သေမင်းနှုတ်ခမ်းဝ
Vol. 29 Ch. 433
ထိုအသိကို ကြားသောအခါ ပန်းရောင်ဝတ်မိန်းကလေးက လှည့်ကြည့်လိုက်၏။
မလှမ်းမကမ်းတွင် ပေးနှစ်ဆယ်ကျော်မြင့်သော ကြီးမားသည့် သားရဲတောကောင်ကြီးတစ်ကောင်က ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေ၏။ ကျားလိုခန္ဓာကိုယ်၊ လူလိုမျက်နှာ၊ ထက်ရှသောလက်သည်များ အစွယ်များနှင့် အမြီးက ကိုးချောင်း ပါရှိလေသည်။ ပြင်းထန်အားကောင်းသည့်အကြည့်ကို ပိုင်ဆိုင်ထားပြီး အရိုင်းဆန်သောအော်ရာကို ထုတ်ပေးနေလေသည်။
“အမ်”
ပန်းရောင်ဝတ်မိန်းကလေး၏ မျက်နှာအမူအယာက ပြောင်းလဲသွားပြီး သူမ၏ ချယ်ရီနှုတ်ခမ်းလေးကို တင်းတင်းစေ့လိုက်၏။
“လူဝူ”
လူဝူသည် ကျားနှင့် ခပ်ဆင်ဆင်တူသော မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင် ဖြစ်လေသည်။ သူက ရိုင်းစို်ငးကြမ်းကြုတ်သောသဘာဝရှိပြီး အလွန်တရာ သန်မာ၍ စွမ်းအားကြီးမားလေသည်။
လူဝူ၏ အမြီးကိုးချောင်းပေါ်တွင် သွေးများရွှဲနစ်နေသော အလောင်းများက ကပ်ညှိနေပြီး ကြည့်ရသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းကာ နေရာတစ်ခုလုံး သွေးအနံ့က ပြည့်နှက်လာလေသည်။
တချို့အလောင်းများက သေဆုံးခဲ့သည်မှာ ကြာနေပုံနှင့် ခြောက်သွေ့နေသော်လည်း ညှီစို့စို့အနံ့ကတော့ ထွက်လာနေဆဲဖြစ်လေသည်။
တချို့အလောင်းများကတော့ လောလောလတ်လတ် သေဆုံးထားပုံရပြီး လတ်ဆတ်သော သွေးများက မြေပြင်ပေါ်သို့ တစ်စက်စက် စီးကျနေလေသည်။
အမြီးကိုးချောင်းပေါ်တွင် အလောင်းများက ငါးရာဝန်းကျင်လောက် ရှိလေသည်။ ထိုအလောင်းများကိုယ်ပေါ်မှာ အဝတ်အစားများကို ကြည့်ခြင်းဖြင့် မတူညီသော အဖွဲ့အမျိုးမျိုးကဖြစ်ကြောင်း သိနိုင်လေသည်။
လူဝူက သူ့အမြီးကိုးချောင်းကို လှုပ်ရမ်းလိုက်သောအခါ အလောင်းငါးရာက လေထဲမှာ လှုပ်ခါသွားပြီး ပုပ်အက်အက် အော့အန့်ချင်စရာ အနံ့ဆိုးများက ထွက်လာလေသည်။
ပန်းရောင်ဝတ်မိန်းကလေး၏ မျက်လုံးများထဲတွင် စက်ဆုပ်ရွံ့ရှာမှုက ခဏမျှ ပေါ်သွားလေသည်။
ရှေးဟောင်းတိုက်ပွဲမြေမှာ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောတောင်များစွာ ရှိသော်လည်း ဘယ်အကောင်မှ အတွင်းအမြုတေကို မဖွဲ့တည်နိုင်သောကြောင့် သူတို့သည် ထိုကဲ့သို့ လူသားတစ်ယောက်လိုလေသံမျိုး ပြောနိုင်လိမ့်မည် မဟုတ်ပေ။
ဒါဆို စောစောက စကားပြောလိုက်သူ အခြားတစ်ယောက် ရှိသေးတာပေါ့။
