ဖိနှိမ်လို့မရသော ပါရမီရှင်
Vol. 29 Ch. 425
ဖေးချွန်ယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ရှိနေပြီး သူသည် လှုပ်ရှားမှုပြုလုပ်ရန်အတွက် အသင့်ပြင်ထားလိုက်၏။ အနက်ရောင်လက်ဝါးကြီးက ပျက်ပြယ်သွားတာနှင့် သူက ဆူဇီမို၏ သိုလှောင်အိတ်ကို သွားလုယူဖို့ပင် ဖြစ်လေသည်။
သို့သော် ထိုအချိန်မှာပင် လေထဲရှိ အနက်ရောင်လက်ဝါးကြီးထဲမှ တဝုန်းဝုန်းအော်မြည်လာသော ဆူနာမီအသံက ကြောက်စရာကောင်းသည့်အော်ရာနှင့်အတူ ထွက်ပေါ်လာလေသည်။
ချပ်.. ချပ်.. ချပ်..
အနက်ရောင်လက်ဝါးကြီး၏ လက်ဖမိုးပေါ်တွင် အက်ကွဲကြောင်း ခပ်ပါးပါးက ပေါ်လာပြီး တဖြည်းဖြည်းနှင့် ပိုပိုကြီးမားကျယ်ပြန့်လာလေသည်။
ရွှစ်...
နက်မှောင်နေသော ဆိုးယုတ်အော်ရာကိုဖြတ်၍ သွေးနီရောင်အလင်းတစ်ခုက အထဲကနေ ပစ်လွှတ်ထွက်ပေါ်လာလေသည်။ အဲ့ဒါက မျက်စိစူးစရာကောင်းနေပြီး အနက်ရောင်လက်ဝါးကြီးက နှစ်ခြမ်းကွဲထွက်သွားကာ လူတစ်ယောက်က ခုန်ထွက်လာလေသည်။
ဟေး..
ထွက်လာသော လူကိုကြည့်ပြီး လူတိုင်းသည် မယုံကြည်နိုင်ဟန်နှင့် တုန်လှုပ်ချောက်ချားသွားကာ သူတို့၏ မျက်လုံးများက တင်းကျပ်သွားလေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဖေးချွန်ယွီသည် ဣန္ဒြေပျက်ယွင်းသွားပြီး အံ့အားတသင့် ရေရွတ်လိုက်မိ၏။
လူတိုင်းသည် ဆူဇီမိုကို သေနှင့်ပြီဟု တွေးထင်ထားကြခြင်းဖြစ်၏။
သူ၏ အစိမ်းရောင်ဝတ်စုံက ဆိုးယုတ်အော်ရာ၏ တိုက်စားမှုကြောင့် လုံးဝဆွေးမြည့်သွားလေသည်။
သူပုံစံက စုတ်စုတ်ပြတ်ပြတ်နှင့် ခြေလှမ်းများက ဒယီးဒယိုင် ဖြစ်နေလေသည်။
သို့သော်လည်း သူ့မျက်လုံးများက တောက်ပကြည်လင်နေဆဲဖြစ်ပြီး သူ့အကြည့်ထဲတွင် တိုက်ခိုက်လိုစိတ်က မြင့်တက်လာလေသည်။ မောက်မာထောင်လွှားသောအော်ရာနှင့် သူသည် လူတိုင်းကို ပမာမခန့်ပြုနိုင်သော လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းကို ပိုင်ဆိုင်ထားလေသည်။
သူက အသက်ရှင်နေဆဲဖြစ်၏။
ချိတ်ပိတ်ထားသူတစ်ယောက်၏ ခွန်အားအပြည့်၊ ရွှေအမြုတေတစ်ယောက်၏ ဖိနှိမ်စွမ်းအားအောက်မှာတောင် ဆူဇီမိုက အသက်ရှင်နိုင်ခဲ့၏။
ပြောရမည်ဆိုလျှင် ထိုချိတ်ပိတ်ထားသူက အလဟဿ သေဆုံးခဲ့ရခြင်းပင်။
