← Chapters

ကျွန်းထံသို့ သွားရောက်ခြင်း

Vol. 38 Ch. 565

ကျွန်းထံသို့ သွားရောက်ခြင်း

Vol. 38 Ch. 565

အမျိုးသမီး သတင်းထောက်သည် သူမ၏ မေးခွန်းက အနည်းငယ် အထိမခံနိုင်သော မေးခွန်းမျိုး ဖြစ်နေသည်ကို သတိပြုမိပြီး နတ်ဆေးဆရာဝိုင်အား အရှက်ရအောင် လုပ်မိမည်ကို ကြောက်ရွံ့နေသည်။ ထို့ကြောင့် သူမက လျင်မြန်စွာ မေးခွန်းကို ပြင်င်လိုက်ပြီး လူတိုင်း အဆင်ပြေအောင် ပြောလိုက်သည်။

တကယ်တမ်းတွင်လည်း လူအများက အသာ ခေါင်းညိတ်၍ သဘောတူ ထောက်ခံကြသည်။ ဤသို့သော အသက်ကယ်ဆေးများက ပို၍ ဈေးကြီးသင့်ပြီး အရေးကြီးဆုံးအချက်မှာ ယင်းက အာနိသင်ရှိခြင်းပင်။

လူအများသည် ပိုက်ဆံများစွာ သုံးစွဲပြီးသော်လည်း ဆေးရုံ၌ ဝေဒနာ ခံစားနေရဆဲ ဖြစ်ပြီး ဆေးသောက်ကာ ခွဲစိတ်မှုများ ပြုလုပ်ရသည်။ နာမကျန်းဖြစ်နေသော လူတစ်ယောက်သည် ဒေဝါလီခံလိုက်ရပြီးလျင်တောင်မှ ရောဂါ ပျောက်မသွားတတ်ချေ။ ဤသို့သော အခြေအနေက ကူကယ်ရာမဲ့ပြီး ဝမ်းနည်းစရာ ကောင်းလှသည်။

ထို့ကြောင့် လူအများသည် အသက်တစ်ချောင်းကို ကယ်နိုင်စွမ်း ရှိသရွေ့ ပိုက်ဆံများစွာ သုံးစွဲရန် ပြဿနာမရှိဟု တွေးထားကြသည်။

ရဲ့လင်းချန်က ခေါင်ခိုက်နေသော ဈေးကို သတ်မှတ်လျင်တောင်မှ သူတို့ ဒေါသထွက်လာမည် မဟုတ်ဘဲ အလွန်ဆုံး စိတ်မကောင်းရုံသာ ဖြစ်မိလောက်သည်။

အားလုံး၏ အကြည့်အောက်၌ ရဲ့လင်းချန်က ပြုံးပြီး မိုက်ခရိုဖုန်းကို ယူလိုက်သည်။

“ဆေးတွေက ထုတ်လုပ်ဆဲပဲ ဖြစ်နေသေးတာမို့ ကျွန်တော် ခင်ဗျားတို့ကို ဈေးအတိအကျတော့ မပြောနိုင်သေးပါဘူး၊ ဒါပေမဲ့ … ဈေးကြီးမှာ မဟုတ်ဘူးလို့ ကျွန်တော် အာမခံပါတယ်”

“ရှားပါးဆေးဖက်ဝင် ပစ္စည်းတွေ လိုအပ်တဲ့ အချို့သော ထူးခြားတဲ့ ရောဂါတွေက လွဲရင် ဆေးအများစုက အရမ်း အကုန်အကျ များမှာ မဟုတ်ပါဘူး၊ ကျွန်တော်က လူ့အသက်တွေကို ကယ်တင်ဖို့ လုပ်နေတာပါ၊ ပိုက်ဆံရှာဖို့ မဟုတ်ပါဘူး၊ ဒါကြောင့် အမြတ်များများ ရချင်ရုံလောက်နဲ့ ဈေးတွေ မြှင့်ဖို့ လုံးဝ စဉ်းစားမှာ မဟုတ်ပါဘူး”