ခေါင်းတုံးပြောင်ပြောင်၊ ခြေဗလာနှင့် လူတစ်ယောက်က လူဝူ၏ ခေါင်းပေါ်မှာ ထိုင်နေ၏။ ရွှေရောင်သင်္ကန်းကို ဝတ်ခြုံထားပြီး ထိုသူ၏ မျက်လုံးများက တောက်ပ၍ မျက်နှာက ဝင်းလဲ့နေ၏။
သူက မူလသွေးမျိုးဆက်တောကောင်များကို ယဉ်ပါးထိန်းချုပ်နိုင်သော အစွမ်းရှိသည့် သူတစ်ယောက် ဖြစ်လေသည်။
“အို့ စိန်ကျောင်းက ဘုန်းကြီးတစ်ပါးပဲ”
ပန်းရောင်ဝတ်မိန်းကလေးသည် ဘုန်းကြီး၏ ခါးပေါ်ရှိ ဂိုဏ်းတံဆိပ်ပြားကို မြင်ပြီး သူ့နောက်ခံကို သိလိုက်၏။ သူမသည် လှပသော မျက်လုံးရွဲကြီးများကို ပုတ်ခတ်၍ စင်ကြယ်အပျိုစင်ဂိုဏ်း၏ ညှို့ယူပြုစားလျှို့ဝှက်အတတ်ကို တိတ်တဆိတ် ထုတ်ဖော်လိုက်၏။
ပန်းရောင်ဝတ်မိန်းကလေးက စင်ကြယ်အပျိုစင်ဂိုဏ်းမှ နတ်ဆိုးမကျိပင် ဖြစ်လေသည်။
သူမက တောက်ပစွာပြုံး၍ မေးလေသည်။
“ဟင်းဟင်း.. ကျမက ရှင့်ကို ဘယ်လိုများ ခေါ်ရမလဲဘူး ကိုယ်တော်”
“ကျုပ်က ကြွယ်ချမ်း”
စိန်ကျောင်းကိုယ်တော်က မှင်သေသေမျက်နှာထားနှင့်ပင် မလှုပ်မယှက် ရှိနေ၏။ နတ်ဆိုးမကျိ၏ ညှို့ငင်ဖမ်းစားမှုက သူ့အပေါ်မှာ အလုပ်မဖြစ်သည့်ပုံပင်။
“ကိုယ်တော်ကြွယ်ချမ်း”
နတ်ဆိုးမကျိက သနားစဖွယ်နှင့် မေးလိုက်၏။
“ဘုရားသားတော်တစ်ပါး ဖြစ်ပါရဲ့နဲ့ ရှင်က ဘာလို့ မေတ္တာဂရုဏာ မထားတတ်ရတာလဲ.. ကျမကိုများ ငရဲ ၁၈ထပ်ကို ဝင်ရမယ်လို့ ဘာလို့များ ရက်ရက်စက်စက် ကျိန်စာတိုက်ရတာလဲဟင်”
နတ်ဆိုးမကျိ၏ မျက်လုံးများထဲတွင် ညှို့ငင်ဓါတ်များက ပါဝင်နေပြီး လူတစ်ယောက်၏ နုလုံးသားကို ဗြောင်းဆန်သွားစေနိုင်လေသည်။
အဲ့ဒါက စင်ကြယ်အပျိုစင်ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို နောက်ဆုံး အကန့်အသတ်ထိ မြှင့်တင်ထားခြင်း ဖြစ်လေသည်။
ညှို့ဓါတ်မျက်လုံး..
စောစောက နတ်ဆိုးမကျိသည် ကျင့်ကြံသူအချို့ကို ညှို့ယူဖမ်းစားတုန်းကတောင် ထိုလျှို့ဝှက်အတတ်ကို ထုတ်မသုံးခဲ့ပေ။
“ဟမ့်”
ကိုယ်တော်ကြွယ်ချမ်း၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ ထူထဲသော မျက်ခုံးနှစ်ဖက်ကို ရုတ်တရက် ပင့်လိုက်၏။ သူ့မျက်လုံးနှစ်ဖက်ကို ပြူးကျယ်လိုက်သောအခါ ကြောက်စရာကောင်းသည့် စွမ်းအားတစ်မျိုးက ပေါ်ထွက်လာလေသည်။
ကိုယ်တော်ကြွယ်ချမ်း၏ မျက်လုံးနှစ်ဖက်ထဲမှ ရွှေရောင်အလင်းများများက ထွက်ပေါ်လာပြီး နတ်ဆိုးမကျိ၏ ညှို့ဓါတ်မျက်လုံးကို သွားပြီး ရိုက်ခတ်လိုက်လေသည်။
ကျင့်ကြံရေးလောကတွင် မျက်လုံးကို ကျင့်ကြံနိုင်သော လျှို့ဝှက်ပညာရပ်များက သိပ်ပြီး များများစားစား မရှိလှပေ။ ထိုလျှို့ဝှက်ပညာရပ်များထဲမှာမှ အလွန်တရာ အားကောင်းသည့် ပညာရပ်များက တော်တော်ကြီးကို ရှားပါးလေသည်။
