← Chapters

လူသားဧကရာဇ်နန်းတော် ရောက်ရှိလာခြင်း

Vol. 29 Ch. 429

လူသားဧကရာဇ်နန်းတော် ရောက်ရှိလာခြင်း

Vol. 29 Ch. 429

အပျက်အစီးနယ်မြေက တိုက်ပွဲ အဆုံးသတ်သွားပြီးနောက် အကျိုးအမြတ်အများဆုံးနှင့် အနိုင်ရရှိသူမှာ ယန်ဆေးဂိုဏ်း ဖြစ်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေကို ဂိုဏ်းသားတစ်ထောင်ကျော်နှင့် ဝင်ရောက်လာပြီးနောက် ယခုသူတို့မှာ လူလေးရာကျော် ကျန်သေးလေသည်။

နောက်ထပ် အမှားအယွင်းသာ မရှိလျှင် သည်လူလေးရာကျော်က ယန်ဆေးဂိုဏ်းသို့ ဘေးကင်းစွာ ပြန်ရောက်နိုင်ပေလိမ့်မည်။

ရှောင်းနင်သည် အမွေအနှစ်ကို အောင်မြင်စွာ လက်ခံရယူနိုင်ခဲ့ပြီး ဆေးဖော်စပ်ခန်းမကို ဖွင့်ကာ ရှေးဟောင်းဆေးကျမ်းများ မရေမတွက်နိုင်အောင် ရရှိခဲ့လေသည်။

ထိုရှေးဟောင်းဆေးကျမ်းများကို ဂိုဏ်းသို့ ပြန်ယူသွားပြီးတာနှင့် ယန်ဆေးဂိုဏ်း၏ ဂုဏ်သတင်းကျော်ဇော်မှုနှင့် အဆင့်အတန်းက မိုးထိတိုင် ထိုးတက်ပေတော့မည်။

နောက်တစ်နေ့တွင် ယန်ဆေးဂိုဏ်း၊ ကြိုးကြာတစ်ထောင်ဂိုဏ်း၊ ရုပ်သေးဂိုဏ်း၊ အုတ်ဂူဂိုဏ်းနှင့် အခြားသော ဂိုဏ်းများ၊ အဖွဲ့အစည်းများသည် ထိုနေရာကနေ ပြန်ထွက်ပြီး ရွှမ်ထျန်းမြို့သို့ ပြန်လာခဲ့ကြလေသည်။

ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်လာခဲ့ကြသော ကျင့်ကြံသူအများစုသည် သူတို့၏ ရည်မှန်းချက်များကို ထိုက်သင့်သလောက် ရယူနိုင်ခဲ့ကြပြီးလေပြီ။

ကျန်ရှိသည့် အချိန်အတွင်းမှာတော့ သူတို့သည် ရွှမ်ထျန်းမြို့ထဲမှာ အေးချမ်းစွာ ကျင့်ကြံ၍ တစ်နှစ်ပြည့်တာနှင့် သက်ဆိုင်ရာအရပ်ဌာနေသို့ ပြန်ကြမည် ဖြစ်လေသည်။

ဆူဇီမိုသည်လည်းပဲ သူ၏ ခုနှစ်ခုမြောက် မရီးဒါန်ကို ဖွင့်လှစ်နိုင်ဖို့အတွက် စတင်ကျင့်ကြံလေတော့သည်။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ဆူဇီမိုသည် ရှေးဟောင်းတိုက်ပွဲမြေသို့ ရောက်လာခဲ့သည်မှာ နှစ်ဝက်ရှိသွားလေပြီ။

ပြီးခဲ့သည့် နှစ်ရက်လောက်က သူ၏ ခုနှစ်ခုမြောက်မရီးဒါန်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး သူ့ခွန်အားကို နောက်တစ်ဖန်ထပ်၍ တိုးလာလေသည်။

သူသည် သည်အတိုင်းသာ ဆက်ပြီး ကျင့်ကြံနေမည်ဆိုလျှင် ရှေးဟောင်းတိုက်ပွဲမြေကနေ မထွက်ခွာခင်မှာ မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်၏ အထွတ်အထိပ်ကို ရောက်နိုင်လေသည်။

