← Chapters

သူက မသိမ်းပိုက်ချင်တော့ဘူး…

Vol. 44 Ch. 656

သူက မသိမ်းပိုက်ချင်တော့ဘူး…

Vol. 44 Ch. 656

ချောက်နက်ပင်လယ်သည် မည်သည့်အသံမှမကြားရတော့သည်အထိ တိတ်ဆိတ်သွားသည်။

ထိုနေရာသည် ကျောက်ရှာပြည်နယ်၏ အတွင်းပိုင်းထဲမှ တသီးတခြားတည်ရှိနေသောနေရာဖြစ်၍ လူသူအရောက်အပေါက် နည်း၏။ ထို့အပြင် နေအကြွင်းအကျန်၏ အသက်ဓာတ်အား တိုးမြှင့်ရန်အတွက် နတ်ဘုရားလက်ချောင်းသည် နေရာတိုင်းကိုသွားရောက်ပြီး မျိုးနွယ်ခြားများကို ဖမ်းဆီးခဲ့သောကြောင့် အနီးနားပတ်ဝန်းကျင်တွင် မည်သည့်သက်ရှိမှမရှိတော့ပေ။

ထို့မျှတင်မကပေ။ နေအကြွင်းအကျန်၏ ပေါက်ကွဲမှုနှင့် နတ်ဘုရားလက်ချောင်း၏ တည်ရှိမှုကြောင့် ထိုဧရိယာတစ်ဝိုက်တွင် မခန့်မှန်းနိုင်အောင် ပေါများသော ဓာတ်နှောများဖြင့် ပြည့်နှက်နေလေသည်။ ထိုဧရိယာသည် တားမြစ်နယ်မြေတစ်ခုသို့ ပြောင်းသွားရန် လက္ခဏာတချို့ပင် ရေးတေးတေး ပြလာချေ၏။

ခေါင်းကြီးနှင့် ကျောက်တုံးခြင်္သေ့သည်ပင် နတ်ဘုရားလက်ချောင်း၏ စွမ်းအင်အတတ်အကျအောက်မှာ အလွန်အမင်း နှေးကွေးစွာ ပြန်လည်ရှင်သန်လာ၏။ ယခုထိ သူတို့သည် အပိုင်းပိုင်းအစစ အခြေအနေမှာသာ ရှိနေကြသေးပြီး အကောင်းတိုင်း ပြန်မဖြစ်ကြသေးချေ။

ပန်းချီကားမျိုးနွယ်အဖိုးအို ဝင်သွားသော ပန်းချီကားထဲတွင် လူဦးရေသည် ငါးယောက်အောက်သာ ကျန်ရှိတော့သည်။

ဝါးမျိုခြင်းသည် ဆက်လက်ဖြစ်ပွားနေသည်။

သို့ဖြစ်၍ အသွေးအသားတောင်ကုန်းထဲမှ ထူးဆန်းသော အဖြစ်အပျက်ကို မည်သူမှသတိမပြုမိကြချေ။

နတ်ဘုရားလက်ချောင်းမှ ဖြစ်ပေါ်လာသော အသွေးအသားတောင်ကုန်းသည် မြန်ဆန်စွာ လူးလွန့်လာသည်။ ရွှီချင်းသည် ထိုတောင်ကုန်း၏ လွှမ်းခြုံခံလိုက်ရသည်။

နတ်ဘုရားလက်ချောင်းမှ အသွေးနှင့်အသားသည် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရှိနေသည်။ ယခု သူတို့က သူ၏ ခန္ဓာကိုယ်ထဲသို့ အစဉ်မပြတ် စီးဝင်လာနေသည်။ ပြင်းထန်သော နာကျင်မှုသည် ရွှီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ဒီရေအလား ပေါက်ကွဲထွက်လာသည်။