အကြောင်းပြချက်က ရိုးရှင်းပါ၏။ မျက်လုံးများက အရမ်းနူးညံ့သောကြောင့်ပင် ဖြစ်လေသည်။
သူတို့၏ ကျင့်ကြံမှုက အနည်းငယ် တိမ်းစောင်းသွားသည်နှင့် သူတို့၏ မျက်လုံးများက ဒဏ်ရာရ သို့မဟုတ် ပျက်စီးသွားနိုင်လေသည်။
ဗုဒ္ဓဝါဒီကျောင်းတော်များ၏ စိန်ဒေါမာန်အကြည့်နှင့် စင်ကြယ်အပျိုစင်ဂိုဏ်း၏ ညှို့ဓါတ်မျက်လုံးတို့ကို ထိပ်တန်းအဆင့် မျက်လုံးလျှို့ဝှက်ပညာရပ်များအဖြစ် သတ်မှတ်ထားလေသည်။
သာမန်ကျင့်ကြံသူများဆိုလျှင် စိန်ဒေါမာန်အကြည့်နှင့် ရင်ဆိုင်ရပါက သူတို့၏ သတ္တိများက ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်လေသည်။ တချို့ဆိုလျှင် အကြောက်လွန်ပြီး လိပ်ပြာပါ လွင့်သွားနိုင်လေသည်။
ညို့ဓါတ်မျက်လုံးက ကျင့်ကြံသူတစ်ယောက်၏ အတွင်းစိတ်ထဲထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီး သူတို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ပျောက်ဆုံးစေနိုင်လေသည်။
လူတစ်ယောက် နုလုံးက သူတို့၏ မျက်လုံးများနှင့် ဆက်စပ်နေ၏။
“ဟး”
ကိုယ်တော်ကြွယ်ချမ်းက ပါးစပ်ကို ဟ၍ ဟိန်းဟောက်လိုက်၏။ သူ့အသံက မိုးကြိုးပစ်ချလိုက်သလို မြည်ဟည်းသွားပြီး ဖြောင့်မတ်မှုနှင့် မြင့်မြတ်အော်ရာက ဖြာထွက်နေလေသည်။
“နင်တော်တော် သတ္တိကောင်းနေတယ်ပေါ့လေ နတ်ဆိုးမ.. နင်က သေမင်းတံခါးဝကို ရောက်နေတာတောင် အကြောက တင်းနေသေးတယ်.. ငါ့ကိုများ အောက်လမ်းနည်းနဲ့ တိုက်ခိုက်ချင်သေးတယ်ပေါ့.. နင့်အတွက် အပြစ်ဒဏ်ကတော့ သေဒဏ်ပဲ”
နတ်ဆိုးမကျိ၏ နုလုံးက တလျှပ်လျှပ်တုန်သွားပြီး အင့်ကနဲ ညည်းကာ သူမ၏ မျက်နှာက ဖြူလျော့သွားလေသည်။
သူတို့၏ အကြည့်ချင်း ဖလှယ်မှုတွင် ဆေဘာများ၊ ဓါးများ မပါဝင်သော်လည်း အဲ့ဒါက ပိုလို့တောင် အန္တရာယ်များနေသေးလေသည်။
နတ်ဆိုးမကျိက ညှို့ဓါတ်မျက်လုံးကို ထုတ်ဖော်နေစဉ်.. ကိုယ်တော်ကြွယ်ချမ်း၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံလိုက်ရလေသည်။
တစ်ကယ်လို့ ကိုယ်တော် ကြွယ်ချမ်း၏ စိတ်က လှုပ်ခပ်၍ ဟာကွက်ပေါ်သွားလျှင် နတ်ဆိုးမကျိက သူ့ကို အလွယ်တကူ ထိန်းချုပ်သွားနိုင်လေသည်။
သို့သော်လည်း သနားစရာ.. နတ်ဆိုးမကျိက စိန်ကျောင်းက ကိုယ်တော်နှင့်မှ ပက်ပင်းသွားတိုးရလေသည်။
