ကမ္ဘာဦးခေတ်က လျှို့ဝှက်ချက်
Vol. 29 Ch. 430
ရွှမ်ထျန်းမြို့..
ဆူဇီမိုက ထန်ယုဘေးနားကို ရောက်လာပြီး မေးလိုက်၏။
“လူသားဧကရာဇ်နန်းတော်ရဲ့ နောက်ခံဇစ်မြစ်က ဘာလဲဟင်”
ထန်ယုက ဦးလေးလျန့်ကို လှမ်းကြည့်ပြီး ပြောလေသည်။
“အဲ့ဒါက ဦးလေးလျန့်ကို ရှင်းပြခိုင်းတာ ပိုကောင်းလိမ့်မယ်ထင်တယ်.. အဲ့ဒီရှေးခေတ်က လျှို့ဝှက်ချက်တွေကို သူက ကျမထက် ပိုသိတယ်”
“ငါဘဝက နေဝင်ခါနီးကို ရောက်လာတာ ဆိုးတာပဲကွာ.. ဂုဏ်ကျက်သရေထွန်းတောက်လာတော့မယ်ခေတ်ကို ငါမမြင်နိုင်တော့ဘူး.. အား”
ဦးလေးလျန့်၏ မျက်လုံးများက မချင့်မရဲဖြစ်မှုကို ဖော်ပြနေပြီး တမ်းတဆွေးမြည့်ဟန်နှင့် ညင်သာစွာ သက်ပြင်းချက်လိုက်၏။
ခဏမျှ ရပ်တန့်ပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“လူသားဧကရာဇ်ရဲ့နန်းတော်အကြောင်းကို ရှင်းပြရမယ်ဆိုရင် လူသားဧကရာဇ်အကြောင်းကို အရင်စပြောရမှာပဲ”
ထိုစကားလုံးများကို ပြောလိုက်ချိန်တွင် ထိုစကားလုံးများက နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားသလို ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံးကို တုန်ခါသွားစေသည်ဟု ထင်လိုက်ရလေသည်။
ဆူဇီမိုသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
သူ၏ ဘွဲ့ဂုဏ်ပုဒ်ကို နားထောင်ရုံနှင့်ပင် ထိုပုဂ္ဂိုလ်က ဧကရာဇ်တစ်ပါးဖြစ်ကြောင်း ကောက်ချက်ချနိုင်လေသည်။
သို့သော်လည်း ထန်ယုသည် ဆေဘာဧကရာဇ်နှင့် ဓါးဧကရာဇ်တို့အကြောင်း ပြောခဲ့စဉ်က သူမ၏ အမူအယာက ယခုလောက် လေးနက်ပြောင်းလဲမှု မရှိခဲ့ပေ။ အဲ့ဒါက အသွေးထဲ၊ အသားထဲ၊ အရိုးထဲကနေလာသော လေးစားကြည်ညိုမှု ဖြစ်လေသည်။
အဲ့ဒါက ဂုဏ်ထူးဘွဲ့တစ်ခုမျှသာ မဟုတ်.. ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော ထာဝရစွမ်းအင်တစ်ခု ဖြစ်လေသည်။
ဆူဇီမို စိတ်ထွေပြားသွားတာကို သဘောပေါက်လိုက်သည့်အလား ဦးလေးလျန့်က ရှင်းပြလိုက်၏။
“သမိုင်းတစ်လျှောက် ခေတ်တစ်ခေတ်စီတိုင်းမှာ ဧကရာဇ်တစ်ပါးကတော့ အမြဲတမ်းရှိတယ်.. ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကို အမွေအနှစ်အဖြစ် ချန်ထားရစ်ခဲ့တဲ့ ဆေဘာဧကရာဇ်ဆိုတာ အဲ့ဒီခေတ်က ဆေဘာဧကရာဇ်တစ်ပါးသာပဲ.. သူ့အရင်ခေတ်တွေမှာ ဆေဘာဧကရာဇ်တွေ ပေါ်ထွက်ခဲ့ဖူးသလို နောက်ပိုင်းခေတ်မှာလည်း သူ့နေရာကို ဆက်ခံမယ်သူ ဆေဘာဧကရာဇ်တစ်ပါး ပေါ်လာနိုင်တာပဲ”
