အပြတ်အသတ် ဖိနှိမ်ခြင်း
Vol. 29 Ch. 422
လေထဲမှနေ၍ ဆူဇီမို၏ ဓါးတစ်လက်လို စူးရှပြတ်သားသော အကြည့်က ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့အပေါ်ကို ခဏမျှ ကျရောက်သွား၏။ ထို့နောက် သူက ရုတ်တရက် ခေါင်းကို နောက်လှန်ချ၍ အားပါးတရ ရယ်ချလိုက်၏။
“မင်းတို့နှစ်ကောင်က မင်းတို့အဆင့်လောက်နဲ့ ငါ့ကိုသတ်နိုင်မယ်လို့ တစ်ကယ်ကြီး ထင်နေကြတာလား!”
လိုဏ်ဂူထဲရှိ ကျင့်ကြံသူများအားလုံး အံ့ဩမှင်တက်သွားကြ၏။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာဆိုလျှင် ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့ကို ထိပ်သီးဂိုဏ်းကြီးများအဖြစ် အသိအမှတ်ပြု လက်ခံထားကြပြီး သူတို့၏ စွမ်းအားကြီးသော တိုက်ရည်ခိုက်ရည်များကြောင်း နာမည်ရကျော်ကြားလေသည်။
တစ်သီးပုဂ္ဂလလေးအုပ်စုနှင့် မိစ္ဆာဒိဋ္ဌိငါးဝါဒီတို့က အဆင့်အတန်းနှင့် ကျော်ကြားမှုအရာမှာ ထိုဂိုဏ်းများနှင့် မတိမ်းမယိမ်းပင်။
သို့သော်လည်း တိုက်ခိုက်ရည်ခွန်အားအရာမှာတော့ အင်မော်တယ်၊ ဗုဒ္ဓဝါဒီနှင့် မိစ္ဆာဂိုဏ်းများက အသန်မာဆုံး ဖြစ်ကြလေသည်။
လမ်းမရှည်ထက်က တိုက်ပွဲပြီးနောက် ဆူဇီမိုသည် သူ့နာမည်ကို ရေးထိုးနိုင်ခဲ့၏။
နောက်ပိုင်း သူက အဆိပ်ဂိုဏ်းအဖွဲ့ကို တစ်ယောက်တည်းနှင့် ချေမှုန်းပစ်လိုက်ပြီးနောက် သူ၏ ဂုဏ်သတင်းကျော်ဇောမှုက မိုးထိတိုင် ထိုးတက်သွားလေသည်။
သို့စေကာမူ ဆူဇီမိုသည် ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့ကဲ့သို့သော အထင်ကြီးစရာ အလွန်ကောင်းသည့် အခြေခံအုတ်မြစ်များနှင့် ထိပ်သီးဂိုဏ်းကြီးများမှ အမွေခံတပည့်များနှင့် ယှဉ်လျှင်တော့ အောက်ကျနေသေးသည်ဟု လူတိုင်းခံစားမိနေကြဆဲ ဖြစ်လေသည်။
ထိုအချိန်မှာပင် ဆူဇီမိုထပ်ပြောလိုက်သောစကားက အကုန်လုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေလေသည်။
“ဖေးချွန်ယွီ၊ ရွှယ်ယန်.. မင်းတို့နှစ်ကောင်က ငါ့ကိုသတ်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့တယ်မလား။ ဒီနေ့တော့ အသာတကြည် ထွက်သွားရလိမ့်မယ် မတွေးနဲ့တော့ သေဖို့သာ ပြင်ထားလိုက်!”
ပကတိမရီးဒါန်ဖွင့်ဆေးလုံးကို သိမ်းလိုက်ပြီး ဆူဇီမိုက သူ့သို့လှောင်အိတ်ထဲမှ သွေးသောက်သူကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏။ သူ့လက်ကောက်၀တ်ကို လှုပ်ခါလိုက်သောအခါ ဆေဘာက တောက်ပလာပြီး စိတ်ဝိညာဉ်အလင်းများက တဖျတ်ဖျတ်လက်လာ၏။
“ဆူဇီမိုက တစ်ကယ်ပဲ ကောင်းကောင်းမွန်မွန် မနေတတ်ဘူးပဲ”
“ဟုတ်ပါ့ကွာ၊ တစ်ယောက်က ဖန်သားနန်းတော်ရဲ့ အရိုက်အရာဆက်ခံသူ၊ နောက်တစ်ယောက် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းရဲ့ မိစ္ဆာအမွေခံသူ၊ သူ့လို ဘာနာမည်မှ မရှိတဲ့သူက တစ်ကယ့်ဆရာကြီးနှစ်ယောက်ကို စိန်ခေါ်ရဲရအောင် ဘာတွေများ အားကိုးရှိနေလို့လဲ!”