သူသည် အသက်ရှင်လျက် အပိုင်းပိုင်းခုတ်ထစ်ခံနေရသည့်ပမာ ခံစားနေရသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် ဆက်လက်တုန်ယင်လာသည်။ သို့သော်လည်း မည်မျှသူခုခံပါစေ ယင်းက အချည်းနှီးသာဖြစ်၏။ အပြင်ဘက်မှ သူ၏ ကိုယ်တွင်းထဲသို့ တိုးဝင်လာနေသော အသွေးအသားကို သူမရပ်တန့်နိုင်ပေ။ ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားလေရာ ရွှီချင်းကို လွှမ်းခြုံသွားသော အသွေးအသားတောင်ကုန်းသည် ဖြည်းဖြည်းချင်း စတင်ကျုံ့လာသည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းရန် အချိန်ကြာပြီးနောက် အသွေးအသားတောင်ကုန်းမှ တစ်ဝက်ခန့်သည် ပျောက်ကွယ်သွားပြီး ရွှီချင်း၏ ပုံရိပ်သည် အနည်းအကျဉ်း ထွက်ပေါ်လာသည်။ သူ၏ အမူအရာသည် ရှုံ့မဲ့နေပြီး မျက်နှာပေါ်တွင် အဆုံးမဲ့နာကျင်မှုတို့ အတိုင်းသားထွက်ပေါ်နေသည်။

ထိုမျှဖြင့်မပြီးသေးပေ။ အသွေးအသားသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အပေါက်များထဲသို့ အရူးအမူး ဆက်လက်ထိုးဖောက်နေသည်။

နောက်ထပ် အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးသွားပြီးနောက် ရွှီချင်း၏ ပုံရိပ်သည် ပိုပြီးရှင်းလင်းလာသည်။ ထိုအခိုက်အတန့်တွင် တောင်ကုန်းသဖွယ် အသွေးအသားပုံသည် ပမာဏတချို့သာလျှင် ကျန်ရှိတော့သည်။ ယင်းက မရေမတွက်နိုင်သော အသားအမျှင်များသို့ ပြောင်းလဲသွားပြီး ရွှီချင်း၏ နဖူးထဲသို့ ဖြည်းဖြည်းချင်း တွားသွားဝင်သွားကြသည်။

မကြာမီ ယင်းက ပျောက်သွားသည်။

ရွှီချင်းသည် ကျောက်ရုပ်သဖွယ် မလှုပ်မရှားရှိနေသည်။ သူ၏ အမူအရာသည် အလွန်ပြင်းထန်သော နာကျင်မှုကြောင့် အေးခဲသွားပြီး အပြင်လောကမှ သူ၏ အသိအမြင်အားလုံးကို ဆုံးရှုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲကို နတ်ဘုရားလက်ချောင်း၏ အသွေးအသားက လုံးလုံးဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

သူ၏ မရီဒျန်များ၊ အသွေးအသား၊ သွေးနှင့် အရိုးများတွင် ထိုအသားမျှင်များသည် နေရာတိုင်းမှာ ရှိနေကြသည်။ သူတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော ဒြပ်နှောများကို ထုတ်လွှတ်နေကြသည်။ သူတို့က ရွှီချင်း၏ ခန္ဓာကိုယ်ကို သူတို့နေထိုင်နိုင်ရန် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုဖြစ်လာရန် ပြုပြင်မွမ်းမံနေခြင်း ဖြစ်သည်။

ရွှီချင်း၏ ရင်ဘက်ပေါ်မှ ခရမ်းသလင်းကျောက်သည် ခရမ်းအလင်းကို ထုတ်လွှတ်နေဆဲဖြစ်သော်လည်း ထိုအလင်း၏ သက်ရောက်မှုသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ကုသနိုင်ရုံမျှသာ လုပ်ဆောင်ပေးနိုင်၏။ ယင်းက နတ်ဘုရားအသွေးအသား၏ ပြုပြင်မွမ်းမံခြင်းကို ခုခံတားဆီးနိုင်စွမ်း မရှိပေ။

အတိအကျဆိုရလျှင် ထိုပြန်လည်ကုသခြင်းအစွမ်းက နတ်ဘုရားလက်ချောင်း၏ ပြုပြင်မွမ်းမံခြင်းကို အနည်းငယ် ပိုအဆင်ချောသွားရန်ပင် ပြုလုပ်ပေးနေ၏။

