← Chapters

ထွက်ပြေးလွတ်မြောက်သွားခြင်း

Vol. 29 Ch. 428

ထွက်ပြေးလွတ်မြောက်သွားခြင်း

Vol. 29 Ch. 428

ဦးလေးလျန့်၏ ခေါင်းထဲတွင် အတွေးစများက ရောထွေးသွားလေသည်။

ရွှေရောင်ဝတ်လူသည် ဆူဇီမို၏ လက်ထဲမှာ သေခဲ့ရတာ မဟုတ်သော်လည်း တည်ဆောက်မှုပုံသဏ္ဌာန်က စုတ်ပြဲ၍ သူ့ကို ဝါးမျိုးသွားရသည်မှာ သူ့ပရောဂကြောင့်ပင် ဖြစ်လေသည်။

ချိတ်ပိတ်ထားသူတစ်ယောက်သည် သူ့အသက်နှင့်ရင်းပြီး တိုက်ခိုက်ခဲ့တာတောင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို မသတ်နိုင်ခဲ့ခြင်းမှာ အတော်လေး ပူဆွေးဝမ်းနည်းစရာ ကောင်းလေသည်။

တစ်ကယ်တော့ ဆူဇီမိုသည်လည်း တိုက်ပွဲထဲမှာ လွန်စွာ အန္တရာယ်အများခံ၍ စွန့်စားခဲ့ရခြင်း ဖြစ်လေသည်။

ချိတ်ပိတ်ထားသူက သူ၏ ရွှေအမြုတေစွမ်းအားကို ထုတ်ပြီး တိုက်ခိုက်လျှင် ဆူဇီမိုသည် ထိုသူကို မည်သို့မှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ဆေးလိုဏ်ဂူထဲမှာတုန်းက သူသည် သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်သုံး၍ ပိန်ပိန်ပါးပါးလူ၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သေး၏။

ဆူဇီမို၏ လက်ရှိအခြေအနေအရ သူသည် နောက်ထပ်ရွှေအမြုတေအဆင့် တိုက်ခိုက်မှုတစ်ခုကို ထပ်ပြီး ခုခံနိုင်စရာ အကြောင်းမရှိတော့ပေ။

ထို့ကြောင့်ပင် သူက ရွှေရောင်ဝတ်လူနှင့် သည်လောက်ထိ အကြာကြီး တိုက်ခိုက်နေရခြင်း ဖြစ်လေသည်။ နောက်ဆုံးမှာတော့ သူသည် အာရုံခံသတိစိတ်ကိုသုံး၍ ရွှေရောင်ဝတ်လူက သတ်ဖြတ်လိုစိတ် ထကြွလာချိန်တွင် သူက သတိထားမိသွားပြီး ငါးစာချ မျှားခေါ်ကာ ထိုသူကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ဆူဇီမိုသည် လုံးဝခြေကုန်လက်ပန်းကျနေပြီဖြစ်လေသည်။

ချိတ်ပိတ်ထားသူက သေဆုံးသွားမှသာ သူလည်း သက်ပြင်းချနိုင်လေတော့သည်။

အနည်းငယ် ရပ်နားပြီးနောက် သူ့မျက်လုံးထဲက အေးစက်စက်အလင်းရောင်ဖြင့် လက်သွား၏။ သူက ဆေးဖော်စပ်ခန်းမရှေ့သို့ ရောက်ချလာပြီး မေးလိုက်လေသည်။

“ဖေးချွန်ယွီ ထွက်သွားတာကို မြင်လိုက်ကြသေးလား”

“သူ တောင်ကြားထဲသို့ ထွက်ပြေးသွားပြီ”

ကျင့်ကြံသူတစ်ယောက်က ညွှန်ပြလိုက်၏။

ဖေးချွန်ယွီက မသေသေးလျှင် ထိုသူက ဆူဇီမိုအတွက် မှန်းဆရခက်သော အန္တရာယ်တစ်ခု ဖြစ်လာပေမည်။

ထန်ယုက ထိတ်လန့်နေပြီး ရှေ့သို့ အလျင်အမြန် ထွက်လာကာ ဖျောင်းဖျလိုက်၏။

“တာအိုရောင်းရင်းဆူ.. ရှင်က အခု တော်တော် အားနဲနေပြီပဲ.. အဲ့လောက်ထိ စွန့်စားဖို့ မလိုပါဘူး.. နောက်ပြီး အခုနေ ရှင်လိုက်သွားရင်တောင် သူ့ကို မီမှာ မဟုတ်လောက်တော့ဘူး”