ရှေးဟောင်းတိုက်ပွဲမြေတွင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက အကုန်လုံးနီးပါး သုတ်သင်ခံလိုက်ရလေပြီ။
တစ်ကယ်တော့ ချိတ်ပိတ်ထားသူ၏ တိုက်ခိုက်မှုကို ခုခံဖို့အတွက် ဆူဇီမိုသည် သူ့မှာ ရှိသမျှ အကုန်ထုတ်သုံးခဲ့ရလေသည်။
မိစ္ဆာနှိမ်နင်းချိတ်စည်းနှင့် ဖယောင်းမီးဓါးဝင်္ကပါတို့အပြင် အနက်ရောင်လက်ဝါးကြီးကို သူ့အပေါ် လွှမ်းခြုံလာချိန်တွင် ဆူဇီမိုသည် သူ့မျိုးဆက်သွေးကို လှည့်ပတ်၍ သူ့စွမ်းအားကို အဆုံးစွန်ထိ အသုံးချကာ တန်ပြန်စီးကြောင်းကို ထုတ်ဖော်ခဲ့ရလေသည်။
ထိုခုတ်ချက်နှင့် သူသည် အနက်ရောင်လက်ဝါးကြီးကို နှစ်ပိုင်းခြမ်း၍ ခုန်ထွက်လာနိုင်ခဲ့သော်လည်း သူသည် ဒဏ်ရာများရလာခဲ့သေးလေသည်။
ဒါ့အပြင် ပိန်ပိန်ပါးပါးရွှေအမြုတေ၏ ဆိုးယုတ်အော်ရာက သူ့ခန္ဓာကိုယ်ထဲသို့ အရူးအမူး စိမ့်ဝင်လာခဲ့၏။
ပုံမှန်အားဖြင့်ဆိုလျှင် ရွှေအမြုတေတစ်ယောက်၏ ဆိုးယုတ်အော်ရာက အခြေတည်အဆင့်တစ်ယောက်၏ နုလုံးနှင့် မရီးဒါန်များကို ဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။
သို့သော်လည်း ဆူဇီမို၏ မျိုးဆက်သွေးထဲ၌ ပြင်းထန်အားကောင်းသည့် မိုးကြိုးစွမ်းအားက ရှိနေပြီး အဲ့ဒါက ဆိုးယုတ်အော်ရာလိုမျိုး စွမ်းအားအတွက် တန်ပြန်ဝိပါက် ဖြစ်လေသည်။
ဒါ့အပြင် ဆူဇီမိုသည် သူ၏ သားရဲကျင့်ကြံမှုကို ဖုံးကွယ်ဖို့အတွက် သူ၏ သားရဲချီများကို မထုတ်ဖော်မိစေရန် ထိန်းချုပ်ထားသော်လည်း... သူ့ခန္ဓာကိုယ်တွင်းမှာတော့ သားရဲချီများက ပေါကြွယ်ဝစွာ ရှိနေလေသည်။
ထိုသို့ဖြင့် ကျူးကျော်ဝင်ရောက်လာသော ဆိုးယုတ်အော်ရာကို သားရဲချီများက ချေဖျက်တိုက်ထုတ်ခဲ့လေသည်။
ထပ်ပြီးပြောလျှင် ဆူဇီမို၏ ခန္ဓာကိုယ်သည် နဂါးဥအဆီအနှစ်နှင့် အာဟာရပြုအားဖြည့်ထားခဲ့ဖူးပြီး ယခုလက်ရှိ သူ့ခန္ဓာကိုယ်က မှန်းဆလို့ မရလောက်အောင် သန်မာလေသည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော ဆိုးယုတ်အော်ရာများသည် မိုးကြိုးစွမ်းအား၊ သွေးချီစွမ်းအားနှင့် နဂါးမျိုးနွယ်၏ စွမ်းအင်အဆီအနှစ်များနှင့် ချေဖျက်တိုက်ထုတ်ခံလိုက်ရပြီး သူ၏ အစစ်အမှန်အာနိသင်ကို ထုတ်မပြနိုင်ခင်မှာပင် ပျက်ပြယ်သွားခဲ့ရလေသည်။
ဖွီး..