မည်သည့်ဒဏ်ရာမျိုးမဆို အလျှင်အမြန် ပြန်ကောင်းလာလိမ့်မည်။

သို့ကြောင့် နတ်ဘုရားလက်ချောင်းမှ အသားအမျှင်များသည် ခရမ်းသလင်းကျောက်ကို အရေးမထားကြပေ။ ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ သူတို့ ဆက်လက် ကျူးကျော်ဝင်ရောက်လာသည်နှင့်အမျှ ရွှီချင်း၏ အသွင်အပြင်သည် စတင်ပြောင်းလဲလာသည်။

ထိုမြင်ကွင်းသည် အလွန်ထူးဆန်းသည်။ ပို၍ထူးဆန်းသည်မှာ အသွေးအသားလက်တံများသည် ပျံ့နှံ့သွားပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်တွင် အလျှင်အမြန် ယှက်ထွေသွားနေသည်။

သူ၏ မရီဒျန်များနှင့် သွေးကြောများသည် ထိုအသားအမျှင်များ၏ ရစ်ပတ်ခံလိုက်ရသည်။ ထိုဖြစ်စဉ်သည် စောစောတုန်းက ပန်းချီကားမျိုးနွယ်အဖိုးအို  ပန်းချီဆွဲနေပုံနှင့် တူညီသည်။

နတ်ဘုရားလက်ချောင်းသည် အဖိုးအို ပန်းချီဆွဲနေပုံကို ဘေးကနေ လေ့လာထားသည့်အလား မည်သို့ပန်းချီဆွဲရမည်ကို သိနေသည်။ ယခု သူ၏ အသားလက်တံများသည် စုတ်တံတစ်ချောင်းသဖွယ် ဖြစ်လာပြီး သူကိုယ်တိုင်က ပန်းချီအတွက်လိုအပ်သော ပစ္စည်းများ ဖြစ်လာသည်။

ထိုသို့ဖြင့် ပေထောင်ပေါင်းများစွာ ရှည်လျားသော ခန္ဓာကိုယ်တစ်ခုသည် ထိုအသားလက်တံများ၏ ရေးဆွဲမှုကြောင့် တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။

နတ်ဘုရားလက်ချောင်းက ရွှီချင်း၏ ခန္ဓာကိုယ်ကို သူ၏ ပင်မအမြူတေအဖြစ် အသုံးပြုချင်နေပြီး အပြင်ကိုယ်ထည်တစ်ခုကို ပုံသွင်းနေခြင်းဖြစ်သည်မှာ ရှင်းလင်း၏။

အချိန်ကုန်သွားသည်နှင့်အမျှ အပြင်ကိုယ်ထည်သည် အသွေးအသားဖြင့် ပိုပြီးပြည့်နှက်လာသည်။ အရိုးများသည် ဖြစ်ပေါ်လာကြပြီး အသွေးအသား၏ ဖုံးလွှမ်းခြင်းခံလိုက်ရသည်။ မရေမတွက်နိုင်သော အသားလက်တံများသည် လှုပ်ယမ်းသွားကြပြီး ခြေလက်များအဖြစ် စုစည်းသွားကြသည်။ ထို့နောက် ယင်းတို့သည် ပန်းပွင့်များသဖွယ် အပေါ်သို့ ဆက်လက်ပျံ့ပွားသွားကြပြီး အတူတကွ ရစ်ပတ်သွားကြကာ လည်ပင်းတစ်ခု ဖြစ်လာသည်။

ဦးခေါင်းတစ်ခုသာလျှင် ကျန်တော့သည်။ အခေါင်းပေါက်ဖြစ်နေသော အပြင်ကိုယ်ထည်မှတဆင့် အသားလက်တံများသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပိုပြီးများပြားစွာ တိုးထွက်လာနေကြကြောင်း မြင်နိုင်လိမ့်မည်။

နောက်ဆုံးမှာတော့ ထိုအသားလက်တံများသည် လူးလွန့်သွားပြီး ဦးခေါင်းတစ်ခု ဖြစ်ပေါ်လာသည်။