ဆူဇီမိုက ခေါင်းခါကာ ဘာမှ ရှင်းပြမနေတော့ဘဲ မြူခိုးတောင်ကြားထဲသို့ လှစ်ကနဲ ပြေးဝင်ချသွားလေသည်။

တစ်ခဏအတွင်း သူက လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားလေပြီ။

ရှောင်းနင်က အမွေအနှစ်ကို လက်ခံရယူနေဆဲဖြစ်၏။

ယန်ဆေးဂိုဏ်းမှ ကျင့်ကြံသူများသည် စောစောက တိုက်ပွဲနှင့် ပတ်သတ်၍ စိတ်လှုပ်ရှားတက်ကြွစွာ လေသံလျှော့၍ ဆွေးနွေးလိုက်ကြ၏။

ချိတ်ပိတ်ထားသူသည် နေဝင်ခါနီးအရွယ်ကို ရောက်နေပြီး တစ်ကြိမ်သာ တိုက်ခိုက်ဖို့အခွင့်ရှိသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သူက ရွှေအမြုတေအဆင့်တစ်ယောက်သာ ဖြစ်လေသည်။

အဲ့ဒါက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ရွှေအမြုတေအဆင့်တစ်ယောက်အကြားက တိုက်ပွဲတစ်ပွဲဖြစ်ခဲ့လေသည်။

ဤကဲ့သို့သော ဖြစ်ရပ်မျိုးသည် ယန်ဆေးဂိုဏ်းကျင့်ကြံသူများအတွက် ဂိုဏ်းကို ပြန်ရောက်ပြီးလျှင် နှစ်ပေါင်းများစွာ အာပေါင်အာရင်းသန်သန် ပြန်ပြောပြဖို့ လုံလောက်လေသည်။

သိပ်မကြာမီမှာပင် ကြိုးကြာတစ်ထောင်ဂိုဏ်းသား ကျင့်ကြံသူများသည် အားရရွှင်ပျစွာနှင့် အပျက်အစီးနယ်မြေအနက်ပိုင်းထဲကနေ ပြန်ရောက်လာကြ၏။

“ဂုဏ်ယူပါတယ်.. အစ်မမန်းမန်”

ထန်ယုက ပြုံး၍ ပြောလိုက်၏။

“ကြည့်ရတာတော့ ကြိုးကြာတစ်ထောင်ဂိုဏ်းက အတော်လေး အကျိုးအမြတ် ရခဲ့ပုံပဲ”

“ဒါပေါ့.. ငါတို့ ပျောက်ဆုံးနေပြီဖြစ်တဲ့ အဆောင်လက်ဖွဲ့ လျှို့ဝှက်ကျမ်းအချို့ ရလာခဲ့တယ်”

ဖုန့်မန်းမန်က ပြုံးရွှင်နေ၏။

ထိုအချိန်မှာပင် မလှမ်းမကမ်းမှ ကျင့်ကြံသူများ ဆွေးနွေးပြောကြားနေသည့်အသံများကို သူတို့ကြားလိုက်ရလေသည်။

“ဆူဇီမိုရဲ့နောက်ခံက ဘာလဲတော့ မသိဘူးနော်.. သူက ရက်စက်လွန်းပါတယ်ကွာ”

“ဟုတ်တာပေါ့.. ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာကွာ.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မိစ္ဆာအမွေခံသူကို ပုရွက်ဆိတ်လေးတစ်ကောင်လို ဖျစ်ညှစ်သတ်လိုက်တာများ ငါ့မျက်လုံးထဲကကို မထွက်ဘူး”

“မိစ္ဆာအမွေခံသူလောက်ကို ပြောမနေနဲ့လေ.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ချိတ်ပိတ်ထားသူတောင် အလဟဿ သေခဲ့ရတာပဲ မဟုတ်ဘူးလား”

ကြားလိုက်ရသည့် စကားများကြောင့် ယန်ဆေးဂိုဏ်းသား ကျင့်ကြံသူများသည် ကြောင်အကုန်ကြလေသည်။

ထန်ယုက မျက်မှောင်ကြုတ်၍ ဖုန့်မန်းမန်ကို လှည့်မေးလိုက်၏။

“ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ဘာဖြစ်သွားတာလဲ.. အဲ့ဒါက တာအိုရောင်းရင်းဆူနဲ့ ဘယ်လိုပတ်သတ်နေတာလဲ”

“နင်တို့ အဲ့ဒါကို အခုထိ မသိကြသေးဘူးပေါ့”

