အောင်မြင်မှု
Vol. 29 Ch. 421
သို့သော်လည်း လိုဏ်ဂူများ၏ အပြင်ဘက်တွင် ရောက်နေကြပြီဖြစ်သော များစွာသော ကျင့်ကြံသူများသည် သည်အတိုင်း ကူကယ်ရာမဲ့စွာ ငေးကြည့်နေကြလေသည်။
အဘယ့်ကြောင့်ဆိုသော် လိုဏ်ဂူများ၏ ဝင်ပေါက်အားလုံး၌ ချိတ်စည်းများ ရှိနေသောကြောင့် ဖြစ်လေသည်။
နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကြာခဲ့တာတောင် ချိတ်စည်းများက မယိုမယွင်း အကောင်းအတိုင်း ရှိနေတုန်းဖြစ်၏။
ရှေးဟောင်းတိုက်ပွဲမြေထဲရှိ မည်သည့်ကျင့်ကြံသူမှ အဆင့် ၃ ဆေးလိုဏ်ဂူ၏ ချိတ်စည်းကို ချေဖျက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အဆင့် ၈ ဆေးလိုဏ်ဂူတို့ကို သူတို့ခေါင်းထဲကနေ ထုတ်ထားလို့ရလေသည်။
ထိုအချိန်၌ အားလုံး၏ အကြည့်က အဆင့် ၂ ဆေးလိုဏ်ဂူအပေါ်မှာ ကျရောက်နေကြလေသည်။
အကြောင်းမှာ မရီးဒါန်ဖွင့်ဆေးလုံးက အဆင့် ၂ ဆေးလုံး ဖြစ်သောကြောင့်ပင်။
“အားလုံးပဲ.. ဘယ်လိုပဲဖြစ်ဖြစ်.. ငါတို့က ဝင်ပေါက်ဝကို ချိတ်စည်းကိုတော့ အရင်ဆုံး ရအောင် ဖယ်ထုတ်ဖို့လို့တယ်မလား”
ထိုအချိန်၌ ဖေးချွန်ယွီက မတ်တပ်ထရပ်ပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။
“အဲ့ဒါတော့ ဟုတ်တယ်.. ချိတ်စည်းကို ဖယ်ထုတ်ဖို့ ငါတို့အရင်ဆုံး ပူးပေါင်းဖို့လိုတယ်”
“ငါလဲ သဘောတူတယ်.. ချိတ်စည်းက ပျက်ပြယ်ပြီး ငါတို့အထဲကို ဝင်လို့ရပြီဆိုမှ အထဲက ပစ္စည်းတွေအတွက် တိုက်ချင်ရင် ထပ်တိုက်ကြပေါ့”
ကျင့်ကြံသူများသည် သဘောတူညီမှု ရရှိသွားကြ၏။
“ဘုန်း.. ဘုန်း.. ဝုန်း..”
ဖေးချွန်ယွီ၏ ဦးဆောင်မှုအောက်၌ များစွာသော ကျင့်ကြံသူများသည် သူတို့၏ ဓါးပျံများကို တစ်ချိန်တည်း ထုတ်လိုက်ကြပြီး အဆင့် ၂ ဆေးလိုဏ်ဂူ၏ ဝင်ပေါက်ဝကို ထပ်ကာထပ်ကာ ထိုးနှက်တိုက်ခိုက်လိုက်ကြလေသည်။
ဝင်ပေါက်ဝ၌ အလင်းရောင်များက တလက်လက်နှင့် ဆက်တိုက်ဖြာထွက် တောက်ပလာ၏။
အချိန်ကြာလာသည်နှင့်အမျှ အလင်းရောင်များက တဖြည်းဖြည်း မှိန်ကျလာ၏။
“ချိတ်စည်းက ပျက်တော့မယ်.. အကုန်လုံးပဲ တက်ညီလက်ညီ အားထည့်လိုက်ကြရအောင်ဟေ့”
ကျင့်ကြံသူအချို့က စိတ်လှုပ်ရှားတက်ကြွစွာ အော်လိုက်ကြ၏။
ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ချိတ်ပိတ်ထားသူများက ဘာမှ ဝင်မလုပ်ဘဲ ဘေးကနေသာ အေးစက်စွာ စောင့်ကြည့်နေကြ၏။
ချိတ်ပိတ်ထားသူများသည် သူတို့၏ ရွှေအမြုတေစွမ်းအားကို မထုတ်ဖော်သေးသရွေ့ တည်ဆောက်မှုပုံသဏ္ဌာန်က သူတို့ကို ဝါးမျိုလိမ့်မည် မဟုတ်သော်လည်း သူတို့၏ ကိုယ်ကာယများက အကျဘက်ကို ရောက်နေကြလေပြီ။ ထို့ကြောင့် သူတို့သည် သက်လုံကို ခြွေတာသည့်အနေနှင့် တော်တန်ရုံဖြင့် ဘာတစ်ခုမှ ဝင်ပါကြလိမ့်မည် မဟုတ်ပေ။
သူတို့၏ အသက်အရွယ်အရ.. သူ့တို့သည် ကိုယ်ကာယကိုသုံး၍ တစ်ခုခုလုပ်လိုက်တိုင်း သူတို့၏ နောက်ဆုံးလက်ကျန် အသက်ဓါတ်အဆီအနှစ်ကို လောင်ကျွမ်းသုံးစွဲနေရသည်နှင့် တူလေသည်။
ဘန်း.. ဘုန်း.. ဘုန်း..