မဟာကျိုးအင်ပါယာကို ပြန်ရောက်လျှင် သူသည် ပကတိမရီးဒါန်ဖွင့်ဆေးလုံးကို စားသုံး၍ သူ၏ ရှစ်ခုမြောက်မရီးဒါန်ကို ဖွင့်လှစ်ဖို့ အခွင့်များပြီး မရီးဒါန်အားလုံးပွင့်သွားသော အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

မရီးဒါန်ရှစ်ခုစလုံးကို ဖွင့်ပြီးလျှင် သူသည် ပကတိအခြေတည်အဆင့်သို့ ရောက်၍ ရွှေအမြုတေတစ်ခုကို သေချာပေါက် ဖွဲ့တည်နိုင်ပေမည်။

ဒါ့အပြင် သူ၏ အမြုတေဖွဲ့တည်မှုတွင် ရွှေအမြုတေနယ်မြေတစ်ခုကပါ သေချာပေါက် တွဲပါလာပေလိမ့်မည်။

တစ်ကယ်တော့ အဲ့ဒါက ကိစ္စအားလုံး အဆင်ပြေချောမွေ့စွာနှင့် သွားနေလျှင် ဖြစ်လေသည်။

ကျင့်ကြံရေးလမ်းကြောင်းက ကြိုတင်တွက်ဆထားလို့ မရဘဲ ထိုအချိန်အတောအတွင်း ပြောင်းလဲမှုများ တစ်စုံတစ်ရာ မရှိဘဲ အဆင်ပြေချောမွေ့နေပါမည်ဟု မည်သူမှ အာမခံနိုင်လိမ့်မည် မဟုတ်ပေ။

သည်နေ့တွင် ကောင်းကင်က ရုတ်တရက် လျှပ်စီးများလက်၍ မိုးခြိမ်းသံများက တဂျိန်းဂျိန်းနှင့် ထွက်ပေါ်လာလေသည်။ ရှေးဟောင်းတိုက်ပွဲမြေသို့ ကြောက်စရာကောင်းသည့်ဖိအားတစ်ခုက ချက်ချင်းဆင်းသက်လာလေသည်။

အကုန်လုံးက တိတ်ဆိတ်ငြိမ်သက်ကျသွား၏။

အချိန်ကာလက အေးခဲသွားသလိုပင်။

ရှေးဦးအဆက်နွယ်တောကောင်များဖြစ်စေ၊ မူလသွေးမျိုးဆက်တောကောင်များဖြစ်စေ.. ရှေးဟောင်းတိုက်ပွဲမြေထဲရှိ သက်ရှိများအားလုံးသည် မြေပြင်မှာ ကျိုးနွံစွာ ပြားပြားဝပ်၍ သူတို့၏ မျက်လုံးများက အဆုံးမရှိ ကြောက်ရွံ့မှုကို ဖော်ပြနေလေသည်။

အဲ့ဒါသည် ရှေးဟောင်းခေတ်ကတည်းက အစပြု၍ အခိုင်အမာ အမြစ်တွယ်ပြီး ဖျောက်ဖျက်၍ မရတော့သော ကြောက်ရွံ့မှု ဖြစ်လေသည်။

ရှေးဟောင်းတိုက်ပွဲ၏ ထောင့်ပေါင်းစုံမှာ.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများမှ အရိုက်အရာဆက်ခံသူများသည် အပြင်ဘက်ကို ထွက်၍ ကောင်းကင်ကို တုန်လှုပ်စွာ မော့ကြည့်လိုက်ကြ၏။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ တံခါးပိတ်ကျင့်ကြံနေရာမှ နိုးထလာပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေသည်။

ရွှမ်ထျန်းမြို့မှာလည်း ထို့အတူပင်။

ဤအခိုက်အတန့်၌ ကျင့်ကြံသူတိုင်းသည် တစ်ခုခုကို အာရုံခံမိလိုက်ကြကာ လမ်းမရှည်ထက်၊ ခေါင်းမိုးထက်၊ တချို့က လေထဲသို့ တက်ရောက်လိုက်ကြပြီး အကွာအဝေးတစ်ခုသို့ ငေးကြည့်လိုက်ကြလေသည်။

