ငါးစာချ သတ်ဖြတ်ခြင်း
Vol. 29 Ch. 427
ဆူဇီမိုသည် ချွေးများဖြင့် ရွှဲနေပြီး သူ့ခန္ဓာကိုယ်မှ မီးခိုးလို ရေနွေးငွေ့များက ထွက်နေ၏။ သူ့မျိုးဆက်သွေးစွမ်းအားကို အဆုံးစွန်ထိရောက်အောင် လှည့်ပတ်ထားလေသည်။
တိုက်ပွဲက ပို၍ ပို၍ ပြင်းထန်လာ၏။
ရလဒ်က သိပ်မကြာခင် ထွက်ပေါ်လာတော့မည်ပင်။
မြူခိုတောင်ကြားထဲသို့ ဝင်ရောက်လာကတည်းက ဆူဇီမိုသည် တစ်ချိန်လုံး တိုက်ခိုက်နေခဲ့ရ၏။ စောစောကဆိုလျှင် သူသည် သားရဲတောကောင်များကို မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ရပြီး ချိတ်ပိတ်ထားသူတစ်ယောက်တောင် ပါသေးလေသည်။
သူက ဒဏ်ရာရရှိထားတာတောင် သူ့ခန္ဓာကိုယ်ကို အဆုံးစွန်ထိ ဖိအားပေး၍ လက်ရှိ ချိတ်ပိတ်ထားသူတစ်ယောက်နှင့် ဆက်လက်တိုက်ခိုက်နေ၏။
ထိုသို့လုပ်နိုင်ခြင်းမှာ သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်နှင့် ဗလာနယ်မိုးကြိုးအတတ်ကို လေ့ကျင့်ထားပြီး နဂါးဥအဆီအနှစ်ကိုလည်း ဝါးမျိုးစားသောက်ခဲ့ဖူးလေသည်။
သာမန်ခန္ဓာကိုယ်တစ်ခုသာဆိုလျှင် အခုလောက်ဆို ပေါက်ကွဲထွက်သွားလောက်လေပြီ။
ရွှေရောင်ဝတ်လူ၏ မျက်လုံးထဲမှာတော့ ဆူဇီမို၏ သက်ရုံ၊ ကိုယ်ကာယနှင့် ခန္ဓာကိုယ်က မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များထက်ကို ကျော်လွန်နေပြီဖြစ်လေသည်။
ဆူဇီမိုက သူ့ခန္ဓာကိုယ်ကို နောက်ဆုံးအကန့်အသတ်ထိ မောင်းနှင်ထားသည်ဆိုသော်လည်း ရွှေရောင်ဝတ်လူ၏ အခြေအနေက သူ့ထက်တောင် ပိုဆိုးနေသေး၏။
သူက တဖြည်းဖြည်းနှင့် သိသိသာသာ အိုစာလာသည်ကို လူတိုင်းပြောနိုင်လေသည်။
ရွှေရောင်ဝတ်လူသည် တစ်ခါတိုက်ခိုက်လိုက်တိုင်း သူ၏ နောက်ဆုံးအသက်ဓါတ်များကို ထုတ်သုံးနေရ၏။
ဆူဇီမိုက မျက်လုံးကို မှေးကျဉ်း၍ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။ ရုတ်တရက် သူ့ဆေဘာနည်းစနစ်က ကြီးကြီးမားမား ပြောင်းလဲသွားလေသည်။
စောစောက အဲ့ဒါသည် မာကြောခက်ထန် ကြမ်းတမ်းနေ၏။ ရုတ်တရက် အဲ့ဒါက ရေမျက်နှာပြင်ထက်က လှိုင်းဂယက်လေးများလို ညင်သာစွာနှင့် ဆက်တိုက်ပျံ့နှံ့စိမ့်ဝင်ထိုးဖောက်လာ၏။
တည်ငြိမ်ပင်လယ်ပညာရပ်၏ လှိုင်းဂယက်..