သူ၏ မျက်နှာအသွင်အပြင်သည်လည်း စတင်ထွက်ပေါ်လာသည်။ သူ၏ အသွင်အပြင်သည် ရွှီချင်း၏ မျက်နှာနှင့် အတော်လေး တူညီသည်။

တစ်နာရီကြာပြီးနောက် အပြင်ကိုယ်ထည်သည် ပြီးစီးသွားသည်။ ခန္ဓာကိုယ်ပေါ်မှ အခေါင်းပေါက်များသည် လျှင်မြန်စွာ ပျောက်ကွယ်သွားနေကြပြီး ထိုနေရာတွင် အသွေးအသားနှင့် အရေပြားက ဖြစ်ပေါ်လာသည်။

နောက်ဆုံးအခေါင်းပေါက်က အပြီးတိုင် ပျောက်ကွယ်သွားသောအခါ ပေသုံးထောင်ကျော် ရှည်လျားသော ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခုသည် ချောက်နက်ပင်လယ်ထက်တွင် ထွက်ပေါ်လာသည်။

ခန္ဓာကိုယ်သည် တောင့်တင်းကျစ်လစ်ပြီး ကျယ်ပြောသော ပခုံးနှစ်ဖက်အပြင် အချိုးအစားလိုက်ဖက်ညီသော ကြွက်သားအပြည့်ရင်ဘက် ရှိသည်။ သူ၏ အသွင်အပြင်သည် မိစ္ဆာဆန်ပြီး သူ၏ တစ်ကိုယ်လုံးမှ အစွန်းရောက် နတ်ကျက်သရေကို ထုတ်လွှတ်နေသည်။

ထိုခန္ဓာကိုယ်ပေါ်မှ ဆံပင်သည် အနက်ရောင်မဟုတ်ပေ။ ခရမ်းရောင် ဖြစ်သည်။

ထိုအခိုက်အတန့်မှာ ခရမ်းရောင်ဆံပင်သည် လေတိုးဝှေ့မှုကြောင့် တဖျပ်ဖျပ်လှုပ်ခတ်သွားပြီး ခန္ဓာကိုယ်ကို ပို၍မိစ္ဆာဆန်သွားစေသည်။ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအစွမ်း ပျံ့နှံ့ထွက်လာသည်နှင့် နတ်ဘုရားစိတ်ဆန္ဒသည် ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်ထွက်သွားသည်။ ယင်းက သူ့အား မြင်သည့်လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေရန် ပြုလုပ်နိုင်စွမ်း ရှိသည်။

ယင်းသည် နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ဖြစ်သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ လေတိုက်ခတ်မှုကြောင့် တဖျပ်ဖျပ်လှုပ်ခတ်နေသော ခရမ်းရောင်ဆံနွယ်များမှလွဲ၍ ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကမှ လှုပ်ရှားခြင်းမရှိပေ။ သူ၏ မျက်ခွံများပင် ပိတ်ထားသည်။

အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်လိုအပ်နေသောကြောင့် ဖြစ်သည်။

နတ်ဘုရားလက်ချောင်းသည် သူ့အတွက် သင့်လျော်သော ခန္ဓာကိုယ်တစ်ခုကို တည်ဆောက်ပြီးသည်နှင့် နောက်ဆုံးအဆင့်ကို တစ်ခါတည်း ဆက်လက်လုပ်ဆောင်ချင်သည်။ ယင်းက သိမ်းပိုက်ခြင်း ဖြစ်သည်။

သူက ရွှီချင်း၏ ဝိညာဉ်ကို ဝါးမျိုပြီး သူ၏ နတ်ဘုရားအသိစိတ်ကို ဤခန္ဓာကိုယ်အတွက် ဝိညာဉ်အဖြစ် ပြောင်းလဲပစ်ချင်သည်။ သို့မှသာလျှင် သူက ဤခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်လိမ့်မည်။