“သူက ရေတွင်းထဲက ဖားပဲ.. သူ့ကြည့်ရတာ ချိတ်ပိတ်ထားသူတွေကိုတောင် သိရဲ့လား မသိဘူး”
များစွာသော ကျင့်ကြံသူများသည် ခေါင်းခါပြီး သူ့ကို အရူးတစ်ယောက်လို ဝိုင်းကြည့်လိုက်ကြ၏။
ပုံမှန်အားဖြင့်ဆိုလျှင် ချိတ်ပိတ်ထားသူများက တိုက်ခိုက်မှာ မဟုတ်ပေ။
သို့သော်လည်း သူတို့ဂိုဏ်းများ၏ အရိုက်အရာဆက်ခံသူများက အန္တရာယ်ကျရောက်လာပြီဆိုလျှင်တော့ သူတို့က ထွက်လာကြပေမည်။
ထို့အကြောင်းကြောင့်ပင် ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့က တစ်ယောက်ကိုတစ်ယောက် သတ်မည်ဟု အတည့်အတံ့မဆိုရဲကြခြင်း ဖြစ်လေသည်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် အသေအကြေ တိုက်ခိုက်ကြမည်ဆိုလျှင် ချိတ်ပိတ်ထားသူများက ၀င်ပါလာကြမည်ဖြစ်ပြီး ထိုအခါ နှစ်ဖက်စလုံးက အကျိုးမရှိ နစ်နာရပေမည်။
သို့သော် အခုအခါ ချိတ်ပိတ်ထားသူများက ဘေးကနေ စောင့်ကြည့်နေလျက် ဆူဇီမိုက ဖေးချွန်ယွီနှင့် ရွှယ်ယန်ကို သတ်ပစ်မည်ဟု ထုတ်ဖော်ကြေညာခြင်းသည် ဟာသသက်သက်သာ ဖြစ်နေလေသည်။
ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူက ရွှေရောင်၀တ်ရုံနှင့် လူအိုကြီးတစ်ယောက် ဖြစ်လေသည်။
“စိတ်၀င်စားစရာပဲ”
ရွှေရောင်၀တ်ရုံနှင့်လူကြီး၏ မျက်လုံးထဲတွင် အထင်အမြင်သေးခြင်းနှင့် လှောင်ပြောသရော်လိုခြင်းတို့က ပေါ်လာလေသည်။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ချိတ်ပိတ်ထားသူဖြစ်သော ပိန်ပိန်ပါးပါးနှင့် လူအိုကြီးက သရော်တော်တော် လှောင်ပြုံး ပြုံးလိုက်လေသည်။
“ဟဟ ဟားဟား”
သူက ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသလို ဖေးချွန်ယွီသည် အတောမသတ်နိုင်အောင် ရယ်ချလိုက်၏။
“ဆူဇီမို အခုချိန်ထိ မင်းက ကိုယ့်အခြေနေကိုယ် မသိသေးဘူးပဲ။ အင်မော်တယ်ဂိုဏ်းတွေက ဘယ်လောက်သန်မာလဲဆိုတာ အခုပဲ မင်းကို ပြပေးရတာပေါ့!”
“ဟီးဟီးဟီး..!”
ရွှယ်ယန်ကလည်း မကောင်းဆိုးဝါးဆန်ဆန် ရယ်လိုက်၏။
“ဆူဇီမို မင်းက အင်မော်တယ်နဲ့ မိစ္ဆာဂိုဏ်းတို့ရဲ့ အမွေခံနှစ်ယောက်လက်ထဲက သေရမှာဆိုတော့ ဂုဏ်ယူသင့်နေပြီနော်”
“အင်မော်တယ်တွေ မိစ္ဆာတွေ သောက်ရေးမပါတာတွေ လာပြောမနေနဲ့.. ငါ့လက်ထဲက ဆေဘာလောက်တောင် အဆင့်မရှိတဲ့ သောက်ခြောက်တွေ!”
