← Chapters

ငါ့ကိုလာပြီး မခြိမ်းခြောက်လိုက်နဲ့

Vol. 29 Ch. 423

ငါ့ကိုလာပြီး မခြိမ်းခြောက်လိုက်နဲ့

Vol. 29 Ch. 423

တစ်ကယ်တော့ ကာကွယ်ရေးအဆောင်ကြောင့်သာ မဟုတ်လျှင် ဆူဇီမို၏ ခုတ်ချက်နှင့် ရွှယ်ယန်က သေနေလောက်လေပြီ။

အခု မသေတာတောင် ထိုခုတ်ချက်ကြောင့် ကာကွယ်ရေးအဆောင်က ကြေမွသွားပြီး ရွှယ်ယန်က ဒဏ်ရာရကာ လွင့်ထွက်သွားလေသည်။

ဖြစ်ပျက်နေသည်ကို ကြည့်၍ လိုဏ်ဂူထဲရှိ ကျင့်ကြံသူများသည် တုန်လှုပ်ကုန်ကြလေသည်။

အဲ့ဒါက သူတို့တစ်ယောက်မှ မျှော်လင့်မထားသည့် ရလဒ်ဖြစ်လေသည်။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မိစ္ဆာအမွေခံသူက ဆူဇီမိုထံမှ ခုတ်ချက်တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိလိမ့်မည်ဟု သူတို့ စိတ်ကူးယဉ်ကြည့်လို့တောင် မရခဲ့ပေ။

ရွှယ်ယန်က သူ့ပြိုင်ဘက်ကို အထင်သေးခဲ့မိသောကြောင့်ဟု ပြောလို့ရသော်လည်း ဆူဇီမိုထုတ်ပြခဲ့သော ခွန်အားက လူတိုင်း၏ အထင်အမြင်ကို အသစ်တစ်ဖန် ပြန်လည်ဆန်းသစ်သွားစေလေသည်။

ဆေဘာဧရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့သူက သူဖြစ်လိမ့်မည်ဟု ဘယ်သူကများ ထင်မိမှာလဲ။

ဒါတင်မကသေး.. သူက သက်ရောက်အားအဆင့်ကိုတောင် လေ့ကျင့်ထားနိုင်ခဲ့လေပြီ။

“ဟမ့်”

အစတုန်းက ဘေးကနေ ပျင်းရိပျင်းတွဲ့ ရပ်ကြည့်နေသော ပိန်ပိန်ပါးပါးလူကြီးသည် အမူအယာပျက်ယွင်းသွားပြီး ရှေ့သို့ ခြေလှမ်းဝက်လှမ်းလိုက်ကာ ကိစ္စမှာ ဝင်ပါဖို့ ပြင်လိုက်လေသည်။

သို့သော် ထိုအချိန်မှာပင် ဆူဇီမို၏ နောက်ကျောဘက်က အရိပ်တစ်ခုကို မြင်လိုက်ပြီး သူက စိတ်သက်သာရာရကာ ပြန်ရပ်နေလိုက်လေသည်။

အခုအခါ ဆူဇီမိုက ဖေးချွန်ယွီကို ကျောပေးထားလေသည်။

ထိုအကွာအဝေးမှာဆိုလျှင် ဖန်သားနန်းတော်မှ တပည့်တစ်ယောက်ကို အဆင့်တူချင်း၌ မည်သူကမှ ယှဉ်နို်ငလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် ဆူဇီမိုက အခုလေးတင် တန်ပြန်စီးကြောင်းကို ထုတ်သုံးခဲ့ပြီး အခုလောလောဆယ်မှာ သူ့ခွန်အားက အားအနည်းဆုံး ဖြစ်နေလေသည်။

သက်ရောက်အားကို ထုတ်ဖော်ဖို့အတွက် အခြေတည်အဆင့်တစ်ယောက်က စွမ်းအင်များစွာ သုံးစွဲရလေသည်။ ဆူဇီမိုက အဲ့ဒါကို ဆက်တိုက် ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ပေ။

ဖေးချွန်ယွီ၏ တိကျသော ချိန်သားကိုက် တိုက်ခိုက်မှုအရ ဆူဇီမိုက မသေလျှင်တောင် အပြင်းအထန် ဒဏ်ရာရသွားလိမ့်မည်ဟု ချိတ်ပိတ်ထားသူနှစ်ယောက် ယုံကြည်ထားကြလေသည်။