“ပြောရမယ်ဆိုရင်ကွာ ဆေဘာဧကရာဇ်ပဲဖြစ်ဖြစ်၊ ဓါးဧကရာဇ်ပဲဖြစ်ဖြစ်၊ အင်မော်တယ်ဧကရာဇ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် နတ်ဆိုးဧကရာဇ်ပဲဖြစ်ဖြစ် သူတို့က သူတို့ခေတ်မှာတော့ သက်ဆိုင်ရာတာအိုရဲ့ တစ်ပါးတည်းသော ဧကရာဇ်တွေပဲ.. ဒါပေမယ့်လို့ ခေတ်တစ်ခုက ပြောင်းသွားတာနဲ့ ဒါမှမဟုတ် သူတို့မရှိတော့တာနဲ့ သူတို့လိုမျိုး ဧကရာဇ်တွေက ဆက်ပြီး ပေါ်လာဦးမှာပဲ”
ထိုနေရာအရောက်၌ ဦးလေးလျန့်က ခဏမျှ ရပ်တန့်လိုက်ပြီးမှ တည်ကြည်လေးနက်စွာ ဆက်ပြောလိုက်၏။
“ဒါပေမယ့်လို့.. သမိုင်းတစ်လျှောက်လုံးမှာ လူသားဧကရာဇ်ကတော့ တစ်ပါးတည်းပဲ ရှိတယ်.. အခြားဧကရာဇ်တွေအတွက်တော့ ဧကရာဇ်ဆိုတာ ဘွဲ့ထူးဂုဏ်ထူးတွေသာသာပဲ.. ဒါပေမယ့် လူသားဧကရာဇ်ဆိုတာကတော့ ဒီကမ္ဘာရဲ့ သမိုင်းတစ်လျှောက်လုံးမှာ တစ်ဦးတည်း၊ တစ်ယောက်တည်း၊ တစ်ပါးတည်းသော လူသားဧကရာဇ်ပဲ”
ဆူဇီမိုသည် တုန်လှုပ်သွားလေသည်။
ထိုနေရာအရောက်၌ ‘လူသား ဧကရာဇ်’ဆိုသော စကားစုနှစ်ခု၏ ထူးခြားလေးနက်ပုံ၊ အရာရောက်ပုံကို သူတဖြည်းဖြည်း နားလည်လာလေသည်။
အင်မော်တယ်၊ ဗုဒ္ဓဝါဒီနှင့် မိစ္ဆာဧကရာဇ်များတောင်မှ လူသားဧကရာဇ်ဆိုသောဘွဲ့ကို မခံယူနိုင်ကြပေ။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတို့သည် လိုက်စားကြသော တာအိုသာကွဲပြီး အကုန်လုံးက လူသားမျိုးနွယ်များသာ ဖြစ်ကြလေသည်။ သို့သော်လည်း လူသားဧကရာဇ်သည် လူသားအားလုံး၏ ဧကရာဇ်ဖြစ်ပြီး အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာလမ်းစဉ်တို့၏ အထက်မှာ ဖြစ်လေသည်။
ထိုဂုဏ်ပုဒ်ကို ရရှိဖို့အတွက် လူတစ်ယောက်က ဘယ်လောက်ထိ အတုမရှိ ပါရမီထက်သန် ကြိုးစားအားထုတ်ဖို့ လိုပါမည်နည်း..
ဦးလေးလျန့်က စားမြုံ့ပြန်၍ ဖြည်းဖြည်းချင်း ပြန်ပြောပြလိုက်၏။
“သမိုင်းတစ်လျှောက်မှာ လူသားဧကရာဇ်က အသန်မားဆုံးနဲ့ စွမ်းအားအကြီးဆုံး ဧကရာဇ်ပဲ သူနဲ့ ယှဉ်နိုင်တဲ့သူ ဘယ်သူ့မှ မရှိဘူး.. လူသားဧကရာဇ်ရဲ့ ရှေ့မှောက်မှာဆို ကျန်တဲ့ဧကရာဇ်တွေအကုန်လုံးက လက်အောက်ခံပဲ”
“လူသားဧကရာဇ်က သူ့ဘဝတစ်လျှောက်လုံးမှာ ဆုံးနိမ့်မှုကို တစ်ခါမှ မခံစားခဲ့ရဖူးဘူး.. သူက သမိုင်းထဲမှာ ရှိခဲ့ဖူးတဲ့ စံချိန်တွေကို အကုန်ချိုးပြီးတော့ အထွတ်အထိပ်ကို တက်လှမ်းနိုင်ခဲ့တယ်.. အခုချိန်ထိကို သူ့ရဲ့ ဂုဏ်ကျက်သရေကို တုပစိန်ခေါ်ရဲတဲ့သူ တစ်ယောက်မှ ထွက်ပေါ်မလာခဲ့တော့ဘူး”
ဆူဇီမိုသည် စိတ်ခံစားချက်များ မြင့်တက်လာပြီး ထိန်းချုပ်နေရလေသည်။
ဆုံးနိမ့်မှုမရှိတဲ့ဘဝ.. အဲ့ဒါကမှ တစ်ကယ့်ဧကရာဇ်ပင်။
သမိုင်းအဆက်ဆက်ကို တစ်ယောက်တည်းနဲ့ သိမ်းပိုက်အနိုင်ယူခဲ့သူ..