ဖုန့်မန်းမန်က အထူးတဆန်း ကြည့်လိုက်၏။

ထန်ယုနှင့် အခြားသူများသည် ရှောင်းနင်ကိုသာ တစ်ချိန်လုံး စောင့်ကြပ်နေကြရသောကြောင့် ဆေးလိုဏ်ဂူထဲမှာ ဖြစ်ပျက်ခဲ့သည်များကို သူတို့မသိခဲ့ကြပေ။

ဖုန့်မန်းမန်က ရှင်းပြလိုက်၏။

“အပျက်အစီးနယ်မြေရဲ့ အနက်ပိုင်းထဲက လိုဏ်ဂူတစ်ခုထဲမှာ ပကတိမရီးဒါန်ဖွင့်ဆေးလုံးတစ်လုံး ပေါ်လာတာကနေ စတာပဲ.. ဆူဇီမိုက အဲ့ဒါကို လုယူပြီးတော့ ရွှယ်ယန်ကို နေရာမှာတင် တစ်ခါထဲ သတ်ပစ်လိုက်တယ်”

“အ”

လူအုပ်ကြီးထဲမှ အံ့အားတသင့် တုန်လှုပ်စွာ ရေရွတ်လိုက်သော အာမေဋိတ်အသံများက ထွက်လာလေသည်။

ဖုန့်မန်းမန်က ဆက်ရှင်းပြ၏။

“အဲ့ဒီနောက်မှာ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ချိတ်ပိတ်ထားသူက ရွှေအမြုတေစွမ်းအားကို ထုတ်ပြီး တိုက်ခိုက်လိုက်တာပဲ ဒါပေမယ့်.. ဆူဇီမိုက သူ့မှာ ရှိသမျှ အစွမ်းကုန်ထုတ်ပြီး မသေအောင် ခုခံနိုင်ခဲ့တယ်.. အခုဆို ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက လုံးဝဖျက်ဆီးချေမှုန်းခံလိုက်ရပြီ”

သည်တစ်ကြိမ်တွင်တော့ ဆေးဖော်စပ်ခန်းမရှေ့တွင် အကုန်လုံးက တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

သည်လိုသာဆို ချိတ်ပိတ်ထားသူနှစ်ယောက်က ဘာမှ မစွမ်းဆောင်နိုင်ဘဲ အလဟဿ သေဆုံးခဲ့ရတာပေါ့..

ထန်ယုသည် အတော်ကြာသည့်အထိ ပါးစပ်အဟောင်းသားနှင့် ကြောင်အမှင်တက်နေမိ၏။

. . .

မြူခိုးတောင်ကြားထဲတွင် ဆူဇီမိုသည် စိတ်ဝိညာဉ်တောင်ပံများကိုသုံး၍ လျှပ်စီးလိုအမြန်နှုန်းနှင့် ပျံသန်းနေ၏။

သူသည် ရွှေရောင်ဝတ်အဖိုးအိုနှင့် သိပ်ကြာကြာ မတိုက်ခိုက်ခဲ့ရပေ။

ဖေးချွန်ယွီက ဒဏ်ရာရထားပြီး သူ့မှာ ခွန်အားလည်း သိပ်မကျန်ရှိတော့ပေ။ သည်လောက် အချိန်အတိုင်းအတာနှင့် သူက မြူခိုးတောင်ကြားထဲကနေ လွတ်အောင် ထွက်ပြေးသွားနိုင်စရာ အကြောင်းမရှိပေ။

နောက်ပြီး တောင်ကြားထဲမှာ မရေမတွက်နိုင်သော တောကောင်များနှင့် ငှက်များက ကျက်စားနေကြသေး၏။

လမ်းတစ်လျှောက်တွင် ဆူဇီမိုသည် သူ၏ အားကောင်းသော အကြားအာရုံ၊ အမြင်အာရုံနှင့် အာရုံခံစိတ်တို့ကို အသုံးချကာ ဖေးချွန်ယွီ၏ သဲလွန်စကို ရှာဖွေနေခဲ့၏။

ယခုအခါ ညက လွန်စွာ မှောင်မိုက်နေပြီး မြူခိုးများကလည်း နေရာတိုင်းမှာ ရှိနေ၏။

အခုချိန်မှာ သူတို့၏ အမြင်အာရုံက အလွန်ဆုံး ပေသုံးဆယ်လောက်ထိသာ ရောက်နိုင်သောကြောင့် အခြားလူတစ်ယောက်ကို ရှာဖွေဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

သို့သော်လည်း ဆူဇီမိုကတော့ အခြားသူများနှင့် မတူပေ။

သူ၏ ဒွာရခုနှစ်ပေါက်ကို ရှင်းလင်းပြီးနောက် သူ၏ အာရုံငါးပါးက အလွန်တရာ ထက်မြက်လာပြီး အတော်ဝေးဝေးထိ အာရုံခံသိရှိနိုင်လေသည်။

