← Chapters

ငရဲကိုသာ ပြန်လိုက်တော့

Vol. 29 Ch. 435

ငရဲကိုသာ ပြန်လိုက်တော့

Vol. 29 Ch. 435

ဗလတောင့်တောင့်လူ၏ စွမ်းအားကြီးမားသည့် လက်ဝါးအောက်တွင် ကိုယ်တော်ကြွယ်ချမ်းမှာ မြေကြီးထဲသို့ တူဖြင့် ရိုက်သွင်းခံနေရသော သစ်သားတုံးကြီးလို ဖြစ်လာလေသည်။ ဘယ်ကိုမှလည်း ပြေးလို့ မရနိုင်တော့ဘဲ သူ့အရိုးများက တကျွိကျွိ မြည်လာလေသည်။

အနီးကပ်တိုက်ခိုက်ခြင်းက အရမ်းအန္တရာယ်များပြီး လှုပ်ရှားကွက် တစ်ကွက်နှစ်ကွက်နှင့်ပင် အနိုင်အရှုံးက ဆုံးဖြတ်ပြီးသား ဖြစ်သွားတတ်လေသည်။

ကိုယ်တော်ကြွယ်ချမ်းသည် ရန်သူကို လျှော့တွက်ခဲ့မိပြီး သူ၏ စိန်ဒေါမာန်အကြည့်နှင့် ခြင်္သေ့ဟိန်းသံတို့က တန်ပြန်ဝိပါက်နှင့်တွေ့ကာ ဗလတောင့်တောင့်လူက စဦးလှုပ်ရှားမှုမှာတင် အသာစီး ရယူသွားခဲ့လေသည်။

သူ၏ အမှားတစ်ချက်က သူ့ကို သည်အခြေအနေသို့ တွန်းပို့လိုက်လေသည်။

ယခုအခါ ကိုယ်တော်ကြွယ်ချမ်းသည် မြေကြီးထဲမှာ နစ်ဝင်၍ မလှုပ်မယှက်နိုင်တော့ဘဲ သူ့လက်ဝါးနှစ်ဖက်ဖြင့် မြေကြီးကို တွန်း၍ တောင့်ခံနေရပြီး အပေါ်ကနေ ဆူဇီမိုက အုပ်မိုး၍ ဖိထားလေသည်။

ယခုအချိန် ကိုယ်တော်ကြွယ်ချမ်းမှာ ဘယ်လိုနည်းစနစ်တွေ ဘယ်လောက်ရှိရှိ သူက အဲ့ဒါတွေကို ထုတ်မသုံးနိုင်တော့ပေ။

အဲ့ဒါက တစ်ကယ့်ကို ခွန်အားသက်သက် ယှဉ်ပြိုင်ရတာ ဖြစ်သွားလေပြီ။

ကိုယ်တော်ကြွယ်ချမ်းက အာရုံတစ်ချက် ပျက်ယွင်း၍ သူ့ခွန်အားအပေါ် အာရုံမစိုက်နိုင်လိုက်လျှင် ဗလတောင့်တောင့်လူ၏ လက်ဝါးကြီးကို သူ့ကို အသားပြားဖြစ်သွားအောင် ဖိချေလိုက်မည်ဖြစ်ပြီး အလောင်းတောင် အကောင်းပကတိ ကျန်တော့မည် မဟုတ်ပေ။

နတ်ဆိုးမကျိပင်လျှင် ကြောင်အသွားရ၏။

ဒီလူရဲ့ နောက်ခံက ဘာပါလိမ့်..

စိန်ကျောင်းတော်မှ အရိုက်အရာဆက်ခံသူကိုတောင် နေရာကနေ နည်းနည်းလေးမှ မရွေ့နိုင်အောင် ဖိချုပ်ထားနိုင်လေသည်။

ဗလတောင့်တောင့်လူက ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ချီးကျူးလိုမှုက ပေါ်လာလေသည်။

“အင်း မင်းက ဒါကိုတောင် တောင့်ခံနိုင်တယ်ဆိုတော့ မဆိုးဘူးပြောရမယ်.. တစ်ကယ်ပဲ စိန်ကျောင်းက အထင်ကြီးလောက်ပါပေရဲ့”

နတ်ဆိုးမကျိသည် လျှာကိုက်မိသွား၏။

သူ့လေသံက အရမ်းကို မောက်မာ ဇောင်းကြွလွန်းနေတယ် မဟုတ်ဘူးလား..