“ခွေးရူးပြန်ရောဂါကိုပဲ ဥပမာထားပြီး ပြောပါ့မယ်၊ အဲ့ရောဂါကို ကုနိုင်မယ့် ဆေးရဲ့ဈေးက တစ်သောင်း မကျော်ဘူးလို့ ကျွန်တော် ခန့်မှန်းထားပါတယ်၊ အစာအိမ်ကင်ဆာကို ကုချင်တယ်ဆိုရင် ဆေးရဲ့တန်ဖိုးက နှစ်သိန်း မကျော်ပါဘူး”

[ယွမ်နှစ်သိန်း၊ ဈေးမကြီးဘူး၊ ဈေးမကြီးဘူး … ဟာ … သောက်ကျိုးနည်းကွာ၊ ဒါ လုံးဝ ဈေးမကြီးဘူးဟ]

[လခွမ်း … ယွမ်နှစ်သိန်းပဲလား၊ အဲ့ဒါ အရမ်း ဈေးမသက်သာလွန်းဘူးလား]

[ငါ ခွဲစိတ်ဖို့ ဆေးရုံတက်တုန်းက သူတို့ အရင်ဆုံး ယွမ်နှစ်သိန်း တောင်းတာ၊ နောက်တော့ ဆေးဖိုးတွေ စုံနေတာပဲ၊ ပြီးတော့ သူတို့က ဒါကို မကုနိုင်သေးဘူး …]

[ဘုရားရေ … နတ်ဆေးဆရာဝိုင်၊ မင်းက သိပ်ကြင်နာလွန်းတာပဲ၊ မင်းကတော့ တကယ်ပါပဲ၊ မင်း ဈေးကို နည်းနည်းလောက် မြှင့်လို့ ရပါတယ်၊ အဲ့ဒါက အဲ့လောက် ဈေးသက်သာလို့ မဖြစ်ဘူးလေ၊ မင်းအတွက်လဲ နည်းနည်း ပိုက်ဆံ ရှာသင့်တယ်၊ မဟုတ်ရင် ငါတို့ မင်းအတွက် စိတ်မကောင်း ဖြစ်ရလိမ့်မယ်]

[နတ်ဆေးဆရာဝိုင်၊ ကျေးဇူးပြုပြီးတော့ ဈေးကို နည်းနည်း မြှင့်ပေးပါ၊ မင်း ယွမ်သုံးသိန်းနဲ့ ရောင်းပါလား၊ ငါတို့ မင်းကို ပိုက်ဆံ နည်းနည်းလောက် ရှာခွင့်ပေးပါတယ်]

[မင်း ဒါကို ပိုက်ဆံအတွက် လုပ်နေတာ မဟုတ်ဘဲ လူ့အသက်ကို ကယ်ဖို့ လုပ်ပေးတာက သိပ်ကို အံ့ဩဖို့ ကောင်းပါတယ်၊ ဆရာဝန်တွေ အားလုံးသာ ဒီလို တွေးမယ်ဆိုရင် ငါတို့ဘဝတွေက အဲ့လောက် ခက်ခဲမှာ မဟုတ်ဘူး]

[ငါ့သားက အခုလေးတင် ဒီကမ္ဘာမှာ သူတော်စင်ဆိုတာမျိုး ရှိလားလို့ မေးနေတာ၊ ငါ ရှိတယ်လို့ ပြောလိုက်တယ်၊ ဘာလို့လဲဆိုတော့ နတ်ဆေးဆရာဝိုင်က အကောင်းဆုံး ဥပမာပဲလေ]

…

ရဲ့လင်းချန်၏ စကားက လူတိုင်း၏ ထင်မြင်ချက်များထက် သာလွန်နေပြီး အားလုံး၏ နားထဲတွင် ဂီတသဖွယ် ကြားယောင်နေ၏။

မရေတွက်နိုင်သော ဆေးရုံများရှိ ခုတင်ပေါ်၌ လှဲနေသော လူနာများ၏ ပါးစပ်သည် အနည်းငယ် ပွင့်ဟနေပြီး သူတို့၏ မိသားစုဝင်များက ကြည်နူးစိတ်ကြောင့် မျက်ရည်များ ကျနေကြသည်။