သူသည် လှုပ်ရှားမှုတစ်ခုချင်းစီကို သတိထားမိနေ၏။

တောင်ကြားထဲရှိ မူလသွေးမျိုးဆက်တောကောင်များက အကုန်သေကုန်ကြပြီဖြစ်တာကြောင့် ဆူဇီမိုသည် အကြောက်အလန့်ကင်းမဲ့စွာ သွားလာရဲလေသည်။ တောင်ကြားထဲရှိ မည်သည့်တောကောင်ကမှ သူ့အနားကို မချဉ်းကပ်ရဲဘဲ ခပ်ဝေးဝေးကနေ ရှောင်ကွင်းသွားကြလေသည်။

သိပ်မကြာမီ ဆူဇီမိုသည် မြူခိုးတောင်ကြားအပြင်ဘက်ကို ထွက်သွားပြီး ဝင်ပေါက်ဝမှာ မတ်တပ်ရပ်ကာ မျက်မှောင်ကြုတ်နေမိ၏။

သူသည် ဖေးချွန်ယွီကို လုံးဝ မတွေ့ရပေ။

ထိုငနဲက ပျောက်ကွယ်သွားလေသည်။

ဆူဇီမို၏ မျက်လုံးများက တဖျတ်ဖျတ်လက်သွားပြီး အတွေးနက်ကာ မျက်မှောင်ကြုတ်နေမိ၏။

သည်လိုသာဆိုလျှင် ဖြစ်နိုင်ခြေက နှစ်ခုရှိလေသည်။

ပထမတစ်ခု.. ဖေးချွန်ယွီက တောင်ကြားထဲကနေ လွတ်မြောက်ထွက်ပြေးသွားတာပင်။

သို့သော်လည်း အဲ့ဒါက ဖြစ်နိုင်ခြေသိပ်မရှိကြောင်း ဆူဇီမို ကောက်ချက်ချလိုက်၏။

ဒုတိယတစ်ခု.. ဖေးချွန်ယွီက တောင်ကြားထဲမှာပဲ ရှိနေသေးတာ ဖြစ်ရပေမည်။

လူတစ်ယောက်က မြူခိုးတောင်ကြားထဲမှာ ပုန်းနေဖို့က သိပ်တော့ လွယ်ကူမနေပေ။

ကောင်းကင်မှာ ငှက်များနှင့် ပြည့်နေပြီး မြေပြင်မှာ တောကောင်များက ကျက်စားသွားလာနေကြလေသည်။ ကျင့်ကြံသူတစ်ယောက်သည် တစ်နေရာမှာ အေးအေးဆေးဆေး ပုန်းခိုနေဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

သို့သော်လည်း ဆူဇီမိုသည် လမ်းတစ်လျှောက်တွင် မည်သည့်အရိပ်လက္ခဏာကိုမှ သတိမထားမိခဲ့သလို မည်သည့်လှုပ်ရှားမှုကိုမှလည်း မကြားခဲ့ရပေ။

“ထူးတော့ ထူးတယ်”

သူသည် တီးတိုးရေရွတ်လိုက်၏။

“သူက တစ်ကယ်ပဲ ထွက်ပြေးလွတ်မြောက်သွားတာများလား”

သေချာတွေးကြည့်လိုက်တော့.. ဖန်သားနန်းတော်လို အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းမှ တပည့်တစ်ယောက်တွင် သက်စောင့်နည်းလမ်းအချို့ ရှိနေမည်ဆိုလျှင် အံ့သြစရာတော့ မဟုတ်ပေ။

အခုအချိန်ဆို ဖေးချွန်ယွီက သည်နေရာကနေ မိုင်ပေါင်းတစ်ထောင်အကွာလောက်ကို ရောက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။

အတန်ကြာသည့်အထိ လှည့်ပတ်သွားလာနေပြီးနောက် ဆူဇီမိုသည် နောက်ကြောင်းပြန်လှည့်သွားလေတော့သည်။

. . .