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဘယ်ကျင့်ကြံသူကများ စိန်ကျောင်းတော်က အရိုက်အရာဆက်ခံသူကို ထိုလေသံမျိုးနှင့် ပြောနိုင်ပါမည်နည်း..

အထူးဆန်းဆုံးအရာမှာ ဗလတောင့်တောင့်လူက ဟန်ဆောင်ပန်ဆောင် ပြောနေပုံမျိုး မဟုတ်ဘဲ သူ့ရင်ထဲကနေ စိတ်ရင်းနှင့် ပြောနေသလိုပင်။

တစ်ကယ်တော့ ပို၍ ကြောက်စရာကောင်းသည့်အချက်မှာ ထိုအချိန်၌ ကိုယ်တော်ကြွယ်ချမ်းသည် သူ့၏ နောက်ဆုံးအကန့်အသတ်ထိ ခွန်အားကို ဖျစ်ညှစ်ထုတ်၍ အာရုံစူးစိုက်ကာ တောင့်ခံနေရ၏။ သူသည် နည်းနည်းလေးမှ စိတ်မလျှော့ချရဲသလို အသက်တောင် ပြင်းပြင်းမရှူဝံ့ပေ။

သို့သော်လည်း ဗလတောင့်တောင့်နှင့်လူက ပုံမှန်လေသံနှင့်ပင် အေးအေးဆေးဆေး စကားပြောနေနိုင်သေး၏။

ပြောရမည်ဆိုလျှင် လက်ရှိသုံးနေသည်က သူ၏ ခွန်အားကုန် မဟုတ်သေးဘဲ သူ့မှာ ခွန်အားအပို ရှိနေသေးလေသည်။

ဗလတောင့်တောင့်နှင့်လူက ပုံပန်းသွင်ပြင်နှင့် ရုပ်ရည်ကို ပြောင်းလဲထားသော ဆူဇီမိုပင် ဖြစ်လေသည်။

ဖန်သားနန်းတော်က ဖေးချွန်ယွီကိုတောင် အနိုင်ယူထားသည့်သူ ဖြစ်တာကြောင့် သူက ထိုသို့ပြောဖို့ရာ သေချာပေါက် အဆင့်မီလေသည်။

ဆူဇီမိုသည် ဒွာရရှင်းလင်းခြင်းအပိုင်းတွင် စဦးကျွမ်းကျင်တတ်မြောက်မှုကို ရရှိပြီးနောက် သူ၏ အမြင်အာရုံနှင့် အကြားအာရုံက အလွန်တရာ ထက်ရှအားကောင်းလာလေသည်။

ကိုယ်တော်ကြွယ်ချမ်း၏ စိန်ဒေါမာန်အကြည့်နှင့် ခြင်္သေ့ဟိန်းသံတို့က သူ့စိတ်အာရုံအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်တော့ပေ။

ကိုယ်တော်ကြွယ်ချမ်း၏ မျက်လုံးထဲတွင် ရှက်ရွံ့မှုက ပေါ်လာလေသည်။

သူသည် စိန်ကျောင်းတော်မှ အရိုက်အရာဆက်ခံသူတစ်ယောက်အနေနှင့် ထိုကဲ့သို့ အရှက်ခွဲခံရမှုနှင့် ဖိနှိမ်ခံရခြင်းတို့ကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။

ဆူဇီမို၏ စီးပိုးလွန်းသော အပြောအဆိုက ကိုယ်တော်ကြွယ်ချမ်း၏ ဒေါသကို လုံးဝ ထိုးဆွပေးလိုက်လေသည်။

“ဒီလောက်လေးနဲ့ မင်းက ငါ့ကို နိုင်ပြီလို့ ထင်နေတယ်ပေါ့”

ကိုယ်တော်ကြွယ်ချမ်းက အံ့ကို အတင်းကြိတ်၍ သူ့မျက်လုံးများက ရွှေရောင်ဖြင့် တဖြည်းဖြည်း လဲ့လာပြီး သွားကြားက လေသံနှင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဘယ်မှာမှ ရှာမတွေ့သော ခန္တီတရား.. ငြိမ်သက်သောစိတ်ကို ဆင့်ကဲ့ပြောင်းလဲစေ..”