သူကလွဲလျှင်.. သူ့ရှေ့မှာရော သူ့နောက်မှာရော.. သူတို့ကိုယ်သူတို့ လူသားဧကရာဇ်ဟု ကြေညာရဲ့သည့်သူ တစ်ယောက်မှ မရှိခဲ့၊ ရှိမလာတော့ပေ။
လေများကို ညင်သာစွာ မှုတ်ထုတ်လိုက်ပြီး ဦးလေးလျန့်က ဆက်ပြော၏။
“တစ်ကယ်တော့ လူသားဧကရာဇ်က အဲ့ဂုဏ်ပုဒ်ကို ရရှိခဲ့တာက သူ့ရဲ့တိုက်ခိုက်ရည်တစ်ခုထဲကြောင့် မဟုတ်ဘူးကွ.. အဲ့ဒါက သူ့ရဲ့ တုနှိုင်းမဲ့ အောင်မြင်မှုတွေကြောင့်ပဲ.. အပိုပြောတာတော့ မဟုတ်ဘူး၊ အခုချိန်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ တစ်ဝက်ကျော်ထိကို လူသားတွေ စိုးမိုးသိမ်းပိုက်ထားနိုင်တာဟာ လူသားဧကရာဇ်ရဲ့ ကျေးဇူးတွေကြောင့်ပဲ”
“ငါတို့လူသားတွေက ထိလွယ်ရှလွယ် အားနည်းတဲ့ ခန္ဓာကိုယ်တွေနဲ့ မွေးဖွားလာခဲ့ကြပေမယ့်လို့ ဒီနေ့အချိန်မှာ ဂုဏ်သိက္ခာရှိရှိ ကျက်သရေထွန်းတောက်စွာနဲ့ ဘာလို့နေနိုင်ကြတာလဲ မင်းတို့သိလား”
ရုတ်တရက် ဦးလေးလျန့်က ခဏရပ်ပြီး ခေါင်းစဉ်ပြောင်း၍ မေးလိုက်၏။
“မသိဘူးလေ”
ဆူဇီမိုက ခေါင်းခါလိုက်၏။
တစ်ကယ်တော့ သူသည်လည်း ဤမေးခွန်းကို အရင်က စဉ်းစားခဲ့ဖူး၏။
လူသားများသည် ဖွဲ့စည်းတည်ဆောက်ပုံသဏ္ဌာန်မှာ အားနည်းစွာ မွေးဖွားလာခဲ့ပြီး ဘဝသက်တမ်းလည်း တိုတောင်းသလို လက်သည်းတွေ၊ အစွယ်တွေလည်း မရှိကြပေ။ အရွယ်ရောက်ပြီးသားလူတစ်ယောက်တောင်မှ ကြမ်းကြုတ်ရိုင်းစိုင်းသော ကျားတစ်ကောင်နှင့် ယှဉ်မသတ်နိုင်ပေ။
ဒဏ္ဍာရီလာ နဂါးမျိုးနွယ်တို့ ဘာတို့ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
ဆူဇီမိုသည် သိချင်စိတ်ပြင်းပြလာ၏။
သူ့ကို ပြောပြလာတော့မည့် ရှေးခေတ်က လျှို့ဝှက်ချက်အကြောင်းက အရမ်းတုန်လှုပ်စရာကောင်းလိမ့်ဆိုတာကို ဝိုးတဝါး သူခံစားမိနေ၏။
ဦးလေးလျန့်က ပြောလေသည်။
“ပြောကြတာတော့ ကမ္ဘာဦးခေတ်တုန်းက မတူညီတဲ့ မျိုးနွယ်စုပေါင်း တစ်ထောင်ကျော်ရှိခဲ့တယ်တဲ့.. သူတို့အထဲမှာမှ အကြမ်းတမ်းဆုံး မျိုးနွယ်ကိုးစုက လောကကို အုပ်စိုးခဲ့ကြပြီးတော့ နောက်ပိုင်းမျိုးဆက်တွေက သူတို့ကို ကမ္ဘာဦးမျိုးနွယ်ကိုးစုလို့ ခေါ်ခဲ့ကြတယ်”
ရုတ်တရက် ဆူဇီမိုသည် တစ်ခုခုကို ပြန်လည်စဉ်းစားမိသွားပြီး ရင်ထိတ်သွားလေသည်။
မဟာကျိုးအင်ပါယာမှာတုန်းက ကမ္ဘာဦးအပျက်အစီးနယ်မြေထဲတွင် သူနှင့် လင်းရွှမ်ကျီသည် လိုဏ်ဂူထဲမှာ ပုန်းနေကြတုန်း သွေးကျီးကန်းနန်းတော်သခင်က နတ်နဂါးကြီးအား တောင်းပန်တိုးလျှိုးနေသည့်အသံကို သူကြားခဲ့ရလေသည်။ ‘ကျုပ်တို့နှစ်ယောက်စလုံးက မျိုးနွယ်ကိုးစုကပဲ..’