တန်ပြန်စီးကြောင်းက မာကြောမှုကို ကိုယ်စားပြုပြီး လှိုင်းဂယက်က နူးညံ့မှုကို ကိုယ်စားပြုလေသည်။
နူးညံ့မှုက အားနည်းမှုနှင့် မတူပေ။ အားနည်းမှုက စွမ်းအားမဲ့တာကို ဆိုလို၏။
ရေ၏ နူးညံ့မှုက ကျောက်ဆောင်ကျောက်စွန်းများကို တိုက်စားနိုင်လေသည်။
ရေ၏ နူးညံ့မှုက ကြောက်ဖို့ကောင်းလေသည်။
နူးညံ့မှုက မာကြောမှု၏ တန်ပြန်ဖြစ်လေသည်။
ဆူဇီမိုသည် လှိုင်းဂယက်ကို ထုတ်ဖော်လိုက်သည့်အခါ ရွှေရောင်ဝတ်လူနှင့် သူက ထိပ်တိုက် မတိုက်ခိုက်တော့ပေ။ ထို့အစား ထိချက်တိုင်းက ရွရွလေး လျှောက်ပြေးနေ၏။ ဆေဘာက ထောင့်ပေါင်းစုံကနေ ပေါ့ပါးဖျတ်လတ်စွာ ဝင်ရောက်လာပြီး ထိတွေ့လိုက်တိုင်း လှိုင်းဂယက်လေးများက အတွဲလိုက် ဖြစ်ပေါ်လာလေသည်။
သူ၏ တိုက်ခိုက်မှုတစ်ခုစီတိုင်းက အားပျော့၍ အားအင်မပါဟု ထင်ရသော်လည်း သေစေနိုင်စွမ်း ရှိလေသည်။
ထိုသို့ ရုတ်တရက် ပြောင်းလဲမှုက ရွှေရောင်ဝတ်လူကို အငိုက်မိသွားစေ၏။ နည်းနည်းလေး နမော်နမဲ့ ဖြစ်သွားသည်နှင့် သူ့လက်ပေါ်တွင် ဒဏ်ရာနှစ်ခုက ချက်ချင်းပေါ်လာပြီး သွေးများက စီးကျကာ နောက်သို့ဆက်တိုက်ဆုတ်လိုက်ရလေသည်။
“ချိတ်ပိတ်ထားသူတွေက ဒီလောက်ပဲ ရတာလား”
ဆူဇီမိုက သရော်လိုက်၏။
ဆူဇီမိုက လှောင်ပြောင်နေသော်လည်း ရွှေရောင်ဝတ်လူက သူ့ကိုယ်သူ ချက်ချင်းတည်ငြိမ်စေလိုက်ပြီး သူ့မျက်နှာက မှင်သေသေဖြစ်လာ၏။ မည်သူမှ သူ့အတွေးကို မဖတ်နိုင်ကြတော့ပေ။
သူက အခွင့်အရေးတစ်ခုကို ရှာဖွေနေခြင်းဖြစ်၏။
သူသည် သူ့အသက်နှင့် ဖလှယ်၍ ဆူဇီမိုကို သတ်ဖြတ်ရန် ရွှေအမြုတေအဆင့်စွမ်းအားကို ပြီးပြည့်စုံစွာ အချိန်ကိုက် ထုတ်ဖော်နိုင်မည့် အခွင့်အရေးအတစ်ခုကို လိုချင်နေခြင်း ဖြစ်လေသည်။
ထိုအချိန်၌ ရွှေရောင်ဝတ်လူက မျက်နှာသေနှင့် ဖြစ်လေသည်။
သို့သော် သူ့နုလုံးသားထဲမှာတော့ ဝမ်းနည်းမှုက တလိပ်လိပ်တက်လာပြီး ကြိတ်၍ သက်ပြင်းချလိုက်လေသည်။
သူ့ဘဝ၏ နောက်ဆုံးနေ့က ရောက်လာခဲ့လေပြီ။
သူသည် အခုထိ ရွှေအမြုတေအဆင့်စွမ်းအားကို ထုတ်မသုံးရသေးသည်မှာ ဆူဇီမိုကို အချိန်ဆွဲထားပြီး ဖေးချွန်ယွီ ထွက်ပြေးရန် လုံလောက်သည့် အချိန်တစ်ခုရစေဖို့ ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် သူသည် ဆူဇီမိုကို နောက်ဆုတ်စေချင်မိလေသည်။
ဘာပဲပြောပြော သူ့နုလုံးသားထဲမှာတော့ သေရမှာကို ကြောက်မိနေဆဲ ဖြစ်လေသည်။
သူက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ပိန်ပိန်ပါးပါးလူနှင့် မတူပေ။
ပိန်ပိန်ပါးပါးနှင့်လူက သူစောင့်ရှောက်ရမည့် မိစ္ဆာအမွေခံသူ မပါဘဲ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသို့ ပြန်သွားလျှင် သေတာထက် ဆိုးသည့်အပြစ်ဒဏ်ကို ခံယူရပေလိမ့်မည်။