ရောဂါတစ်ခုသည် မိသားစုတစ်ခုကို ပြိုလဲစေပြီး မူလက ပျော်ရွှင်နေသော မိသားစုအား ချက်ချင်း ပျက်စီးစေသည်။ လူနာသည် မိမိကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးတစ်ခုဟု ခံစားမိပြီး အရာအားလုံးအတွက် တောင်းပန်နိုင်ရန် သူတို့ကိုယ်သူတို့ သေဆုံးသွားရန်သာ ဆန္ဒ ရှိကြသည်။ တစ်ဖက်တွင်မူ မိသားစုသည် မိမိတို့ ချစ်ရသောသူကို မကယ်နိုင်သဖြင့် အသုံးမကျစိတ် ဝင်ကြပေလိမ့်မည်။

နတ်ဆေးဆရာဝိုင်၏ စကားများက သူတို့အားလုံးကို စိတ်ထိခိုက်စွာ ငိုကြွေးလာစေသည်။

“ဈေးနှုန်းကို … မထင်ထားမိဘူး”

အမျိုးသမီး သတင်းထောက်သည်လည်း ထပ်တူ အံ့ဩသည်။ သို့သော် သူမက ဆက်မေးသည်။

“ဒီဆေးတွေ ဘယ်အချိန်လောက် ရနိုင်မယ်ဆိုတာကို နည်းနည်းလောက် ပြောပြပေးလို့ ရမလား”

ဤပြဿနာက ထိပ်တန်း ဦးစားပေး ဖြစ်နေပြီး လူတိုင်း၏ စိတ်ဝင်စားမှုက ရုတ်တရက် မြင့်တက်လာသည်။

“ဆေးတွေကို ထုတ်လုပ်နိုင်ဖို့အတွက် အပူတပြင်း ပြင်ဆင်နေပါပြီ၊ ဒါပေမဲ့ အားလုံးက အသင့်ဖြစ်နေသလို နိုင်ငံတော်ကလည်း ကျွန်တော့်ကို ပံ့ပိုးပေးနေပါတယ်၊ ဒါကြောင့် လုပ်ငန်းစဉ်က အလွန် မြန်ပါလိမ့်မယ်၊ ထုတ်လုပ်မှုအတွင်း ရုတ်တရက် တစ်စုံတစ်ရာ မဖြစ်ခဲ့ဘူးဆိုရင် ပထမ အသုတ်က အလွန်ဆုံး နှစ်ဝက်အတွင်း ဈေးကွက်ထဲ ဝင်နိုင်ပါလိမ့်မယ်၊ ပြီးရင်တော့ ရောဂါအမျိုးမျိုးရဲ့ ဆေးတွေက ဈေးကွက်ထဲမှာ တစ်ခုပြီးတစ်ခု ပေါ်လာပါလိမ့်မယ်”

ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“အခု ကျွန်တော် ဒီလောက်ပဲ ပြောနိုင်ပါတယ်၊ နောက်ပိုင်း ကျွန်တော် ဆေးထုတ်လုပ်ရေးမှာ အာရုံစိုက်မှာပါ၊ ဒါကြောင့် ကုသမှုအတွက်က … ကျွန်တော် မကြာမကြာပဲ လာနိုင်မယ်လို့ ပြောချင်ပါတယ်”

“နတ်ဆေးဆရာဝိုင် လုပ်သာလုပ်ပါ၊ ဒီဆေးတွေ ထုတ်လုပ်ဖို့က အရေးအကြီးဆုံးပါပဲ”

“နတ်ဆေးဆရာဝိုင်၊ ကိုယ့်ကိုယ်ကိုယ် အရမ်း အပင်ပန်း မခံပါနဲ့၊ သေချာ အနားယူပါ၊ ငါတို့ အလျင်မလိုပါဘူး”

“ဟုတ်တယ်၊ ငါတို့ နားလည်ပါတယ်၊ နတ်ဆေးဆရာဝိုင်က ငါနဲ့ တစ်ခေတ်တည်း ပေါ်လာလို့ ကျေးဇူးတင်ပါတယ်၊ ငါ ဂုဏ်ယူမိတယ်”

“နှစ်ဝက်တဲ့၊ နှစ်ဝက်ပဲ ကြာမယ်တဲ့လား၊ ဝိုး … နိုင်ငံက ဒါကို တန်ဖိုးထားလိမ့်မယ်ဆိုတာကို ငါ သိနေတယ်၊ သမိုင်းကို အသစ်ပြန်ရေးနိုင်တော့မှာပဲ”

“ဒါတွေအားလုံးက လူတွေအတွက်ပဲ”