နဂါးမျိုးနွယ်စုက ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲက တစ်ခုဆိုလျှင် သွေးကျီးကန်းနန်းတော်သခင်မှာလည်း တူညီသောနောက်ခံ ရှိပေလိမ့်မည်။
ထို့ကြောင့်ပင် မဟာကျိုးဧကရာဇ်ကိုယ်တိုင်က သူ့ကို ကြောက်ရခြင်း ဖြစ်ပေမည်။
ဦးလေးလျန့်က ဆက်ပြောလိုက်၏။
“ကမ္ဘာဦးခေတ်တုန်းက လူသားတွေက အရမ်းအားနည်းပြီးတော့ ဘာဂုဏ်ကျက်သရေမှ မဖတ်မဆယ်နိုင်ဘဲနဲ့ အခြားမျိုးနွယ်စုတစ်ထောင်ကျော်ရဲ့ ကျွန်ပြုတာကို ခံခဲ့ရတယ်.. အကုန်လုံးရဲ့ အနိုင်ကျင့် အနှိပ်စက်ခံတွေ ဖြစ်ခဲ့ကြပြီးတော့ သေတာထက်တောင် ဆိုးတဲ့ဘဝမျိုးတွေပဲ.. အဲ့ဒါက ပြန်တောင်တွေးမကြည့်ဝံ့တဲ့ လူသားမျိုးနွယ်စုရဲ့ အရမ်းဝမ်းနည်းဖို့ကောင်းခဲ့တဲ့ခေတ်တစ်ခေတ်ပဲ”
ဦးလေးလျန့်၏ လေသံထဲတွင် ဝမ်းနည်းပူဆွေးသည့် အရိပ်အယောင်များက ရောစွက်နေလေသည်။
ဆူဇီမို၏ စိတ်အာရုံထဲတွင် ပုံရိပ်များက ပေါ်လာလေသည်။
မျိုးနွယ်စုတစ်ထောင်ကျော်၏ ထင်တိုင်းကြဲမှုအောက်တွင် မရေမတွက်နိုင်သော လူသားတို့၏ အသက်၊ ဘဝများက စုတ်ပြတ်သတ်ခဲ့ရလေသည်။ အခြားမျိုးနွယ်စုများ၏ မထင်ရင်မထင်သလို သတ်ဖြတ်မှုတွင် နေရာတိုင်း၌ လူသားအလောင်းများက ပြန့်ကျဲနေပေလိမ့်မည်။
“လူသားတွေက မျိုးနွယ်စုတစ်ထောင်ကျော်ရဲ့ ကျွန်ပြုနှိပ်စက်ညှင်းပန်းတာကို ခံခဲ့ရပြီးတော့ သူတို့အတွက် ခံတွင်းတွေ့စရာ အစာလဲ ဖြစ်ခဲ့ရတယ်.. မကြာ မကြာဆိုသလို သူတို့က ခဏတာ သာယာမှုအတွက် ငါတို့ရဲ့ အသွေးအသားတွေကို သောက်သုံးဝါးမျိုးခဲ့ကြတယ်။ အဲ့လိုအခြေအနေဆိုးက အတော်ကြာကြာကြီးထိ ဆက်ဖြစ်နေခဲ့တယ်.. ငါတို့လူသားမျိုးနွယ်တွေမှာ အပြောင်းအလဲ ဖြစ်လာပြီးတော့ ကမ္ဘာဦးခေတ်က အဆုံးမသတ်ခင်အထိပဲ။”
“ဘာကြောင့်ရယ် မသိပေမယ့် မျိုးနွယ်စုတစ်ထောင်ကျော်အကြားမှာ အရမ်းကြီးမားပြန်းထန်တဲ့ စစ်ပွဲကြီးက ပေါ်ပေါက်လာခဲ့ပြီးတော့ ကမ္ဘာတစ်ခုလုံးက အလောင်းတွေ၊ သွေးတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။ အဲ့ဒါက တစ်ကယ့်ကို ကပ်ဘေးသင့်စစ်ပွဲကြီးဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တယ်တဲ့.. လေထုက ငိုကြွေးသံတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ သွေးတွေနဲ့ ပြည့်နှက်ခဲ့ပြီး မျိုးနွယ်စုပေါင်း မရေမတွက်နိုင်လောက်အောင်ကို မျိုးပြုတ်သုတ်သင်ခံခဲ့ကြရတယ်တဲ့”
