အားမထုတ်ရဘဲ အနိုင်ယူ
Vol. 29 Ch. 432
လူသားဧကရာဇ်နန်းတော်ဆင်းသက်လာပြီးနောက် ဒုတိယနေ့တွင် ဆူဇီမိုသည် ရွှမ်ထျန်းမြို့ထဲကနေ ထွက်လာခဲ့လေသည်။
သူသည် ညဝိညာဉ်ကို မခေါ်လာခဲ့ပေ။ ညဝိညာဉ်ကို ရှောင်းနင်ဘေးမှာသာနေ၍ အနီးကပ်စောင့်ရှောက်ဖို့ ချန်ထားခဲ့လေသည်။
ရှောင်းနင်သည် ဆေးရေအိုင်ဂိုဏ်း၏ အမွေအနှစ်ကို ရရှိခဲ့ပြီး ယန်ဆေးဂိုဏ်း၏ တန်ဖိုးထားခြင်းကို ခံနေရပြီဖြစ်သော်လည်း ဆူဇီမိုက စိုးရိမ်မိနေဆဲ ဖြစ်လေသည်။
ဆေးရေအိုင်ဂိုဏ်းက ပြန်လာပြီးနောက် ရှောင်းနင်သည် ထူးထူးခြားခြားကို ပျော်နေလေသည်။
အဲ့ဒါသည် ဆေးရေအိုင်ဂိုဏ်း၏ အမွေအနှစ်မှတ်ဉာဏ်များထဲမှာ သူမသည် လူတစ်ယောက်၏ ဘဝသက်တမ်းကို တိုးစေနိုင်သော အသက်ရှည်ဆေးအမျိုးအစား ဆေးတစ်မျိုးကို ရှာတွေ့ခဲ့သောကြောင့်ပင်။
သို့သော်လည်း အဲ့ဒါက အဆင့် ၃ ဆေးလုံးဖြစ်လေသည်။
ရှောင်းနင်သည် သူမ၏ လက်ရှိအခြေအနေအရ ထိုအဆင့်ဆေးလုံးကို ဖော်စပ်နိုင်ခြင်း မရှိသေးပေ။
ဆူဇီမို ထွက်မလာခင်က သူမသည် ပြုံးရွှင်စွာနှင့် လာပြောသွားသေး၏။
“ဘာမှ မပူနဲ့တော့ ကျမသေချာပေါက် အသက်ရှည်ဆေးကို ဖော်စပ်နိုင်ရမယ်.. အဲ့အချိန်ကျရင် အစ်ကိုကြီးရဲ့ ဘဝသက်တမ်းကလည်း တိုးလာလိမ့်မယ်”
ရှောင်းနင်သည် နတ်ဆေးဆရာမတစ်ယောက် ဖြစ်လာရသည့် အဓိကအကြောင်းရင်းမှာ သူမအစ်ကိုကြီး၏ ဘဝသက်တမ်းကို မြှင့်တင်ပေးချင်သောကြောင့် ဖြစ်လေသည်။
ရှောင်းနင်၏ တောက်ပသော အပြုံးကို ပြန်မြင်ယောင်လာပြီး ဆူဇီမိုသည် စိတ်အခြေအနေက အတော်လေး ကောင်းမွန်နေကာ သွားဖြဲနေလေတော့သည်။
သူသည် ဤခရီးမှာ အခြားဘယ်သူ့ကိုမှ မခေါ်ဖို့ ဆုံးဖြတ်ခဲ့၏။
အကြောင်းမှာ သူသည် လူသားဧကရာဇ်နန်းတော်၏ အမွေအနှစ်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့သောကြောင့် သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲပြီးမှ သွားမည်ဖြစ်ပြီး သူ၏ နောက်ခံနှင့် ပတ်သတ်သည့်အရာရာကိုပါ ဖျောက်ဖျက်ပစ်ရပေလိမ့်မည်။
လူသားဧကရာဇ်နန်းတော်၏ ဆင်းသက်လာမှုနှင့်အတူ ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ တစ်ကယ့်ထိပ်သီးဂိုဏ်းကြီးများအားလုံးနီးပါးနှင့် ရ်ဆိုင်ရပေတော့မည်။