နောက်ထပ်ပေါက်ကွဲမှုများက အတွဲလိုက် ထွက်ပေါ်လာပြီးနောက် ဝင်ပေါက်ဝမှ အက်ကွဲသံများက ဟိန်းထွက်လာလေသည်။
ခဏနေပြီးနောက် အလင်းရောင်အကာအရံအလွှာက ကြေမွသွားလေသည်။
ကျင့်ကြံသူများ၏ မျက်လုံးများက ဝင်လက်သွားပြီး တစ်ချိန်တည်းမှာပင် သူတို့သည် ဝင်ပေါက်ဝဆီသို့ ပြေးတက်လိုက်ကြ၏။
လိုဏ်ဂူခန်းဝါကို ချိတ်ပိတ်ထားခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့ပြီဖြစ်သော်လည်း အထဲမှာ ထုံထိုင်းပုပ်အက်သော အနံ့များ ရှိမနေပေ။ ထို့အစား အားမာန်ပြည့်ဖြိုး တက်ကြွဖွယ် ဆေးရနံ့ကသာ လှိုင်နေလေသည်။
လူအုပ်ကြီးသည် ရှေ့သို့ ချီတက်သွားကြပြီးနောက် မကြာမီ လိုဏ်ဂူအနက်ပိုင်းထဲထိ ဟာလာဟင်းလင်းဖြစ်နေသော နေရာလွတ်ကြီးကို တွေ့လိုက်ရလေသည်။
လိုဏ်ဂူခန်းဝါ၏ အဆုံး၌ ဧရာမစိတ်ဝိညာဉ်ရေကန်ကြီးတစ်ခု တည်ရှိလေသည်။
ထိုကန်ကြီးပေါ်တွင် များစွာသော ကျောက်စိမ်းပုလင်းများက လွင့်မျောနေပြီး ပြွတ်သိပ်နေ၏။
ကျောက်စိမ်းပုလင်းတစ်ခုချင်းစီထဲမှာ ဆေးလုံးများ ပါဝင်လေသည်။
နှစ်ပေါင်းများစွာ ကြာတာတောင် ထိုဆေးလုံးများက ဆွေးမြည့်ပျက်စီးခြင်း မရှိသည်မှာ သူတို့ကို စိတ်ဝိညာဉ်အရည်များက အဆက်မပြတ် အားဖြည့်ပေးထားသောကြောင့် ဖြစ်လေသည်။
အဲ့ဒါက တစ်ကယ့်အစစ်အမှန် ဆေးရေအိုင်ပင် ဖြစ်လေသည်။
ကျောက်စိမ်းပုလင်းများ၏ အပြင်ဘက် မျက်နှာပြင်ပေါ်တွင် ရှင်းလင်းသော စာများကို ရေးထိုးထားလေသည်။
စိတ်ဝိညာဉ်အားဖြည့်ဆေးလုံး၊ ဆန်းကြယ်ယန်ဆေးလုံး၊ နှင်းကြာပန်းဆေးလုံး၊ မဟာအမြုတေအားဖြည့်ဆေးလုံး.. စသည်ဖြင့်။
ထိုဆေးလုံးက လူတိုင်းရင်းနှီးပြီးသားဖြစ်ပြီး တွေ့ရများလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ပျောက်ကွယ်သွားပြီးဖြစ်သော ဆေးလုံးများကိုလည်း တွေ့ရလေသည်။
အဲ့ဒီမှာ သူတို့တစ်ခါမှ မမြင်ဖူး မကြားဖူးသော ဆေးလုံးအချို့လည်း ပါဝင်လေသည်။
သို့သော်လည်း အဲ့ဒါတွေက အရေးမကြီးပေ။ လူတိုင်းသည် ဆေးရေကန်ထဲကို အာရုံစူးစိုက်၍ တစ်စုံတစ်ရာသော ဆေးလုံးတစ်မျိုးတည်းကို ရှာဖွေနေကြ၏။ ထိုသည်မှာ မရီးဒါန်ဖွင့်ဆေးလုံးပင် ဖြစ်လေသည်။
“ဟိုမှာဟေ့”
မျက်စိလျင်သောတစ်ယောက်က မရီးဒါန်ဖွင့်ဆေးလုံးထည့်ထားသော ကျောက်စိမ်းပုလင်းတစ်လုံးကို မြင်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
ရွှစ်.. ရွှစ်.. ရွှစ်..
