အလွယ်လေးအကျိုးအမြတ်ရခြင်း
Vol. 44 Ch. 658
ချောက်နက်ပင်လယ်ထဲ နတ်ဘုရားလက်ချောင်း ခန္ဓာကိုယ်သိမ်းပိုက်ရန် ကြိုးစားခဲ့သော နေရာသည် ယခုတော့ သေခြင်းနယ်မြေတစ်ခုအလား တိတ်ဆိတ်နေသည်။
ဤနေရာတွင် ဒြပ်နှောများ အလွန်အမင်း သိပ်သည်းသောကြောင့် ဘေးပတ်ဝန်းကျင်သည် ပုံပျက်တွန့်လိမ်နေသည်။ ထို့ကြောင့် ဤဧရိယာသည် တဖြည်းဖြည်း တားမြစ်နယ်မြေတစ်ခု ဖြစ်လာနေသည်။
တားမြစ်နယ်မြေဖြစ်လာရသည့် အဓိကအကြောင်းအရင်းသည် အတွင်းပိုင်းထဲတွင် မတ်မတ်ရပ်နေသော ဧရာမခန္ဓာကိုယ်ကြီးကြောင့် ဖြစ်သည်။
ထိုခန္ဓာကိုယ်သည် ပေသုံးထောင်ကျော်ရှည်လျားပြီး နတ်မိစ္ဆာတစ်ပါးနှင့် အသွင်တူသည်။
သူ၏ ကိုယ်ပေါ်တွင် မည်သည့်အဝတ်အစားမှမရှိပေ။ ကိုယ်လုံးတီး မတ်တတ်ရပ်နေခြင်း ဖြစ်သည်။ တိမ်တိုက်များနှင့် မြူခိုးသည် သူ၏ ဘေးပတ်ပတ်လည်တွင် စီးဆင်းနေသည်။ သူက သက်မဲ့ရုပ်ဝတ္ထုတစ်ခုပမာ ရှိနေသည်။ သို့သော်လည်း သူ၏ အရေပြားပေါ်တွင် ရေးထိုးထားသော မှော်သင်္ကေတများထံမှ နက်နဲသော အလင်းရောင်တစ်ခုကို မှေးမှိန်စွာ ထုတ်လွှတ်နေသည်။ ယင်းသည် လင်းထိန်သွားလိုက် မှေးမှိန်သွားလိုက်ဖြင့် တစ်လှည့်စီ ပြောင်းလဲဖြစ်ပေါ်နေသည်။ ထိုမှော်သင်္ကေတများသည် ရှေးဟောင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလျက် အသက်ဓာတ်နှင့်ဆင်တူသော စွမ်းအင်တစ်မျိုးကို လှုပ်ရှားမှုကင်းမဲ့နေသော ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးနေသည်။
မြူခိုးကြားထဲမှ ခပ်ရေးရေးမျှ ထွက်ပေါ်နေသော ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်ကြီးသည် ဧရာမတောင်ကြီးတစ်တောင်နှယ် ခံစားမှုကိုပေးသည်။ သူ၏ ကျယ်ပြောသော ပခုံးနှစ်ဖက်သည် မိုးကောင်းကင်ကို ထမ်းပိုးထားနိုင်သယောင်။ အစွမ်းထက်အရှိန်အဝါကို ထုတ်လွှတ်နေသည့်အပြင် ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားကို နတ်ဆိုးဆန်ဆန် ကြည့်ကောင်းသော မျက်နှာဖြင့် တွဲဖက်လိုက်သည့်အခါ ဒြပ်နှောများကြီးစိုးနေသော ဤမြူခိုးထဲတွင် ယင်းက မကောင်းဆိုးဝါးအငွေ့အသက်ကို ပေး၏။
သူက ကြီးမားသော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေသည်။
အချိန်တချို့ကုန်လွန်သွားပြီးနောက် နတ်မိစ္ဆာနှင့်အသွင်တူသော ထိုခန္ဓာကိုယ်ထံမှ သက်တံ့အလင်းရောင်တစ်ခုကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လာသည်။
အစပိုင်းတွင် ထိုသက်တံ့အလင်းသည် အားနည်းသည်။ သို့သော် ယင်းသည် တဖြည်းဖြည်း ပိုပြီးတောက်ပလာကာ လင်းထိန်လာသည်။ နောက်ဆုံးမှာတော့ ရောင်စုံအလင်းသည် အပြင်သို့ ပျံ့နှံ့ထွက်လာပြီး နတ်မိစ္ဆာခန္ဓာကိုယ်၏ ဘေးပတ်ပတ်လည်တွင် မွန်မြတ်သန့်စင်သော စိတ်ဆန္ဒတစ်ခုကို ဖန်တီးပေးသည်။