ထို့ကြောင့်ပင် ပိန်ပိန်းပါးပါးလူက နောက်ဆံတင်းစရာ မရှိတော့ဘဲ ရွှေအမြုတေအဆင့်စွမ်းအားကို ပြတ်သားစွာ တန်းပြီးထုတ်သုံးခဲ့ခြင်း ဖြစ်လေသည်။
မိစ္ဆာအမွေခံသူက သေသွားချိန်၌ သူကလည်း သေလူတစ်ယောက် ဖြစ်ခဲ့လေပြီ။
သို့သော်လည်း ဖန်သားနန်းတော်က ဖေးချွန်ယွီကတော့ အသက်ရှင်နေသေး၏။
ရွှေရောင်ဝတ်လူသည် သူ၏ ရွှေအမြုတေအဆင့်စွမ်းအားကို ထုတ်မသုံးရဘဲနှင့် ဆူဇီမိုကို ဖိအားပေးနောက်ဆုတ်အောင် တိုက်နိုင်ဖို့ မျှော်လင့်ထားဆဲဖြစ်၏။
သို့သော်လည်း ဝမ်းနည်းဖို့ကောင်းသည်မှာ သူ၏ မျှော်လင့်ချက်လေးက အညှာတာမဲ့စွာ နင်းချေဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
ဆူဇီမို၏ အကြည့်က တောက်လောင်ပြင်းပြနေ၏။ သူသည် ရွှေရောင်ဝတ်လူ၏ စိတ်ကို ဖတ်နိုင်သည့်အလား တိုက်ခိုက်နေတာကို ရပ်တန့်ခြင်းမရှိဘဲ ထပ်ပြောလိုက်၏။
“တစ်ကယ်တော့ ပြောရမယ်ဆိုရင် မင်းမှာ ငါ့ကို သတ်ဖို့ အခွင့်အရေးတစ်ခု ရှိခဲ့ဖူးတယ်”
ရွှေရောင်ဝတ်လူ၏ စိတ်က ယိမ်းယိုင်သွားခြင်း မရှိဘဲ သွေးသောက်သူ၏ လှိုင်းဂယက်ကို မျက်နှာသေနှင့် ဆက်တိုက်ခုခံနေ၏။
ဆူဇီမိုက သူ၏ စိတ်အခြေအနေကို ယိမ်းယိုင်သွားအောင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သူသိလေသည်။
တိုက်ပွဲတစ်ပွဲတွင် ထိပ်တန်းအဆင့် ပညာရှင်များက သူတို့၏ ပြိုင်ဘက်ကို ဟာကွက်များပေါ်လာစေဖို့ လှောင်ပြောင်ရန်စလေ့ရှိလေသည်။
ဆူဇီမိုက ညင်သာစွာပြုံး၍ ဆက်ပြောလိုက်၏။
“မင်းရဲ့ အခွင့်အရေးက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ချိတ်ပိတ်ထားသူနဲ့ ပေါင်းပြီး တိုက်ခိုက်ဖို့ပဲ.. ချိတ်ပိတ်ထားသူနှစ်ယောက်သာ သူတို့ရဲ့ ရွှေအမြုတေစွမ်းအားကို ထုတ်ပြီး တိုက်ကြမယ်ဆို ငါက သေချာပေါက် သေမှာပဲ။ နှမြောဖို့ ကောင်းလိုက်တာက...”
ရွှေရောင်ဝတ်လူ မျက်လုံးများက အရောင်ဖျတ်ကနဲ လက်သွားပြီး သူ့စိတ်ထဲတွင် လှိုင်းဂယက်လေးတစ်ခုက မသိမသာ ပေါ်လာလေသည်။
ဆူဇီမိုက သူ့ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်နေတာကို သူသိသော်လည်း သူ့စိတ်ထဲတွင် မချင့်မရဲနှင့် မကျေမချမ်းမှုက ပေါ်လာသေးလေသည်။
ထိုစကားလုံးများက သူ့ရင်ထဲမှာ တစ်စို့နေ၏။
ဆူဇီမို၏ မျက်လုံးများထဲတွင် အားရရွှင်ပျသည့်အမူအယာက ဖြတ်ပြေးသွား၏။
“နှမြောဖို့ကောင်းတာက မင်းက သေရမှာကို အရမ်းကြောက်နေခဲ့တာပဲ.. အခုချိန်ထိတောင် မင်းက အသက်ရှင်နိုင်ဖို့ မျှော်လင့်နေတုန်းပဲ။ ဒါပေမယ့် တစ်ကယ်တမ်း မင်းနုလုံးသားထဲမှာတော့ ဒီနေ့ မင်းသေရတော့မယ်ဆိုတာ သိနေပါတယ်”
“မင်း...”
