ထာ၀ရ လူသားဧကရာဇ်
Vol. 29 Ch. 431
ဦးလေးကးလျန့်က ပြောလေသည်။
“ရှေးဟောင်းခေတ်စစ်ပွဲက အရမ်းကို ကြာမြင့်ခဲ့တယ်၊ ဘယ်လောက်တောင်လဲဆို ရှေးဟောင်းခေတ် တစ်ခေတ်လုံးနီးပါးပဲ။ အဲ့တုန်းက သာမန်ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လူသားကျင့်ကြံသူတွေ မရေမတွက်နိုင်လောက်အောင်ကို သူတို့အသက်နဲ့ ပေးဆပ်ပြီးတော့ စွန့်စားခဲ့ကြတယ်။ လူသားမျိုးနွယ်စုရဲ့ ကျက်ကရေထွန်းတောက်ခဲ့တဲ့ ခေတ်မှာပဲ ၀မ်းနည်းဆွေးမြည့်ဖွယ်ကောင်းတဲ့ သီချင်းတွေကိုလဲ ဖန်တီးခဲ့ကြရတယ်”
“ကမ္ဘာဦးမျိုးနွယ်ကိုးစုက အရမ်းကို သန်မာပြီးတော့ မျိုးနွယ်စုပေါင်း တစ်ထောင်ကျော် ရှိခဲ့တဲ့ ကမ္ဘာဦးခေတ်ကထဲက သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အုပ်စိုးခဲ့ကြတာလေ။ အဲ့ဒီ ကမ္ဘာဦ်းမျိုးနွယ်ကိုးစုရဲ့ ဦးဆောင်မှုနဲ့ မျိုးနွယ်စုတစ်ရာက အတူပူးပေါင်းပြီး လူသားတွေကို ပြန်တိုက်ထုတ်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ လူသားတွေ ပိုင်တဲ့ နယ်မြေက ကျဉ်းကျဉ်းလာပြီးတော့ ကမ္ဘာဦးမျိုးနွယ်ကိုးစုဦးဆောင်တဲ့အဖွဲ့ရဲ့ လက်အောက်ကို အချိန်မရွေး ကျရောက်တော့မယ့် အနေအထားပဲ”
“လူသားမျိုးနွယ်က မျိုးတုန်းပျောက်ကွယ်တော့မယ့်ဆဲဆဲ ဖြစ်လာခဲ့တယ်”
ရှေးဟောင်းခေတ်တိုက်ပွဲမှာ လူသားတွေက အနိုင်ရရှိခဲ့တာကို အားလုံးသိထားကြသော်လည်း ထိုနေရာအရောက်တွင် လူတိုင်းသည် အကြောအခြင်များ တောင့်တင်း၍ စိုးထိတ်လာကြလေသည်။
ဦးလေးလျန့်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆက်ပြောလိုက်၏။
“အဲ့လိုမျိုး အုတ်အော်သောင်းနင်း ဖြစ်နေတဲ့အချိန်မှာပဲ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း အပြည့်နဲ့ လူသားဧကရာဇ်က ပေါ်လာပြီးတော့ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်။ သူတစ်ယောက်ထဲလိုလိုနဲ့ပဲ မျိုးနွယ်စုတစ်ရာက ဧကရာဇ်ပေါင်းများစွာကို သတ်ဖြတ်ပြီးတော့ သူတို့နဲ့ ကမ္ဘာဦးမျိုးနွယ်ကိုးစုကြားက ချိတ်ဆက်ပေါင်းစည်းမှုကို ဖြတ်တောက်ပြီး နယ်မြေဒေသကြီး လေးခုနဲ့ သမုဒ္ဒရာသုံးစင်းကို သိမ်းပိုက်စိုးမိုးခဲ့တယ်။ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို နှိမ်နင်းအောင်နိုင်တော်မူခဲ့ပြီး သူသွားတဲ့နေရာတိုင်းမှာ အကုန်လုံးက သူ့ကို ဦးညွှတ်ခဲ့ကြရတယ်!”
“နဂါးမျိုးနွယ်စုက နဂါးဧကရာဇ်ပဲဖြစ်ဖြစ်၊ ကောင်းကင်မျိုးနွယ်စုက ကောင်းကင်ဧကရာဇ်ပဲဖြစ်ဖြစ် လူသားဧကရာဇ်နဲ့ ဆန့်ကျင်ရင်ဆိုင်မိပြီဆိုရင်တော့ အကုန် အသေပဲ! နောက်ပိုင်းမှာ ပြောကြတာက လူသားဧကရာဇ်က မျိုးနွယ်စုတစ်ရာကို နှိမ်နင်းဆုံးမဖို့အတွက် ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့သူတဲ့!”
ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသားနှင့် တုန်လှုပ်အံ့ဩနေကြပြီး အချိန်အတန်ကြာသည့်အထိ သူတို့နုလုံးက မငြိမ်သက်နိုင်ကြသေးပေ။
“ရှေးဟောင်းခေတ်စစ်ပွဲကြီးရဲ့ ရလဒ်ကတော့ မျိုးနွယ်စုတစ်ရာက လုံး၀အထိနာရှုံးနိမ့်သွားပြီး မျိုးတုန်းပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရတယ်။ ကမ္ဘာဦးမျိုးနွယ်ကိုးစုတောင်မှ အပြင်းအထန် ဒဏ်ရာ ရကုန်ကြပြီးတော့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ ထောင့်တစ်နေရာမှာ မျက်နှာမဖော်ဝံ့တော့ဘဲ အပယ်ခံဘ၀နဲ့ သွားပုန်းနေခဲ့ရတယ်။ သူတို့နေတဲ့ နေရာကိုးခုကို အခုအခါမှာတော့ တားမြစ်နယ်မြေကိုးခုလို့ ခေါ်ကြတယ်။”
ထိုသည်ကိုကြားပြီး ဆူဇီမိုသည် တသိမ့်သိမ့် တုန်လှုပ်သွား၏။
တားမြစ်နယ်မြေကိုးခုထဲကို ၀င်ရောက်မိတဲ့ မည်သည့်သက်ရှိမဆို သေကြရလိမ့်မည်ဟု နတ်ဆိုးမကျိပြောတာကို သည့်အရင်က သူကြားဖူးခဲ့လေသည်။
အခုအခါမှသာ ဆူဇီမို၏ ရင်ထဲက သံသယများက ရှင်းသွားလေသည်။
တားမြစ်နယ်မြေကိုးခု၏ ဇာစ်မြစ်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို တစ်ခါက အုပ်စိုးခဲ့ဖူးသော ကမ္ဘာဦးမျိုးနွယ်စု ကိုးစုမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။
ဦးလေးလျန့်ပြောချင်သည်မှာ ရှေးဟောင်းခေတ်တုန်းက လူသားဧကရာဇ်ကသာ ပေါ်ထွက်မလာခဲ့ဘူးဆိုလျှင် လူသားများက ကမ္ဘာဦးမျိုးနွယ်ကိုးစုကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
လူသားဧကရာဇ်က မရှိတော့ပြီ ဖြစ်သော်လည်း ကမ္ဘာဦးမျိုးနွယ်ကိုးစုကတော့ ရှင်သန်နေသေးလေသည်။
ရုတ်တရက် ဆူဇီမို၏ ခေါင်းထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာလေသည်။
သည်ခေတ်မှာ ကမ္ဘာဦးမျိုးနွယ်ကိုးစုကသာ တားမြစ်နယ်မြေကိုးခုကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြမည်ဆိုလျှင် လူသားဧကရာဇ်က မရှိတော့သည့်အတွက် လူသားမျိုးနွယ်စုကို ဘယ်သူကများ ကာကွယ်ပေးနိုင်ပါမည်နည်း။
အဲ့ဒါက မေ့ထားလို့မရသော စိုးရိမ်စရာကောင်းသည့်အချက် ဖြစ်လေသည်။
ဆူဇီမို ထိုသို့ တွေးမိသည်မှာ သွေးကျီးကန်းနန်းတော်သခင်၏ ပေါ်ထွက်လာမှုကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်လေသည်။
ဆူဇီမိုက ခေါင်းခါ၍ သူ၏ အတွေးရိုင်းများကို ဖယ်ထုတ်လိုက်လေသည်။
ဦးလေးလျန့် ဆက်ပြောတာကို သူကြားလိုက်ရ၏။
“အဲ့အချိန်ကစပြီး လူသားမျိုးနွယ်က အောင်မြင်ထွန်းပေါက်လာပြီးတော့ ရှေးဟောင်းခေတ်ကလဲ အဆုံးသတ်သွားပြီး ငါတို့မျက်မှောက်ခေတ်ကို ရောက်လာခဲ့တာပဲ.. အခုချိန်မှာဆို လူသားဧကရာဇ်ရဲ့ နာမည်ကို သိတဲ့သူတောင် သိပ်မရှိတော့ဘူး.. ဒါပေမယ့်လို့ သမိုင်းတစ်လျှောက် စိုးမိုးခဲ့ပြီး နယ်မြေဒေသအကုန်လုံးကို နှိမ်နင်းအောင်နိုင်ခဲ့တဲ့အတွက် နောက်ပိုင်းမျိုးဆက်တွေက သူ့ကို ထာဝရလူသားဧကရာဇ်လို့ ခေါ်ဆိုသမုတ်ခဲ့ကြတယ်”
“နောက်ပြီး လူသားဧကရာဇ်ရဲ့ ပေါ်ပေါက်လာမှုကြောင့် မျိုးနွယ်စုတစ်ရာက ဖျက်ဆီးခံရ၊ ကမ္ဘာဦးမျိုးနွယ်ကိုးစုကလည်း လူမသိသူမသိ ဘဝနဲ့ နေခဲ့ကြရပြီး ခေတ်တစ်ခေတ်က အဆုံးသတ်သွားခဲ့ရတယ်.. အဲ့ဒါကြောင့်မလို့ ရှေးဟောင်းခေတ်ကို လူသားဧကရာဇ်ခေတ်လို့လဲ ခေါ်ကြသေးတယ်”
ထာဝရ လူသား ဧကရာဇ်..