တစ်ခဏအတွင်းမှာပင် ညတစ်ညက ကုန်ဆုံးသွားလေသည်။

နေရောင်ခြည်က ဖြာကျလာပြီး တောင်ကြားတစ်ခွင်က လင်းထိန်လာလေသည်။

ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်ဖြစ်သော တိမ်လွှာကျားသစ်သည် စိတ်မပါလက်မပါ မအီမသာပုံစံနှင့် သူ့လိုဏ်ဂူထဲကနေ ဖြည်းဖြည်းချင်း ထွက်လာလေသည်။

သူသည် ပြီးခဲ့သည့်ညက လူသားတစ်ယောက်ကို ဝါးမျိုခဲ့၏။

သို့သော်လည်း ဘာကြောင့်ရယ်မသိ.. တစ်ညလုံး ကြာပြီးတာတောင် သူသည် ထိုလူသားကို အစာမခြေချက်နိုင်ဘဲ မို့အစ်ရောင်ကိုင်းလာကာ မအီမသာ ဖြစ်လာလေသည်။

တိမ်လွှာကျားသစ်သည် သိပ်ဝေးဝေး မလျှောက်ရသေးခင်မှာပင် သူ့ဝမ်းဗိုက်ထဲမှာ အလွန်စူးရှစွာ နာကျင်လာ၍ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်ကို ဘုန်းကနဲ လဲကျသွားလေသည်။

ဖျီး..

သွေးများက ဖြာထွက်လာလေသည်။

တိမ်လွှာကျားသစ်၏ ဝမ်းဗိုက်က စုတ်ပြဲသွားပြီး ဗိုက်ပေါက်ထဲကနေ ကိုယ်တွင်းကလီစာများက ထွက်ကျလာကာ ထိုအထဲမှာ သွေးသံရဲရဲနှင့် လူတစ်ယောက်လည်း ပါလာလေသည်။

ထိုသွေးသံရဲရဲနှင့်လူက ကိုယ်ကို ကိုင်းညွှတ်၍ စတင်အော့အန်လေတော့သည်။

ခဏနေပြီးနောက် သူသည် မျက်နှာပေါ်က သွေးများကို လက်ဖြင့် သုတ်ဖယ်လိုက်၏။ တစ္ဆေတစ်ကောင်လို အလွန်ကြောက်စရာကောင်းသည့် ပုံပျက်ပန်းပျက်မျက်နှာတစ်ခုက ပေါ်လာလေသည်။

“ဆူဇီမို.. ဒီနေ့ ငါအရှက်ကွဲခဲ့ရတာထက် အဆတစ်ရာ မင်းပြန်ပေးဆပ်ရမယ်”

သွေးသံများရဲနေသော ထိုသူ၏ အကြည့်က အလွန်ကြောက်စရာကောင်းနေပြီး သူက အံ့ကြိတ်ပြောလိုက်၏။

လွန်ခဲ့သည့်ညက ဖေးချွန်ယွီသည် ဆူဇီမိုလက်ကနေ လွတ်မြောက်အောင် ထွက်ပြေးဖို့ မလွယ်ကြောင်းကို ကြိုတင်တွက်ဆမိခဲ့၏။ ထို့ကြောင့် သူသည် ရှေးဦးအဆက်နွယ်တောကောင်တစ်ကောင်ကို တမင်ရှာဖွေပြီး သူ့ကို ဝါးမျိုခွင့်ပြုခဲ့လေသည်။

အဲ့ဒါက အလွန်တရာ အန္တရာယ်များလှသော ပြုမူမှု ဖြစ်လေသည်။

သားရဲတောကောင်များ၏ အစာချက်အားက အလွန်တရာ အားကောင်းလှပြီး တော်တန်ရုံ ကျင့်ကြံသူဆိုလျှင် အဲ့ဒါကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

အခြားတစ်ယောက်ယောက်သာဆိုလျှင် အသားပျော့ဖတ်ဖြစ်သွားအောင် ကြိတ်ချေဖျက်ခံရပေလိမ့်မည်။

ရှေးဦးအဆက်နွယ်တောင်ကောင်များ၏ အစာချေရည်က အလွန်တရာ တိုက်စားအားပြင်းထန်ပြီး ကျောက်များ၊ သတ္တုများကိုပင် အရည်ဖျော်နိုင်လေသည်။

ဖန်သားနုလုံးသားသုတ္တန်နှင့် သူ့ခန္ဓာကိုယ်ကို မီးဆေးထားခြင်းကြောင့်သာ မဟုတ်လျှင် ဖေးချွန်ယွီသည် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။

ဒါတောင် သူ၏ အပေါ်ယံ အရေပြားနှင့် အသားများက တိုက်စားခံလိုက်ရပြီး သွေးသံများချင်းချင်းနီ၍ ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ။

ဖေးချွန်ယွီသည် သေအံ့ဆဲဆဲဖြစ်နေသော တိမ်လွှာကျားသစ်ကို တစ်ချက်လှည့်ကြည့်ပြီးနောက် တောင်ကြားဝင်ပေါက်ဆီသို့ ဒယီးဒယိုင်နှင့် ထွက်ခွာသွားလေတော့သည်။

All Chapters