ရွှေရောင်ဝတ်လူ၏ အမူအယာက ပြောင်းလဲသွားပြီး တစ်ခုခုကို ပြောတော့မည်ပြုရင်း သူ့လက်က နှေးကွေးသွားကာ ဟာကွက်ကြီးတစ်ခုက ပေါ်လာလေသည်။
ဆူဇီမိ၏ မျက်လုံးက ဝင်းလဲ့သွားပြီး ရှေ့သို့ခုန်တက်လိုက်၏။ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်နှင့်အတူ သူက ရွှေရောင်ဝတ်လူ၏ လည်ပင်းကို လက်ပြန်လွှဲ ခုတ်ချလိုက်၏။
ရုတ်တရက်..
ရွှေရောင်ဝတ်လူထံမှ အလွန်ကြောက်စရာကောင်းသည့်အော်ရာက ပေါက်ကွဲထွက်ပေါ်လာလေသည်။
“ဆူဇီမို မင်းကတော့ လှည့်စားခံလိုက်ရပြီ”
ဝင်ရောက်လာသော ဆေဘာကို လျစ်လျူရှုပြီး ရွှေရောင်ဝတ်လူက ရွှေအမြုတေတစ်ယောက်၏ စွမ်းအားကို ရုတ်တရက် ထုတ်ဖော်လိုက်လေသည်။ ဧရာမလက်ဝါးကြီးက ဆူဇီမိုအပေါ် အုပ်မိုးကျလာလေသည်။
“ငါသေရမယ်ဆိုရင်တောင် မင်းကိုပါ အပါ ခေါ်သွားမယ်ကွ”
“မဟန်တော့ဘူး”
ဦးလေးလျန့်က ရင်ထိတ်သွားပြီး သူ့မျက်နှာက ကြောက်လန့်တကြား ဖြူလျော့သွားလေသည်။
အခြားသူများသည် အခြေအနေကို ကောင်းကောင်းမသိလျှင်ရှိမည်.. သူ့အတွေ့အကြုံအရ သူကတော့ ကောင်းကောင်းနားလည်လေသည်။
အရင်ဆုံး ဆူဇီမိုသည် ရွှေရောင်ဝတ်လူကို အလွယ်တကူ လှဲမချနိုင်မှန်း သိသွားပြီး မျှခြေကို ဖျက်ဆီးဖို့အတွက် ထိုသူကို စိတ်ပိုင်းဆိုင်ရာ စတင်တိုက်ခိုက်လေသည်။
အစတုန်းကတော့ ရွှေရောင်ဝတ်လူ၏ စိတ်က မယိမ်းယိုင်ခဲ့ပေ။
သို့သော်လည်း စကား အနည်းငယ် ပြောပြီးနောက် ရွှေရောင်ဝတ်လူက ဒေါသထွက်လာပြီး ဟာကွက်တစ်ခုကို ဖော်မိသွားလေသည်။
ဆူဇီမိုသည် ထိုအခွင့်အရေးကို လုံးဝလက်လွှတ်ခံမည် မဟုတ်ဘဲ ရှေ့သို့ တစ်ဟုန်ထိုး ခုန်တက်လိုက်လေသည်။
သို့သော်လည်း တစ်ကယ်တမ်းမှာတော့ ထိုဟာကွက်ကို ရွှေရောင်ဝတ်လူက တမင်သက်သက် ထုတ်ပြခဲ့ခြင်းဖြစ်လေသည်။
ထို့ကြောင့်ပင် ဆူဇီမိုက လှည့်စားခံလိုက်ရပြီဟု သူက ပြောလိုက်ခြင်း ဖြစ်လေသည်။
ဆူဇီမိုသည် နောက်ပြန်ဆုတ်ဖို့ အားမချန်ဘဲ ရှေ့သို့ အရူးအမူး ခုန်ဝင်လာမည့်အချိန်မှာ သူ၏ ရွှေအမြုတေအဆင့်စွမ်းအားကို ထုတ်ဖော်၍ တိုက်ခိုက်သတ်ဖြတ်ဖို့ ရွှေရောင်ဝတ်လူက စောင့်ဆိုင်းနေခြင်းဖြစ်လေသည်။
“ဟား”
ဦးလေးလျန့်က သက်ပြင်းချ၍ ခေါင်းခါလိုက်၏။
“ဘာပဲပြောပြော သူက အတွေ့အကြုံ နုနယ်သေးတာပဲ..”