ဆေးရေကန်ထဲရှိ မရီးဒါန်ဖွင့်ဆေးလုံးရှိရာသို့ ပုံရိပ်များက တဖျတ်ဖျတ် အလုအယက် ပျံသန်းသွားကြလေသည်။
“ထွက်သွားစမ်း”
ဖေးချွန်ယွီက အော်ဟစ်ပြီး သူ့မျိုးဆက်သွေးကို လှည့်ပတ်လိုက်သောအခါ သူ့အရေပြားပေါ်တွင် သလင်းလိုကြည်လင်နေသော အလင်းလွှာတစ်ခုက ဖုံးအုပ်လာလေသည်။ သူက သူ့ဘေးရှိ ကျင့်ကြံသူတစ်ယောက်၏ ဦးခေါင်းကို လက်ပြန်လွှဲ၍ ရိုက်ခွဲပစ်လိုက်၏။
မည်သို့မှ ခုခံနိုင်ခြင်းမရှိဘဲ အသံတောင်တစ်ချက် မထွက်လိုက်နိုင်ဘဲ ဦးခေါင်းမပါရှိတော့သည့် အလောင်းကြီးက လေထဲကနေ ပြုတ်ကျလာလေသည်။
ဘေးဘက်မှ တစ်ယောက်သည် ဓါးပျံတစ်လက်ကို ဆွဲထုတ်၍ ဖေးချွန်ယွီ၏ ဦးခေါင်းကို ထိုးဖောက်ဖို့ လုပ်လိုက်၏။
ဖေးချွန်ယွီက ရှောင်လည်းမရှောင်၊ နောက်လည်းမဆုတ်ဘဲ သူ့လက်ကို ဆန့်ထုတ်ကာ ဓါးပျံကို အလယ်ကနေ ဖမ်းဆုပ်လိုက်၏။
သူ့လက်က ထိခိုက်မှု မရှိပေ။
ဖေးချွန်ယွီ၏ လက်နက်က ပကတိအဆင့် လက်အိတ်တစ်စုံဖြစ်လေသည်။ သူက တစ်ဖက်က တိုက်ခိုက်လာသည့် ဓါးပျံကို လုံးဝကြောက်စရာ မလိုပေ။
“ဟမ့်.. မင်းတို့ကောင်တွေကများ မရီးဒါန်ဖွင့်ဆေးလုံးအတွက် ငါနဲ့တိုက်ချင်ကြသေးတယ်ပေါ့”
ဖေးချွန်ယွီက အေးစက်စွာ ရယ်မော၍ သူ့လက်ဝါးထဲ ခွန်အားကို စိုက်ထည့်ကာ သာလွန်အဆင့်ဓါးပျံကို အလယ်ကနေ ချိုးပစ်လိုက်ပြီး လက်ပြန်ပစ်ထိုးလိုက်၏။
ဓါးကျိုးက အခြားကျင့်ကြံသူ၏ ရင်အုပ်ထဲကို ဖောက်ဝင်သွားပြီး သွေးများက ပန်းထွက်လာလေသည်။
နောက်ထပ်လူတစ်ယောက်က ကျဆုံးသွားပြန်ပြီ။
ဖေးချွန်ယွီက လက်သီးဆုပ်နှစ်ဖက်က ကြီးမားသည့် တူကြီးတစ်စုံလို ဖြစ်နေပြီး မည်သူကမှ သူ့လမ်းကြောင်းကို မပိတ်ဆို့နိုင်ပေ။
ခြေသလုံးအိမ်တိုင်အချို့သည် မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်များပင် ဖြစ်ကြသော်လည်း သူတို့က ဖေးချွန်ယွီ၏ ယှဉ်ပြိုင်ဘက် မဟုတ်ကြပေ။ ဖေးချွန်ယွီထံမှ ထွက်ပေါ်လာသော လက်သီးတစ်ချက်ချင်းက သူတို့၏ အရွတ်များ၊ အရိုးများကို ကျိုးကြေမွစေကုန်ပြီး သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲထွက်ကုန်ကြလေသည်။
တစ်ခဏအတွင်းမှာပင် ဖေးချွန်ယွီသည် သူ့ဘေးနား ပတ်လည်ရှိ ကျင့်ကြံသူများအားလုံးကို သတ်ဖြတ်ပြီးသွားလေသည်။