ဦးလေးလျန့်က ဆက်ပြောလိုက်၏။
“ရှေးဟောင်းခေတ်ကစပြီး အချိန်တွေက ကုန်ဆုံးခဲ့သလို ကမ္ဘာမှာလဲ ပြောင်းလဲမှုတွေ ဖြစ်လာခဲ့တယ်.. မျိုးဆက်တွေက တစ်ဆက်ပြီးတစ်ဆက်နဲ့ ဧကရာဇ်တွေကလဲ တစ်ပါးပြီးတစ်ပါး ပေါ်ထွက်လာခဲ့ကြတယ်.. ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူကမှ သူတို့ကိုယ်သူတို့ လူသားဧကရာဇ်လို့ နာမည်မတပ်ရဲသလို သူတို့ဘွဲ့ရဲ့ရှေ့မှာ ထာဝရဆိုတဲ့ စကားလုံးကိုလည်း တွဲမသုံးရဲခဲ့ကြဘူး”
ထန်ယုက ဝင်ပြောလိုက်၏။
“လူသားဧကရာဇ်နန််းတော်က လူသားဧကရာဇ် အခြေချခဲ့တဲ့ နေရာဖြစ်တာကြောင့် သူ့ရဲ့ အမွေအနှစ်က အဲ့မှာ ရှိတယ်.. လူသားဧကရာဇ် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက ထွက်သွားကထဲက လူသားဧကရာဇ်နန်းတော်က လူမြင်ကွင်းမှာ ခုနှစ်ကြိမ်ပဲ ပေါ်လာဖူးသေးတယ်.. အဲ့ဒါကြောင့် အဲ့ထဲကို ဝင်ရောက်ဖူးတဲ့သူကလဲ ခုနှစ်ယောက်ပဲ ရှိဖူးတယ်.. အဲ့ကနေ ပြန်ထွက်လာတဲ့ ကျင့်ကြံသူအကုန်လုံးက လုံးဝကို ပြောင်းလဲကုန်ကြတာပဲ”
“သူတို့ခုနှစ်ယောက်ထဲမှာ သုံးယောက်က ဧကရာဇ်တွေ ဖြစ်ခဲ့ကြတယ်.. ကျန်တဲ့လေးယောက်ကတော့ သူတို့ရဲ့ သက်ဆိုင်ရာမျိုးဆက်တွေထဲမှာ အသန်မာဆုံး ပြိုင်စံရှားတွေ ဖြစ်ခဲ့တာပေါ့.. နှမြောဖို့ကောင်းတာက သူတို့က လမ်းဆုံးအောင် မလျှောက်နိုင်ခဲ့ဘဲ ကျရှုံးခဲ့ကြရတာပဲ”
ကျင့်ကြံရေးလမ်းကြောင်းက ချော့မွေ့ဖြောင့်ဖြူးမနေပေ။
ထန်ယုက မှတ်ချက်ပေးလိုက်၏။
“အတော်များများ မြင်ကြတာတော့ လူသားဧကရာဇ်နန်းတော်ကို ဝင်ရောက်ခဲ့ဖူးတဲ့ ခုနှစ်ယောက်ထဲမှာ အဲ့ဒီလေးယောက်သာ မသေခဲ့ကြဘူးဆိုရင် သူတို့လဲပဲ သေချာပေါက် ဧကရာဇ်ဖြစ်လာကြမယ့်လူတွေပဲ”
“လူသားဧကရာဇ်နန်းတော်ရဲ့ အထဲမှာ ဘာရှိလို့လဲ”
ဆူဇီမိုက မနေနိုင်ဘဲ မေးလိုက်မိ၏။
ထန်ယုက ခါးသက်သက် ရယ်မော၍ ခေါင်းခါလိုက်၏။
“လူသားဧကရာဇ်နန်းတော်ထဲကို ဝင်ရောက်ခဲ့ဖူးတဲ့ ခုနှစ်ယောက်အပြင် အခြားဘယ်သူ့မှ မသိလောက်ဘူး ထင်ပါရဲ့”