ကျင့်ကြံသူများသည် တုန်လှုပ်မှုဖြင့် မှင်တက်သွားကြ၏။

ချိတ်ပိတ်ထားသူတစ်ယောက်ဖြစ်သော ဦးလေးလျန့်တောင်မှ ပါးစပ်အဟောင်းသားနှင့် မယုံကြည်နိုင်ဖြစ်နေ၏။

တိမ်စိုင်၊ တိမ်တိုက်များက ကောင်းကင်အလယ်ဗဟိုသို့ လျှင်မြန်စွာ ရွေ့လျားနေကြ၏။

တိမ်ညိုတိမ်မည်းများက နေရာတစ်ခုလုံးကို ဖုံးအုပ်ထားပြီး တလိပ်လိပ်တက်၍ တဖြည်းဖြည်းနှင့် ဧရာမအနက်ရောင်ဝဲကတော့ကြီးတစ်ခုပုံစံ လှည့်ပတ်လာကာ ကြည့်ရသည်မှာ အလွန်ကြောက်ဖို့ကောင်းနေလေသည်။

တိမ်ပင်လယ်ထဲတွင် မြောက်များလှစွာသော လျှပ်စီးမြွေများက ရစ်ပတ်ထွေးနေ၏။ တိမ်ပင်လယ်အတွင်းမှာ တဖျတ်ဖျတ်စူးရှလင်းလက်နေသော မိုးကြိုးပင်လယ်တစ်ခုက ဖြစ်ပေါ်လာလေသည်။

မိုးကြိုးများက တဝုန်းဝုန်းပစ်ချ၍ လျှပ်စီးလျှပ်ပန်းများက အာကာတစ်ခွင်ကို စုတ်ဖြဲပစ်နေ၏။

ဝဲကတော့ထဲမှ ဧရာမသတ္တဝါကြီးတစ်ကောင်က ဆင်းသက်ထွက်ပေါ်လာတော့မည့်အလားပင်။

“ဒါက..”

လေထဲတွင် ရပ်နေသော ဆူဇီမို၏ မျက်လုံးက အရောင်တောက်လာပြီး ရှေ့တူရူသို့ ငေးကြည့်နေလေသည်။

တိမ်တိုက်ဝဲကတော့ကြီး၏ အလယ်မှ ဖြာထွက်လာသော အော်ရာက အလွန်ကြောက်စရာကောင်းနေလေသည်။

၎င်း၏ ဖိအားအောက်တွင် ဆူဇီမိုသည် သူ့ကိုယ်သူ အရေးမပါအရာမရောက်သည့် လူတစ်ယောက်လို ခံစားလာရပြီး ဒူးထောက်၍ ဦးချချင်စိတ်များ ဖြစ်ပေါ်လာ၏။

အချို့သော ကျင့်ကြံသူများက မထိန်းချုပ်နိုင်တော့ဘဲ ကြောက်ရွံ့မှုဖြင့် မြေပြင်ပေါ်မှာ ဒူးထောက်ချနေကြပြီဖြစ်၏။

တဖြည်းဖြည်းနှင့် ဝဲကတော့ကြီး၏ အလယ်တွင် လေးထောင့်စပ်စပ်သဏ္ဌာန် အလွန်ကြီးမားသည် ကျောက်ထုချပ်ကြီးက ပေါ်လာပြီး နေရာတစ်ခုလုံးကို မိုးအုပ်လာလေသည်။ အဲ့ဒါကြီးက ဆင်းသက်လာသည့်နှင့်အမျှ အဲ့ဒါက ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံးကို ဘာမှမကျန်ခဲ့အောင် ဖိခြေနိုင်သည့်အလား ထင်လာရလေသည်။

တစ်ကယ်တော့ ဘာမှန်းမသိရသော ကြောက်စရာကောင်းသည့် ထိုတည်ရှိမှုကြီးအတွက် အဲ့ဒါက ရေခဲတောင်၏ ထိပ်စွန်းလေးသာ ရှိသေးလေသည်။

