ဖိနှိမ်ခြင်း
Vol. 29 Ch. 434
အရပ်မြင့်မြင့်နှင့် စွမ်းအားကြီးသောသူတစ်ယောက်က ဘယ်ဆီဘယ်ဝယ်ကရယ်မသိ နတ်ဆိုးမကျိ၏ နောက်မှာ ရုတ်တရက် ပေါ်လာ၏။
ထိုလူက နတ်ဆိုးမကျိကို လက်မောင်းကနေကိုင်၍ နောက်ဘက်သို့ ဆတ်ကနဲ လှမ်းဆွဲလိုက်ပြီး သူ၏ ဘယ်ဘက်လက်သီးနှင့် ကိုယ်တော်ကြွယ်ချမ်း၏ ပြိုးပြိုးပြက်ပြက် လက်နေသော လက်သီးကြီးကို ပြင်းထန်စွာ ထိုးချလိုက်လေသည်။
စိန်ကျောင်း၏ အရိုက်အရာဆက်ခံသူတစ်ယောက်နှင့် အနီးကပ်တိုက်ခိုက်ခြင်းမှာ လက်ဗလာကိုသုံးပြီး တိုက်ခိုက်ရဲသူက သိပ်မရှိပေ။ အင်မော်တယ်ဂိုဏ်းမှ အရိုက်အရာဆက်ခံသူ၊ ဖန်သားနန်းတော်နှင့် ပဒေသရာနန်းတော်မှ မိစ္ဆာအမွေခံသူတို့သာလျှင် ထိုသို့ပြုမူနိုင်ဖို့ အစွမ်းအစရှိလေသည်။
အခြားသော ဂိုဏ်းများမှ ကျင့်ကြံသူများသာဆိုလျှင် သူ့နှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ရှောင်ကြပေလိမ့်မည်။
နတ်ဆိုးမကျိ၏ မျက်လုံးထဲတွင် ထိုသူက ခါးမှာ ဂိုဏ်းတံဆိပ်ပြားတွေ ဘာတွေ ချိတ်ဆွဲထားတာကိုလည်း မတွေ့ရပေ။ ဒါ့အပြင် သူက ဖျင်ကြမ်းအင်္ကျီကိုသာ ဝတ်ဆင်ထားသောကြောင့် ဖန်သားနန်းတော် သို့မဟုတ် ပဒေနန်းတော်မှ ကျင့်ကြံသူတစ်ယောက် မဟုတ်သည်မှာ သိသာလေသည်။
ထိုသို့သာဆိုလျှင် ကိုယ်တော်ကြွယ်ချမ်း၏ လက်သီးကို ထိပ်တိုက်ခံယူပြီးနောက် သူက သေချာပေါက် ပြင်းပြင်းထန်ထန် ခံစားရပေတော့မည်။
“မလုပ်...”
နတ်ဆိုးမကျိက သတိပေးချင်သော်လည်း နောက်ကျသွားလေပြီ။
သူမသည် ဗလတောင့်တောင့်လူကြီး၏ သွေးသံရဲရဲနှင့် ကျိုးကြေသွားသော လက်ကြီးကို မြင်ယောင်လာပြီး သူမ၏ မျက်နှာက ရှုံ့မဲ့သွားလေသည်။
“မင်းကတော့ ကိုယ့်သေတွင်းကိုယ် လာတူးနေတာပဲ”
ကိုယ်တော်ကြွယ်ချမ်းထံမှ လှောင်ပြောင်သည့် အမူအယာက ထွက်လာလေသည်။
ဘုန်း..