ဦးလေးလျန့်က လေးနက်စွာ ပြောလိုက်၏။
“ပြောကြတာတော့ အဲ့ဒီကျင့်ကြံသူခုနှစ်ယောက်က မတူညီတဲ့ အမွေအနှစ်တွေကို ရရှိခဲ့ကြတာတဲ့.. ဥပမာပြောရရင် သူတို့သုံးယောက်က အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဧကရာဇ်တွေ အသီးသီး ဖြစ်ခဲ့ကြတယ်တဲ့”
ထန်ယုက ဆူဇီမိုကိုကြည့်ပြီး ရုတ်တရက် မေးလိုက်၏။
“ရောင်းရင်းဆူ.. ရှင်က လူသားဧကရာဇ်နန်းတော်ရဲ့ အမွေအနှစ်ကို စိတ်ဝင်စားနေတာလား”
ဆူဇီမိုက ဆိတ်ဆိတ်သာနေ၍ ပြန်မဖြေပေ။
ထန်ယုက ဆက်ပြောလေသည်။
“လူသားဧကရာဇ်နန်းတော်က လူတစ်ယောက်ကိုပဲ ဝင်ခွင့်ပေးတယ်.. ရှင် အဲ့ထဲကို ဝင်ချင်တယ်ဆိုရင်တော့ ရှေးဟောင်းတိုက်ပွဲမြေမှာရှိတဲ့ အသန်မာဆုံး ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”
“နောက်ပြီး သူတို့အကုန်လုံးက မရီးဒါန်ရှစ်ခု အခြေတည်အဆင့်တွေချည်းပဲ.. အခု ရှင်ကတော့...”
သူမက ဆက်မပြောပေ။
သူမ၏ ထင်မြင်ချက်အရ.. ဆူဇီမိုက တစ်ကယ့်ကိုသန်မာပြီး မရီးဒါန်ရှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူများကို စိန်ခေါ်နိုင်စွမ်း ရှိလေသည်။
သို့သော်လည်း သူက အထွတ်အထိပ် မရီးဒါန်ရှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူများစွာကို ဖိနှိမ်ဖြတ်ကျော်ပြီး လူသားဧကရာဇ်နန်းတော်ကို ဝင်ရောက်နိုင်ဖို့ကတော့ စိတ်ကူးယဉ်ဆန်လွန်းလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်လေသည်။
ဒါ့အပြင် ဘေးကနေ စောင့်ကြည့်နေကြမည့် ထိပ်သီးဂိုဏ်းကြီးများ၏ ချိတ်ပိတ်ထားသူများကလည်း ရှိသေးလေသည်။
ဆူဇီမိုသည် ချိတ်ပိတ်ထားသူတွေ အကုန်လုံးကို ငါးစာချ မျှား၍ သတ်နိုင်မည် မဟုတ်ပေ။
သူသည် ချိတ်ပိတ်ထားသူတစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင် အသက်ရှင်နိုင်သေး၏။ သို့သော် နှစ်ယောက် သို့မဟုတ် သုံးယောက်.. ဖြစ်လာလျှင်တော့....
