဝါးအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ဒသမနတ်နန်းတော် အပြည့်အဝ ဒြပ်ထည်ဖြစ်တည်လာပြီးနောက် ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံသည် ထပ်မံမြင့်တတ်သွားသည်။ ဤအခိုက်အတန့်မှာ အခြေခံအားဖြင့် ရွှီချင်း၏ ကျင့်ကြံခြင်းသည် ရွှေအမြူတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်ပေ၏။

သမိုင်းကြောင်းကို ပြန်လှန်မည်ဆိုလျှင် ဝမ်းကူးကုန်းမြေ၌ သူ့လိုလူများ ပေါ်ထွက်လာခဲ့ဖူးသည်။ သို့သော် သူတို့သည် အလွန်အမင်း ရှားပါးသည်။

သူ၏ နတ်နန်းတော်များအထဲတွင် တားမြစ်အဆိပ်နတ်ဘုရားကျိန်စာ၊ ခရမ်းလနတ်ဘုရားအရင်းအမြစ်နှင့် ကံကြမ္မာဆိုးနတ်ဘုရားစွမ်းအား ရှိကြသည်။

ထိုနတ်ဘုရားစွမ်းအားသုံးမျိုးဖြင့်ဆိုလျှင် လူတိုင်းကို အံ့ဩထိတ်လန့်စေရန် လုံလောက်ပေ၏။ ထို့အပြင် သူ့မှာ ကောင်းကင်ဘုံတာအိုမိုဆာဆော၊ တစ္ဆေအင်ပါယာတောင်ကုန်း၏ ပုံရိပ်နှင့် နေကြွေကျမှုမှ ဖြစ်ပေါ်လာသော ကျောက်ရှာအလင်းလည်း ရှိသေးပေသည်။

ထိုသို့သော ရွှေအမြူတေကျင့်ကြံသူကို ရွှေအမြူတေအဆင့်ဟု သတ်မှတ်နိုင်တော့မည် မဟုတ်ပေ။ အကယ်၍ ရွှီချင်းသာ ချူထျန်းချွင်ကို နောက်တစ်ကြိမ် ပြန်ရင်ဆိုင်ရမည်ဆိုလျှင် သူ့ကို အချိန်ခဏလေးအတွင်း အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်။

အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် ယခုချက်ချင်း အဆင့်ကြီးကို ချိုးဖြတ်ပြီး ဝိညာဉ်နတ်သူငယ်အဆင့်ဖြစ်သော ကောင်းကင်အခွင့်အာဏာ တာအိုနတ်သူငယ်အဆင့်သို့ တတ်လှမ်းနိုင်ပေသည်။

သို့သော်လည်း ရွှီချင်းသည် သူ၏ အကန့်အသတ်ကို မရောက်ရှိသေးပေ။ သူ၏ အသက်မီးတောက်ငါးခုမှ ဖွဲ့စည်းထားသော နတ်နန်းတော်ရှစ်ခုကို ပြီးပြည့်စုံရန် နတ်နန်းတော်တစ်ခု ကျန်ရှိနေသေးသည်။

ထိုသို့တွေးမိသောအခါ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ အကြည့်သည် တဖျတ်ဖျတ်လှုပ်ခတ်သွားပြီး ပန်းချီကားမျိုးနွယ်အဖိုးအိုထံသို့ ကျရောက်သွားသည့်အခါ စူးရှသောအလင်း ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ အဖိုးအို ပန်းချီဆွဲနေသော နတ်ဘုရားခန္ဓာကိုယ်သည် အကြမ်းဖျဉ်းပုံစံ ဖြစ်ပေါ်လာချေ၏။ သို့သော် ၎င်း၏ ညာလက်တွင် လက်သန်းတစ်ချောင်း ရှိမနေပေ။

ထို့အပြင် ဦးခေါင်း၏ အကြမ်းဖျဉ်းပုံစံလည်း ရေးဆွဲပြီးချေ၏။ ဦးခေါင်းမှ မျက်နှာတစ်ခုသာလျှင် ကျန်ရှိတော့၏။