အကယ်၍ သူ၏ အစီအစဉ်သာ အောင်မြင်သွားမည်ဆိုလျှင် သူက နတ်ဘုရားကိုယ်ပွား၏ လက်သန်းတစ်ချောင်းမှ အဆုံးမဲ့အလားအလာရှိသော နတ်ဘုရားအသစ်တစ်ပါးသို့ ပြောင်းလဲသွားလိမ့်မည်။

ယင်းသည် သူ၏ အိမ်မက်ဖြစ်သည်။ တစ်ချိန်တည်းမှာ ပန်းချီကားမျိုးနွယ်အဖိုးအို၏ အိမ်မက်သည် သူ့နေရာတွင် အစားထိုးဝင်ရန် ဖြစ်သည်။

ဤအခိုက်အတန့်မှာ ထိုအိမ်မက်သည် တစ်ဝက်ကျော်ကျော် ပြီးစီးနေပြီ ဖြစ်သည်။ ဝိညာဉ်ကို ဝါးမျိုခြင်းဟူသော နောက်ဆုံးအဆင့်သာလျှင် ကျန်ရှိတော့ခြင်း ဖြစ်သည်။ သူ့အတွက် သေမျိုးများ၏ ဝိညာဉ်ကို ဝါးမျိုရန် စက္ကန့်ပိုင်းမျှသာ အချိန်လိုသည်။ မည်သို့ဖြစ်စေ သူက အခြေခံအားဖြင့် နတ်ဘုရားတစ်ပါး မဟုတ်ပါလော။

နောက်အခိုက်အတန့်မှာ ဤခန္ဓာကိုယ်ထဲမှ နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် အတူတကွ စုဝေးသွားပြီး ရွှီချင်း၏ အသိစိတ်ပင်လယ် အတွင်းပိုင်းထဲမှ ဝိညာဉ်ဆီသို့ ဦးတည်သွားသည်။

ရွှီချင်း၏ မူးဝေနေသော ဝိညာဉ်သည် ပြင်းထန်သော အအေးဓာတ်နှင့် မကောင်းဆိုးဝါးစိတ်ဆန္ဒတစ်ခုကို အာရုံခံမိသွားသည်။ သူသည် ရုန်းကန်နိုင်ခြင်း မရှိတော့သော်လည်း သူ၏ တိုက်ပွဲစိတ်ဆန္ဒမီးတောက်က မငြိမ်းသတ်သွားသေးပေ။

သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်တိုင်၊ သူ၏ နတ်ဘုရားအသိစိတ်ကို မထိန်းချုပ်နိုင်တော့သည့်တိုင်၊ အပြင်လောကမှ သူ၏ အသိအမြင်ကို ဆုံးရှုံးသွားခဲ့သည့်တိုင် ရူးမိုက်သော အတွေးတစ်ခုသည် ရွှီချင်း၏ စိတ်ထဲသို့ တိုးဝင်လာသည်။

“ အတိတ်မှာ အရိပ်လေးက ငါ့ထက် အများကြီး ပိုအစွမ်းထက်တယ်… သူ့ရဲ့ သိမ်းပိုက်တာက ငါခုခံတားဆီးနိုင်တဲ့အရာ မဟုတ်ဘူး… အဲ့ဒီလိုပဲ လက်ရှိငါက နတ်ဘုရားလက်ချောင်းရဲ့ သိမ်းပိုက်တာကို လုံးဝမခုခံနိုင်ဘူး ”

“ ခရမ်းသလင်းကျောက်က ငါ့အသိစိတ်ပင်လယ်ထဲက နတ်နန်းတော်ဆယ်ခုကို တုန်လှုပ်သွားအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်… အတိတ်မှာ အဲ့ဒါက အရိပ်လေးရဲ့ သိမ်းပိုက်တာကို တားဆီးနိုင်ခဲ့တယ်… ဒီနေ့မှာ အဲ့ဒါက နတ်ဘုရားလက်ချောင်းရဲ့ သိမ်းပိုက်တာကိုလည်း တားဆီးနိုင်လောက်တယ် ”