ထိုအခါ ခန္ဓာကိုယ်သည် မကောင်းဆိုးဝါးနှင့် မွန်မြတ်သန့်စင်မှုတို့၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခု ဖြစ်လာသည်။
အချိန်တချို့ကြာပြီးနောက် ထိုဧရာမခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်လာပြီး ဖြည်းဖြည်းချင်း စတင်ပြိုကွဲလာသည်။
ပထမဆုံး ဦးခေါင်းသည် ပြိုကွဲသွားသည်။ ထို့နောက် လည်ပင်း၊ ခန္ဓာကိုယ်နှင့် ခြေလက်များသည် တစ်ခုပြီးတစ်ခု ပြိုကွဲသွားကြသည်။ ယင်းက သံချပ်ကာများကို ဖယ်ရှားလိုက်သည့်အလား မရေမတွက်နိုင်သော အသွေးအသားအမျှင်များသို့ ပြောင်းလဲသွားကြပြီး ဧရာမခန္ဓာကိုယ်၏ အတွင်းပိုင်းဖြစ်သော ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။
အချိန်တချို့ကြာပြီးနောက် အသွေးအသားအမျှင်အားလုံးသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီး ပေသုံးထောင်ကျော်ရှည်လျားသော နတ်မိစ္ဆာခန္ဓာကိုယ်သည် ပျောက်ကွယ်သွားသည်။ ထိုနေရာတွင် မတ်တတ်ရပ်နေသော ရွှီချင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ အကြည့်ထဲတွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင် ထွက်ပေါ်နေသည်။ စောစောတုန်းက အဖြစ်အပျက်အားလုံးသည် သူ၏ အသိစိတ်ထဲမှာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယခု သူနိုးလာသည့်အခါ သူက အိမ်မက်ထဲမှ နိုးလာသည့်အလား ခံစားနေမိသည်။
သူသည် မျက်လုံးဖွင့်လိုက်သည်နှင့်ချက်ချင်း သွေးနက်တစ်လုပ် အန်လိုက်ရသည်။
သို့သော်လည်း သူ့ထံမှာ ဒဏ်ရာရထားသည့် မည်သည့်လက္ခဏာမှ မရှိပေ။ ယင်းအစား ယခု သူ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းအားလုံးသည် ဖောက်ထွင်းကြည်လင်သော ခံစားမှုတစ်ခုဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် ဤအခိုက်အတန့်မှာ ရွှီချင်း၏ တစ်ကိုယ်လုံး၌ တစ်ခါမှမခံစားဖူးသော အစွမ်းထက် ရုပ်ခွန်အားလှိုင်းများ ရှိနေကြသည်။
ရွှီချင်း၏ အသက်ရှူသံ အနည်းငယ် မြန်ဆန်သွားသည့်အခါတိုင်း ထိုအားလှိုင်းများသည် အရှေ့သို့ ဆက်လက်တိုးထွက်လာကြသည်။ သူ၏ မျက်လုံးထဲမှ စိတ်ရှုပ်ထွေးမှုသည် အလျှင်အမြန် လွင့်ပြယ်သွားသည်။
“ ငါ့ခန္ဓာကိုယ်က… ”
ရွှီချင်းသည် ခေါင်းငုံ့လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို အာရုံခံမိပြီးနောက် သူ၏ နှလုံးသည် တစ်ခဏကြာအောင် အပြင်းအထန် ခုန်လာသည်။
ဤခန္ဓာကိုယ်သည် သူနှင့်ရင်းနှီးသော်လည်း မရင်းနှီးသောခံစားမှုကို ပေးသည်။ သူသည် အရှေ့သို့ ရွေ့လျားလိုက်သည်နှင့် စူးရှသော အလင်းသည် သူ၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ သူသည် လေကို တကယ်ကြီး ဖောက်ထွင်းသွားလေရာ စူးရှသော လေထုဆုတ်ဖြဲသံ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် မျက်စိတစ်မှိတ်အတွင်း ပေထောင်ပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိသွားသည်။