သူတို့၏ လက်သီးနှစ်လုံးက ထိခတ်သွားပြီး ခပ်ထိုင်းထိုင်း မြည်သံကြီက ထွက်ပေါ်လာလေသည်။
ကိုယ်တော်ကြွယ်ချမ်း၏ မျက်နှာပေါ်က လှောင်ပြောင်သလို အမူအယာက ရုတ်ချည်းပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်က မျဉ်းတစ်ကြောင်းလို ကျဉ်းမြောင်းသွားလေသည်။
နတ်ဆိုးမကျိပင် တုန်လှုပ်မှုနှင့် ကြောင်အသွား၏။
ကိုယ်တော်ကြွယ်ချမ်း၏ လက်သီးပေါ်ရှိ ရွှေရောင်အလင်းများက ဗလတောင့်တောင့်လူကြီး၏ လက်သီးချက်ဖြင့် ပျက်ပြယ်သွားပြီး မီးပွားများက ပြန့်ကျဲထွက်သွားလေသည်။
လက်သီးနှစ်ဖက်က ထိတွေ့ပြီးနောက် မျက်စိနှင့် မြင်နိုင်လောက်အော် လေထုအပူလှိုင်းများက ထကြွလာလေသည်။
ဗလတောင့်တောင့် လူကြီးက ခြေလှမ်းဝက်တောင် နောက်ဆုတ်မသွားဘဲ သူ့လက်သီးက အကောင်းပကတိ ပျက်စီးမှု မရှိပေ။
တစ်ဖက်မှာတော့ ကိုယ်တော်ကြွယ်ချမ်းသည် ဒယီးဒယိုင်နှင့် ခြေသုံးလှမ်းဆုတ်သွားရပြီး သူ့အမူအယာကလည်း တဖြည်းဖြည်း မှုန်ကုပ်သုန်မှုန်လာလေသည်။
ဗလတောင့်တောင့်လူက နတ်ဆိုးမကျိကို လက်ကနေဆွဲယူပြီး သူ့နောက်ကို ပို့လိုက်၏။ သူက တည်ငြိမ်သောအမူအယာ၊ ထက်ရှသောအကြည့်နှင့် ကိုယ်တော်ကြွယ်ချမ်းကို စိုက်ကြည့်လိုက်၏။
ဗလတောင့်တောင့်လူ ပေါ်လာခြင်းအတူ အခြေအနေက ယာယီအားဖြင့် တည်ငြိမ်သွားသလို ထင်ရလေသည်။
ကိုယ်တော်ကြွယ်ချမ်းနှင့် နတ်ဆိုးမကျိ နှစ်ယောက်စလုံးသည် တစ်ခုခု ရလို့ရငြား ဗလတောင့်တောင့်လူကို ချင့်ချိန်တွက်ဆကြည့်နေကြ၏။
မျက်နှာပေါက်က ကြမ်းကြမ်း၊ မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူး၊ နှာခေါင်းပွပွ၊ ပါးစပ်ပြဲပြဲနှင့်ဖြစ်၏။ အရပ်က ခြောက်ပေခွဲလောက်နှင့် ထောင်ထောင်မောင်းမောင်းကြီးဖြစ်ပြီး သူ့လက်ဝါးကြီးနှစ်ဖက်က တော်တော်ကြီးလေသည်။
ဆုပ်ထားသော သူ့လက်သီးနှစ်ဖက်က ကြီးမားသည့် တူကြီးတစ်စုံလိုပင်။
နတ်ဆိုးမကျိက မျက်ခုံး မသိမသာ ပင့်လိုက်၏။ ထိုဗလတောင့်တောင့်လူကြီးက သူမနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိပေ။
သူမက သူ့ကို သိဖို့နေနေသာ သည့်အရင်က သူမသည် ဤလူကို တစ်ခါမှမမြင်ဖူးတာ သေချာလေသည်။
သူမသည် ခေါင်းကို စောင်းငဲ့၍ အတွေးနက်နေလေသည်။
ဗလတောင့်တောင့်နှင့်လူကို နဖူးမှခြေဖျားထိ နှစ်ကြိမ်လောက် စေ့စေ့စပ်စပ်ကြည့်ပြီးနောက် မည်သည့်ကောက်ချက်မှ ချနိုင်ခြင်းမရှိဘဲ ကိုယ်တော်ကြွယ်ချမ်းက တည်တံ့စွာ ထုတ်မေးလိုက်ရ၏။
“ဒကာက သင်က ဘယ်အဖွဲ့အစည်းကလဲ”
“ကျုပ်မှာ ဂိုဏ်းလဲမရှိဘူး၊ အဖွဲ့လဲ မရှိဘူး”