အခြားတစ်ဖက်မှာတော့ ရွှယ်ယန်သည် သွေးများဖြင့် ထုံမွှမ်းနေသော အရိုးလှံတံတစ်လက်ကို ကိုင်စွဲထား၏။ သူ့မျက်နှာက ခက်ထန်နေပြီး ဘာကိုမှ ထိန်ချန်မနေဘဲ ကျင့်ကြံသူများကို ဆက်တိုက်သတ်ဖြတ်လိုက်သောကြောင့် ဆေးရေကန်က သွေးများဖြင့် နီစွေးသွားလေသည်။
ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း ဂိုဏ်းနှစ်ဂိုဏ်းတို့မှ အရိုက်အရာဆက်ခံသူများက ဆေးရေကန်ရှေ့မှာ မားမားမတ်မတ် ရပ်နေကြပြီး သတ်ဖြတ်ခြင်းစက်များကဲ့သို့ ပြုမူနေကြခြင်းကြောင့် မည်သူမှ ရှေ့မတက်ရဲကြတော့ပေ။
သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ပြီး တစ်ပြိုင်နက်တည်း ရှေ့သို့ခုန်တက်ကာ မရီးဒါန်ဖွင့်ဆေးလုံးများ ပါရှိသော ကျောက်စိမ်းပုလင်းကို လှမ်းဆွဲလိုက်ကြ၏။
“မင်းကတော့ သေချင်နေပြီ”
ဖေးချွန်ယွီ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်က ဝင်ရောက်လာပြီး သူ့လက်၏ လားရာလမ်းကြောင်းကို ပြောင်းလဲကာ ရွှယ်ယန်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်၏။
ရွှယ်ယန်သည် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မိစ္ဆာအမွေခံသူဖြစ်သော်လည်း ကိုယ်ကာယပိုင်း ကြံ့ခိုင်မှုမှာတော့ သူက ဖေးချွန်ယွီကို မယှဉ်နိုင်ပေ။
ဖေးချွန်ယွီ၏ ဖမ်းဆုပ်ဆွဲခြင်းကို ခံရလျှင် သူ့လက်က စုတ်ပြတ်သွားပေလိမ့်မည်။
အခြားရွေးချယ်စရာ မရှိတော့ဘဲ ရွှယ်ယန်သည် နောက်ဆုတ်လိုက်ရ၏။ သူ့မျက်လုံးထဲတွင် မလိုမုန်းထားမှုက ပေါ်လာပြီး အေးစက်စက် ပြောလိုက်၏။
“အဲ့ဒါကို ငါမရနိုင်ဘူးဆိုရင် မင်းလဲရဖို့ မစဉ်းစားလိုက်နဲ့”
နောက်ဆုတ်သွားရင်းနှင့် ရွှယ်ယန်၏ နံကြားမှ ဆန်းကြယ်သောလှံတံတစ်လက်က ခုန်ထွက်လာ၏။ အဲ့ဒါက ဆိုးယုတ်အော်ရာနှင့် လွှမ်းခြုံနေပြီး စိတ်ဝိညာဉ်အလင်းက တောက်ပနေကာ ဖေးချွန်ယွီ၏ လက်ဖဝါးကို ထိုးစိုက်လိုက်၏။
ရွှယ်ယန်၏ အရိုးလှံတံက ပကတိအဆင့်လက်နက် မဟုတ်သော်လည်း အဲ့ဒါက နေ့နေ့ညည နှစ်ပေါင်းများစွာ ဆိုးယုတ်အော်ရာနှင့် စိမ်ထားသောကြောင့် လျှော့တွက်လို့မရသော စွမ်းအားရှိလေသည်။
စိတ်ဝိညာဉ်လက်နက်နှစ်ခုက ထိတွေ့ရိုက်ခတ်သွား၏။ သူတို့နှစ်ပေါင်းစလုံး၏ ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ ရွှေရောင်နှင့် အနက်ရောင် အလင်းရိပ်များက ဆေးရေကန်မျက်နှာပြင်ပေါ်မှ အဘက်ဘက်သို့ ပြန့်ကားထွက်သွားလေသည်။
ဖောက်.. ဖောက်.. ဖောက်..