ဆူဇီမိုသည် သွေးတစ်လုပ်ကို ထွေးထုတ်လိုက်ရပြီး သူ့မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။
သူသည် အသက်ရှင်နိုင်ခဲ့သော်လည်း သိပ်ပြီး အခြေအနေ မကောင်းလှပေ။ သူ့ခန္ဓာကိုယ်တွင်းမှာ ပြင်းထန်အားကောင်းသည့် ရိုက်ခတ်မှုများက ဖြစ်ပေါ်ခဲ့ပြီး အတွင်းဒဏ်ရာများ ဖြစ်ပေါ်ကာ သူ့ကိုယ်တွင်းအင်္ဂါများက လှုပ်ခါသွားခဲ့လေသည်။
ချိတ်ပိတ်ထားသူနှစ်ယောက်သာ အတူပေါင်းပြီး တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူက အမှန်တစ်ကယ်ကို သေဆုံးရပေလိမ့်မည်။
သို့သော်လည်း ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူက ထိုအချိန်တွင် သူဝင်ပါဖို့ လိုအပ်သည့် အကြောင်းရင်းကို ဘယ်လိုမှ ရှာမတွေ့ခဲ့ပေ။
ဆူဇီမိုက သွေးသောက်သူကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အနည်းငယ် မောဟိုက်နေ၏။
ဖေးချွန်ယွီသည် မျက်လုံးကို မှေးကျဉ်း၍ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေ၏။
လိုဏ်ဂူထဲတွင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ကျင့်ကြံသူအချို့ ရှိနေဆဲဖြစ်၏။ သူတို့သည် ဖြည်းဖြည်းချင်း ရွေ့လျား၍ ဆူဇီမိုကို မုန်းတီးသောမျက်လုံးများနှင့်ကြည့်ကာ ဝိုင်းပတ်လိုက်ကြ၏။
ဆူဇီမိုက သူ့မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး အသက်ရှူနှုန်းကို ထိန်းညှိနေ၏။ သူက သူ့ဘေးပတ်လည်ကို သတိမထားနိုင်တော့သလိုပင်။
ထိုအချိန်တွင် ဆူဇီမို၏ ဒဏ်ရာများက မြင်နိုင်လောက်သော နှုန်းနှင့် ပြန်လည်သက်သာကောင်းမွန်လာနေသည်ကို မည်သူမှ မသိကြပေ။
ဆူဇီမို၏ ကိုယ်ကာယက စွမ်းအားကြီးကြံ့ခိုင်ရုံသာမက သူ၏ ပြန်လည်သက်သာကောင်းမွန်နိုင်စွမ်းက ပိုလို့တောင် ကြောက်ဖို့ကောင်းသေးလေသည်။
“ဆူဇီမို.. မင်းမှာ နောက်ထပ် တိုက်ခိုက်ဖို့ အားအင်မကျန်တော့ဘူးမလား”
“ခွိခွိ.. ငါသာ မင်းနေရာမှာဆိုရင် ဒီနေရာကနေ အခုချက်ချင်း ထွက်ပြေးသွားလောက်ပြီ။ ဒါပေမယ့်လို့ အခုထိ မင်းက ဒီနေရာမှာပဲ နေနေသေးတယ်ဆိုတော့.. မင်းမှာ ထပြေးဖို့တောင် အားမရှိတော့ဘူး ထင်ပါရဲ့”
ဖေးချွန်ယွီသည် မသိမသာ ကြောက်လန့်နေဆဲဖြစ်ပြီး တိုက်ရိုက်တန်းပြီး မတိုက်ခိုက်ရဲသေးပေ။ သူသည် ဣန္ဒြေရနေသယောင် မျက်နှာထက်မှာ ပြုံးစစနှင့် ဟန်လုပ်ကာ စမ်းသပ်အကဲခတ်နေခြင်း ဖြစ်လေသည်။
ဆူဇီမိုက အမူအယာ ကင်းမဲ့နေပြီး ဘာကိုမှ မကြားရသည့်အလား သူ့မျက်လုံးကို ဆက်မှိတ်ထား၏။
“ငါထင်တာတော့ မှန်နေပြီနဲ့ တူပါတယ်”
ဖေးချွန်ယွီ၏ အပြုံးက ပျောက်ကွယ်သွားပြီး အေးစက်စွာ အော်လိုက်လေသည်။
“သူ့ကို သတ်”
ထိုသို့ သူပြောလိုက်သည်နှင့် လိုဏ်ဂူထဲရှိ ဖန်းသားနန်းတော်ဂိုဏ်းသားများနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ကျန်ရစ်နေသေးသော ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် မာန်သွင်းအော်ဟစ်၍ တိုက်ခိုက်လိုက်ကြ၏။
လိုဏ်ဂူတစ်ခုလုံးက ထိန်ထိန်လင်းသွားလေသည်။
ရုတ်တရက်..