…

အင်တာဗျူး ပြီးသွားသောအခါ ရဲ့လင်းချန်က ထိုနေရာမှ လက်ပြ၍ တည်ငြိမ်စွာ ထွက်လာခဲ့ပြီး သူ၏ သမိုင်းသာ ကျန်ရစ်ခဲ့လေသည်။

သို့သော် သူသည် ထွက်မသွားခင် လူချမ်းသာအဖွဲ့ကို လေးနက်စွာ တစ်ဖန် ပြန်၍ ကြည့်လေသည်။

ရိုးရှင်းသော အင်တာဗျူးတစ်ခုက အင်တာနက်တစ်ခွင်၌ ပွက်လောရိုက်သွားစေသည်။ ယင်းက အကြီးအကျယ် လှိုင်းထသွားစေခဲ့သည်။

အဓိက အနုပညာ မီဒီယာများအပြင် တရုတ်နိုင်ငံ သတင်းစာကလည်း ယင်းကို ထုတ်ပြန် လေသည်။ ထို့အပြင် သတင်းက အဓိက ဦးစားပေး ဖြစ်ပြီး သတင်းစာ၏ စာမျက်နှာတစ်ခုလုံးကို စိုးမိုးထားသည်။

မရေတွက်နိုင်သော သတင်းမျိုးစုံက ကမ္ဘာတစ်ဝှမ်းအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး အရှိန်က အလွန် ပြင်းထန်ပေသည်။

အချိန်တိုလေးအတွင်းမှာပင် နတ်ဆေးဆရာဝိုင်၏ နာမည်က ရပ်သိရွာသိ ဖြစ်သွားလေသည်။ လူအချို့ဆိုလျင် သူ့အား နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်လာကြသည်။

၎င်းက ရဲ့လင်းချန်ချန်၏ ရေပန်းစားမှုကို ထပ်မံ၍ တစ်ဟုန်ထိုး မြင့်တက်လာစေသည်။

ယခုတလော သူ ရရှိခဲ့သည့် တိုးလာသော ရေပန်းစားမှုအမှတ်များကို သူ မမှတ်မိတော့ပါ၊ သို့သော် တိုးတက်နှုန်းက လျှပ်စီးအလား လျင်မြန်လှသည်ဟု ဆိုရပေမည်။ ယင်းက ကြောက်လန့်ဖွယ် ကောင်းလှသည်။

ယခုတစ်ခေါက်၏ လှိုင်းထမှုက အလွန် ကြီးမားလှသည်။ အထူးသဖြင့် အနုပညာကြောင့် မဟုတ်ဘဲ လူ့အသက်ကို ကယ်တင်နိုင်၍ပင်။ ယင်းက လူတိုင်းနှင့် ပတ်သက်နေသဖြင့် ရေပန်းစားမှုအမှတ်က လွယ်လွယ်ကူကူ တိုးလာခဲ့သည်။

ယခင်က သူ၏ ရေပန်းစားမှုအမှတ်သည် လေးမီလီယံကျော်သာ ရှိခဲ့သည်။ သို့သော် ထိုအဖြစ်အပျက် အပြီး၌ ထပ်မံ၍ ဆယ်မီလီယံကျော်သွားကာ ၁၀,၆၈၉,၇၆၅ သို့ ရောက်သွားတော့သည်။

ထို့အပြင် ယင်းက လျင်မြန်စွာ တိုးနေ၏။

ပြီးခဲ့သော ရက်ပိုင်းများ၌ ရဲ့လင်းချန်၏ ရေပန်းစားမှုအမှတ်က မီလီယံ နှစ်ဆယ်နီးပါးသို့ မြင့်တက်ခဲ့ဖူးသည်။ ယင်းက ထိတ်လန့်ဖွယ်ကောင်းလွန်း၍ ရဲ့လင်းချန်ပင် လန့်သွားခဲ့ရသည်။

နောက်တစ်နေ့၌ တစ်ညတည်းနှင့် သူ၏ ရေပန်းစားမှုအမှတ်က ၁.၅ သန်းကျော် တိုးလာခဲ့ပြီး ၁၂,၃၆၈,၈၇၉ သို့ ရောက်သွားသည်။