ချွမ်..

သူသည် ထိုသို့ ပြောနေရင်း ကိုယ်တော်ကြွယ်ချမ်း၏ ရင်အုပ်ထဲမှ သတ္တုဆန်ဆန် အသံတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

ကျောက်တောင်များကို ထိုးဖောက်နိုင်သော ဖျက်ဆီးမရသည့် စွမ်းအားတစ်ခုလိုမျိုး ကိုယ်တော်ကြွယ်ချမ်း၏ ရင်အုပ်ထဲမှ စွမ်းအားတစ်ခုက ရုန်းကန်ထွက်လာလေသည်။

စောစောက သတ္တုဆန်ဆန်အသံက ကိုယ်တော်ကြွယ်ချမ်း၏ နုလုံးခုန်သံမှ လာခြင်းဖြစ်ကြောင်း ဆူဇီမိုသည် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့လေသည်။

ထိုအသံ ထွက်လာပြီးနောက် ကိုယ်တော်ကြွယ်ချမ်း၏ မျိုးဆက်သွေးက ရုန်းကြွလာပြီး သူ့ခွန်အားက သိသိသာ တိုးပွားလာကာ ယိမ်းယိုင်နေသော သူ့ခန္ဓာကိုယ်က ချက်ချင်း တည်ငြိမ်လာလေသည်။

“အမ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများက ဝင်းလက်သွား၏။

“စိတ်ဝင်စားဖို့ကောင်းသားဟ”

နတ်ဆိုးမကျိက အလောတကြီး လှမ်းအော်လိုက်၏။

“သတိထား.. အဲ့ဒါ စိန်ကျောင်းက လျှို့ဝှက်ကျမ်းစာတွေရဲ့ အနှစ်သာရ.. စိန်သုတ္တန်ပဲ။”

ချွမ်..

နောက်ထပ် နုလုံးခုန်သံက ထွက်ပေါ်လာပြီး နတ်ဆိုးမကျိ၏ စကားသံကို ဖြတ်တောက်ပစ်လိုက်လေသည်။

သည်တစ်ကြိမ်တွင်တော့ သတ္တုဆန်ဆန်အသံက ပို၍ ကျယ်လောင်ရှင်းလင်းလာပြီး ပို၍ စူးရှလာကာ သက်ရှိအားလုံးကို ထိုးဖောက်ဖျက်ဆီးတော့မည်ကဲ့သို့ပင်။

ပြဒါးသွေးရည်..

အဲ့ဒါက မျိုးဆက်သွေးစွမ်းအား၏ အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်လေသည်။

သူ့ထက်မြင့်သော အရာမှာ ဒဏ္ဍာရီလာ ဆူနာမီသွေးသာ ရှိတော့လေသည်။

ကိုယ်တော်ကြွယ်ချမ်း၏ ခွန်အားက သိသိသာသာ တိုးပွားလာပြီး ဆူဇီမို၏ လက်ဝါးကို ပြန်လှန်တွန်းလိုက်၏။ သူ့အော်ရာက မြင့်တက်လာကာ သူ့မျက်လုံးများက သဲကြီးမဲကြီးဖြင့် တောက်ပလာလေသည်။

နတ်ဆိုးမကျိက ဆက်ပြောလေသည်။

“စိန်နှလုံးသားက တစ်ကြိမ်ခုန်တိုင်း ခြင်ဆီသွေးနဲ့ ရိုးရိုးသွေးနဲ့က လဲလှယ်ပြီး သူ့အရွတ်နဲ့ အရိုးတွေက သန့်စင်ကြံ့ခိုင်လာလိမ့်မယ်”

ချွမ်.. ချွမ်.. ချွမ်..