ထိုအလျင်သည် အလွန်အမင်း အံ့ဩစရာကောင်း၏။
စောစောက သူရှိနေခဲ့သောနေရာတွင် ကြွင်းကျန်ပုံရိပ်များသည် ယခုထိ ကျန်ရှိနေဆဲဖြစ်ပြီး တဖြည်းဖြည်း လွင့်ပြယ်နေသည်။
“ ငါ့အလျင်က… ”
ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ထူးဆန်းသော အလင်းရောင်တစ်ခု သူ၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသောအခါ ရွှီချင်းသည် ညာလက်ကို လက်သီးဆုပ်လိုက်ပြီး အရှေ့သို့ ထိုးလွှတ်လိုက်သည်။
သူသည် မည်သည့်မန္တန်ကိုမှ အသုံးမပြုခဲ့ပေ။ သို့သော် သူ၏ ရုပ်ခွန်အားသက်သက်ဖြင့်ပင် ဝဲကတော့တစ်ခုသည် သူ၏ အရှေ့မှ လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။ မိုးထစ်ချူန်းသံထွက်ပေါ်လာသည်နှင့် သူ၏ အရှေ့မှ မုန်တိုင်းသည် အရပ်ရှစ်မျက်နှာသို့ ပေါက်ကွဲထွက်သွားသည်။ ၎င်း၏ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးသည် ဖျက်ဆီးခံလိုက်ရသည်။
ရွှီချင်း၏ သူငယ်အိမ်သည် ကျုံ့သွားပြီး သူ၏ စိတ်ထဲတွင် ကြီးမားသော လှုပ်ခတ်မှုတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် ယခင်ကနှင့် လုံးဝခြားနားသွားကြောင်း ရှင်းလင်းစွာ အာရုံခံမိသည်။
သူ၏ အလျင်သာမက ခွန်အားသည်လည်း ကြီးမားသော အတိုင်းအတာတစ်ခုအထိ တိုးမြှင့်သွားခဲ့သည်။ သူ၏ သက်လုံနှင့် ခံနိုင်ရည်သည် ယခင်ကနှင့် လုံးဝခြားနားသွားဟန်ရသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဤအချိန်ခဏလေးအတွင်း အံ့ဩဖွယ်ကောင်းစွာ ပြောင်းလဲသွားသည့်အလားပင်။
သူ့ရုပ်ခန္ဓာကိုယ်၏ အဆင့်သည် ပြောင်းလဲသွားသည်။
ရွှီချင်း၏ နှလုံးခုန်သံသည် မြန်ဆန်လာသည်။ တဒုန်းဒုန်းဟူသော အသံလှိုင်းများသည် သူ၏ ရင်ဘက်ထဲမှ မြည်ထွက်လာပြီး အရပ်မျက်နှာပေါင်းစုံသို့ ပဲ့တင်ထပ်သွားသည်။
သူက တားမြစ်အဆိပ်ဆေးလုံးကို လှည့်ပတ်လိုက်ပြီး ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားစေသည်။ သူက နတ်ဘုရားအစွမ်းကိုအသုံးပြု၍ ဤခန္ဓာကိုယ်၏ ခံနိုင်ရည်ကို စမ်းသပ်လိုခြင်း ဖြစ်သည်။
သိပ်မကြာမီ သူ၏ ခန္ဓာကိုယ်သည် တားမြစ်အဆိပ်နှင့် လိုက်လျောညီထွေဖြစ်နေကြောင်း ရွှီချင်း သတိပြုမိသွားသည်။
အတိတ်တုန်းက တားမြစ်အဆိပ်ကို သူအသုံးပြုသည့်အခါ သူ၏ ခန္ဓာကိုယ်သည် အဆိပ်၏ ယိုယွင်းတိုက်စားမှုဒဏ်ကို တွေ့ကြုံရလိမ့်မည်။ သို့သော် သူ၏ ခံနိုင်ရည်နှင့် ထိန်းချုပ်နိုင်စွမ်းကြောင့် ယိုယွင်းတိုက်စားမှုသည် မကြီးမားခဲ့ပေ။ ထို့အပြင် ခရမ်းသလင်းကျောက်၏ ကုသခြင်းအစွမ်းကြောင့် သူက ယိုယွင်းတိုက်စားမှုကို ဖိနှိပ်ထားနိုင်ခဲ့သည်။