ခံစားချက်က ကောင်းလွန်းလှပေသည်။

အရာအားလုံးက အစသာ ရှိပေသေးသည်။ ဈေးများ ထုတ်လုပ်ပြီးသည်နှင့် အသက်များကို ကယ်တင်နိုင်မည် ဖြစ်ပြီး သူ၏ ရေပန်းစားမှု အမှတ်က ထပ်မံ၍ တစ်ဟုန်ထိုး မြင့်တက်လာမှာ အသေအချာပင်။ ဆေးများကို ပြည်ပဈေးကွက်သို့ တင်ပို့မည့်အချိန်၌ ပို၍တောင်မှ တိုးလာပေဦးမည်။

သို့သော်ငြားလည်း ဤအဖြစ်က အချိန်တိုအတွင်း နတ်ဆေးဆရာဝိုင်မှ ထိတ်လန့်မှုတန်ဖိုးအားလုံးကို ညှစ်ထုတ်ယူ လိုက်သလို ဖြစ်သွားလေသည်။ နောက်တွင် ထိုသို့ ကြီးကြီးမားမား ဖြစ်နိုင်မည့် နောက်ထပ် အခွင့်အရေး ရရန် ခက်ခဲသွားလောက်သည်။

ရဲ့လင်းချန်သည် စနစ်နှင့် ပတ်သက်၍ သူ၏ ကံကို စမ်းရန် အလျင်မလိုချေ။ ယခုတလော သူ အလွန် ကံကောင်းလွန်းနေသလို ခံစားနေရပြီး အခြေအနေက အရင် တည်ငြိမ်အောင် လုပ်ရန် လိုအပ်ပေသည်။

ချင်ပိုင်ချွမ်းက ဆရာဟောင်၊ ဟောင်ယွင်တို့နှင့်အတူ စောစော ရောက်လာ၏။ သူတို့အားလုံးသည် ရဲ့လင်းချန်နှင့် အတူတူ ကျွန်းသို့သွားရန် ရောက်လာခြင်း ဖြစ်သည်။

ထို့အပြင် ကျန်းယွင်ရှီသည်လည်း ယနေ့၌ လုပ်လက်စ အားလုံးကို ဘေးဖယ်၍ အတူတူ လိုက်ရန် ပြင်ဆင်လေသည်။ အိုးရန်ချင်း၊ ရှုနန်၊ တုန်းမြောင်မြောင်နှင့် ရှောင်ဖေးဖေးတို့သည်လည်း အတူတူပင်။

သူတို့သည် ဤသို့သော ဖြစ်ရပ်ကြီးကို အလွတ်မခံနိုင်ကြသဖြင့် သူတို့ လုပ်လက်စ အရာအားလုံးကို စိတ်အား ထက်သန်စွာ လွှတ်ချထားခဲ့သည်။

ရဲ့လင်းချန်သည် ရှောင်ချင်နှင့် ရှောင်ဟွေကို ခေါ်သွားရန်လည်း မမေ့ပေ။ ဝံပုလွေ နှစ်ကောင်လုံးက စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေ၏။ သူတို့ ခရီးထွက်ရတော့မည်ကို သတိပြုမိကြသည့်ပုံပင်။

တစ်ဖက်တွင်မူ လိပ်အိုကြီးသည် ၎င်းဘာသာ ကျွန်းသို့ ကူးခတ်သွားပြီ ဖြစ်သည်။ ၎င်းစိတ်ထဲ၌ ထိုကျွန်းက အဆက်မပြတ် တွေးနေမိသဖြင့် လမ်းကို သိနေလေသည်။

ကမ်းခြေသို့ မောင်းလာပြီးနောက် သင်္ဘောကြီးတစ်စင်းက လူတိုင်းကို စောင့်နေသည်။ ၎င်းကို ပြင်ဆင်ထားသူက စစ်သည်တော်ဌာနပင်။ သင်္ဘောပေါ်၌ စစ်သည်တော်အချို့ ရှိနေပြီး ထိုသူများထဲ၌ လင်းအောင်လည်း ပါဝင်သည်။ သူသည် ရဲ့လင်းချန်ထက်ပင် စိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေသည်။

“ပေါ် ပေါ် ပေါ် …”

သင်္ဘော ဥဩဆွဲသံနှင့်အတူ သင်္ဘောကြီးက ဖြည်းညင်းစွာ ရွေ့လျားလာပြီး ကျွန်းသို့ ဦးတည် မောင်းနှင် နေလေသည်။

All Chapters