နတ်ဘုရားအလင်းနှစ်ခုက ဖျတ်ကနဲ လင်းလက်လာပြီး အမျိုးမျိုးသော လက်နက်များ၏ စိတ်ဝိညာဉ်အလင်းများထက်တောင် ပိုတောက်နေသေးလေသည်။
အဲ့ဒါက ဆူဇီမို၏ မျက်လုံးနှစ်လုံးပင်။
ရွှစ်..
ဆူဇီမိုသည် သူရှိနေရာမှ ပျောက်ကွယ်သွားပြီး ထိုနေရာတွင် ဆေဘာအလင်းတန်းတစ်ခုက ဖျတ်ကနဲပေါ်လာကာ ကျင်ကြံသူတစ်ယောက်၏ လည်ပင်းက တိတိရိရိ ပြတ်ကျသွား၏။ သွေးများက ပန်းထွက်လာလေသည်။
ချက်ချင်းဆိုသလိုပင် သူသည် နောက်ထပ်ဖန်သားနန်းတော်ကျင့်ကြံသူတစ်ယောက်၏ လက်ချပ်ဝတ်ကို ခုတ်ချလိုက်၏။
ခွမ်း..
လက်ချပ်ဝတ်နှင့်ပင်လျှင် ထိုသူ၏ လက်က ချမ်းသာရာ မရခဲ့ပေ။
ကြီးမားပြင်းထန်သည့်အားနှင့် ပစ်ဆောင့်ခံလိုက်ရပြီး နောက်ထပ်ကျင့်ကြံသူတစ်ယောက်သည် လွင့်ပျံသွားကာ လိုဏ်ဂူနံရံနှင့် ပြင်းထန်စွာ ဆောင့်ပြီး ပြုတ်ကျလာကာ သူ့မျက်လုံးများက အရောင်မှိန်ကျသွားလေသည်။
ဘယ်သို့ ညာသို့ ခုန်ကူး၍ ဆူဇီမိုက သူ့မျိုးဆက်သွေးကို လှည့်ပတ်ကာ တည်ငြိမ်ပင်လယ်ကို ထုတ်ဖော်လိုက်၏။ သူ၏ မွှေနှောက်ဖျက်ဆီးခြင်းကို မည်သူမှ မရပ်တန့်ကြပေ။
“ဖေးချွန်ယွီ”
အတားအဆီးအားကိုကို ဖြတ်ကျော်၍ ဆူဇီမိုသည် ဖေးချွန်ယွီရှေ့သို့ ရောက်လာပြီး ဟိန်းဟောက်ကာ ရယ်မောလိုက်၏။
“ငါ ဒီနေရာမှာ ဆက်နေနေရတာက ငါ့မှာ ပြေးဖို့အားတောင် မကျန်တော့လို့ မဟုတ်ဘူးကွ.. ငါက ဒီမှာ မင်းအသက်ကို နုတ်ယူဖို့ ရှိနေရတာပဲ”
ရွှစ်..
အလွန်ကြောက်စရာကောင်းသည့်ပုံစံနှင့် သွေးသောက်သူက အထက်ကနေ ကျဆင်းလာလေသည်။
ဆူဇီမိုသည် သူ၏ လက်ရှိအခြေအနေအရ ဆေဘာအားကို ထပ်ပြီး မထုတ်ဖော်နိုင်သော်လည်း သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးမှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားကပင်လျှင် သူ့ရှေ့ရှိ အရာတိုင်းကို ဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။
ချွမ်း..