ထိုဖိနှိပ်မှုသည် တားမြစ်အဆိပ်ကို အချိန်တိုအတွင်း သူအသုံးပြုမှသာ ထိရောက်မှုရှိသည်။ အကယ်၍ သူသာ အဆိပ်ကို အချိန်ကြာကြာ အသုံးပြုမည်ဆိုလျှင် သူသည်လည်း အန္တရာယ်နှင့် တွေ့ကြုံရလိမ့်မည်။
သို့သော်လည်း ယခု သူ၏ ခန္ဓာကိုယ်ကို အာရုံခံကြည့်လိုက်သောအခါ ထိုပြစ်ချက်သည် လုံးလုံးနီးပါး ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့ရှိသွားသည်။
သူ၏ လက်ရှိခန္ဓာကိုယ်သည် တားမြစ်အဆိပ်စွမ်းအားကို ထုတ်လွှတ်ရန် ပိုပြီးသင့်တော်လာသည်။
ထို့နောက် ရွှီချင်းသည် ခရမ်းလစွမ်းအားကို စမ်းသပ်ကြည့်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်သည် ခရမ်းလစွမ်းအားကို ထုတ်လွှတ်ရန် ယခင်ကထက် ပိုပြီးခံနိုင်ရည်ရှိလာကြောင်း တွေ့ရှိသွားသည်။
ဤခန္ဓာကိုယ်သည် နတ်ဘုရားအစွမ်းများနှင့် လိုက်လျောညီထွေဖြစ်ရန် အစောကြီးကတည်းက ပြင်ဆင်ထားသည့်ပုံပေါ်သည်။
“ နတ်ဘုရားခန္ဓာကိုယ်… ”
သူ၏ စိတ်ထဲတွင် ထိုစကားလုံး ထွက်ပေါ်လာသောအခါ ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူသည် မန္တန်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ကြည့်သည်။ အဖန်တလဲလဲ စမ်းသပ်ကြည့်ပြီးနောက် ရွှီချင်းသည် ဤတစ်ကြိမ် သူ၏ ခန္ဓာကိုယ်မှ အပြောင်းအလဲများက ကြီးမားကျယ်ပြန့်ကြောင်း နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။
ဤကံကောင်းမှုသည် သူ့ကို လွန်စွာမှ စိတ်လှုပ်ရှားစေသည်။ တစ်ချိန်တည်းမှာ သူက မည်သည့်ကြိုးစားအားထုတ်မှုမှမရှိဘဲ အကျိုးအမြတ်ရခဲ့သည်ဟု ခံစားမိသည်။ သို့သော် သူက ထိုအတွေးကို ချက်ချင်း ထုတ်ပယ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ ဒီလိုဖြစ်ဖို့ ငါအများကြီး စတေးခဲ့ရတယ် ”
“ ပြီးတော့… ဒီအခြေအနေက နတ်ဘုရားရဲ့ အစစ်အမှန်ခန္ဓာကိုယ် မဟုတ်သေးဘူး… ”
ရွှီချင်းသည် သူမနိုးလာခင်က မှတ်ဉာဏ်နှင့်အသိအမြင်ထဲမှ ပေသုံးထောင်ကျော်ရှည်လျားသော အပြင်ကိုယ်ထည်ကို ပြန်အမှတ်ရသွားသည်။ ထို့နောက် သူ၏ လက်ရှိခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်လေရာ ခန္ဓာကိုယ်အတွင်းမှ အရေအတွက်များပြားသော ရွှေချည်မျှင်များကို အာရုံခံမိသွားသည်။
အဆုံးမဲ့သော ရွှေချည်မျှင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ နေရာတိုင်းတွင် စိမ့်ဝင်ပျံ့နှံ့နေသည်။ ရွှေချည်မျှင်တစ်ခုစီတွင် သန့်စင်မွန်မြတ်သော အငွေ့အသက် ပါရှိသည်။ ယင်းတို့က မည်သည့်အန္တရာယ်မှမရှိသည့်အပြင် သူထိန်းချုပ်နိုင်ကြောင်း ရွှီချင်း အာရုံခံမိသည်။
ထိန်းချုပ်ရန်အတွက် အရင်းအမြစ်သည် မန္တန်များမဟုတ်ကြသလို ကျင့်ကြံခြင်းမဟုတ်ပေ။ တားမြစ်အဆိပ်နှင့် ခရမ်းလ၏ စွမ်းအားသာလျှင် ယင်းတို့ကို ထိန်းချုပ်နိုင်သည်။