ဆူဇီမိုက ဟိန်းဟောက်၍ သူ့စိတ်၀ိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်သောအခါ သူ့၀တ်ရုံအောက်မှ မရီးဒါန်ခြောက်ခုက တောက်ပလာ၏။ သူက ဖျတ်ကနဲဆို အလွန်တရာ လျင်မြန်သော အရှိန်အဟုန်ဖြင့် ရွှယ်ယီဆီသို့ ခုန်အုပ်လိုက်၏။
ဤကဲ့သို့သော အခြေအနေမှာတောင် ဆူဇီမိုက ကြီးမားသောအော်ရာနှင့်အတူ အရင်စပြီး တိုက်ခိုက်ရဲသေးလေသည်။
“မင်းကတော့ သေချင်နေတာပဲ!”
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှာ ခန္ဓာမီးဆေးကြံ့ခိုင်နည်းစနစ်တစ်ခု ရှိသော်လည်း အဲ့ဒါက ဖန်သားနန်းတော်တို့၊ ပဒေသရာဇ်နန်းတော်တို့လို ထိပ်တန်းအဆင့် ခန္ဓာမီးဆေးဂိုဏ်းများထက်တော့ အားနည်းလေသည်။
သူ့ထံသို့ ခုန်၀င်လာသူက ဖေးချွန်ယွီသာဆိုလျှင်တော့ ရွှယ်ယန်သည် သေချာပေါက် နောက်ခုန်ဆုတ်၍ သူတို့အကြား အကွာအဝေးတစ်ခု ခြားထားပေလိမ့်မည်။
သို့သော်လည်း အခုက သူ့ထက်ကျင့်ကြံမှုအဆင့်နိမ့်သော ဆူဇီမို ဖြစ်နေသောကြောင့် ရွှယ်ယန်က နောက်လည်းမဆုတ်၊ ရှောင်လည်းမရှောင်ပေ။ သူ့အရိုးလှံတံကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ ဆိုးယုတ်အော်ရာနှင့် စွန်းထင်းနေသော စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာ လေထဲရှိ ဆူဇီမိုဆီသို့ ထိုးသွင်းလိုက်လေသည်။
ဟီ..
ရွှယ်ယန်၏ လက်ထဲရှိ လှံတံက ထူးဆန်းသော စက်၀န်းများသဏ္ဌာန် မြွေပွေးတစ်ကောင်လို ရစ်ခွေသွား၏။ အဲ့ဒါက ထူးဆန်းသော အသံတစ်မျိုးကို ထွက်လာစေပြီး လေဟာထဲကို ထိုးခွင်းလာလေသည်။
သူ့လှံတံနည်းစနစ်ကိုကြည့်ပြီး များစွာသော ကျင့်ကြံသူများသည် တိတ်တဆိတ် တုန်လှုပ်သွားကြ၏။
ရွှယ်ယန် ထိုးသွင်းလိုက်သောစွမ်းအားကို အသာထား၊ ထိုလှံတံနည်းစနစ်တစ်ခုတည်းကတင် အံ့မခန်းပင်။
ဆူဇီမိုနေရာမှာ သူတို့သာဆိုလျှင် မည်သို့ရင်ဆိုင်ရမည်မသိတော့ဘဲ နောက်ဆုတ်မိပေလိမ့်မည်။
ရွှစ်!
တစ်ချိန်တည်းမှာပင် ဖေးချွန်ယွီကလည်း လှုပ်ရှားလိုက်၏။
သူ့မျက်လုံးက သတ်ဖြတ်လိုစိတ်နှင့် ရွှန်းစိုတောက်နေပြီး လျှပ်စီးလို အမြန်နှုန်းနှင့် ဆူဇီမို၏ နောက်ကျောဆီသို့ ခုန်၀င်လိုက်လေသည်။
ဖေးချွန်ယွီ၏ အစီအစဉ် ရိုးရိုးလေးပင်။
ရွှယ်ယန်၏ လှံတံက ဆူဇီမို သတ်ဖြတ်နိုင်ခဲ့လျှင် ရွှယ်ယန်သည် သူ့အရှိန်ကို သူပြန်ထိန်းရဦးမည်ဖြစ်ပြီး ထိုအချိန်တွင် သူ့မှာ ဟာကွက် ပေါ်နေလိမ့်ပေမည်။
ထိုအခါ ဖေးချွန်ယွီက အခွင့်အရေးကို အမိအရ အသုံးချ၍ ရွှယ်ယန်ကို ဒဏ်ရာအပြင်းအထန် ရအောင် တိုက်ခိုက်ရပေမည်။
နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု အနေနှင့် ရွှယ်ယန်က ဆူဇီမိုကို မသတ်နိုင်ခဲ့လျှင်တောင် သူက ဆူဇီမိုကို သတ်ပြီး သူ့သိုလှောင်အိတ်ကိုယူကာ ခုန်ထွက်သွားလို့ ရလေသည်။
ဘယ်လိုရလဒ်ပဲထွက်ထွက် ဖေးချွန်ယွီက အရှုံးမရှိ၊ အမြတ်ရဖို့ချည်းသာ။
ထိုအချိန်ထိ သူလုံး၀ မျှော်လင့်မထားခဲ့မိသော နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု ရှိသေးလေသည်။
တိုက်ပွဲမြေတွင်..