ရွှီချင်း၏ ဝိညာဉ်ထဲမှ ရူးမိုက်သောအသိ ထွက်ပေါ်လာသည်။ အမှန်မှာတော့ ယင်းသည် အဘယ်ကြောင့် သူလက်မလျော့ရလဲဟူသည့် အဓိကအကြောင်းအရင်း ဖြစ်သည်။ နတ်ဘုရားလက်ချောင်း၏ စွမ်းအားက သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် ကိုယ်ထည်တစ်ခု ပုံသွင်းနေသည်ကို သူက အကူအညီမဲ့စွာ ကြည့်နေခဲ့သည်။ တစ်ဖက်လူက သူ၏ ခန္ဓာကိုယ်ကို စိတ်ကြိုက်ပြုပြင်မွမ်းမံနေသည်ကိုလည်း အကူအညီမဲ့စွာ ကြည့်နေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်…

အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ သူ၏ ဝိညာဉ်အား လာရောက်ဝါးမျိုမည့်အချိန်ကို စောင့်ဆိုင်းလိုသောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူစောင့်ဆိုင်းနေသောအချိန်သည် ကျရောက်လာချေ၏။

အေးစက်မှုနှင့် မကောင်းဆိုးဝါးစိတ်ဆန္ဒ ကျူးကျော်ဝင်ရောက်လာပြီး သေခြင်းအန္တရာယ်ကျရောက်လာသောအခါ ရွှီချင်း၏ ရင်ဘက်ထဲမှ ခရမ်းသလင်းကျောက်သည် ရန်စခံလိုက်ရသည့်နှယ် နိုးထလာသည်။

ကျယ်ပြောပြီး အံ့ဖွယ်ကောင်းသော စွမ်းအားတစ်မျိုးသည် ခရမ်းသလင်းကျောက်ထဲမှ ပေါ်ထွက်လာသည်။ ယင်းက အရာအားလုံးကို ဖိနှိပ်နိုင်သော အထွတ်အမြတ် ခရမ်းအလင်းပင်လယ်တစ်ခုပမာ ဖြစ်ပေါ်လာသည်။ လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါနှင့်အတူ ယင်းက နတ်ဘုရားလက်ချောင်း၏ အသိစိတ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားပြီး ပြင်းပြင်းထန်ထန် ဝင်ဆောင့်လိုက်သည်။

ရွှီချင်း၏ စိတ်ထဲတွင် မရေမတွက်နိုင်သော ကောင်းကင်မိုးကြိုးသွားများက ဆက်တိုက်ပေါက်ကွဲသွားကြသည့်နှယ် ကျယ်လောင်သော မိုးထစ်ချုန်းသံများ ထွက်ပေါ်လာကြသည်။ ကမ္ဘာတုန်ဟီးစေမည့် ပေါက်ကွဲမှုအောက်တွင် မူလက ဝေဝါးနေသော နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် ဤအခိုက်အတန့်မှာ ပြန်နိုးထလာသည်။ သူက အော်ဟစ်ညည်းညူလိုက်ပြီး ကြောက်လန့်တကြား အော်လိုက်သည်။

“ အဲ့ဒါ… ဘာ… ဘာကြီးလဲ ”

“ ဒီခန္ဓာကိုယ်ထဲမှာ အဲ့ဒီလိုတည်ရှိမှုက ဘယ်လိုလုပ် ရှိနေတာလဲ ”

“ ဒီစွမ်းအား… ဒီစွမ်းအား… ”

နတ်ဘုရားလက်ချောင်း၏ အသိစိတ်ထဲတွင် ကြီးမားသော ခြောက်ခြားမှုတို့ ဂယက်ထသွားပြီး ခရမ်းသလင်းကျောက်အပေါ် ဖော်မပြနိုင်သော အကြောက်တရားခံစားမှုဖြင့် ပြည့်နှက်သွားသည်။ ထိုဂယက်များကြားတွင် နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် ရူးသွပ်စွာ အနောက်ဆုတ်သွားသည်။ သူသည် ဤခန္ဓာကိုယ်ကို ဆက်လက် မသိမ်းပိုက်ချင်တော့ပေ။