ကျောက်ချပ်ကြီးက ဆက်လက်ဆင်းသက်လာပြီး တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာလေသည်။

အဲ့ဒါက အလွန်တရာရှေးကျသော နန်းတော်ကြီးတစ်ခုဖြစ်ပြီး ထိပ်ပိုင်းက လုံးဝန်း၍ အောက်ခြေက လေးထောင့်စပ်စပ် ရှိလေသည်။ ရှေးကျ၍ အကန့်အသတ်မဲ့သော အော်ရာကို ပိုင်ဆိုင်ထားပြီး သူရောက်လာသည်က အချိန်ကာလကို နောက်ပြန်စီးဆင်းစေ၍ ရှေးဟောင်းခေတ်ကို ပြန်ရောက်သွားသလို ထင်ရလေသည်။

“စက်ဝန်းပုံထိပ်ဖျားနဲ့ စတုရန်းရင်ပြင်.. လူသားဧကရာဇ်ရဲ့ နန်းတော်”

ဦးလေးလျန့်က ပင့်သက်ကိုရှိုက်၍ အံ့အားတသင့် ရေရွတ်လိုက်၏။

တစ်ချိန်တည်းမှာပင် အမျိုးမျိုးသော ထိပ်သီးဂိုဏ်းများမှ အရိုက်အရာဆက်ခံသူများသည် ဤရှေးဟောင်းနန်းတော်ကြီး၏ ဇာစ်မြစ်ကို တစ်ယောက်ပြီးတစ်ယောက် သိရှိသွားကြ၏။

လူသားဧကရာဇ်၏ နန်းတော်..

ထိုစကားလုံးက အထူးသီးသန့်ဖြစ်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ထင်ရပြီး ဆူဇီမို သွေးများက တိတ်တဆိတ် ဆူပွက်လာလေသည်။

ဆူဇီမိုသည် လူသားဧကရာဇ်၏ နန်းတော် ဆိုတာကို သည့်အရင် တစ်ခါမှ မကြားဖူးခဲ့ပေ။

သို့သော်လည်း အခြားလူများ၏ အမူအယာကို ကြည့်ခြင်းအားဖြင့် ဤနန်းတော်၏ ဇာစ်မြစ်က ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ထက် ပို၍ ထူးခြားလေးနက်ကြောင်း သေချာလေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မြေပြင်ပေါ်မှာ ဒူးထောက်ပြီး စိတ်အားထက်သန်ပြင်းပြစွာနှင့် ကောင်းကင်ထက်က ထိုရှေးဟောင်းနန်းတော်ကြီးကို ငေးကြည့်နေကြလေသည်။

လူသားဧကရာဇ်၏ နန်းတော်က ကောင်းကင်ထက်မှာ ငွားငွားစွင့်စွင့် ရပ်တည်နေပြီး အနှိုင်းမဲ့နတ်ဘုရားတစ်ပါးလို မိုးကြိုးပင်လယ်ထဲမှာ မျောလွင့်ကာ နတ်ဘုရားစွမ်းအားနှင့် လောကကြီးကို ငုံ့ကြည့်နေလေသည်။

လူသားဧကရာဇ်၏ နန်းတော်ရောက်ရှိလာပုံက ရင်သပ်ရှုမောဖွယ်နှင့် အလွန်ကြောက်စရာကောင်းလေသည်။

ဦးလေးလျန့်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တီးတိုးရေရွတ်လိုက်၏။

“လူသားဧကရာဇ်ရဲ့ နန်းတော်က ပေါ်လာပြီဆိုတော့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဝရုန်းသုန်းကားဖြစ်စဉ်တွေ မြင့်တက်လာပြီး ရွှေရောင်ခေတ်သစ်တစ်ခုကို ဆောင်ကျဉ်းပေးလာတော့မယ်လို့ ဆိုလိုတာပဲ မဟုတ်လား”

“ကြည့်ရတာတော့ ဒီဘက်ခေတ်မှာ အနှိုင်းမဲ့ဧကရာဇ်တစ်ပါး ပေါ်ထွက်လာတော့မယ်ထင်တယ်”