တစ်ကယ်တမ်း အပြင်းအထန် တိုက်ပွဲတစ်ခုက ပေါ်ပေါက်လာပြီဆိုလျှင် အခြေအနေကို ထိန်းချုပ်ဖို့က အလွန်ခက်ခဲလေသည်။
ဒါ့အပြင် ဆူဇီမို၏ အတွင်းပိုင်းမှာ တောက်လောင်ပြင်းပြနေသော စိတ်ဆန္ဒတစ်ခုလည်း ရှိလေသည်။
သူသည် သူ့မှာ ရှိသမျှ ဘာကိုမှ ထိန်ချန်မထားဘဲ သားရဲကျင့်ကြံခြင်းကိုလည်း ဖုံးကွယ်ထားခြင်း မရှိဘဲ.. နုလုံးသားက ကျေနပ်သည့်အထိ စိတ်ရှိလက်ရှိ တိုက်ခိုက်ကြည့်ချင်လေသည်။
သူ့ရဲ့ သားရဲကျင့်ကြံမှုကို စမ်းသပ်ဖို့အတွက် ဆူဇီမိုသည် သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲပစ်ရပေမည်။
နောက်ပိုင်း ထိပ်သီးဂိုဏ်းကြီးများက သူ့ကို လက်စားချေလျှင်တောင် သူတို့သည် သူ့ကို ဘယ်နေရာမှာမှ ရှာဖွေစုံစမ်းလို့ ရလိမ့်မည် မဟုတ်ပေ။
လမ်းတစ်လျှောက်သွားနေရင်းနှင့် သူ့ခန္ဓာကိုယ်တွင်းရှိ အရိုးများနှင့် အရွတ်များမှ ဖျိုးဖျိုးဖျောက်ဖျောက် အသံများက မြည်လာပြီး သူ့ကြွက်သားများက ကျယ်ပြန့်လာကာ သူ့အရပ်က ရှည်ထွက်လာလေသည်။
သူ၏ မျက်နှာသွင်ပြင်တောင်မှ ပြောင်းလဲလာနေလေသည်။
တစ်ခဏအတွင်းမှာပင် ဆူဇီမို၏ နဂိုမူလရုပ်ရည်က မရှိတော့လေပြီ။
သူ့နေရာမှာ အရပ်နှစ်မီတာလောက်ရှည်သော ဗလတောင့်တောင့်လူကြီးတစ်ယောက်က ပေါ်လာလေသည်။ ကြမ်းတမ်းသော မျက်နှာသွင်ပြင်၊ ထူထဲသော မျက်ခုံး၊ မျက်လုံးပြူးပြူး၊ နှာခေါင်းပွပွ၊ ပါးစပ်ပြဲပြဲနှင့် သူ၏ ရုပ်ရည်သွင်ပြင်မှာ နူးညံ့သိမ်မွေ့တာတွေ ဘာတစ်ခုမှ မရှိတော့ပေ။
ဆူဇီမိုသည် စိတ်ဝိညာဉ်ကြေးမုံတစ်ချပ်ကို ထုတ်ဖော်၍ သူ့ပုံသူ ပြန်ကြည့်ကာ စိတ်ကျေနပ်သွားလေသည်။
သူ၏ အစိမ်းရောင်ဝတ်ရုံက သူ၏ လက်ရှိ သွင်ပြင်နှင့် လိုက်ဖက်ညီမှု မရှိတော့ပေ။
ဆူဇီမိုသည် သိုလှောင်အိတ်ထဲကနေ ဖျင်ကြမ်းအင်္ကျီတစ်ထည်ကို ထုတ်ပြီး သူ့ကိုယ်ပေါ်မှာ ဒီအတိုင်း ဝတ်ဆင်ကာ သူ့ရင်အုပ်ကို ဟထားလေသည်။ သူ့ပုံစံက စိတ်လွတ်လက်လွတ်နှင့် နေမိနေရာ နေတတ်သည့်သူတစ်ယောက်လိုပင်။
နိုးထဝိညာဉ်အဆင့်တစ်ယောက်တောင် သူ၏ မနောဝိညာဉ်ကို ထုတ်ဖော်ပြီးမှသာ သူ၏ သရုပ်မှန်ကို စစ်ဆေးနို်ငပေလိမ့်မည်။