ထိုအချိန်မှာပင် ကိုယ်တော်ကြွယ်ချမ်း၏ စိန်နှလုံးက ပို၍ ကြောက်စရာကောင်းအောင် ခုန်လာပြီး သူ့ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုများက ပို၍ ပို၍ မြန်ဆန်လာလေသည်။

ရွှစ်..

ခဲပြဒါးအသံများက အတောမသတ် ထွက်ပေါ်လာလေသည်။

“ဒကာလေး.. လက်ဝါးတစ်ချက်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ မင်းကိုယ်မင်း သွေးနားထင်ရောက်နေတာ အရမ်းရိုးတာပဲ”

ကြွယ်ချမ်း၏ ခန္ဓာကိုယ်က ရွှေရောင်အလွှာဖြင့် လွှမ်းခြုံထားသလို တလက်လက် တောက်ပဝင်းလဲ့လာလေသည်။

“ခွိ..”

ဆူဇီမိုက ရယ်လိုက်၏။

ဒုန်..

ကောင်းကင်ဗုံကြီးကို တီးခတ်လိုက်သလို အားမာန်ပြင်းထန်သော ဟိန်းသံက ရုတ်တရက် မြည်ဟည်းလာလေသည်။

ထိုအသံက ကိုယ်တော်ကြွယ်ချမ်း နှလုံးခုန်သံကို ဖိနှိမ်နိုင်လုနီးပါးပင်။

ဟင်း..

ကိုယ်တော်ကြွယ်ချမ်း၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။

သူက ဆူဇီမိုနှင့် မျက်နှာချင်းဆိုင် ရှိနေသောကြောင့် ထိုအသံက တစ်ဖက်လူ၏ ရင်အုပ်ထဲမှ ထွက်လာခြင်းဖြစ်ကြောင်း သူကောင်းကောင်းသိလေသည်။

ရုတ်တရက် သူသည် မသက်မသာ ခံစားလာရ၏။

ကိုယ်တော်ကြွယ်ချမ်းသည် သိပ်အများကြီး စဉ်းစားနေဖို့ အချိန်မရဘဲ သူ့လက်နှစ်ဖက်ကို အပေါ်သို့ ဖိလှန်တွန်းတင်လိုက်လေသည်။ သူ့မျိုးဆက်သွေးစွမ်းအားက နောက်ဆုံးအကန့်အသတ်ထိ ထိုးတက်လာပြီး သူ့ခြေထောက်နှစ်ဖက်ဆီသို့ ခွန်အားကို တွန်းပို့ကာ ဆူဇီမို၏ ဖိနှိမ်ထားခြင်းမှ ရုန်းထွက်လိုက်လေသည်။

ကိုယ်တော်ကြွယ်ချမ်းက ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်၏။

“ပြိုပျက်စမ်း”

ဝေါ.. ဝုန်း.. ဝုန်း..

ရုတ်တရက် ဆူဇီမို၏ ခန္ဓာကိုယ်တွင်းမှ တဝုန်းဝုန်း တဝေါဝေါ အသံများက ထွက်ပေါ်လာ၏။ ကြီးမားသည့် လှိုင်းလုံးကြီးများက အားပါပြင်းထန်စွာနှင့် ကမ်းခြေကို ရိုက်ခတ်လာသလိုပင်။

ဆူဇီမိုရှေ့တွင် ကိုယ်တော်ကြွယ်ချမ်းသည် ပုံရိပ်ယောင်များကို မြင်ယောင်လာသလို ခံစားလာရလေသည်။

သူက လှေငယ်လေးတစ်စင်းဖြစ်သွားပြီး ဒေါသထွက်နေသော ပင်လယ်ပြင်အလယ်မှာ အချိန်မရွေး နစ်မြုပ်ပျောက်ကွယ်ရတော့မည်ကဲ့သို့ပင်။

အဲ့ဒါက လူသားတစ်ယောက်၏ ခွန်အားမဟုတ်..