သို့သော်လည်း သူသည် ထိုရွှေချည်မျှင်များကို သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာစေပြီး အပြင်ကိုယ်ထည်ဖြစ်ပေါ်စေရန် မလုပ်ဆောင်နိုင်ပေ။
“ ကြည့်ရတာ စောစောတုန်းက ပေသုံးထောင်ကျော်ရှည်လျားတဲ့ အပြင်ကိုယ်ထည်က နတ်ဘုရားရဲ့ အစစ်အမှန်ခန္ဓာကိုယ်ဖြစ်မယ်… ဒါပေမဲ့ လောလောဆယ် အဲ့ဒါကို ငါမဖွဲ့စည်းနိုင်တာ နှမြောစရာပဲ… ”
ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ ယင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအစွမ်းက မလုံလောက်သောကြောင့်ဖြစ်ကြောင်း သူသိသည်။
“ နတ်ဘုရားလက်ချောင်းက အဲ့ဒါကို သူ့အတွက်သူသုံးဖို့ ပြင်ဆင်ထားတာ ”
ရွှီချင်း၏ နတ်ဘုရားအာရုံသည် သူ၏ အသိစိတ်ပင်လယ်ထဲမှ ဒသမနတ်နန်းတော်ဆီသို့ ကျရောက်သွားသည်။
(ဃ၁၃၂)၏ လှောင်အိမ်ထဲတွင် သွေးနီရောင်လက်ချောင်းသည် လဲလျောင်းနေပြီး အိပ်စက်နေသည်။
သူက အထဲတွင် အလွန်အထီးကျန်စွာရှိနေသည့်အလား ကောင်းကောင်းအိပ်မပျော်ပေ။ ရံဖန်ရံခါ သူက အကြိမ်ရေအနည်းငယ် လှုပ်ခါသွားလေ့ ရှိသည်။
“ သူ့ကို ငါမထိန်းချုပ်နိုင်တာ နှမြောစရာပဲ… ဒါပေမဲ့ ခရမ်းသလင်းကျောက်ကို ငါထိန်းချုပ်လာနိုင်တဲ့တစ်နေ့ သူ့ကို အပြည့်အဝချိပ်ပိတ်ပစ်မယ်… အဲ့ဒီအခါ သူ့ကို အရိပ်လေးလို ငါထိန်းချုပ်နိုင်လိမ့်မယ် ”
ရွှီချင်း၏ အတွေးသည် စောစောတုန်းက လက်ချောင်းကို သူပြောခဲ့သည့် စကားများနှင့်ပတ်သက်ပြီး ချုပ်နှောင်မခံရပေ။ တစ်ခါက သူ၏ ဆရာသည် ဤအကြောင်းနှင့်ပတ်သက်ပြီး သူ့ကို သင်ကြားပေးခဲ့ဖူးသည်။ ထိုအချိန်တုန်းက သူတို့သည် လျှို့ဝှက်ကျင့်စဉ်များနှင့် မန္တန်များကို ခိုးယူရန် ဂိုဏ်းပေါင်းစုံဆီသို့ သွားရောက်ခဲ့ကြသည်။ ဂိုဏ်းထဲမှ သူတို့ပြန်မထွက်ခင် သတ္တမသခင်ကြီးသည် ရွှီချင်းအား ထိုဂိုဏ်းများကို အရိုအသေပေးစေပြီး ယင်းက သူတို့အပေါ် ကျေးဇူးတုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။ အကယ်၍ အနာဂတ်မှာ သူတို့က ရန်သူဖြစ်လာခဲ့လျှင် ဘာမှစိတ်ပူစရာမလိုဘဲ သတ်ဖြတ်ပစ်နိုင်မည် ဖြစ်သည်။
ယခုအခြေအနေသည်လည်း ထို့အတူပင်။
သူ၏ ဆရာပြောသည်က အကျိုးအကြောင်းဆီလျော်သည်ဟု ရွှီချင်း ခံစားမိသည်။ ထို့ကြောင့် သူက လက်သီးနှစ်ဖက်ဆုပ်လိုက်ပြီး အရှေ့သို့ ဦးညွတ်လိုက်သည်။
သူ၏ အရှေ့တွင် မြူခိုးမှလွဲ၍ တခြားမည်သည့်အရာမှမရှိသော်လည်း အကယ်၍ သူက စိတ်ရောကိုယ်ပါ အလေးအနက်ထားပြီး လုပ်ဆောင်မည်ဆိုလျှင် အကျိုးရှိကြောင်း ရွှီချင်း နားလည်သည်။ ယင်းက စိတ်ရင်းစစ်မှန်မှုအပေါ် အဓိကမူတည်သည်။
အကယ်၍ သူသာ စိတ်ရင်းအမှန်ဖြင့် အရိုအသေပေးမည်ဆိုလျှင် သူ၏ အရှေ့၌ မည်သည့်အရာမှမရှိသည့်တိုင် ယင်းက နတ်ဘုရားလက်ချောင်းအပေါ် ကျေးဇူးတုံ့ပြန်ခြင်းမည်လိမ့်မည်။
ဤသဘောတရားကို သတ္တမသခင်ကြီးက ရွှီချင်းအား လက်ဆင့်ကမ်းပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လုပ်ရပ်သည် အလွန်မှန်ကန်သည်ဟု ရွှီချင်း ခံစားမိသည်။