““ဖန်သားလိုခန္ဓာ.. အတွင်းအပြင် ကြည်လင်.. အညစ်အကြေးများကို ဖယ်ခွာ.. မဖျက်ဆီးနိုင်သောအသွင်”

ဖေးချွန်ယွီက မန္တန်တစ်ခု ရွတ်ဆိုရင်း သူ့မျက်လုံးများက တဖျတ်ဖျတ် လက်လာ၏။

စကားတစ်ခွန်းဆိုတိုင်း သူ့အော်ရာက ပြောင်းလဲသွားလေသည်။

နောက်ဆုံးမှာတော့ သူ့ကြွက်သားများက ဆန်းကြယ်သောအရောင်နှင့် ရွှန်းစိုလာပြီး ဖန်သားကဲ့သို့ အပြစ်ဆိုစရာမရှိ ကြည်လင်ကာ သူ့အော်ရာက အမြင့်ဆုံးအဆင့်ထိ ထိုးတက်သွားလေသည်။

“သေစမ်း”

ဖေးချွန်ယွီ၏ အနက်ရောင်ဆံပင်များက လေမတိုက်ဘဲ တဖျပ်ဖျပ် လှုပ်ခါနေ၏။ သူက ဆူဇီမို၏ နောက်ကနေ ဝင်ရောက်လာပြီး မာန်သွင်းအော်ဟစ်ကာ သူ၏ ကြီးမားသည့်လက်သီးနှစ်ဖက်ကို လွှဲ၍ ဆူဇီမို၏ ဦးခေါင်းကို ရက်စက်စွာ ထိုးချလိုက်လေသည်။

သူ့ဝတ်ဆင်ထားသော လက်အိတ်များက ပကတိအဆင့် စိတ်ဝိညာဉ်လက်နက်များ ဖြစ်လေသည်။

စိတ်ဝိညာဉ်အလင်းငါးခုက စူးစူးရှရှ လင်းလက်လာပြီး လိုဏ်ဂူတစ်ခုလုံးကို လင်းထိန်သွားစေလေသည်။

ဖေးချွန်ယွီ၏ လက်နှစ်ဖက်က စူးရှတောက်လောင်နေသော နေတစ်စင်းလို အရူးအမူး သတ်ဖြတ်လိုစိတ်နှင့် ဆူဇီမိုထံ ဝင်ချလာလေသည်။

ဆူဇီမိုက တောက်လောင်ပြင်းပြသောအကြည့်နှင့် လွင့်စင်ထွက်သွားသော ရွှယ်ယန်ကို စိုက်ကြည့်နေပြီး သူ့နောက်က ဝင်ရောက်လာသော ဖေးချွန်ယွီကို လျစ်လျူရှုထားပုံရလေသည်။

ဘန်း ဘုန်း ဘုန်း ဝုန်း..

ရုတ်တရက် ဆူဇီမို၏ ခန္ဓာကိုယ်တွင်းမှ ကြောက်စရာကောင်းသည့် ဆူနာမီအသံများက ထွက်ပေါ်လာလေသည်။ ထိုအသံထဲတွင် မိုးကြိုးသံများကလည်း ရောစွက်ပါဝင်နေပြီး ကျောချမ်းဖွယ်ရာ ကောင်းနေလေသည်။

ဖန်း ဖန်း.. ဖန်း..

ဆူဇီမိုသည် လှည့်မကြည့်သော်လည်း သူ့မျိုးဆက်သွေးက လည်ပတ်လာပြီး သူ့အရွတ်များက ရွေ့လျားသွားလေသည်။ သူက ဖေးချွန်ယီ၏ လက်သီးကို လက်ပြန်ခုတ်ပိုင်းလိုက်သောအခါ သွေးနီရောင်အလင်းက ဖျတ်ကနဲ လက်သွားလေသည်။

ချွမ်း..