ရွှီချင်းသည် မှန်ကန်သော အလောင်းအစားကို ပြုလုပ်နိုင်ခဲ့သည်။

ခရမ်းသလင်းကျောက်ကို သူရရှိခဲ့ပြီးနောက် ယင်းက အခြေခံအားဖြင့် သာမညောင်ည တည်ရှိမှုတစ်ခုသာ ဖြစ်ခဲ့သည်။ သေခြင်းရှင်ခြင်းကဒ်ဘေး အများကြီးကို သူတွေ့ကြုံခဲ့သည့်တိုင် ယင်းက မည်သည့်သက်ရောက်မှုမှ မပြခဲ့ပေ။ အကယ်၍ သူသေဆုံးသွားလျှင်ပင် ယင်းက မည်သို့မှလုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း သူသေချာသည်။

အရိပ်လေးက သူ့အား သိမ်းပိုက်ရန် ကြိုးစားခဲ့သည့်အချိန်တုန်းကသာ ယင်းက အစွမ်းပြခဲ့ခြင်း ဖြစ်သည်။

ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ခရမ်းသလင်းကျောက်သည် လက်ခံသူကို စိတ်မဝင်စားကြောင်းနှင့် လက်ခံသူက သေခြင်းရှင်ခြင်းကဒ်ဘေးနှင့် ကြုံတွေ့နေရလျှင်ပင် လုံးဝဂရုမစိုက်ကြောင်း ရှင်းလင်းပေသည်။ ယင်းသည် တစ်စုံတစ်ယောက်က လက်ခံသူကို သိမ်းပိုက်ရန် ကြိုးစားတော့မှသာ စိတ်ဝင်စားမှုပြလိမ့်မည်။

အတိတ်တုန်းက အရိပ်လေးနည်းတူ ယခုအခါ နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် ခရမ်းသလင်းကျောက်၏ ကြောက်မက်ဖွယ်အစွမ်းနှင့် တွေ့ကြုံနေရချေ၏။

ဤအခိုက်အတန့်တွင် နတ်ဘုရားအသိစိတ်သည် အဆုံးမဲ့ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။ အသိစိတ်ပြန်နိုးထလာမှုကြောင့် သူက အခြေအနေကို တွေးတောဆင်ခြင်နိုင်စွမ်း ရှိလာပြီဖြစ်သည်။ ထို့ကြောင့် သူက ခန္ဓာကိုယ်သိမ်းပိုက်မည့် အစီအစဉ်ကို လက်လျော့လိုက်ပြီး ဒီရေကျသွားသည့်နှယ် အနောက်သို့ အမြန်ဆုတ်သွားသည်။

သို့သော်လည်း အလွန်နောက်ကျသွားချေ၏။

အတိတ်တုန်းက အရိပ်လေးသည်လည်း ထိုသို့လုပ်ဆောင်ခဲ့ဖူး၏။ သို့သော် မအောင်မြင်ခဲ့ချေ။

ထိုအခိုက်အတန့်မှာ ရွှီချင်း၏ ခရမ်းသလင်းကျောက်မှ ကြောက်မက်ဖွယ် အားလှိုင်းအတတ်အကျတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ခရမ်းအလင်းပင်လယ်သည် နတ်ဘုရားလက်ချောင်း၏ အသိစိတ်ကို လွှမ်းခြုံသွားသည်။

နတ်ဘုရားအသိစိတ်မှ စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အော်သံကို ထုတ်ဖော်လိုက်သည်နှင့် ခရမ်းသလင်းကျောက်ထံမှ ချိပ်ပိတ်ခြင်းစွမ်းအားသည် တိုက်ရိုက် ပျံ့လွင့်ထွက်ပေါ်လာသည်။

“ မဟုတ်ဘူး ”

နတ်ဘုရားလက်ချောင်းသည် အပြင်းအထန် ရုန်းကန်လှုပ်ရှားလိုက်ပြီး ရွှီချင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားမည့် ကျယ်လောင်သော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။