သို့သော်လည်း တစ်ဖက်လူကို သက်တောင့်သက်သာ အိပ်စက်နိုင်စေရန် ရွှီချင်းသည် အရိုအသေပေးပြီးသည်နှင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
တစ်ခဏကြာ အာရုံခံကြည့်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် တစ်ချက်လှုပ်ယမ်းသွားပြီး နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ လေထဲတွင် ကြွင်းကျန်ပုံရိပ်များ ကျန်ရစ်နေခဲ့ပြီးနောက် ရွှီချင်းသည် အဝေးတစ်နေရာတွင် ပြန်ပေါ်လာသည်။
မြေပြင်ပေါ်တွင် အဝါရောင်ပန်းချီကားတစ်ချပ် ရှိသည်။
ပန်းချီကားထဲတွင် အဖိုးအိုသည် မျိုးဆက်လေးဆက်မှ နောက်ဆုံးကျန်ရှိသူ ဖြစ်သည်။ သူ၏ အမူအရာတွင် ခြောက်ခြားမှုဖြင့် ပြည့်နှက်နေသော်လည်း သူသည် လုံးဝအထီးကျန်သည့်ပုံမပေါ်ချေ။ အဘယ်ကြောင့်ဆိုသော် ပန်းချီကားထဲတွင် သူက မျိုးနွယ်ထဲမှ တစ်ဦးတည်းကျန်ရှိနေသူဖြစ်သော်လည်း ရက်စက်ကြမ်းကြုတ်သော မိုဆာဆောသည် ပါးစပ်ကြီးဟလျက် သူ၏ ဘေးတွင် ရှိနေသောကြောင့် ဖြစ်သည်။
ပန်းချီကားကိုကြည့်နေရင်း ရွှီချင်း၏ အကြည့်သည် အေးစက်သွားသည်။ သူက ညာလက်ကိုမြှောက်လိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို ပန်းချီကားသည် လေပေါ်သို့ မြှောက်တတ်သွားသည်။ ယင်းက ရွှီချင်း၏ လက်ထဲပေါ်သို့ ကျဆင်းသွားသောအခါ မိုဆာဆောသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ပန်းချီကားထဲမှ အမြန်ပျံသန်းထွက်လာသည်။
မိုဆာဆောသည် ရွှီချင်းကိုကြည့်ပြီး အော်မြည်လိုက်သည်။ ထို့နောက် ၎င်းက လေချဉ်တတ်လိုက်ပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ဆဌမနတ်နန်းတော်ဆီသို့ ပြန်သွားသည်။
“ ဒီကိုထွက်လာခဲ့စမ်း ”
ရွှီချင်းသည် ပန်းချီကားကို အေးစက်စက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
ဆဌမနတ်နန်းတော်ထဲမှ မိုဆာဆောသည် တုန်ယင်သွားသည်။ သို့သော်လည်း ထိုစကားက သူ့ကိုပြောခြင်းမဟုတ်ကြောင်း အမြန်နားလည်သွားပြီးနောက် စိတ်အေးသွားသည်။
ပန်းချီကားထဲမှ အဖိုးအိုသည် ပိုပြီးအသားတဆတ်ဆတ် တုန်လာသည်။ သူသည် မနာခံဘဲ မနေဝံ့ပေ။ သူက ပန်းချီကားထဲမှ မြန်ဆန်စွာ တွားသွားထွက်လာပြီး လူသားအသွင်ပြောင်းလဲလိုက်သည်။ သူက ရွှီချင်း၏ အရှေ့တွင် မျောလွင့်နေလျက် သူ့ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ယင်လာပြီး သူ၏ နဖူးပြင်ပေါ်မှာ ချွေးစေးများထွက်လာသည်။ သူ၏ မျက်လုံးထဲတွင် မသေချာမရေရာမှုဖြင့် ပြည့်နှက်နေသည်။
“ မင်း… မင်းက ရွေးချယ်ခံနတ်ဘုရားလား… ဒါမှမဟုတ် အစောင့်အကြပ်လား ”
အဖိုးအိုသည် သတိထားပြီး မေးသည်။ သူ့အရှေ့မှလူက မည်သူဖြစ်မှန်း သူမပြောနိုင်ပေ။