ဆေဘာနှင့်လက်သီးက ထိတွေ့ရိုက်ခတ်သွားပြီး အလွန်တရာ ကျယ်လောင်သော ဟိန်းသံကြီးနှင့်အတူ မီးပွားများက ဖွားကနဲ လွင့်ပျံထွက်လာလေသည်။

တစ်ကယ်လည်း ဆူဇီမိုက သူ၏ ဆေဘာအားကို ဆက်တိုက် ထုတ်မသုံးနိုင်ပေ။

သို့သော်လည်း ဒွာရရှင်းလင်းခြင်းအပိုင်းတွင် စဦးကျွမ်းကျင်တတ်မြောက်မှုကို ရရှိလာပြီးနောက် သူ့အရေ၊ အသား၊ အရွတ်၊ အရိုး၊ ခြင်ဆီ၊ အင်္ဂါနှင့် ဒွာရခုနှစ်ခုတို့က ကောင်းကင်ဘုံစက်ဝန်းအကြီးတစ်ခုကို ဖွဲ့တည်လာပြီး သူ့မျိုးဆက်သွေးနှင့် သူ့ခန္ဓာကိုယ်စွမ်းအားကပင် လုံလောက်အောင် သန်မာမှု ရှိလေသည်။

အင့်ကနဲ ခပ်အုပ်အုပ်ညည်း၍ ဖေးချွန်ယွီ၏ အမူအယာက ပျက်ယွင်းသွားပြီး နောက်ထပ် ထပ်ကာထပ်ကာ ဆုတ်လိုက်ရလေသည်။

ခြေလှမ်းတိုင်းမှာ သူ့ခြေထောက်များက နစ်ဝင်သွားခဲ့ပြီး နက်ရှိုင်းသည့် ခြေရာကြီးများကို ဖြစ်လာစေလေသည်။

ဖေးချွန်ယွီ၏ မျက်လုံးထဲက ယုံကြည်မှုနေရာတွင် ကြောက်ရွံ့မှုက တဖြည်းဖြည်း အစားဝင်ရောက်လာလေသည်။

ဆူဇီမိုက ရွှယ်ယန်ကို အပြင်းအထန် ဒဏ်ရာရအောင် ဒုက္ခပေးပြီးတာတောင် သူ့ကို နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်သည့် စွမ်းအင်ကျန်နေဦးမည်ဟု သူစဉ်းစားလို့တောင် မရပေ။

သူသည် ထိခိုက်ဒဏ်ရာ မရှိခဲ့သော်လည်း သူ့လက်ချောင်းများက နာကျင်မှုဖြင့် အနည်းငယ် တုန်ရီနေ၏။ သူသည် တုန်လှုပ်သွားလေသည်။

အဲ့ဒါသည် ဆူဇီမိုသာ အထွတ်အထိပ်အခြေအနေမှာ ရှိနေလျှင် သူက ဆူဇီမို၏ ပြိုင်ဘက်မဖြစ်နိုင်ဟု ဆိုလိုနေသည် မဟုတ်ပါလား။

စောစောက ရွှယ်ယန်နေရာမှာ သူ့ဆိုလျှင်လည်း ရလဒ်က သိပ်ပြီး အခြေအနေကောင်းလိမ့်မည် မဟုတ်ပေ။

ချက်ချင်းပင် ဖေးချွန်ယွီ၏ စိတ်ထဲသို့ အတွေးပေါင်းစုံက ကဆုန်ပေါက် ဝင်ရောက်လာလေသည်။

သို့သော် ထိုအချိန်တွင် ဆူဇီမိုက ဖေးချွန်ယွီနှင့် ထိပ်တိုက်ရိုက်ခတ်ခြင်းမှ ပြန်ကန်အားအဟုန်ကိုသုံး၍ နောက်သို့ ပိုမြန်သော အရှိန်အဟုန်နှင့် ခုန်ထွက်သွားလေသည်။

သူသည် မြင်းလားတစ်ကောင်ကဲ့သို့ ဝှစ်ကနဲ ခုန်တက်လိုက်၏။

သူဖြတ်သန်းသွားရာတစ်လျှောက် လေထုက တဝီဝီ မြည်ကျန်ခဲ့လေသည်။

တစ်ခဏအတွင်းမှာပင် သူက ရွှယ်ယန်ရှေ့သို့ ရောက်သွားလေသည်။

အပြောင်းအလဲက အရမ်းမြန်လွန်းလှ၏။

စောင့်ကြည့်နေကြသော အခြေတည်အဆင့်ကျင့်ကြံသူများကို မဆိုထားနှင့် ချိတ်ပိတ်ထားသူနှစ်ယောက်ပင်လျှင် မတုံ့ပြန်နိုင်လိုက်ကြပေ။

အစတုန်းက ရွှယ်ယန်သည် ဆူဇီမိုလက်ချက်နှင့် လွင့်စင်ထွက်လာပြီးနောက် ဖေးချွန်ယွီက ဝင်ရောက်လာချိန်တွင် သူက နောက်ဆုတ်၍ ဆေးလုံးအချို့ကို စားသုံးပြီးမှ ဖေးချွန်ယွီနှင့် လက်တွဲ၍ ဆူဇီမိုကို သတ်ဖြတ်ဖို့ ကြံရွယ်ထားလေသည်။