လှံတံ၏ အရိပ်များက ဆိုးယုတ်အော်ရာနှင့်အတူ အဘက်ဘက်ကနေ ထွက်လာနေပြီး ဘယ်ဟာကအစစ်၊ ဘယ်ဟာက ပုံရိပ်ယောင်ဆိုတာ ပြောဖို့ခက်လေသည်။
ဆူဇီမိုသည် လေထဲမှာတင် ရှိနေပြီး ရုတ်တရက် သူ့နောက်ကျောရှိ စိတ်ဝိညာဉ်တောင်ပံများက ပျောက်ကွယ်သွားလေသည်။
လူတိုင်း အံ့အားသင့်သွားကြ၏။
သူတို့အမြင်မှာတော့ ဆူဇီမို ထွက်ပြေးလွတ်မြောက်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းမှာ သူ၏ စိတ်ဝိညာဉ်တောင်ပံများကို အသုံးချ၍ တစ်ဟုန်ထိုး ပြေးထွက်ဖို့ပင် ဖြစ်လေသည်။
ထိုသို့ဆိုလျှင်တောင် သူက ဖေးချွန်ယွီလက်ကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် အခုအခါ ဆူဇီမို၏ စိတ်ဝိညာဉ်တောင်ပံများက မရှိဝောာ့တာကြောင့် သူသည် လေထဲကနေ ပြုတ်ကျလာလေသည်။ ဆိုလိုသည်မှာ သူသည် ထွက်ပြေးလွတ်မြောက်ဖို့ရာ နည်းလမ်းမရှိတော့ဘဲ ရွှယ်ယန်၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရပေတော့မည်။
အဲ့ဒါက သိပ်မသိသာသော လှုပ်ရှားမှုတစ်ခုသာ ဖြစ်သော်လည်း တိုက်ပွဲနယ်ပယ်တစ်ခုလုံးက အံ့မခန်း ပြောင်းလဲသွားလေသည်။
ကောင်းကင်ထက်ကနေ ပြုတ်ကျလာသော ဆူဇီမိုသည် အကြောက်တရားကင်းမဲ့သော နတ်ဘုရားတစ်ပါးအလား သူ့ဆေဘာကို တင်းတင်းကျပ် ဆုပ်ကိုင်၍ ရွှယ်ယန်ကို အော်ရာအားဖြင့် အပြတ်အသတ် ဖိနှိမ်လိုက်၏။
“ဟမ့်”
ထိုသည်ကို မြင်သောအခါ ချိတ်ပိတ်ထားသူနှစ်ယောက်၏ အမူအယာများက ပြောင်းလဲသွား၏။
သူတို့ကို နောက်ထပ် ဘာမှတွေးတောစောင့်ဆိုင်း မနေစေတော့ဘဲ ဆူဇီမိုက အော်လိုက်၏။
“တန်ပြန်စီးကြောင်း!”
ကြီးမားသည့် ဆေဘာကြီးက အထက်ကနေ ဆင်းသက်လာလေသည်။
ဝေါ!
သွေးအလင်းတန်းက ပြန့်ကားလာပြီး ပင်လယ်ဒီရေတိုးသံက ထွက်ပေါ်လာလေသည်။
ချိတ်ပိတ်ထားသူနှစ်ယောက် ထိတ်လန့်သွားပြီး အံ့အားတသင့် အော်ဟစ်လိုက်ကြ၏။
“ဆေဘာအား”
“လွဲနေပြီ!”