“ဧကရာဇ်တွေ အများကြီး ပေါ်ထွက်လာပြီးတော့ စည်ပင်ဝပြောတဲ့ခေတ်တစ်ခေတ် အဖြစ်နဲ့ ရှေးဟောင်းခေတ်က ဂုဏ်ကျက်သရေကို ပြန်ယူဆောင်လာပေးတာလဲ ဖြစ်နိုင်တယ်မလား”

“ငါ့ဘဝမှာ အဲ့ဒါကို မြင်တွေ့ခွင့် ရခဲ့ပြီဆိုတော့ ငါအခုနေ သေမယ်ဆိုရင်တောင် သေပျော်ပါပြီကွာ”

. . .

ရှေးဟောင်းတိုက်ပွဲမြေ၏ တောင်ပိုင်းတွင်..

အပေါ်ပိုင်း ဗလာကျင်းထားသော ခေါင်းတုံးဆံတောက်ကေသာနှင့် ကျင့်ကြံသူတစ်ယောက် မတ်တပ်ရပ်နေ၏။ သူ၏ ကြွက်သားတစ်ခုချင်းစီက ကြေးညိုရောင်နှင့် တလက်လက်တောက်ပြောင်နေပြီး ရုန်းကန်ပေါက်ကွဲစွမ်းအား၏ ခံစားချက်ကို ထုတ်ပေးနေ၏။

ဤလူ၏ ပုခုံးပေါ်တွင် အလွန်ကြီးမားသည့် လှံတံကြီးတစ်လက်ကို ထမ်းတင်ထားပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်သော အော်ရာကို ထုတ်ပေးနေလေသည်။ သူက ရှေးဟောင်းနန်းတော်ကြီးကို မော့ကြည့်ကာ အားပါးတရ ရယ်ချလိုက်၏။

“ဟဟဟားဟား.. လူသားဧကရာဇ်နန်းတော်တောင် ရောက်လာပါရော့လား.. ငါ ဖန်းယွဲ့ကတော့ ဒီခေတ်မှာ ဧကရာဇ်ဖြစ်ဖို့ ကံပါလာပြီနဲ့ တူပါတယ်ကွာ”

သူ့ရယ်သံ မဆုံးသေးခင်မှာပင် ဖန်းယွဲ့က ရှေးဟောင်းတိုက်ပွဲမြေ၏ အလယ်ဗဟိုဆီသို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်လှမ်းသွားလေတော့သည်။

မြောက်ဘက်တွင်..

နွယ်ပင်များနှင့် ဖုံးအုပ်ထားသော လိုဏ်ဂူတစ်ခု၏ ဝင်ပေါက်ဝထဲ၌ မကျေမချမ်းနှင့် မျက်လုံးတစ်စုံကို ဝိုးတဝါး မြင်နိုင်လေသည်။

“ဆူဇီမို ကွာ.. မင်းကြောင့်သာ မဟုတ်ရင်.. ငါ ဖေးချွန်ယွီ လူသားဧကရာဇ်နန်းတော်ရဲ့ အမွေအနှစ်ကို ရယူနိုင်ဖို့ အခွင့်အရေးတစ်ခုတော့ ရှိဦးမှာ”

နှစ်ဝက်က ကုန်ဆုံးသွားသော်လည်း ဖေးချွန်ယွီသည် အခုထိ ရှစ်ခုမြောက်မရီးဒါန်ကို မဖွင့်နိုင်သေးပေ။ ထို့ကြောင့် သူ၏ ခွန်အားက လူသားဧကရာဇ်နန်းတော်၏ အမွေအနှစ်အတွက် အခြားသူများနှင့် တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ပေ။

သူသည် သည်နေရမှာ အသက်ရှင်သန်ဖို့အတွက်သာ ဆက်လက်ပုန်းနေရတော့မည်။

အနောက်ဘက်..