ဗလတောင့်တောင့်နှင့်လူက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်၏။
“အောမီတောဖော”
တရားစာများကို ရွတ်ဆို၍ ကိုယ်တော်ကြွယ်ချမ်း၏ အကြည့်က တဖြည်းဖြည်း အေးစက်လာပြီး ပြောလိုက်လေသည်။
“သင်က ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက် ဆိုပါတော့.. ဒီမှာ ကျုပ်စေတနာနဲ့ အကြံပေးလိုက်မယ်.. ဒုဏ္ခမရောက်ချင်ရင် ဒီကိစ္စမှာ ဝင်မပါစမ်းပါနဲ့”
“အို”
ဗလတောင့်တောင့်နှင့်လူက ပြုံးရင်း ရန်စသလို ပြန်ဖြေလိုက်၏။
“ကျုပ်က ဝင်ပါမယ်ဆိုရင်ရော ကိုယ်တော်က ဘာလုပ်နိုင်မှာမလို့လဲ”
“သင့်နောက်က မိန်းကလေးက စင်ကြယ်အပျိုစင်ဂိုဏ်းက မိစ္ဆာတစ်ယောက်ဆိုတာရော သိရဲ့လား.. သူက မျက်တောင်တစ်ချက် မခတ်ဘဲ လူသတ်နိုင်တယ် ပြီးတော့ သူ့လက်မှာ သွေးတွေ အများကြီးက စွန်းထင်းပြီးနေပြီ” တရားဓမ္မစွမ်းအားဖြင့် ကိုယ်တော်ကြွယ်ချမ်း၏ အသံက ပို၍ပို၍ ကျယ်လောင်လာလေသည်။
“ခင်ဗျားလက်တွေကလဲ သွေးတွေအများကြီး စွန်းထင်းထားပြီး မဟုတ်ဘူးလား ကိုယ်တော်”
“ကျုပ်က ဗုဒ္ဓဝါဒီဘုန်းတော်ကြီးကျောင်းက.. သူကတော့ မိစ္ဆာဂိုဏ်းကလေ”
“အဲ့တော့”
သူတို့နှစ်ယောက်က ပါးကိုက်နားကိုက်ပုံစံနှင့် တစ်ယောက်တစ်ခွန်း ပြောဆိုကြပြီးနောက် လေထုက ချက်ချင်း တင်းကျပ်လာကာ သတ်ဖြတ်လိုစိတ်က ပြည့်နှက်လာလေသည်။
သို့သော် ထိုအချိန်တွင် နတ်ဆိုးမကျိသည် သူမ၏ ရင်ထဲမှာ မကြုံစဖူး တည်ငြိမ်မှုကို ခံစားနေရလေသည်။
သူမ၏ ရှေ့က လူ၏ နောက်ကျောက စွမ်းအားကြီးမားပြီး သူမကို မည်သည့်အန္တရာယ်ကနေမဆို ကာကွယ်ပေးနိုင်သည့်အလားပင်။
သူမက မိစ္ဆာဂိုဏ်းက လူတစ်ယောက်.. ဖြစ်နေလျှင်တောင်မှပေါ့။
“ကောင်းတယ် ကောင်းတယ် အေးအေး ကောင်းတယ်ကွာ”
ကိုယ်တော်ကြွယ်ချမ်းက ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။ သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်ချိန်တွင် ရွှေရောင်အလင်းတန်းနှစ်ခုက ပစ်လွှတ်ထွက်လာပြီး သူ့အော်ရာက ထိုးတက်လာလေသည်။
ဗုဒ္ဓကျောင်းတော်၏ လျှို့ဝှက်ပညာရပ်.. စိန်ဒေါမာန်အကြည့် ဖြစ်လေသည်။
မျက်လုံးလျှို့ဝှက်အတတ်များက ကျင့်ကြံသူများ၏ စိတ်အာရုံအပေါ် သက်ရောက်စေနိုင်ရုံသာမက.. သူတို့ကို ထုတ်လွှတ်လိုက်သည်နှင့် တိုက်ခိုက်မှုက ချက်ချင်း ကျရောက်လာပြီး တစ်ဖက်ပြိုင်ဖက်က ခုခံဖို့ရာ ခဲယဉ်းလေသည်။
“သတိထား”
ကိုယ်တော်ကြွယ်ချမ်း၏ မျက်လုံးက တောက်ပသွားသည်ကို နတ်ဆိုးမကျိက သတိထားမိလိုက်ပြီး အော်ဟစ်သတိပေးလိုက်လေသည်။