“မျိုးနွယ်စုပေါင်း တစ်ထောင်ကျော်ရဲ့ စစ်ပွဲကြီးက ပြီးဆုံးသွားတဲ့အခါမှာတော့ မျိုးနွယ်စုပေါင်း တစ်ရာကျော်ပဲ မျိုးမတုန်းဘဲ ကျန်ခဲ့ပြီးတော့ ကမ္ဘာဦးခေတ်က အဆုံးသတ်သွားတော့တာပဲ”
ကျင့်ကြံသူတိုင်းသည် ဦးလေးလျန့်ပြောပြသော ကမ္ဘာဦးခေတ်လျှို့ဝှက်ချက်မှာ နစ်မျောနေကြလေသည်။
မည်သူမှ သတိမထားမိကြသည်မှာ ထိုအချိန် ရှောင်းနင်ဘေးမှာ အစက အိပ်နေသော ညဝိညာဉ်၏ မျက်လုံးများက ပွင့်လာခဲ့လေသည်။
ရံဖန်ရံခါဆိုသလို သူ၏ မဟူရာမျက်လုံးများထဲတွင် အေးစက်စက် သတ်ဖြတ်လိုစိတ်က ပေါ်လာတတ်လေသည်။ တိတိပပပြောရလျှင် သူသည် တစ်စုံတစ်စုံရာကို ခက်ခက်ခဲခဲ ပြန်စဉ်းစားပုံဖော်နေရသည့်အလား စိတ်ရှုပ်ထွေးဇဝေဇဝါဖြစ်မှုလည်း ရှိနေလေသည်။
“ကမ္ဘာဦးခေတ်ပြီးတဲ့နောက် ရှေးဟောင်းခေတ်ကို ရောက်လာတာပဲ”
ဦးလေးလျန့်က စိတ်သက်သာရာ ရသွားသလို သက်ပြင်းချပြီး ဆက်ပြောလေသည်။
“စစ်ပွဲဒဏ်ကြောင့် မျိုးနွယ်စုပေါင်းတစ်ထောင်ကျော်က သူတို့မျိုးနွယ်စုကိုယ်သူတို့ အနိုင်နိုင် ခုခံကာကွယ်နေရတဲ့အချိန်မှာ လူသားမျိုးနွယ်က စစ်ပွဲထဲမှာ ဝင်မပါတဲ့အတွက် အခွင့်အရေးအသုံးချပြီး မြင့်တက်လာခဲ့ကြတယ်”
“အားနည်းစွာနဲ့ မွေးဖွားလာတဲ့ လူသားတွေက မိုးကောင်းကင်နဲ့ ကမ္ဘာမြေရဲ့ နိယာမ စည်းမျဉ်းစည်းကမ်းတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ဖို့အတွက် လျှိုဝှက်ပညာရပ်တွေများစွာကို ဖန်တီးလာခဲ့ကြတယ်.. ငါတို့မှာ လက်သည်းတွေ၊ အစွယ်တွေမရှိတဲ့အတွက် လက်နက်တွေ၊ အဆောင်တွေကို ဖန်တီးခဲ့ကြတယ်.. လက်သည်းနဲ့ အစွယ်တွေနေရာမှ အစားထိုးဖို့အတွက် ငါတို့က ဓါးတွေ၊ လှံတွေကို အသုံးပြုခဲ့ကြတယ်”