ရွှေရောင်၀တ်အဖိုးအို၏ မျက်နှာက ပြောင်းလဲသွားပြီး တစ်ခုခုကို အတွေးပေါက်သွားသလို တီးတိုးရေရွတ်လိုက်၏။
“အဲ့ဆေဘာနည်းစနစ်က တစ်ခုခုနဲ့ သွားတူနေ…”
“အာ တည်ငြိမ်ပင်လယ်ငါးကွက်ဟ သေစမ်း!” ပိန်ပိန်ပါးပါးအဖိုးအိုက လွှတ်ကနဲ ရေရွတ်လိုက်၏။
ချက်ချင်းပင် လွန်ခဲ့သည့် ဆယ်ရက်ကျော်က ပျံ့နှံ့လာခဲ့သော သတင်းတစ်ခုက ကျင့်ကြံသူအားလုံး၏ ခေါင်းထဲကို ၀င်ရောက်လာကြ၏။
ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်၏ ပျောက်ကွယ်သွားမှု..
နှစ်ပေါင်းတစ်ထောင်ကြာပြီးနောက် ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို လက်ခံရရှိသော နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ထွက်ပေါ်လာခဲ့လေပြီ။
ဒါဆို.. အဲ့ဒါ သူပေါ့!
လမ်းမရှည်ထက်က တိုက်ပွဲပြီးနောက် ဆူဇီမိုသည် အချိန်တစ်ခုကြာ ပျောက်ကွယ်သွားခဲ့၏။ သူပြန်ရောက်လာပြီးနောက် ပြိုင်ဘက်ကင်း လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းဖြင့် အဆိပ်ဂိုဏ်းကို အမြစ်ပါမကျန် ဆွဲနုတ်ပစ်ခဲ့လေသည်။ နောက်ကွယ်က အကြောင်းရင်းကို အခုမှ သူတို့သဘောပေါက်နားလည်သွားကြလေသည်။
လူတိုင်း၏ သံသယများက ပျောက်ကွယ်သွား၏။
တန်ပြန်စီးကြောင်းနှင့် ဆုံတွေ့ချိန်တွင် ရွှယ်ယန်၏ လှံတံနည်းစနစ်က လုံး၀အကြမ်းဖျင်းဆန်ပြီး အားနည်းသွားသည်ဟု ထင်ရလေသည်။
လှံတံအရိပ်များအားလုံးက ချက်ချင်းပျက်ပြယ်သွားပြီး တစ်ကယ့်လှံတံအစစ်က ရုပ်လုံးပေါ်လာလေသည်။
ချွမ်း!
သွေးသောက်သူက အရိုးလှံတံပေါ်ကို ပြင်းထန်စွာ ကျရောက်သွားပြီး သွေးရောင်အလင်းတန်းထဲမှ သန်းနှင့်ချီသော လျှပ်စီးစက်၀န်းလေးများက ထွက်ပေါ်လာကာ အရိုးလှံတံပေါ်မှ ဆိုးယုတ်အော်ရာများကို ဆွဲယူနှစ်၍ ရှင်းလင်းပစ်လိုက်လေသည်။
ဖိနှိမ်ခြင်း!
အော်ရာအရ၊ နည်းစနစ်ပိုင်းအရ၊ မျိုးဆက်သွေးနှင့် စွမ်းအားအရ အပြတ်အသတ် ဖိနှိမ်ခြင်း ဖြစ်လေသည်။
ရွှယ်ယန်သည် နာကျင်စွာ အော်ဟစ်လိုက်၏။ သူ့လက်ဖဝါးနှစ်ဖက်က စုတ်ပြဲကွဲထွက်ကုန်ပြီး သွေးများက စီးကျလာလေသည်။
ချက်ချင်းပင် သူ့လက်ထဲမှ အရိုးလှံတံက ပြန်ကန်လွင့်စင်ထွက်သွားပြီး သူ့နောက်ဘက်ရှိ နံရံမှာ သွားစိုက်ကာ လှံတံက အတောမတတ် တဆဆ်ဆတ် တုန်ခါနေလေသည်။
ချပ်! ချပ်! ချပ်!
ထိုပြင်းထန်အားကောင်းသည့် ခုတ်ချက်နှင့် ထိတွေ့မှုတွင် ရွှယ်ယန်၏ ကာကွယ်ရေးအဆောင်က ချက်ချင်းကြေမွ ပျက်စီးသွားပြီး သူသည် ပစ်လဲကျကာ သွေးများကို အန်ထုတ်လိုက်ရလေသည်။
ခုတ်ချက်တစ်ချက်ပြီးနောက် သူက အပြင်းအထန် ဒဏ်ရာ ရရှိသွားလေပြီ။