ကမ္ဘာလောက၏ စွမ်းအားဖြစ်လေသည်။

“ဆူနာမီသွေး..”

ကြားရ‌သော အသံများကြောင့် နတ်ဆိုးမကျိ၏ နားက လှုပ်ခါသွားပြီး အံ့အားသင့် တုန်လှုပ်သွားလေသည်။

သမိုင်းတစ်လျှောက်မှာ.. သွေးစွမ်းအား၏ နောက်ဆုံးအကန့်အသတ်က ဆူနာမီသွေးအဆင့်ဟု သိထားကြလေသည်။

ထိုအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်သည့် ကျင့်ကြံသူကား အလွန့်အလွန်ကို ရှားပါးလှလေသည်။

သည့်အရင်က သူမသည် တစ်ယောက်တော့ တွေ့ဖူးလေသည်။

အဲ့တုန်းက မြေအောက်ထဲတွင် ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်၏ တည်ရှိမှုဖြင့် ထိုလူက တစ်ယောက်တည်းနှင့် မိစ္ဆာအမွေခံသူငါးယောက်ကို လွှမ်းမိုးခြယ်လှယ်ပြတ်သားစွာနှင့် အနိုင်ယူနိုင်ခဲ့လေသည်။

နှစ်များစွာ ကြာခဲ့တာတောင် ထိုမြင်ကွင်းက မနေ့တနေ့ကလို သူမ၏ မှတ်ဉာဏ်အနက်ပိုင်းထဲမှာ စွဲမြဲစွာ ထင်ကျန်နေလေသည်။

သူမ ဘယ်လိုပဲကြိုးစားကြိုးစား နတ်ဆိုးမကျိသည် ဗလတောင့်တောင့်လူကို သူမ၏ မှတ်ဉာဏ်ထဲက ထိုအစိမ်းရောင်ဝတ်လူနှင့် ဆက်စပ်ကြည့်လို့ မရပေ။

“ငရဲကို ပြန်သွားလိုက်တော့”

ဆူဇီမို၏ အမူအယာက တည်ငြိမ်နေပြီး သူ့လေသံက ပုံမှန်ပင်။ သို့သော်လည်း သူ့မျိုးဆက်သွေးများကတော့ ကြောက်စရာကောင်းလောက်အောင် ရုန်းကြွလာလေသည်။

သူ၏ လက်ပေါ်ရှိ ကြွက်သားများက သွေးများဖြင့် ပြည့်လာပြီး သွေးကြောများက ဖောင်းကြွလာကာ သူ့လက်ဝါးကြီးက ကိုယ်တော်ကြွယ်ချမ်း၏ လမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်၍ အုပ်မိုးကာ ရက်ရက်စက်စက် တစ်ဖန်ပြန်ဖိချလိုက်လေသည်။

“အီး”

ကိုယ်တော်က ခပ်အုပ်အုပ် အသံပြု၍ သူ၏ စိန်နှလုံးသားစွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ ခုန်တက်လိုက်၏။ သို့သော် သူသည် ဆူဇီမို၏ လက်ဝါးကြီးကို ဖောက်ထွက်နိုင်ခြင်းမရှိဘဲ တစ်ဖန် ပြန်ဖိချခံလိုက်ရလေသည်။

ကိုယ်တော်ကြွယ်ချမ်း၏ လက်ပေါ်မှ ရွှေရောင်အလင်းက မှိန်ကျသွားလေသည်။

ဖောက်..

သူ့အသားက သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားလေသည်။

ကိုယ်တော်ကြွယ်ချမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တသိမ့်သိမ့် တုန်ခါသွားပြီး သူ့ကျောရိုးက ကိုင်းညွှတ်ကျကာ မြေကြီးပေါ်သို့ ဒူးထောက်လုမတတ် ဖြစ်သွားလေသည်။

ကောင်းကင်က ပြိုကျ၍ သူ့ကို ဖျက်ဆီးတော့မည့်အလား.. တောင်တန်းကြီးတစ်ခုလုံးက သူ့အပေါ် ပိကျလာသလို့ ခံစားလိုက်ရလေသည်။

All Chapters