သူတို့နှစ်ယောက်၏ တိုက်ခိုက်မှု၏ တုန်ခါလှိုင်းများကို ဆေးရေကန်ထက်တွင် လွင့်မျောနေသော သိမ့်မွေ့ညင်သာသည့် ဆေးပုလင်းများက ခံနိုင်ရည်မရှိပေ။ သူတို့က ကြေမွပျက်စီးသွားပြီး မရေမတွက်နိုင်သော ဆေးလုံးများက ပြန့်ကျဲထွက်ပေါ်လာကာ ကြွယ်ဝထုံးသင်းသော ဆေးရနံ့များကြောင့် လူတိုင်းသည် အသက်ရှူပင် မှားကုန်ကြလေသည်။
မရေမတွက်နိုင်သော ဆေးလုံးများထဲတွင် သာလွန်ကောင်းမွန်သော အရည်အသွေးများနှင့် မရီးဒါန်ဖွင့်ဆေးလုံးအချို့လဲ ပါလေသည်။ သူတို့အကုန်လုံးနီးပါးက ဆေးကြိုးလေးခုနှင့် ထိပ်တန်းအဆင့်ဆေးလုံးများ ဖြစ်ကြလေသည်။
“ဟမ့်”
တစ်ပြိုင်နက်တည်းနီးပါးပင် သူတို့၏ အကြည့်များက မရီးဒါန်ဖွင့်ဆေးလုံးတစ်လုံး အပေါ်သို့ ကျရောက်သွားကြ၏။
ထိုဆေးလုံးက အခြားသော ဆေးလုံးများထက် သိသိသာသာ ပိုသေးငယ်နေသော်လည်း ၎င်း၏ မျက်နှာပြင်ပေါ်တွင် သိမ်မွေ့နက်နဲသော ဆေးကြိုးငါးကြိုးက ရှိနေလေသည်။
ပကတိအဆင့် မရီးဒါန်ဖွင့်ဆေးလုံး..
သူတို့နှစ်ယောက်စလုံး၏ အကြည့်က တောက်လောင်ပြင်းပြလာပြီး သူတို့၏ အသက်ရှူသံက လေးလံသိပ်သည်းလာလေသည်။
သူတို့၏ ပါရမီအလားအလာအရ.. ထိုပကတိမရီးဒါန်ဖွင့်ဆေးလုံးကိုသာ ရရှိမည်ဆိုလျှင် သူတို့က ရှစ်ခုမြောက် မရီးဒါန်ကို တန်းပြီးဖွင့်လှစ်နိုင်ဖို့ ၈၀%လောက် သေချာလေသည်။
ယခုအခါ ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့က လွဲလျှင် ဆေးရေကန်၏ အနားပတ်လည်ကို မည်သူမှ မကပ်ရဲကြပေ။
ဖေးချွန်၏ မျက်နှာက တည်တံ့သွား၏။
“ရွှယ်ယန်.. ဒီမရီးဒါန်ဖွင့်ဆေးလုံးက တစ်လုံးထဲရယ်.. မင်းလက်ရှောင်လိုက်တာ မင်းအတွက် ပိုကောင်းလိမ့်မယ်” ဟု ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ဟီးဟီး..”