သူသက်ပြင်းချလို့ မဆုံးသေးခင်မှာပင် တိုက်ပွဲဆီမှ ဟက်ကနဲ ရယ်သံတစ်ချက်က ထွက်ပေါ်လာ၏။
“ဟာ့.. တစ်ကယ် လှည့်စားခံရတာက.. မင်းလေ”
ဆူဇီမို၏ ရယ်သံဖြစ်လေသည်။
အစက တိုက်ခိုက်ဖို့ ပစ်ဝင်ချလာသော ဆူဇီမိုသည် ရုတ်တရက် လမ်းကြောင်းပြောင်း၍ အပြင်ဘက်သို့ ခုန်ထွက်ကာ အဝေးသို့ ပြေးထွက်သွားလေသည်။
ဝုန်း..
စောစောက သူရှိရာနေရာသို့ ရွှေရောင်ဝတ်လူ၏ လက်ဝါးကြီးက ပြင်းထန်စွာ ကျဆင်းလာပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသည့် လက်ဝါးရာကြီးက ပေါ်လာလေသည်။
သူ၏ တိုက်ခိုက်မှုက လွဲချော်သွားလေပြီ။
ဖြစ်ပျက်သမျှက ကျင့်ကြံသူများအားလုံးကို နောက်တစ်ဖန် မှင်တက်သွားစေလေသည်။
ဆူဇီမိုသည် ခပ်လှမ်းလှမ်းမှာ မတ်တပ်ရပ်၍ ရွှေရောင်ဝတ်လူကို ပြုံးစစနှင့် လှောင်ပြောင်သလို ကြည့်နေ၏။
ချက်ချင်းပင် ရွှေရောင်ဝတ်လူက သိသိသာသာ အိုစာသွားလေသည်။
အလွန်ကြီးမားသည့် တည်ဆောက်မှုပုံသဏ္ဌာန် အက်ကွဲကြောင်းကြီးက သူ့နောက်မှာ ပေါ်လာပြီး ငရဲမှတက်လာသော နတ်ဆိုးတစ်ကောင်လို သူ့ကို အညှာတာမဲ့စွာ ဝါးမျိုသွားလေသည်။ အလောင်းတောင် မကျန်ရစ်ခဲ့ပေ။
ခဏမျှ စဉ်းစားပြီး ဦးလေးလျန့်သည် နားလည်သဘောပေါက်သွား၏။
အစကတော့ ဆူဇီမိုသည် ရွှေရောင်ဝတ်လူ၏ လှည့်ကွက်ထဲ ကျရောက်သွားပြီဟု သူတွေးမိခဲ့၏။
သို့သော်လည်း တစ်ကယ်တမ်းမှာတော့ ဆူဇီမိုသည် ရွှေရောင်ဝတ်လူ၏ စိတ်အလိုကို ဖတ်မိပြီးသားဖြစ်ပြီး မသိဟန်ဆောင်ကာ ရှေ့သို့ထိုးတက်သွား၏။ ရွှေရောင်ဝတ်လူက သူ၏ ရွှေအမြုတေအဆင့်စွမ်းအားကို စတင်ထုတ်ဖော်ချိန်တွင် သူက အဝေးသို့ ခုန်ထွက်လိုက်လေပြီ။
အဲ့ဒါက စိတ်ဓါတ်စစ်ဆင်ရေး၏ သွေးမထွက်သောတိုက်ပွဲပင် ဖြစ်လေသည်။
အနည်းငယ်မှားယွင်း တွက်ဆမိသွားသည်နှင့် ထိုသူက အရာရာကို ဆုံးရှုံးကာ ချက်ချင်းသေဆုံးသွားနိုင်လေသည်။
နှစ်ဖက်စလုံးကို တစ်ဖက်ကိုတစ်ဖက် အကောက်ကြံကာကြိုးစားတိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ဆူဇီမိုသည် ရွှေအမြုတေတစ်ယောက်ကို ငါးစာချ၍ သတ်ဖြတ်နိုင်ခဲ့လေသည်။