“လူသားတွေက လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာခဲ့ပြီးတော့ ဧကရာဇ်တွေကလည်း များစွာ ပေါ်ထွက်လာခဲ့ကြတယ်.. ငါတို့ရဲ့ ကျွန်ပြုခံထားရတဲ့ ကံကြမ္မာကနေ လွတ်မြောက်ဖို့အတွက် ဧကရာဇ်တွေရဲ့ ဦးဆောင်မှုအောက်ကနေ ငါတို့က စတင်တော်လှန်ခဲ့ကြတယ်.. ငါတို့ရဲ့ အနာဂတ်အတွက် ငါတို့က ကမ္ဘာဦးခေတ်လက်ကျန်မျိုးနွယ်စုတစ်ရာနဲ့ တိုက်ခိုက်ခဲ့ကြရတယ်.. နောက်ဆုံးမှာတော့ လူသားတွေစိုးမိုးတဲ့ ဂုဏ်ကျက်သရေထွန်းတောက်တဲ့ခေတ်ကို ရောက်ရှိလာခဲ့ကြတာပဲ”
ထိုနေရာအရောက်တွင် ကျင့်ကြံသူများသည် ရှေးဟောင်းခေတ်သို့ ပြန်ရောက်သွားပြီး လူသားမျိုးနွယ်စု၏ မြင့်မားတိုးတက်လာပုံကို ကိုယ်တိုင်မြင်တွေ့နေရသည့်အလား.. မျက်ရည်များက စီးကျလာကြလေသည်။
ဆူဇီမိုသည် လက်သီးကို တင်းကျပ်နေအောင် ဆုပ်ထားပြီး သူ့လက်များက အနည်းငယ် တုန်ရီနေလေသည်။
ဦးလေးလျန့်က သက်ပြင်းချပြီး ပြောလိုက်၏။
“လူသားမျိုးနွယ်နဲ့ မျိုးနွယ်စုတစ်ရာအကြားက သမိုင်းဝင်စစ်ပွဲကြီးက နှစ်ပေါင်းများစွာ ကြာခဲ့ပြီးတော့ မရေမတွက်နိုင်လောက်တဲ့ ပညာရှင်တွေ၊ စွမ်းအားကြီးပုဂ္ဂိုလ်ကြီးတွေဟာ ရှေးဟောင်းခေတ်မှာ ကျဆုံးခဲ့ကြရတယ်။ ဧကရာဇ်တွေတောင် သွေးမြေကျ ကျဆုံးခဲ့တာတွေ ရှိခဲ့ပြီးတော့ စစ်ပွဲက အရမ်းကြောက်စရာ ကောင်းခဲ့တယ်”
“အဲ့ဒါကတော့ မင်းတို့အားလုံး ကြားဖူးခဲ့ကြတဲ့ ရှေးဟောင်းခေတ်စစ်ပွဲကြီးပေါ့”
ဆူဇီမိုသည် ခေါင်းညိတ်လိုက်၏။
ထန်ယုသည် ဆေဘာဧကရာဇ်အကြောင်း ပြန်ပြောပြခဲ့စဉ်က ရှေးဟောင်းခေတ်စစ်ပွဲအကြောင်း ပါခဲ့လေသည်။
အခုမှသာလျှင် ဆူဇီမိုသည် နောက်ဆုံး နားလည်သွားလေတော့သည်။
ရှေးဟောင်းခေတ်စစ်ပွဲဆိုသည်မှာ လူသားများ သူတို့၏ ကံကြမ္မာမှ လွတ်မြောက်ဖို့အတွက် ရုန်းကန်ထွက်ရသော စစ်ပွဲဖြစ်လေသည်။
လူသားမျိုးနွယ်စု၏ ဘဝကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် စစ်ပွဲတစ်ခုလည်း ဖြစ်ခဲ့လေသည်။
ထိုစစ်ပွဲသည် လူသားများအတွက် ရှုံးလို့မရသောစစ်ပွဲလည်း ဖြစ်လေသည်။
သူတို့ ရှုံးခဲ့လျှင် လူသားများသည် ကမ္ဘာဦးခေတ်ကထက် ပိုမိုဆိုးရွားသည့် ကံကြမ္မာနှင့် ကြုံတွေ့ကြရမည်ဖြစ်ပြီး သူတိုသည် နောက်တစ်ဖန် မြင့်မားတိုးတက်လာဖို့ အခွင့်အရေးကို နောက်ဘယ်တော့မှ ရရှိတော့မည် မဟုတ်ပေ။