ရွှီချင်းသည် အဖိုးအိုကိုကြည့်နေစဉ် အဖိုးအိုသည်လည်း ရွှီချင်းကို ပြန်ကြည့်လိုက်သည်။ သူက ရွှီချင်းကို ထူးဆန်းစွာ ပြုံးပြလိုက်ပြီး စုတ်တံကိုင်ထားသော သူ၏ ညာလက်ကို မြှောက်လိုက်ကာ ခန္ဓာကိုယ်ပေါ်မှ မျက်နှာကို အလျှင်အမြန် ပန်းချီဆွဲလိုက်သည်။

ယင်းသည် ရွှီချင်း၏ မျက်နှာဖြစ်သည်။

ရွှီချင်း၏ မျက်လုံးထဲတွင် အေးစက်စက်အလင်း ထွက်ပေါ်လာသည်နှင့် အဖိုးအိုသည် မျက်နှာပေါ်မှ မျက်လုံးနှစ်လုံးကိုရေးဆွဲရန် အစက်နှစ်စက် အမြန်ချလိုက်သည်။ ချက်ချင်းဆိုသလို သူပန်းချီဆွဲနေသော ဧရာမခန္ဓာကိုယ်ထံမှ အသက်ရှိလာသော လက္ခဏာများ စတင်ပြလာသည်။

“ ကြီးမြတ်တဲ့ ရွေးချယ်ခံနတ်ဘုရား… ဒါက အရှင့်အတွက် ငါပန်းချီဆွဲပေးထားတဲ့ ခန္ဓာကိုယ်ပါ… ခန္ဓာကိုယ်က ပြီးပြည့်စုံသွားပါပြီ ”

အဖိုးအိုသည် ပန်းချီရေးဆွဲပြီးသည်နှင့်ချက်ချင်း အလျင်အကုန်သုံး၍ အနောက်ဆုတ်သွားသည်။

နတ်ဘုရားလက်ချောင်းသည် စိတ်လှုပ်ရှားပြီး အားရကျေနပ်သော စိတ်ခံစားမှုလှိုင်းများကို ထုတ်လွှတ်လျက် ခန္ဓာကိုယ်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားပြီး ယင်းနှင့် အလျှင်အမြန် ပေါင်းစပ်လိုက်သည်။ ဘေးပတ်ဝန်းကျင်မှ အချုပ်အနှောင်သည် အပြင်းအထန် လှုပ်ယမ်းလာပြီး ဖြေလျော့တော့မည့် လက္ခဏာများ ပြလာသည်။

ရွှီချင်းသည် ထိုအခိုက်အတန့်တွင် လှုပ်ရှားလိုက်သည်။

ဝုန်းခနဲမြည်သံနှင့်အတူ သူသည် သူရိန်နေမင်း၏ ခြောက်သွေ့သွားသော အသွေးအသားထဲမှ ပျံသန်းထွက်လာပြီး တခြားဦးတည်ရာတစ်ခုသို့ အလျင်ကုန်သုံး၍ ပြေးသွားသည်။ အချုပ်အနှောင်ဖြေလျော့လာမှုကြောင့် သူသည် ယင်းကို တိုက်ရိုက် ဖြတ်ကျော်နိုင်သွားသည်။

ပန်းချီကားအဖိုးအိုသည်လည်း ထို့အတူပင်။ သူတို့နှစ်ဦး လျှပ်စီးအလျင်ဖြင့် ထွက်ပြေးသွားကြသည်နှင့် ခေါင်းကြီးနှင့် ကျောက်တုံးခြင်္သေ့သည်လည်း တစ်ဟုန်ထိုး ပြေးကြသည်။

နတ်ဘုရားလက်ချောင်းသည် သူတို့ကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူက ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် အကောင်းဆုံး ကြိုးစားနေသည်။ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း သေးသထက် သေးလာသည်။

မရေမတွက်နိုင်သော အသားအဖုအလုံးများသည် လက်ချောင်းပေါ်တွင် စတင်ထွက်ပေါ်လာကြပြီး ခန္ဓာကိုယ်ထဲသို့ အလျှင်အမြန် ထိုးဖောက်သွားမည့် မရေမတွက်နိုင်သော အသွေးအသားအမျှင်များသို့ ပြောင်းလဲသွားကြသည်။