သို့သော်လည်း သူ့အတွေးပေါ်လာစမှာပင် ဆူဇီမိုနှင့် ဖေးချွန်ယွီတို့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုက်သော အသံကြီးကို ကြားလိုက်ရ၏။

နောက်ခဏ၌ သူ့အမြင်အာရုံက ဝါးကနဲဖြစ်သွားပြီး.. ဆူဇီမိုက သူ့အနား နီးကပ်လာလေပြီ။

အရမ်းမြန်လွန်း၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ရွှယ်ယန်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။

သူ၏ အထွတ်အထိပ်အခြေအနေမှာတောင် ဆူဇီမိုကို မယှဉ်နိုင်ခဲ့တာ.. အခုလို ဒဏ်ရာရနေချိန်မှာ ပြောစရာစကားပင် မရှိတော့ပေ။

“မင်း..”

သူ့က အသံတစ်ချက်သာ ထွက်ရသေးသည်.. ဆူဇီမို၏ လက်ဝါးကြီးက သူ့အပေါ် အုပ်မိုးလာလေသည်။

သူ့ဘေးနားမှာ အရိုးလှံတံကလည်း မရှိတော့သောကြောင့် အခုနေ သူ့သိုလှောင်အိတ်ထဲက အခြားစိတ်ဝိညာဉ်လက်နက်တစ်ခုကို ထုတ်မည်ဆိုလျှင်တောင် အချိန်မီတော့မည် မဟုတ်ပေ။

ရွှယ်ယန်သည် ရွေးချယ်စရာ မရှိတော့ဘဲ နောက်ဆုတ်ဖို့ ကြိုးစားရင်း သူ့လက်နှစ်ဖက်ကို ဦးခေါင်းအထက် မြှောက်တင်ကာ ခုခံဖို့ ကြိုးစားလိုက်ရ၏။

ဖျောင်း..

ဆူဇီမိုသည် နည်းနည်းလေးတောင် သနားညှာတာမှုမပြဘဲ ရွှယ်ယန်၏ လက်နှစ်ဖက်ကို ရိုက်ချိုးပစ်လိုက်လေသည်။ ရွှယ်ယန်၏ အသွေးအသားထဲမှ ကျိုးကြေသွားသော အရိုးများက ပြူထွက်လာလေသည်။ သူ့လက်က စုတ်ပြတ်သွားပြီး သွေးသံများ ရဲရဲနှင့် ကြောက်စရာကောင်းသော မြင်ကွင်း ဖြစ်လေသည်။

“အား”

ရွှယ်ယန်သည် အသည်းခိုက်စွာ အော်လိုက်၏။

နောက်ခဏ၌ ရွှယ်ယန်၏ အသံက ယတိပြတ် ရပ်တန့်သွားလေသည်။

ဆူဇီမိုက ရွှယ်ယန်၏ လည်ပင်းကို ဖမ်းဆုပ်ညှစ်ပြီး ကောက်မကာ သူ့ရှေ့ကို ကာထားလိုက်၏။

ဝှစ်.. ဝှစ်.. ဝှစ်..

တစ်ချိန်တည်းမှာပင် အရိုးလှံတံအချို့က သူ့ထံသို့ ပျံသန်းလာလေသည်။

ဆူဇီမိုထံသို့ အပြင်းပျံသန်းလာသော အရိုးလှံတံများက ဆူဇီမိုလက်ထဲက ရွှယ်ယန်ကို မြင်ရပြီးနောက် ချက်ချင်း ရပ်တန့်သွားလေသည်။

မလှမ်းမကမ်းရှိ ပိန်ပိန်ပါးပါးလူအိုကြီးက သူ့အရိုးလှံတံဖြင့် ဆူဇီမိုကို သတ်ကာ ရွှယ်ယန်ကို ကယ်တင်ဖို့ ကြိုးစားတိုက်ခိုက်လိုက်၏။ သို့သော်လည်း သူက အနည်းငယ်ကလေး နောက်ကျသွားသေးလေသည်။

ထိုအချိန်၌ ရွှယ်ယန်က ဆူဇီမို၏ လက်ထဲကို ရောက်နေပြီဖြစ်ပြီး စိုးရိမ်စရာ အကျိုးဆက်များကြောင့် ပိန်ပိန်ပါးပါး လူအိုကြီးသည် အရမ်းကာရော မပြုမူရဲတော့ပေ။