ယင်းက သူ့အတွက် သေခြင်းရှင်ခြင်းအခြေအနေဖြစ်ကြောင်း ရှင်းလင်းသည်။

ထိုသို့ အပြင်းအထန် ရုန်းကန်လှုပ်ရှားမှုနှင့် ခုခံတားဆီးမှုအောက်တွင် ချောက်နက်ပင်လယ်ထဲမှ ပေသုံးထောင်ရှိသော ခန္ဓာကိုယ်သည် အကြမ်းပတမ်း လှုပ်ယမ်းလာသည်။

အကျည်းတန်သော တစ္ဆေမျက်နှာသည် ခန္ဓာကိုယ်၏ ရင်ဘက်ပေါ်တွင် ခပ်ရေးရေး ထွက်ပေါ်လာသည်။ ထို့နောက် မျက်နှာသည် အရှေ့သို့ တိုးထွက်လာလေရာ ဆယ်ပေထိ ရှည်လျားလာသည်။ ယင်းက ခန္ဓာကိုယ်ထဲမှ အမြန်ထွက်ပြေးနေချင်ဟန် ရသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ခရမ်းအလင်းသည် လက်ကြီးတစ်ဖက်နှယ် ဖြန့်ကားထွက်လာပြီး မျက်နှာကို လွှမ်းခြုံသွားသည်။ ထို့နောက် လက်ကြီးသည် အကြမ်းပတမ်း ဆောင့်ဆွဲလိုက်လေရာ တစ္ဆေမျက်နှာသည် သွေးပျက်ဖွယ်ကောင်းစွာ အော်ဟစ်ညည်းညူလိုက်ရပြီး အနောက်သို့ ပြန်ဆွဲခေါ်ခံသွားရသည်။

စိတ်ပျက်မှုသည် နတ်ဘုရားလက်ချောင်း၏ အသိစိတ်ထဲတွင် ဖော်မပြနိုင်အောင် ထွက်ပေါ်လာသည်။

“ မင်း ဘယ်သူလဲ ”

“ အဲ့ဒါက ဘာလဲ ”

ထိုအော်သံထဲတွင် ခံပြင်းဒေါသဖြစ်မှု၊ ပြင်းထန်သောရူးသွပ်မှုနှင့် ပူဆွေးသောကတို့ ပါဝင်သည်။ ဧရာမခန္ဓာကိုယ်ကြီး လှုပ်ယမ်းလာသည်နှင့် နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် လွတ်မြောက်ရန် ဆက်လက် ရုန်းကန်သည်။

သို့သော် သူသည် မလွတ်မြောက်နိုင်ပေ။

ထိုအခိုက်အတန့်မှာ ရွှီချင်းသည် တစ်စုံတစ်ခုလွဲမှားနေကြောင်း အာရုံခံမိသွားသည်။ ခရမ်းသလင်းကျောက်၏ အစွမ်းက အကန့်အသတ်မရှိခြင်းမဟုတ်ကြောင်း သူရှာတွေ့သွားသည်။ ယင်းက အတိတ်မှာ အရိပ်လေးကို ချိပ်ပိတ်ခဲ့သည့်အတိုင်း နတ်ဘုရားအသိစိတ်ကို လုံးလုံးလျားလျား ချိပ်မပိတ်နိုင်ပေ။ ယင်းအစား ခရမ်းသလင်းကျောက်နှင့် နတ်ဘုရားလက်ချောင်း၏ အသိစိတ်ကြားတွင် လွန်ဆွဲပွဲတစ်ခု ဖြစ်လာ၏။

ထို့အပြင် သူ၏ ဝိညာဉ်သည် ခြောက်သွေ့တော့မည့်အလား ဆုတ်ဖြဲခံနေရသည့် နာကျင်မှုကို ခံစားရလာသည်။

“ ခရမ်းသလင်းကျောက်က အစွမ်းမလုံလောက်တာ မဟုတ်ဘူး… ငါက အဲ့ဒါရဲ့ အစွမ်းအပြည့်ကို မတောင့်ခံနိုင်တာ ”

ရွှီချင်းသည် အခြေအနေကို အလျှင်အမြန် သဘောပေါက်သွားသည်။ ထို့နောက် အေးစက်စက်အလင်းသည် သူ၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

All Chapters