သူ၏ ကြိုးစားမှုအောက်တွင် ခန္ဓာကိုယ်မှ မျက်ခွံများသည် စတင်လှုပ်ခတ်လာကြပြီး ပွင့်တော့မည့် အရိပ်အယောင်ပြလာသည်။

ဘေးပတ်ဝန်းကျင်မှ ပုံပျက်တွန့်လိမ်မှုနှင့် ဝေဝါးမှုသည် အကြီးအကျယ် ပိုပြီးဆိုးဝါးလာသည်။ ကြမ်းကြုတ်သော စွမ်းအင်မုန်တိုင်းတစ်ခု ဝုန်းခနဲ မြည်ဟိန်းထွက်ပေါ်လာပြီး ခန္ဓာကိုယ်ထဲသို့ လက်ချောင်း၏ နောက်ဆုံးအသွေးအသားအမျှင် ဝင်ရောက်သွားသောအခါ ၎င်း၏ မျက်ခွံသည် နောက်ဆုံးမှာတော့ ပွင့်သွားသည်။

သို့သော်လည်း ခန္ဓာကိုယ်မှ မျက်လုံးဖွင့်လိုက်သည်နှင့်ချက်ချင်း အက်ကွဲကြောင်းများသည် ၎င်း၏ ကိုယ်ထည်ပေါ်မှာ ထွက်ပေါ်လာကြပြီး နေရာတိုင်းကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားသည်။

ထိုခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားသည်။

ကြီးမားသော စွမ်းအင်လှိုင်းသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။

ဒေါသတကြီး အော်သံသည် တလိပ်လိပ်မြင့်တတ်နေသော မီးခိုးလုံးများကြားထဲမှ မြည်ဟိန်းထွက်လာသည်။ အော်သံထဲတွင် ရူးသွပ်မှုနှင့် ဒေါသတို့ပါဝင်နေပြီး အဆုံးမရှိသော အကွာအဝေးအတွင်းသို့ ချက်ချင်း ပျံ့လွင့်ထွက်သွားသည်။

ခေါင်းကြီးနှင့် ကျောက်တုံးခြင်္သေ့သည် အသံလှိုင်းဖြင့် ချက်ချင်း ထိမှန်သွားပြီး ပေါက်ကွဲထွက်သွားကြသည်။

အဝေးရောက်နေသော ပန်းချီကားအဖိုးအို၏ ခန္ဓာကိုယ်သည်လည်း အားလှိုင်းသက်ရောက်မှုကြောင့် ဝေဝါးလာပြီး လွင့်ပြယ်တော့မည့် လက္ခဏာများ ပြလာသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်မပေါ်ချေ။ ယင်းအစား နောင်တသည် သူ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး  စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။

“ အဲ့ဒါက နတ်ဘုရားကို မထိန်းချုပ်နိုင်ဘူးလား… နှမြောစရာပဲ… ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီးဟာကို… ထားလိုက်တော့ ထားလိုက်တော့… အခုချိန်မှာ လွတ်မြောက်ဖို့က ပိုအရေးကြီးတယ် ”

အဖိုးအိုသည် စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။ ထိုနောက် သူက နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ အော်ပြောလိုက်သည်။

“ အရှင်နတ်ဘုရား… ဘာမှစိတ်ဆိုးမနေပါနဲ့… ငါက အရှင့်အတွက် ခန္ဓာကိုယ်တစ်ခုတည်း ပြင်ဆင်ထားတာမဟုတ်ပါဘူး… ခန္ဓာကိုယ်နှစ်ခုပြင်ဆင်ထားတာပါ ”

“ တစ်ခုက ပန်းချီဆိုပေမဲ့ နောက်တစ်ခုကတော့ တကယ့်အစစ်ပါ… သူတို့က အတူတူပဲဆိုတော့ အရှင် နောက်တစ်ခုကို ဘာလို့မကြိုးစားကြည့်တာလဲ ”

All Chapters