ဗုဒ္ဓဝါဒီဘုန်းကြီးများက သူတို့၏ နုလုံးသားထဲက ဆန္ဒများကို ငြှိမ်းသက်ထားရပြီး နေ့နေ့ညည ဇန်ကျင့်စဉ်နှင့် သမထကျင့်စဉ်များကိုသာ ကျင့်ကြံ၍ ဗုဒ္ဓ၏ ဂုဏ်တော်ကို ပွားများရလေသည်။ သူတို့သည် အာရုံခြောက်ပါး တည်ငြိမ်အေးချမ်းမှုကို ရှာဖွေနေရသည့်အတွက် သူတို့၏ အတွင်းစိတ်က အများအားဖြင့် တည်ငြိမ်လေသည်။
ဒါ့အပြင် စိန်ကျောင်းက ဒေါမာန်အကြည့်ဟူသော မျက်လုံးလျှို့ဝှက်အတတ်ကို ပိုင်ဆိုင်ထားလေသည်။ စွမ်းအားအရ.. ၎င်းက ညှို့ဓါတ်မျက်လုံး၏ အကြီးမားဆုံး တန်ပြန်ဝိပါက် ဖြစ်လေသည်။
ဗုဒ္ဓဝါဒီကျောင်းတော်များစွာ ရှိသည့်အနက် သူမအတွက် တန်ပြန်ထိခတ်မှု အမြင့်ဆုံးဖြစ်သော စိန်ကျောင်း၏ အရိုက်အရာဆက်ခံသူနှင့်မှ သွားတိုးရခြင်းမှာ နတ်ဆိုးမကျိက တော်တော်ကံဆိုးလို့သာ ဖြစ်လေသည်။
“သောက်ဘုန်းကြီး”
သူမ၏ လျှို့ဝှက်အတတ်က အလုပ်မဖြစ်တော့သည်ကို သိလိုက်ရပြီး နတ်ဆိုးမကျိသည် စိတ်ထဲကနေ ကျိန်ဆဲကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
“ရှင်ဘာတွေ လျှောက်ပြောနေတာလဲ.. ရှင့်ရဲ့ဘွဲ့ကို ချမ်းပါအောင် ပေးထားတယ်ဆိုတာ ရှင့်ဆရာက ရှင့်ရဲ့ ဒေါသတွေကို ရှင်းထုတ်ပစ်စေချင်လို့ပဲ.. ဒါပေမယ့် အခုတော့ ရှင်က ရှင့်ရဲ့ ဒေါသကို မထိန်းချုပ်ဘဲ လွှတ်ပေးလိုက်တော့မယ်ပေါ့လေ”
“နတ်ဆိုးမ.. ငါက ဒီနေ့ ငါ့ရဲ့ ဒေါသကို လွှတ်ပေးရုံတင် မဟုတ်ဘူး.. ငါ့ရဲ့ သတ်ဖြတ်လိုစိတ်ကိုပါ လွှတ်ပေးရလိမ့်မယ်”
ကိုယ်တော်ကြွယ်ချမ်း၏ မျက်နှာအမူအယာက တည်ငြိမ်နေပြီး လူဝူ၏ ဦးခေါင်းပေါ်ကနေ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်၏။
နတ်ဆိုးမကျိက ဒေါသတကြီး အံကိုကြိတ်၍ အေးစက်စွာ အော်ပြောလိုက်၏။
“သုံးစားမရတဲ့ ဘုန်းကြီး.. ဗုဒ္ဓဝါဒီတွေက ကံ၊ ကံကြွေးနဲ့ပတ်သတ်ပြီး အထူးတလည် သတိထားရတယ် မဟုတ်ဘူးလား.. ရှင်က ကျမကို တိုက်ခိုက်ရအောင် ဘာအကြောင်းပြချက် ရှိလို့လဲ”
“ကျမ သူတို့ကို တိုက်ခိုက်ရတယ်ဆိုတာ.. အဲ့ကောင်တွေက ကျမအပေါ်မှာ တက်မက်စိတ်နဲ့ မကောင်းတဲ့စိတ် ရှိကြလို့ပဲ”
နတ်ဆိုးမကျိက အံ့ကိုကြိတ်လိုက်၏။
“ဒီမှာကိုယ်တော်.. ရှင်က ကျမကို တွေ့တဲ့အချိန်မှာ အရင်ဆုံး အခြေအနေ အမှားအမှန်ကိုတောင် မေးခဲ့လို့လား”
“နင့်ရဲ့ ဆင်ခြေတွေကို တော်လိုက်တော့.. နတ်ဆိုးမ.. သေစမ်း”
ကိုယ်တော်ကြွယ်ချမ်းက လူဝူ၏ ခေါင်းပေါ်ကနေ ခုန်ချလိုက်၏။ သူ့သင်္ကန်းအောက်မှ မရီးဒါန်ရှစ်ခုက လင်းလက်တောက်ပလာပြီး စိတ်ဝိညာဉ်ချီများက ဆူနာမီကဲ့သို့ တဝုန်းဝုန်း ထလာလေသည်။
ဝုန်း..