ရွှယ်ယန်က တစ်မူထူးစွာ ပြုံးလိုက်၏။
“မင်းက စကားလေးတစ်ခွန်းနှစ်ခွန်းပြောပြီး ငါ့ကို လက်ရှောင်ခိုင်းနေတာလား.. အဆုံးအဖြတ်က ငါတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစပေါ်မှာပဲ မူတယ်တယ်.. မင်းတို့ ဖန်သားနုလုံးသားသုတ္တန်က ဘယ်လောက်အစွမ်းထက်လဲ ငါ့ကို ပြစမ်းပါဦး”
“ဟုတ်ပြီလေ.. အဲ့ဒါဆိုလဲ မင်းကို ပေးပြီးမြည်းစမ်းကြည့်ခိုင်းရသေးတာပေါ့”
သူ့စကား မဆုံးသေးခင်မှာပင် ဖေးချွန်ယွီက ရှေ့သို့ လှမ်းတက်ပြီး ရွှယ်ယန်ဆီသို့ ဝင်ချသွား၏။
ဖေးချွန်ယွီက သန်မာသော ကိုယ်ကာယရှိပြီး အနီးကပ်တိုက်ခိုက်ရည်မှာ အထူးကျွမ်းကျင်လေသည်။ သူ့ကိုသာ အနားကပ်ခွင့် ပေးလိုက်လျှင် ရွှယ်ယန်က သေချာပေါက် သေရပေလိမ့်မည်။
ရွှယ်ယန်ကလည်း ထိုအထာကို သိပြီးသားဖြစ်တာကြောင့် သူ့အရိုးလှံတံထဲသို့ စိတ်ဝိညာဉ်ချီများကို အရူးအမူး ထိုးသွင်းလိုက်ပြီး သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်လေသည်။
တစ်ခဏအတွင်းမှာပင် အရိုးလှံတံက ၁၁ပိုင်း ကွဲထွက်သွားလေသည်။
သည့်အရင် ရွှမ်ထျန်းမြို့ပြင်မှာတုန်းက ဆူဇီမိုကို လုပ်ကြံဖို့ လွှတ်လိုက်သော ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ကျင့်ကြံသူ သီရှင်းသည် သူ့အရိုးလှံတံကို ၁၀ပိုင်း ခွဲထုတ်ပြခဲ့လေသည်။
ရွှယ်ယန်၏ အရိုးလှံတံကတော့ ထိုထက် တစ်ပိုင်းအပို ခွဲထုတ်နိုင်လေသည်။
“သွား”
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ခုခံရေးလက်နက်နည်းစနစ်ကိုသုံးပြီး ရွှယ်ယန်သည် အနက်ရောင်ဆိုးယုတ်အော်ရာနှင့် လွှမ်းခြုံထုံမွမ်းနေသော အရိုးလှံတံအပိုင်း ၁၁ပိုင်းကို ထိန်းချုပ်ကာ ဖေးချွန်ယွီကို လှည့်ပတ်စေ၍ သူဝင်လာမည့် လမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။
ဖေးချွန်ယွီက သန်မာသော်လည်း သူ့မှာ လက်သီးက နှစ်ဖက်သာ ရှိလေသည်။
အရိုးပိုင်း ၁၁ပိုင်းက ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့သောအခါ ဖေးချွန်ယွီသည် သူ့သိုလှောင်အိတ်ထဲကနေ ဖန်သတ္တုဒိုင်းကာတစ်ခုကို ဆွဲထုတ်ပြီး သူ့ရှေ့မှာဖြန့်ကာ ကာကွယ်ပိတ်ဆို့လိုက်ရ၏။
ဘုန်း..
အရိုးပိုင်း ၁၁ပိုင်းနှင့် ဖန်သတ္တုဒိုင်းကာတို့ ထိတွေ့ရိုက်ခတ်လိုက်သောအသံက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
သူတို့နှစ်ယောက်စလုံးက အားကုန်ထုတ်သုံးလိုက်ကြခြင်း ဖြစ်လေသည်။
ဖေးချွန်ယွီသည် နောက်သို့ ဒယီးဒယိုင်နှင့် ဆုတ်လိုက်ရပြီး ရွှယ်ယန်၏ အရိုးလှံတံပိုင်း ၁၁ပိုင်းကလည်း ပြန်ကန်ထွက်သွားလေသည်။
ချက်ချင်းပင် သူတို့နှစ်ယောက်အကြား၌ ကြားကွက်လပ်တစ်ခုက ဖြစ်ပေါ်လာလေသည်။
ဝှစ်...