သာမန်မျက်လုံးနှင့်သာ ကြည့်ပါက ဆူဇီမို၏ ရုပ်ရည်သွင်ပြင်ပေါ်တွင် မည်သည့်ဟာကွက်ကိုမှ သူတို့မြင်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ဤနေရာက ရှေးဟောင်းတိုက်ပွဲမြေဖြစ်ပြီး အမြင့်ဆုံးအဆင့် ကျင့်ကြံသူများမှာ ချိတ်ပိတ်ထားသော ရွှေအမြုတေအချို့သာ ဖြစ်လေသည်။ ပြောရမည်ဆိုလျှင် ဆူဇီမို၏ သရုပ်မှန်ကို ဖော်ထုတ်ခံရဖို့ ဖြစ်နိုင်ခြေက သုညပင် ဖြစ်လေသည်။
ကောင်းကင်ထက်တွင် လူသားဧကရာဇ်နန်းတော်က နှေးကွေးလေးလံစွာနှင့် ဆက်လက်ကျဆင်းလာနေပြီး အဆုံးမဲ့စွမ်းအားကို ထုတ်ပေးနေလေသည်။
လူသားဧကရာဇ်နန်းတော်နှင့် နီးကပ်လာလေလေ.. သူတို့ခံစားရသော ဖိအားက ပိုမိုသိသာ ထင်ရှားလာလေဖြစ်သည်။
သူတို့သည် လူသားဧကရာဇ်နန်းတော်အမွေအနှစ်အတွက် ယှဉ်ပြိုင်ချင်ကြသည်ဆိုလျှင် ထိုဖိအားသက်ရောက်လွှမ်းခြုံရာနေရာသို့ ဝင်ရောက်ရမည်ဖြစ်ပြီး အဲ့ဒါက နောက်ဆုံးတိုက်ပွဲဆင်နွှဲကြရမည့်နေရာ ဖြစ်လေသည်။
ဆူဇီမိုသည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ ခရီးဆက်ခဲ့၏။
သုံးရက်ကြာပြီးနောက် သူ့နားထဲသို့ အနောက်တောင်ဘက်မှ တိုက်ခိုက်သံတချို့က ဝင်ရောက်လာလေသည်။ ထိုအသံများထဲတွင် ဒေါသတကြီး အော်ဟစ်သံများကလည်း ရောစွက်ပါဝင်နေလေသည်။
ရှေးဟောင်းတိုက်ပွဲမြေထဲတွင် တိုက်ခိုက်မှုများက ဖြစ်နေကျ ဖြစ်လေသည်။
လူများသည် အမှတ်မထင် ဆုံတွေ့ကြလျှင်တောင် တိုက်ခိုက်တတ်ကြပြီး သူတို့မှာ သဘောထား မတိုက်ဆိုင်တာတွေ ဖြစ်ပေါ်လာပြီဆိုလျှင်တော့ ပြောနေစရာ မလိုတော့ပေ။
အဲ့ဒါမျိုးက ဖြစ်နေကျ ဖြစ်သောကြောင့် ဆူဇီမိုသည် ဝင်ရောက်စွက်ဖက်ဖို့ စိတ်ကူးမရှိပေ။
သို့သော်လည်း ရှေ့သို့ အနည်းငယ် တက်လှမ်းပြီးနောက် သူ့အမူအယာက ပြောင်းလဲသွား၏။ သူက မျက်ခုံးပင့်၍ ရပ်တန့်ကာ နားစွင့်ကြည့်လိုက်၏။
ထိုတိုက်ပွဲထဲမှာ ရင်းနှီးနေကျ အသံတစ်သံ ပါဝင်နေသလိုပင်။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆူဇီမိုက သူ၏ ဦးတည်ဘက်ကို ပြောင်း၍ အနောက်တောင်ဘက်ဆီသို့ ပြေးချသွားလေသည်။
. . .