သွေးသောက်သူနှင့် ဖေးချွန်ယွီ၏ လက်သီးက ထိတွေ့ရိုက်ခတ်သွားကြ၏။
ထိုခုတ်ချက်အတွက် ဆူဇီမိုသည် တည်ငြိမ်ပင်လယ်ငါးကွက်မှ ဝဲကတော့ကို ထုတ်သုံးခဲ့၏။
အဲ့ဒါက ထူးခြားမှုမရှိဟု ထင်ရသော်လည်း ထိုဆေဘာနည်းစနစ်ထဲတွင် မွှေနှောက်ဖျက်ဆီးခြင်းစွမ်းအားက ပါဝင်လှည့်ပတ်နေလေသည်။
“အား”
ဖေးချွန်ယွီသည် နာကျင်စွာအော်ဟစ်၍ ဆက်တိုက်နောက်ဆုတ်လိုက်ရ၏။ သူ့နဖူးတွင် ချွေးများက ချက်ချင်းစိုလာလေသည်။
ပကတိအဆင့်လက်အိတ်နှင့် ကာကွယ်ထားတာတောင် လှည့်ပတ်မွှေနှောက်အဖျက်အားက ဖေးချွန်ယွီ၏ လက်ထဲသို့ စိမ့်ဝင်ထိုးဖောက်သွားပြီး သူ့အင်္ကျီလက်စက တစ်စစီစုတ်ပြဲကာ မွစာကြဲသွားလေသည်။
ဖောက်.. ဖောက်.. ဖောက်..
အားလုံး၏ ရှေ့မှောက်မှာပင် ဖေးချွန်ယွီ၏ လက်တံပေါ်ရှိ ကြွက်သားများက စုတ်ပြဲသွားပြီး သွေးများက အတားအဆီးမဲ့ ထွက်လာလေသည်။
ဆူဇီမိုသာ အထွတ်အထိပ်အခြေအနေမှာ ရှိနေခဲ့လျှင် ထိုခုတ်ချက်က ဖေးချွန်ယွီလက်နှစ်ဖက်၏ အရိုးများကိုပင် ချိုးခြေမွသွားစေနိုင်လေသည်။
“သွားမယ် သွားမယ်”
ထိုအချိန်တွင် ရွှေရောင်ဝတ်အဖိုးအိုက ရှေ့သို့လှမ်းတက်လာပြီး ဖေးချွန်ယွီကို သူ့နောက်သို့ ဆတ်ကနဲ ဆွဲယူကာ အော်ဟစ်ရင်း ဖေးချွန်ယွီကို လိုဏ်ဂူပေါက်ဝဘက်သို့ ပစ်ထုတ်လိုက်လေသည်။
ချိတ်ပိတ်ထားသူတောင်မှ နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်ရလေသည်။
“အဲ့ကောင်လေးက အရမ်းသန်လွန်းတယ်.. သူက ဘယ်လိုမှ ဖိနှိမ်လို့မရတဲ့ ပါရမီရှင်ပဲ.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက တစ်ကယ့်ရှားရှားပါးပါး ပြိုင်စံရှားပုဂ္ဂိုလ်တွေကလွဲရင် ဘယ်သူမှ သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး”
“ငါတို့ ဒီနေရာကနေ တတ်နိုင်သမျှ ဝေးဝေးသွားရမယ်.. ပြီးရင် ငါတို့ ထောင့်တစ်နေရာမှာ ပုန်းပြီး ရှေးဟောင်းတိုက်ပွဲမြေကနေ မထွက်မချင်း ကျင့်ကြံနေကြရုံပဲ ရှိတော့တယ်”
ရွှေရောင်ဝတ်ကျင့်ကြံသူက ဖေးချွန်ယွီနောက်ကနေ ကပ်ပါလာပြီး ထွက်ပေါက်ဆီသို့ ဦးတည်ပြေးရင်း သူတို့လုပ်ရမည်များကို ညွှန်ကြားနေ၏။
မလွှဲသာမရှောင်သာ အခြေအနေသို့ မရောက်သေးဘဲနှင့် သူ၏ ရွှေအမြုတေစွမ်းအားကို ထုတ်မသုံးလိုသေးပေ။
ရွှေအမြုတေစွမ်းအားကို ထုတ်သုံးပြီးတာနှင့် သူက မုချသေရပေမည်။
သို့သော်လည်း ဆူဇီမိုကတော့ ကျိန်းသေပေါက် သေလိမ့်မည်ဟု ဘယ်သူက အာမခံရဲတော့ပါမည်နည်း..
“ထွက်ပြေးချင်တယ်ပေါ့လေ”
ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သွေးသောက်သူကို ကိုင်စွဲကာ နတ်မြင်းလျှပ်တစ်ပြက် ပြေးထွက်ခြင်းနှင့် သူတို့နှစ်ယောက်နောက်သို့ ပြေးလိုက်လေသည်။