သူတို့နှစ်ယောက်စလုံး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီး ထိတွေ့ပြန်ကန်အားနှင့် နောက်သို့ ဆုတ်သွားရချိန်မှာ လျှပ်စီးလိုအမြန်နှုန်းနှင့် ပုံရိပ်တစ်ခုက လေထဲကနေ ဖျတ်ကနေ ဝင်ရောက်လာပြီး သူ့နောက်မှာ နောက်ချန်ပုံရိပ်များက ကျန်ရစ်ခဲ့လေသည်။
ဖျတ်ကနဲဆို ထိုသူက ဆေးရေကန်၏ အထက်ကို ရောက်လာပြီး လွင့်မျောနေသော ပကတိမရီးဒါန်ဖွင့်ဆေးလုံးကို လွယ်လင့်တကူ သဲ့ယူလိုက်လေသည်။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
အဲ့ဒါက အရမ်းမြန်လွန်းလေသည်။
ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့ကို မပြောနှင့်.. ဘေးကနေ ကြည့်နေကြသော ကျင့်ကြံသူများပင်လျှင် အချိန်မီ မတုံ့ပြန်နိုင်လိုက်ကြပေ။
ဒါ့အပြင် ထိုသူ၏ ဝင်ရောက်လာပုံက အချိန်ကိုက် ဖြစ်လွန်းလှလေသည်။
အဲ့လိုနှင့်ပင် သူတို့နှစ်ယောက်သည် ပကတိမရီးဒါန်ဖွင့်ဆေးလုံးက သူများလက်ထဲ ပါသွားတာကို သည်အတိုင်း ငေးကြည့်နေရ၏။
“မင်းတော်တော် သတ္တိကောင်းနေတယ်ပေါ့”
“မင်းကတော့ သေချင်နေပြီ”
ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်နှင့် ဒေါသမီးဝင်းဝင်း တောက်လာကြ၏။
ကျားပါးစပ်ထဲက အစာကို လုယူရဲသူက ဘယ်သူများလဲဟု ကျင့်ကြံသူများသည် စူးစမ်းလိုစိတ်နှင့် ဝိုင်းကြည့်လိုက်ကြ၏။
ကြားဖြတ်ဝင်ရောက်လာသူက လေထဲမှာ ဘာအထောက်အပံ့ပစ္စည်းမှ မရှိဘဲ မတ်တပ်ရပ်နေ၏။ သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးဆေးတည်ငြိမ်နေကာ သူ့နောက်မှာ စိတ်ဝိညာဉ်တောင်ပံတစ်စုံက ညင်သာစွာ ခတ်နေလေသည်။
“အဲ့ဒါ ဟိုလူပဲ”
“ဆူဇီမို”
အံ့အားသင့်၊ တုန်လှုပ်သွားသည့် အသံများက လူအုပ်ကြီးထဲမှ ဆက်တိုက်ထွက်လာလေသည်။
ဖေးချွန်ယွီ၏ အမူအယာက မှုန်ကုပ်သွားပြီး ချက်ချင်းပင် သူ၏ ဖန်သတ္တုဒိုင်းကာကို သိမ်းလိုက်၏။ သတ်လိုဖြတ်လိုအော်ရာက သူ့မျက်ခုံးနှစ်ဖက်ကြားမှာ စုဖွဲ့လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဆူဇီမို ရွှမ်ထျန်းမြို့ထဲမှာတုန်းက မင်းကို ငါသိပ်ပြီး အရေးမလုပ်ခဲ့ဘူး.. ဒီနေ့ မင်းကိုယ်တိုင်ကကို သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့”
“ကျွတ် ကျွတ် ကျွတ်”
ရွှယ်ယန်၏ အကြည့်က ရေခဲတမျှ အေးစက်လာပြီး ဟက်ကနဲ ရယ်လိုက်၏။
“ငရဲတံခါးက မဖွင့်သေးတာတောင် မင်းက အတင်းဝင်တိုးချင်နေတာပဲ.. ယန်ဆေးဂိုဏ်းတောင် မင်းလိုကောင်မျိုးကို ဒီနေ့ကယ်နိုင်တော့မှာ မဟုတ်ဘူး”