“မင်းက အဲ့မိန်းကလေးကို ကာကွယ်ချင်မှတော့ မင်းက စိန်ကျောင်းတော်၊ ဗုဒ္ဓဝါဒီကျောင်းတော်တွေနဲ့ ဖြောင့်မတ်မှန်ကန်တဲ့ အင်မော်တယ်ဂိုဏ်းတွေ အကုန်လုံးကို ဆန့်ကျင့်စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ”
ကိုယ်တော်ကြွယ်ချမ်း၏ ပြစ်တင်ဝေဖန်ထိုးနှက်လိုက်၏။ သူ၏ စကားတစ်ခွန်းချင်းစီက လူတစ်ယောက်၏ စိတ်အာရုံထဲကို လေးသံသိပ်သည်းသည့် ခေါင်းလောင်းသံကြီးများလို မြည်ဟည်းသွားစေလေသည်။
အဲ့ဒါက ဗုဒ္ဓဝါဒီကျောင်းတော်များ၏ အတုမရှိသော အသံလျှို့ဝှက်အတတ်.. ခြင်္သေ့ဟိန်းသံဖြစ်လေသည်။
ပုံမှန်အခြေအနေမှာသာဆိုလျှင် လျှို့ဝှက်ပညာရပ်အတတ်နှစ်ခု၏ တိုက်ခိုက်မှု၌ သာမန်ကျင့်ကြံသူများသည် သူတို့၏ မျက်လုံးများက ကျိန်းစပ်နာကျင်ပြီး သူတို့၏ နားထဲမှာ အသံဗလံများက တဝီဝီမြည်နေပေလိမ့်မည်။ ထိုအခါ ကြောက်လန့်တကြားနှင့် သူတို့မှာ ဟာကွက်များက ပေါ်လာပေမည်။
သို့သော်လည်း ဗလတောင့်တောင့်လူ၏ အမူအယာက မပြောင်းမလဲပင် ဖြစ်နေပြီး သူ့မျက်လုံများက သားရဲဆန်ဆန်အလင်းဖြင့် တောက်ပနေလေသည်။
ဝင်ရောက်လာသော အလင်းတန်းနှစ်ခုက လမ်းခုလတ်လေထဲမှာတင် ပျောက်သွား၏။
ဗလတောင့်တောင့်နှင့်လူက လေများကို နက်နက်ရှိုင်းရှိုင်း ရှူရှိုက်လိုက်ရင်း.. သူ့ရင်အုပ်က မို့မောက်တက်လာကာ သူ့ခန္ဓာကိုယ်က လေပူပေါင်းတစ်ခုကဲ့သို့ အနည်းငယ် ပွယောင်းလာလေသည်။
နောက်ခဏ၌ သူ့ပါးစပ်ကို ဖွင့်ထုတ်၍ ကိုယ်တော်ကြွယ်ချမ်းအသံကို တိမ်ဝင်ပျောက်ကွယ်သွားအောင် အော်ထုတ်လိုက်လေသည်။
“တိုက်...”
ဘုန်း..
လေထုက ပြင်းထန်စွာ တုန်ခါသွားလေသည်။
ကိုယ်တော်ချမ်းက သူ့စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ဗလတောင့်တောင့်လူက ဖြတ်အော်လိုက်ပြီး လေအဟုန်က သူ့ရင်ဘတ်ကို လာရောက်ရိုက်ခတ်၍ စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရ၏။ သူ့အော်ရာက ယိုင်နဲ့သွားပြီး သူ့မျက်နှာက ဖြူလျော့လာလေသည်။
သူတို့နှစ်ယောက်က အလွန်တရာ နီးကပ်နေကြပြီး ခြေလှမ်းတစ်လှမ်းနှင့်ပင် ဗလာတောင့်တောင့်လူက ကိုယ်တော်ကြယ်ချမ်းရှေ့သို့ ချက်ချင်း ရောက်ချလာလေသည်။
ဝုန်း..
မြေပြင်ပေါ်သို့ ကြီးမားနက်ရှိုင်းသည့် ခြေရာကြီးက ကျန်ရစ်ခဲ့ပြီး မြေကြီးက တုန်ခါသွားလေသည်။ ဧရာမချိုင့်ခွက်ကြီးနှစ်ခွက်က မြေပြင်ပေါ်မှာ ထင်ကျန်ရစ်ခဲ့ပြီး ရွှံ့များ မြေခဲများက ဖွာလန်ကြဲကုန်လေသည်။
နတ်ဆိုးမကျိသည် တုန်လှုပ်သွားပြီး သူမ၏ ညှို့ငင်ဓါတ်အပြည့်နှင့် နှုတ်ခမ်းက အနည်းငယ် ပွင့်ဟသွားကာ ဖြစ်ပျက်သမျှကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။
ဒီလူက ဘယ်သူလဲဟ..