ရွှီချင်းသည် အမူအရာကင်းမဲ့စွာရှိနေပြီး သူ၏ နတ်ဘုရားအာရုံကို အရိပ်လေးဆီ ပို့လွှတ်လိုက်သည်။
အရိပ်လေးသည် မြေကြီးထဲမှ ချက်ချင်း ပေါ်လျှိုးလာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ရက်စက်ကြမ်းကြုတ်တော့မည့်ပုံစံ ဟန်ဆောင်လိုက်ပြီး သွားအစွယ်များကို လှစ်ဟပြကာ လက်သည်းများကို တဝှေ့ဝှေ့ယမ်းပြသည်။
အပြင်ပန်းတွင် အရိပ်လေးသည် ထိုသို့ပုံစံဖြစ်နေသော်လည်း အမှန်မှာတော့ ၎င်းသည် အလွန်ခြောက်ခြားနေသည်။ စောစောတုန်းက ရွှီချင်းကို နတ်ဘုရားက သိမ်းပိုက်နေစဉ် ၎င်းသည် ပုန်းကွယ်နေခဲ့သည်။ နတ်ဘုရားက ခရမ်းသလင်းကျောက်အား ဖျက်ဆီးပစ်ရန် ၎င်းက မျှော်လင့်နေခြင်းဖြစ်သည်။
သို့မှသာ ၎င်းသည် ထိုအခွင့်အရေးကိုအသုံးချပြီး လွတ်မြောက်နိုင်လိမ့်မည်။
သို့သော်လည်း ခရမ်းသလင်းကျောက်သည် အလွန်အစွမ်းထက်ပြီး နတ်ဘုရားလက်ချောင်းအား အလွယ်တကူ ဖိနှိပ်နိုင်ခဲ့သည်ကို မြင်သောအခါ အရိပ်လေးသည် အလွန်ကြောက်လန့်သွားပြီး စိတ်ပျက်သွားသည်။
သို့သော်လည်း ၎င်းသည် မသေချင်သေးပေ။ သို့ကြောင့် ၎င်း၏ သစ္စာရှိမှုကိုပြသရန် အမြန်တံတွေးမျိုချလိုက်သည်။ မရေမတွက်နိုင်သော မျက်လုံးများသည် ၎င်း၏ ကိုယ်ပေါ်တွင် ထွက်ပေါ်လာကြပြီး အဖိုးအိုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်သော ခွေးရိုင်းများနှယ် ခြိမ်းခြောက်သော မာန်ဖီသံကို ထုတ်ဖော်လိုက်ကြသည်။
အရိပ်လေးကို မြင်လိုက်သည်နှင့်ချက်ချင်း အဖိုးအို၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားပြီး အလန့်တကြား အော်လိုက်သည်။
“ မင်း မင်း မင်း… မင်းက အစောင့်အကြပ်ပဲ ”
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… နတ်ဘုရားက မင်းကို သိမ်းပိုက်ခဲ့တယ်မဟုတ်ဘူးလား… ဘယ်လိုလုပ် နတ်ဘုရားရဲ့ သိမ်းပိုက်တာက ကျရှုံးသွားရတာလဲ ”
အဖိုးအိုသည် အပြင်းအထန် တုန်ရီသွားသည်။ သူသည် အရိပ်လေးကို အသေအချာ မှတ်မိသည်။ မည်သို့ဆိုသော် (ဃ၁၃၂)တွင် အရိပ်လေးသည် သူ့ကို အလွန်စိတ်ဝင်စားခဲ့သည်မဟုတ်ပါလော။
ရွှီချင်း၏ အေးစက်စက် အကြည့်က အရိပ်လေးပေါ်သို့ ကျရောက်သွားသည်။ အရိပ်လေးသည် ချက်ချင်း နားလည်သဘောပေါက်သွားပြီး ရက်စက်ကြမ်းကြုတ်သော ခွေးတစ်ကောင်သို့ အသွင်ပြောင်းလိုက်သည်။ ၎င်းသည် အဖိုးအိုကို ခုန်အုပ်လိုက်ပြီး ရူးသွပ်စွာ ကိုက်လိုက်သည်။
ချက်ချင်းပင် အဖိုးအိုသည် နာနာကျင်ကျင် အော်ဟစ်လိုက်ရသည်။
ရွှီချင်းသည် သူတို့ကို အရေးမထားတော့ဘဲ ခေါင်းကြီးနှင့် ကျောက်တုံးခြင်္သေ့ဆီသို့ လျှောက်သွားသည်။
ခေါင်းကြီးနှင့် ကျောက်တုံးခြင်္သေ့သည် ယခုအချိန်ထိ ပြန်မကောင်းကြသေးပေ။ သို့ဖြစ်၍ သူတို့သည် ထွက်ပြေးချင်လျှင်ပင် မလုပ်နိုင်ကြပေ။