ကန္တရတစ်ခု၏ အလယ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသော ဘုန်းကြီးတစ်ပါးသည် ရုတ်တရတ် မတ်တပ်ထရပ်လိုက်၏။ ကောင်းကင်ထက်က ရှေးဟောင်းနန်းတော်ကြီးကို ငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။

“လူသားဧကရာဇ်နန်းတော်က ငါ့ကို လာပြီး သွေးဆောင်နေတာပဲ”

အရှေ့ဘက်တွင်..

လေထဲမှာ ခရမ်းရောင်တိမ်စိုင်တစ်ခုက လွင့်မျောလာပြီးနောက် လူတစ်ယောက်ပုံစံအဖြစ် ပြောင်းလဲသွားကာ ဖြည်းဖြည်းချင်း ဆင်းသက်လာလေသည်။

ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် တင်းမာခက်ထန်သော အမူအယာရှိပြီး အရယ်အပြုံး လုံးဝမရှိပေ။ သူက ခမ်းနားထည်ဝါသော အမူအယာရှိပြီး အဆုံးမဲ့ခရမ်းရောင်ချီများနှင့် လွှမ်းခြုံထားကာ တစ်မူထူးခြားသော အော်ရာကို ထုတ်ပေးနေလေသည်။

ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ခရမ်းရောင်ဝတ်လူက ရွေ့လျားလိုက်ပြီး နဂိုရှိနေရာမှ ပျောက်ကွယ်သွားလေတော့သည်။

ရှေးဟောင်းတိုက်ပွဲမြေ၏ အလယ်တွင်..

ရေတံခွန်တစ်ခုအရှေ့ ကျောက်ဆောင်တစ်ခုပေါ်၌ ကျင့်ကြံသူတစ်ယောက်က တိတ်တဆိတ် ထိုင်နေလေသည်။ တဝေါဝေါကျနေသော ရေများဖြင့် စိုရွှဲနေသော်လည်း သူက အဲ့ဒါကို အရေးမလုပ်ပေ။

“ဟီးဟီး..”

ကျောက်စိမ်းကဲ့သို့ ကြည်လင်၍ သေးသွယ်သောလက်ချောင်းများနှင့် သူ၏ ဓါးရိုးကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်၏။

ဇီ..

ဓါးအလင်းတစ်ခုက ဖျတ်ကနဲ လက်သွား၏။

ဓါးရှည်က ဘယ်တုန်းကမှ မထုတ်ခဲ့သကဲ့သို့ ဓါးအိမ်ထဲသို့ ပြန်ရောက်နေလေပြီ။

စီးကျနေသော ရေတံခွန်က ရုတ်တရတ် ရပ်တန့်သွားသလို အလယ်မှာ ရေမရှိသော အကြားအလပ်က ခဏမျှ ဖြစ်ပေါ်သွား၏။ တစ်ယောက်ယောက်က အဲ့ဒါကို ပိုင်းဖြတ်လိုက်သလိုပင်။

“လူသားဧကရာဇ်နန်းတော်ရဲ့ အမွေအနှစ်က ဘယ်သူ့အတွက်မှ မဟုတ်ဘူး.. ငါ့အတွက်ပဲ ဖြစ်ရမယ်”

အရပ်မြင့်မြင့်နှင့် ကျင့်ကြံသူက ထရပ်၍ သူ့ခါးမှဓါးကိုထုတ်စီးလိုက်ပြီး တိုးတိုးပြောလိုက်၏။

“ဂိုဏ်းပေါင်းစုံက အရိုက်အရာ ဆက်ခံသူတွေရဲ့ နည်းလမ်းတွေကို ငါ့ရဲ့ရင်သပ်ရှုမောဓါးနဲ့ စမ်းသပ်ဖို့အတွက် တစ်ကယ့်ကြုံတောင့်ကြုံခဲ အခွင့်အရေးပဲ”

တစ်ချိန်တည်းမှာပင်..

အမျိုးမျိုး‌သော ဂိုဏ်းကြီးများမှ အရိုက်အရာ ဆက်ခံသူများက တစ်ယောက်ပြီးတစ်ယောက် ထလာကြပြီး ရှေးဟောင်းတိုက်ပွဲမြေ၏ အလယ်ဗဟိုဆီသို့ ဦးတည်သွားကြလေသည်။

All Chapters