သူ့ခန္ဓာကိုယ်က ရွှေပြားခတ်ထားသော အလွှာတစ်ခုအလား ဝင်းလက်တောက်ပလာပြီး သူ၏ လက်ဝါးကြီးကို ဆန့်ထုတ်လိုက်၏။ အဲ့ဒါက မြင့်မြတ်အော်ရာ ထွက်ပေါ်နေပြီး ရှောင်းရှားလို့ မရအောင် တောက်ပြောင်ကျိန်းစပ်နေ၏။
နတ်ဆိုးမကျိသုံးသော နည်းစနစ်အများစုက သူမ၏ ညှို့ငင်ဖမ်းစားနိုင်စွမ်းအပေါ်မှာသာ အခရာ ပြုလေသည်။ ခွန်အားအရ တိုက်ခိုက်ရည်မှာဆို သူမက ကိုယ်တော်ကြွယ်ချမ်းကို ဘယ်လိုမှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းအပြည့်နှင့် လက်ဝါးကြီးကို မြင်သောအခါ နတ်ဆိုးမကျိက မြေကြီးကို ခြေဆောင့်၍ နောက်ဆုတ်လိုက်၏။ သူမက ကိုယ်တော်ကြွယ်ချမ်း၏ တိုက်ခိုက်မှုစက်ကွင်းမှ လွတ်မြောက်ချင်လေသည်။
“နတ်ဆိုးမ.. နင်ပြေးနေလဲ အပိုပဲ”
ကိုယ်တော်ကြွယ်ချမ်းက နတ်ဆိုးမကျိ၏ အလိုကို ချက်ချင်းသဘောပေါက်လိုက်ပြီး အော်ဟစ်ကာ ဆက်တိုက်ခြေရှစ်လှမ်းဖြင့် အနားသို့ ချက်ချင်းရောက်သွားလေသည်။
တစ်ခဏအတွင်း သူတို့နှစ်ယောက်က ဆယ်ပေတောင် မကွာတော့ပေ။
ဗုဒ္ဓကျောင်းတော်များတွင် စိန်ကျောင်းက ခန္ဓာမီးဆေးခြင်းနှင့် အနီးကပ်တိုက်ခိုက်ရည်မှာ အသန်မာဆုံးဖြစ်လေသည်။
ထိုအကွာအဝေးမှာဆိုပါက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် တိမ်လွှာမိုးစက်ဂိုဏ်းမှ မိစ္ဆာအမွေခံသူများပင်လျှင် သေကြေပျက်စီးရမည် ဖြစ်လေသည်။ စင်ကြယ်အပျိုစင်ဂိုဏ်းမှ နတ်ဆိုးမကျိအတွက်ကတော့ ပြောနေစရာပင် မလိုတော့ပေ။
မိစ္ဆာဂိုဏ်းများမှာဆိုလျှင် ပဒေသရာဇ်နန်းတော်မှ မိစ္ဆာအမွေခံသူသာလျှင် စိန်ကျောင်းကိုယ်တော်နှင့် အနီးကပ်တိုက်ခိုက်ရည်မှာ ယှဉ်နိုင်ပေလိမ့်မည်။
ကိုယ်တော်ကြွယ်ချမ်းက သတ်ဖြတ်ကွက်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်၏။ သုံးကွက်ပြီးနောက် နတ်ဆိုးမကျိသည် ရှောင်ပြေးစရာ နေရာမရှိတော့ဘဲ သူမ၏ မျက်နှာပေါ်က မျက်နှာဖုံးက ပျောက်ကွယ်သွားလေပြီ။
သူမ၏ အသက်က သေမင်းနှုတ်ခမ်းဝသို့ ရောက်နေလေပြီ။
“သေစမ်း”
ကိုယ်တော်ကြွယ်ချမ်းက နောက်ထပ်ဟိန်းဟောက်လိုက်ပြီး သူ၏ ကြီးမားသည့်လက်သီးကြီးက ရွှေရောင်ဖြင့် တလက်လက် တောက်ပလာကာ နတ်ဆိုးမကျိဆီသို့ ပစ်ဝင်လာလေသည်။
လက်သီးက ရောက်မလာသေးခင်မှာပင် နတ်ဆိုးမကျိ၏ ပါးပြင်က စပ်ဖျဉ်းဖျဉ်း ခံစားလာရ၏။
သူမသည် ရင်ထဲ နင့်ကနဲ ဖြစ်သွားလေသည်။
စင်ကြယ်အပျိုစင်ဂိုဏ်းက အပျိုစင်တစ်ယောက်အနေနဲ့ ငါက ဒီနေရာမှာ သေရတော့မှာပါလား..
သူမ၏ အတွေးမဆုံးသေးခင်မှာပင် တိုက်ပွဲအနေအထားက ပြောင်းလဲသွားလေသည်။