ကျောက်တုံးခြင်္သေ့၏ ခြေထောက်များသည် ပြန်မကောင်းလာသေးဘဲ ခေါင်းကြီးသည် တစ်ခြမ်းသာလျှင် ပြန်ကောင်းလာသေး၏။
ရွှီချင်း၏ ပုံရိပ်ကိုမြင်သောအခါ သူတို့နှစ်ယောက်သည် အပြင်းအထန် တုန်ယင်သွားကြသည်။
အစကတော့ သူတို့သည် ရွှီချင်းက ရွှီချင်းသာလျှင်ဖြစ်နေသေးကြောင်း မသိကြချေ။ သို့သော် စောစောက အဖိုးအို၏ အော်ဟစ်သံသည် သူတို့ကို ဆုံးဖြတ်နိုင်စေခဲ့သည်။
သို့သော် ထိုဆုံးဖြတ်မှုသည် သူတို့ကို ပို၍ပင် ကြောက်ရွံ့စေသည်။
‘ နတ်ဘုရားတောင် သူ့ကို မသိမ်းပိုက်နိုင်ဘူးဟုတ်လား… ဘုရားရေ… ’
ခေါင်းကြီးသည် အော်ငိုချင်လာသည်။ သို့သော်လည်း အရိပ်လေး၏ အကိုက်ခံရ၍ အော်ဟစ်ညည်းညူနေသော အဖိုးအိုအား သူမြင်သောအခါ အလျှင်စလို ပြောသည်။
“ ဂုဏ်ပြုပါတယ်အရှင်… အဲ့ဒီအစုတ်ပလုတ်နတ်ဘုရားက အရှင့်ကို လုံးဝမယှဉ်နိုင်ဘူးဆိုတာ ငါအစောကြီးကတည်းက ခန့်မှန်းမိပြီးသားပါ… ပြီးတော့ အရှင့်ကို ကလိမ်ကကျစ်လုပ်သွားခဲ့တဲ့ ဟိုသောက်အဖိုးကြီးကို သတ်ပစ်သင့်ပါတယ် ”
“ ငါတကယ်ပဲ စိတ်လှုပ်ရှားမိတယ်… ငါတို့(ဃ၁၃၂)က နောက်ဆုံးတော့ ပြန်ပေါင်းစည်းတော့မယ် ”
ခေါင်းကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး အလျှင်အမြန် ပြောသည်။
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် သိုလှောင်အိတ်ထဲမှ ပျံသန်းထွက်လာပြီး ရွှီချင်းကို သတိပေးသည်။
“ သခင်… သူ့ရဲ့စကားတွေက စိတ်ရင်းနဲ့ပြောတာ မဟုတ်ပါဘူး… သူက သခင့်ကို ဖော်လံဖားနေတာဖြစ်မယ်… သူ့မျက်လုံးတွေကတော့ ဘယ်လိုလွတ်မြောက်နိုင်မလဲပဲ အမြဲစဉ်းစားနေတာ ပေါ်လွင်ပါတယ်… အရိပ်လေးလိုပဲ ဒီကောင်တွေက ပုန်ကန်ချင်စိတ် ရှိကြပါတယ်… သခင်သာ တစ်ခုခုဖြစ်သွားရင် သခင်ရဲ့ကံဆိုးမှုအတွက် သူတို့က ပထမဆုံး ဝမ်းသာပျော်ရွှင်ကြမယ့်သူတွေပါ… သူတို့ကို ဖိနှိပ်တာက အကောင်းဆုံးလို့ ငါအကြံပေးပါတယ် ”
သံချောင်းနက်ကို မြင်လိုက်ရသောအခါ ခေါင်းကြီး၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ပင့်သက်ရှိုက်လိုက်ပြီး ငြင်းဆန်ရန်ပြင်လိုက်သည်။
ရွှီချင်းသည် ခေါင်းကြီးကို အေးတိအေးစက် ကြည့်လိုက်သည်။ သူက ညာလက်ကိုမြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ခရမ်းရောင် အလင်းအလွှာတစ်ခု၏ လွှမ်းခြုံခံထားရသော သူ၏ ဒသမနတ်နန်းတော်သည် အပြင်ဘက်တွင် ထွက်ပေါ်လာသည်။ ထိုအလင်းအလွှာသည် နတ်နန်းတော်ထဲမှ သွေးနီရောင်အလင်းကို ချိပ်ပိတ်ထားခြင်း ဖြစ်သည်။
(ဃ၁၃၂)ပေါ်ထွက်လာသည့်အခိုက် ခေါင်းကြီးသည် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ၏ မျက်လုံးသည် ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ထွက်ပေါ်လာသည်။
“ ပြန်ပေါင်းစည်းချင်တယ်လို့ မင်းပြောတယ်မလား… သွား အထဲဝင် ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။