အခုက မလူးသာမလွန့်သာ အခြေအနေကို ရောက်နေလေပြီ။

တိုက်ပွဲစတင်ကတည်းက လူတိုင်းသည် အာရုံစူးစိုက်ကြည့်နေကြရင်း အသက်ရှူဖို့ပင် မေ့လျော့ကုန်ကြ၏။

အခုအခါမှသာလျှင် သူတို့သည် သက်ပြင်းရှည်ကြီး ချလိုက်ကြလေသည်။

ဆူဇီမိုအပေါ် လူတိုင်း၏ အမြင်ကလည်း ပြောင်းလဲသွားလေပြီ။

ရွှယ်ယန်သည် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ သာမန်ကျင့်ကြံသူတစ်ယောက်မဟုတ်၊ မိစ္ဆာအမွေခံသူတစ်ယောက် ဖြစ်လေသည်။

ဂုဏ်သိက္ခာရှိ ခံ့ညားသော မိစ္ဆာအမွေခံသူတစ်ယောက်က ဆူဇီမို၏ လွယ်လင့်တကူ လည်ပင်းညှစ်ထားခြင်းကို ခံလိုက်ရပြီး မျက်လုံးမျက်ဆံပြူးနှင့် လျှာကအနည်းငယ် ပြူထွက်လာကာ သူ့မျက်နှာက ခရမ်းရောင်သန်းလာပြီး ဘာစကားမှ မပြောနိုင်တော့ပေ။

ရွှယ်ယန်၏ လက်တံနှစ်ဖက်က အရိုးများ ကျိုးကြေနေပြီး ဘေးနှစ်ဖက်မှာ တွဲလောင်းကျနေ၏။ သူလက်နှစ်ဖက်က ပျက်စီးသွားပြီး ဒုက္ခိတဖြစ်သွားသည်မှာ သေချာလေသည်။

“ဆူဇီမို.. မင်း သူ့ကို လွှတ်ပေးမယ်ဆိုရင် မင်းနဲ့ဆိုးယုတ်မြေကမ္ဘာကြားက ရန်ငြိုးရန်စကို ယာယီအားဖြင့် ကြေလည်ပေးမယ်.. ငါမင်းရဲ့ အသက်ကိုလဲ ချမ်းသားပေးလိုက်မယ်” ပိန်ပိန်ပါးပါးလူအိုကြီးက သုန်မှုန်နေသော မျက်နှာထားနှင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲ့”

ဆူဇီမိုက မျက်ခုံးပင့်ပြီး ရယ်လိုက်၏။

ပိန်ပိန်ပါးပါးလူအိုကြီးက ဆက်ပြောလေသည်။

“မင်း ဘာမှ မပူပါနဲ့.. ရွှေအမြုတေတစ်ယောက်အနေနဲ့ ငါ့စကားကို ငါတည်ပါတယ်”

“ဒါဆို ကျုပ်က သူ့ကို မလွှတ်ပေးဘူးဆိုရင်ရော”

ဆူဇီမိုက ဟန်လုပ်ပြုံး၍ လေသံက မထီမဲ့မြင်နှင့် မေးလိုက်လေသည်။

ပိန်ပိန်ပါးပါးလူအို၏ လေသံက အေးစက်တောင့်တင်းလာ၏။

“မင်း သူ့ကို လွှတ်မပေးဘူးဆိုရင် ဒီနေ့ သေချာပေါက် မင်းသေရလိမ့်မယ်”

“အဲ့လိုပေါ့လေ”

ဆူဇီမိုက သူ့အပြုံးကို ပြန်ရုတ်သိမ်းလိုက်ပြီး အေးစက်စွာ ပြန်ပြောလိုက်၏။

“ငါ့ကို လာပြီး ခြိမ်းခြောက်တာကို အမုန်းဆုံးပဲ”

ဂျွတ်..

ကျွတ်ဆတ်ဆတ်အသံတစ်သံက ထွက်လာ၏။

ဆူဇီမိုသည် ရွှယ်ယန်၏ လည်ပင်းကို ချိုးချေလိုက်ပြီး အလောင်းကို ဒီအတိုင်း ဖြစ်သလို ပစ်ချလိုက်၏။ သူက အရေးမပါအရာမရောက်သည့် ကိစ္စတစ်ခုကို လုပ်လိုက်သလိုပင်။

All Chapters