ကြီးမားသည့် ဦးခေါင်းကြီးက ပြုတ်ကျလာပြီး သွေးများက ပွက်ကနဲ ပန်းထွက်လာလေသည်။
စိတ်ဝိညာဉ်စွမ်းအင်အပြည့်နှင့် မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က ဆေဘာရှည်ကြီးတစ်လက်ကိုကိုင်စွဲ၍ အခြားသောကျင့်ကြံသူလေးယောက်နှင့် အကြိတ်အနယ် တိုက်ခိုက်နေ၏။
မြေပြင်ပေါ်တွင် အလောင်းများက လဲကျသေဆုံးနေပြီး သွေးများက စီးထွက်နေဆဲဖြစ်၏။ သူတို့က သေသွားသည်မှာ မကြာသေးကြောင်း ဖော်ပြနေလေသည်။
တိုက်ပွဲကွင်း၏ ဘေးနားတွင် လှပချောမောသော မိန်းမပျိုလေးတစ်ယောက်က မတ်တပ်ရပ်နေ၏။ သူမက ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားကာ သူမက တောက်ပရွှန်းလဲ့စွာပြုံး၍ လက်ခုပ်တီးနေ၏။
“တာအိုရောင်းရင်း ရှင်က တစ်ကယ် မိုက်တာပဲ.. ကြည့်စမ်း နောက်ထပ်လူဆိုးတစ်ယောက် သေသွားပြန်ပြီ”
“လုံမလေး ဘာမှမပူနဲ့.. ကျုပ် တင်းဟုန်ရွှမ် ခင်ဗျားလေးကို သေချာပေါက် ကာကွယ်ပေးမှာပါ”
ကျင့်ကြံသူလေးယောက်နှင့် တိုက်ခိုက်နေသော မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ကျင့်ကြံသူက ပန်းရောင်ဝတ်မိန်းကလေးဘက်သို့ လှည့်ပြောလိုက်၏။
“တင်းဟုန်ရွှမ် မင်းရူးသွားပြီလား”
သူ့ရှေ့တည့်တည့်က လူတစ်ယောက်က အော်ပြောလိုက်၏။
“မင်းနောက်ကသူက နတ်ဆိုးမကွ.. သူ့လှည့်ကွက်အောက်မှာ မင်းမကျရှုံးစေနဲ့ကွ”
“စီနီယာအစ်ကိုတင်း.. ကျုပ်တို့က ဘာလို့ အချင်းချင်း တိုက်ခိုက်ရမှာလဲ.. နောက်မကျသေးပါဘူး.. ကျုပ်တို့ ဒီအလှပဂေးမလေးကို အရင်ဖမ်းပြီးမှ အတူတူပျော်လို့ ရတာပဲလေ” နောက်ထပ်ကျင့်ကြံသူတစ်ယောက်က တင်းဟုန်ရွှမ်၏ ဆေဘာကို ခုခံရင်း အမောတကောနှင့် ပြောလိုက်၏။
“ဟေ့ရောင်.. ဘာမှ သွားပြောမနေနဲ့တော့.. သူက နတ်ဆိုးမရဲ့ ညှို့ဓါတ်မိပြီး လုံးဝစိတ်လွတ်နေပြီ။ ဘာမှ တွေဝေမနေနဲ့ သူ့ကိုသာ ရအောင်သတ်တော့” သူတို့လေးယောက်ထဲမှ အသက်ကြီးကြီး ကျင့်ကြံသူတစ်ယောက်က တည်တံ့စွာ အော်ပြောလိုက်၏။
ထိုသည်ကို ကြားပြီးနောက် သူတို့လေးယောက်သည် လွန်စွာ ပြတ်သားလာကြပြီး သူတို့၏ အကြမ်းတမ်းဆုံး သတ်ဖြတ်ကွက်များကို ကိုယ်စီသုံးကာ တင်းဟုန်ရွှမ်ကို သတ်ဖြတ်လိုက်ကြလေသည်။
အသက်ကြီကြီး ကျင့်ကြံသူသည် ရွှန်းစိုဝင်းလဲ့နေသော မျက်လုံးများနှင့် ပန်းရောင်မိန်းကလေးအနားသို့ လျှောက်သွားလိုက်၏။
“နတ်ဆိုးမလေး.. ဘာမှ မပူပါနဲ့။ မင်း ငါ့လက်ထဲကို ရောက်တာနဲ့ ငါမင်းကို ကောင်းကောင်းစောင့်ရှောက်ပေးမှာပါ.. ဟီးဟီး”
ပန်းရောင်ဝတ်မိန်းကလေးက နောက်ဆုတ်မသွားဘဲ နေရာမှာသာ သနားချင်စဖွယ်လေး ရပ်နေ၏။ သူမ၏ နူးညံ့ညင်သာသည့် အကြည့်က သူတို့လေးယောက်ကြားထဲ ဝဲလည်သွားပြီး မျက်ရည်အဝိုင်းသားနှင့် ပြောလိုက်၏။
“ဟုတ်တော့ဟုတ်ပါတယ်.. ဒါပေမယ့် ညီမက တစ်ယောက်ထဲ.. အစ်ကိုကြီးတို့က လေးယောက်တောင်ဆိုတော့...”