“ယန်ဆေးဂိုဏ်းကရော သွားဖို့ အစီအစဉ်ရှိလား”
ဆူဇီမိုက ရုတ်တရက် မေးလိုက်၏။
“ဟင့်အင်း.. ကျမတို့ သွားမှာ မဟုတ်ဘူး”
ထန်ယုက ပြတ်သားစွာ ခေါင်းခါလိုက်၏။
“လူသားဧကရာဇ်နန်းတော်ရဲ့အောက်ခြေမှာ အလောင်းတွေ သွေးတွေနဲ့ ပုံထပ်နေလိမ့်မယ်.. အဲ့ထဲမှာ ဘေးကနေ ရပ်ကြည့်နေကြရင်းနဲ့ ရောညှပ်ပါသွားတဲ့ အပြစ်မဲ့ဂိုဏ်းသားတွေလဲ ပါမှာပဲ”
“ကျမတို့က ကျမတို့ လိုချင်ခဲ့တဲ့ ဆေးရေအိုင်ဂိုဏ်းက ရှေးဟောင်းဆေးကျမ်းတွေ အများကြီး ရထားခဲ့ပြီးပြီ။ ကျမတို့ အဲ့ဒါတွေကို အဆုံးရှုံးမခံနိုင်ဘူး.. ယန်ဆေးဂိုဏ်းကို အဲ့ဒီအတွက် စွန့်စားခိုင်းမှာ မဟုတ်တော့ဘူး”
ဆူဇီမိုက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။
“ဒါက တစ်ကယ့်ကို ကြုံတောင့်ကြုံခဲ အခိုက်အတန့်ပဲ.. ကျုပ်အဲ့ကို တစ်ခါလောက်တော့ သွားကြည့်ရမယ်.. ဝင်တော့မပါပါဘူး”
ထိုအချိ်န၌ ဆူဇီမိုက မုသားသုံးခဲ့လေသည်။
ဆူဇီမိုက ဆုံးဖြတ်ချက် ချထားပြီးပြီဆိုလျှင် ပြန်ပြင်မှာ မဟုတ်ကြောင်း ဆူဇီမို၏ စိတ်နေစရိုက်ကို ထန်ယုက အတန်အသင့်တော့ နားလည်လာခဲ့လေသည်။
သူမက သူ့ကို ထပ်ပြီး ဖျောင်းဖျမနေတော့ဘဲ သတိသာပေးလိုက်၏။
“တစ်ခုခု လွဲမှားနေတယ်လို့ အာရုံခံမိတာနဲ့.. ဝေးဝေးရှောင်ဖို့ လုပ်နော်.. ဝင်မပါမိစေနဲ့”
“ကျေးဇူးတင်ပါတယ်”
ဆူဇီမိုက လက်သီးဆုပ်နှင့် လက်ဝါးထိ၍ နှုတ်ဆက်လိုက်၏။
“တစ်ကယ်တော့ လူသားဧကရာဇ်နန်းတော်မှာ အခြေတည်အဆင့်ကျင့်ကြံသူတွေကို ဆွဲဆောင်နေတဲ့ တစ်စုံတစ်ရာ ရှိသေးတယ်”
ဦးလေးလျန့်က ရုတ်တရက် ပြောလိုက်၏။
“ပြောကြတာတော့ ရှစ်ခုမြောက်မရီးဒါန်ပြီးရင် ကိုးခုမြောက်မရီးဒါန်လဲ ပွင့်နိုင်သေးတယ်တဲ့.. ကိုးဆိုတာကတော့ အဆုံးစွန်ဖြစ်တဲ့ နဝင်းကို ကိုယ်စားပြုတာပဲ.. မရီးဒါန်ကိုးခုအခြေတည်အဆင့်ကိုတော့ အဆုံးစွန်အခြေတည်အဆင့်ကျင့်ကြံမှုလို့ ခေါကြသေးတယ်”
ထိုစကားကိုကြားသောအခါ ဆူဇီမိုသည် စိတ်လှုပ်ရှားသွား၏။
သူ့မှာလည်း ထိုထင်မြင်ချက်မျိုး ရှိခဲ့လေသည်။
သူသည် ခုနှစ်ခုမြောက်မရီးဒါန်ကို ဖွင့်ခဲ့တုန်းက အဲ့ဒါက သူများတွေ ပြောကြသလို သိပ်မခက်လှဟု သူခံစားခဲ့ရလေသည်။
အဲ့ဒါသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များက သန့်စင်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူကောက်ချက်ချခဲ့လေသည်။
သူ၏ ကျင့်ကြံမှုက အခုအနေအထား ရောက်သည့်အထိ သူသည် မသန့်စင်မှုပါသော မည်သည့်ဆေးလုံးကိုမှ မသောက်သုံးခဲ့ပေ။
“ဒဏ္ဍာရီအရဆိုရင်တော့ လူသားဧကရာဇ်က လေးနက်သိမ့်မွေ့တဲ့ ကိုးခုမြောက်မရီးဒါန်ကို ဖွင့်လှစ်နိုင်ခဲ့တယ်တဲ့”
ဦးလေးလျန့်က ဆက်ပြောလေသည်။
“တစ်ကယ်တော့ အဲ့ဒါက ဒဏ္ဍာရီတစ်ခုပါပဲ.. သမိုင်းတစ်လျှောက်လုံးမှာ လူသားဧကရာဇ်ကလွဲရင် ဘယ်သူမှ ကိုးခုမြောက်မရီးဒါန်ကို မဖွင့်နိုင်ခဲ့ကြဘူး”