မူလသွေးမျိုးဆက်တောကောင်များက ဒေါသူပုန်ထပြီး အတင်းပြေးဝင်သွားလျှင်တောင် မြေပြင်အပေါ် ရိုက်ခတ်မှုက သည်လောက် မကြီးမားနိုင်ပေ။
ကိုယ်တော်ကြွယ်ချမ်းနောက်မှာ ရပ်နေသော မူလသွေးမျိုးဆက်တောကောင်လူဝူသည် အစတုန်းက ဘေးကနေသာ အေးစက်စွာ စောင့်ကြည့်နေ၏။ သို့သော်လည်း ယခုအခါ သူသည် ဗလတောင့်တောင့်လူ၏ အော်ရာကို အာရုံခံမိလိုက်ပြီး သားမွေးများ ထောင်ထကာ သူ့ခန္ဓာကိုယ်ကြီးက ပွယောင်းလာလေသည်။
အဲ့ဒါက သားရဲတောကောင်များ အလွန်တရာ အန္တရာယ်များသည့် အခြေအနေနှင့် ကြုံတွေ့ရသည့်အခါ ပြုမူတတ်သော တုံ့ပြန်မှု ဖြစ်လေသည်။
ထိုအချိန်၌ အော်ရာအားဖြင့် ဗလတောင့်တောင့်လူက ကိုယ်တော်ကြွယ်ချမ်းကို အပြတ်အသတ် နင်းခြေခဲ့လေပြီ။
ရွှစ်..
ဗလတောင့်တောင့်လူက သူ၏ လက်ဝါးကြီးကို ဆန့်ထုတ်၍ အထက်စီးကနေ အုပ်မိုး၍ ဆင်းသက်လာကာ ကိုယ်တော်ကြွယ်ချမ်းကို ဖိရိုက်ချလိုက်လေသည်။ ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာက နေရာတစ်ခွင်လုံးကို လွှမ်းခြုံကျရောက်လာလေသည်။
ကိုယ်တော်ကြွယ်ချမ်းသည် စဦးလှုပ်ရှားမှု အရေးနိမ့်သွားပြီး တုန်လှုပ်သွားလေသည်။ သူသည် သို့လှောင်အိတ်ထဲကနေ မည်သည့်လက်နက်ကိုမှ ထုတ်ယူဖို့ အချိန်မရတော့ဘဲ အလွန့်အလွန်ကြီးမားသည့် အားကို သူ့လက်နှစ်ဖက်ကို မြောက်၍သာ ခုခံလိုက်ရလေသည်။
ဘုန်း..
ဗလတောင့်တောင့်လူ၏ လက်ဝါးကြီးက ကိုယ်တော်ကြွယ်ချမ်း၏ လက်ဖျံပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားလေသည်။
ချက်ချင်းပင် ကိုယ်တော်ကြွယ်ချမ်း၏ ခြေနှစ်ဖက်က ဒူးကျော်အောင်ပင် မြေကြီးထဲသို့ နစ်ဝင်သွားလေသည်။
ထိုအချိန်၌ နတ်ဆိုးမကျိသည် မဟာသားရဲကြီးတစ်ကောင်က တစ်လောကလုံးကို မထီမဲ့မြင်ပြုနိုင်သော ခွန်အားနှင့် ယုန်သူငယ်လေးတစ်ကောင်ကို ဖိချေသတ်နေသလို့ မျက်လုံးထဲမှာ မြင်ယောင်လာလေသည်။
ထိုအချိန်၌ စိန်ကျောင်းတော်မှ အရိုက်အရာဆက်ခံသူ၏ အော်ရာက ပျောက်ဆုံးသွားပြီး ဘာမှ အရေးမပါ အရာမရောက်သည့်လူတစ်ယောက်ကဲ့သို့ ဖြစ်လာလေသည်။
ကျွိ.. ကျွိ.. ကျွီ..
နှစ်ဖက်စလုံးက အားပြိုင်နေကြဆဲဖြစ်၏။
သို့သော်လည်း ကိုယ်တော်ကြွယ်ချမ်း၏ ခန္ဓာကိုယ်တွင်းမှ အရိုးများ ရွေ့လျားသံများက ထွက်ပေါ်လာ၏။ သူ့အရိုးများက တကျိကျိ ကြိတ်ခြေ၍ ပြိုကျပျက်စီးတော့မည့်အလားပင်။