“ဒါလား”
အသက်ကြီးကြီး ကျင့်ကြံသူ၏ အကြည့်က အေးစက်လာလေသည်။
“လွယ်ပါတယ်.. သူတို့ကို ငါ သတ်ပေးမှာပေါ့”
သူက နောက်လှည့်မလို့ ပြင်လိုက်စဉ်မှာပင် သူ့ရင်ဘတ်ကြားမှ ဓါးရှည်တစ်လက်က ဖောက်ထွက်လာပြီး သွေးများက စီးကျလာလေသည်။
ချက်ချင်းပင် အသက်ကြီးကြီး ကျင့်ကြံသူ၏ မျက်နှာထက်မှာ သွေးရောင်က ဖျော့တော့သွာပြီး သူ့မျက်လုံးမျာက ပြန်လည်ကြည်လင်ရှင်းလင်းလာလေသည်။ သို့သော်လည်း နောက်ကျသွားလေပြီ။
“စီနီယာအစ်ကိုလျှို.. ခင်ဗျားက သူ့ကို တစ်ယောက်ထဲ မောင်ပိုင်စီးချင်တယ်ပေါ့လေ”
အသက်ကြီးကြီးကျင့်ကြံသူ၏ နောက်ရှိ အသက်ငယ်ငယ်ကျင့်ကြံသူတစ်ယောက်က သူ့ဓါးရှည်ကို ဆန့်တန်းကာ ကိုင်ထား၏။ သူ့မျက်လုံးများထဲမှာ မလိုမုန်းထားမှုနှင့် ရူးသွပ်စွာ အော်ဟစ်လိုက်၏။
“အဲ့မိန်းမက ကျုပ်အတွက်ဗျ ကျုပ်အတွက်.. ဘယ်သူမှ ကျုပ်နဲ့လာပြိုင်မလုနဲ့”
“ရူးကုန်ပြီ.. မင်းတို့အကုန် ရူးကုန်ကြပြီကွ”
နောက်ထပ်ကျင့်ကြံသူတစ်ယောက်က မျက်လုံးပြူးမျက်ဆံပြူးနှင့် အေးစက်စွာ အော်လိုက်၏။
“မိန်းမတစ်ယောက်အတွက်နဲ့ ငါတို့ရဲ့ ဂိုဏ်းသားညီကို ဆက်ဆံရေးတွေကို မင်းတို့မေ့ကုန်ကြပြီလား.. အဲ့လိုဆိုမှတော့လဲ ဂိုဏ်းကိုယ်စား ငါက မင်းတို့ကို အပြစ်ပေးရမှာပေါ့”
ချွမ်း.. ချွမ်း.. ချွမ်း..
ဖောက်.. ဖောက်..
ကျန်ရှိသော ကျင့်ကြံသူသုံးယောက်သည် အခြေအနေကို မထိန်းချုပ်နိုင်တော့ဘဲ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လိုက်ကြလေသည်။
သိပ်မကြာမီ သူတို့ထဲမှ နှစ်ယောက်က သွေးအိုင်ထဲမှာ လဲကျသွားကြ၏။ မသေခင် သူတို့မျက်လုံးများက တွေဝေမိန်းမောမှုမှ ပြန်လည်သတိဝင်လာကြ၏။ သို့သော်လည်း နောက်ကျသွားလေပြီ။
နောက်ဆုံးကျန်သောတစ်ယောက်ကလည်း စိတ်များ ဂယောက်ဂယက်ဖြစ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်လေသည်။
တစ်ခဏအတွင်းမှာပင် ကျင့်ကြံသူလေးယောက်စလုံးက သေသွားကြလေပြီ။
ပန်းရောင်ဝတ်မိန်းကလေးက နေရာကနေ မရွေ့ဘဲ ဖြစ်ပျက်သမျှကကို ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေ၏။ သူမ၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်နေသည်ကို မြင်နိုင်လေသည်။
အဲ့ဒါက တစ်ကယ့်ကို ကြိုးစားအားမထုတ်လိုက်ရသည့် နိုင်ပွဲ ဖြစ်လေသည်။
“အော်မိတောဖော”
မလှမ်းမကမ်းမှ တရားကျမ်းစာရွတ်ဖတ်သံက ထွက်ပေါ်လာလေသည်။
“ဒကာမလေး.. မင်းနုလုံးသားက ရက်စက်မှုနဲ့ ညစ်ထေးနေတာပဲ.. မင်းက ငရဲ ၁၈ထပ်ကို အနှေးနဲ့အမြန်ဆိုသလို ဆင်းပြီး မင်းရဲ့ ကံကြွေးကို ပေးဆပ်ရလိမ့်မယ်.. မင်းသာ အခုနေ နောင်တသံဝေဂရပြီး ဘုရားသမီးတော်အဖြစ် ခံယူမယ်ဆိုရင်တော့ မင်းအတွက် မျှောင်လင့်ချက်တစ်စွန်းတစ်စ ရှိနိုင်သေးတယ်”