ပျော်ရွှင်ခြင်းပန်းပွင့်ပေါ်က ပုံရိပ်
Vol. 44 Ch. 659
ရွှီချင်း၏ အသံတွင် မည်သည့်စိတ်ခံစားမှုအတတ်အကျမှ မပါရှိပေ။ ယင်းက ခေါင်းကြီး၏ နားထဲသို့ ဝင်ရောက်သွားသောအခါ သူက ပိုပြီးတော့ တုန်ယင်လာသည်။
ယခင်က သူပြောခဲ့သော ပြန်ပေါင်းစည်းမှုသည် အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
ထိုဖြစ်ရပ်သည် အလွန်အံ့ဖွယ်ကောင်း၏။
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အရှေ့သို့ တိုးသွားသည်နှင့် လွန်စွာမှ စိတ်လှုပ်ရှားလာသည်။
“ မင်း အထဲမဝင်သေးဘူးလား ”
ဤတစ်ကြိမ်မှာတော့ ခေါင်းကြီးသည် အမှန်တကယ် ငိုချလိုက်တော့သည်။ သူက တစ်စုံတစ်ခုပြောရန်ပြင်လိုက်စဉ် ရွှီချင်းသည် လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ခေါင်းကြီးသည် အော်ဟစ်သံများနှင့်အတူ (ဃ၁၃၂)ထဲသို့ အတင်းအကျပ် ပို့ဆောင်ခံလိုက်ရသည်။
ခေါင်းကြီးသည် သူ့ကိုယ်ပိုင်အကျဉ်းခန်းဆီသို့ ပြန်ရောက်သွားသည်။
အကျဉ်းခန်းဆီသို့ ရောက်ရှိသွားသည်နှင့်ချက်ချင်း ခေါင်းကြီးသည် နတ်ဘုရားလက်ချောင်း၏ တည်ရှိမှုကို အာရုံခံမိသွားသည်။ အော်ဟစ်ငိုကြွေးသံသည် ခြောက်ခြားမှုသို့ ပြောင်းလဲသွားသည်။
“ ဒါ… ဒါ… ဒါ… ”
သူ လုံးလုံးမတုံ့ပြန်နိုင်ခင် ကျောက်တုံးခြင်္သေ့သည်လည်း (ဃ၁၃၂)ထဲသို့ ပို့ဆောင်ခံလိုက်ရသည်။ ၎င်းသည် အကျဉ်းခန်းထဲသို့ရောက်သောအခါ ယခင်က လဲလျောင်းနေကျနေရာသို့ တန်းသွားလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် တိမ်မြူသားရဲ၏ အသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသည်။
၎င်းသည် ဘေးပတ်ဝန်းကျင်ကို မိန်းမောစွာ အာရုံခံပြီးနောက် ဘေးသို့ တိတ်တဆိတ် လှည့်လိုက်ပြီး လက်တံများကို ကိုက်စားလိုက်သည်။ ယင်းက ၎င်းကို စိတ်သက်သာရာရစေမည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ဟန်တူသည်။
သို့သော်လည်း ၎င်း၏ လက်တံများ အစားခံရသည့်အခါတိုင်း သူတို့က ခေါင်းကြီး၏ အသွင်သဏ္ဍာန်သို့ ပြောင်းသွားကြလိမ့်မည်။
ယင်းကိုကြည့်ခြင်းအားဖြင့် ပြန်ပေါင်းစည်းတော့မည်ဟု အမြဲပြောလေ့ရှိသည့် ခေါင်းကြီးကို ၎င်းက မည်မျှမုန်းတီးနေကြောင်း မြင်သာပေသည်။
ထိုမြင်ကွင်းကို သတိပြုမိသောအခါ ခေါင်းကြီးသည် တကယ်ငိုချလိုက်သည်။
သို့သော်လည်း မျက်ရည်စက် အများကြီးမကျသေးခင် (ဃ၁၃၂)သည် နောက်တဖန် လင်းထိန်သွားပြန်သည်။ ပန်းချီကားမျိုးနွယ်အဖိုးအိုသည် အကျဉ်းခန်းထဲတွင် ထွက်ပေါ်လာသည်။
နတ်ဘုရားလက်ချောင်းအား ရင်းနှီးသော ခံစားမှုကိုပေးရန် ရွှီချင်းသည် ပန်းချီကားအဖိုးအိုကို မသတ်ခဲ့ပေ။ ယင်းအစား သူ့ကို (ဃ၁၃၂)ဆီသို့ ပို့ဆောင်လိုက်သည်။
အဖိုးအို၏ တစ်ကိုယ်လုံးတွင် ခွေးကိုက်ရာများဖြင့် ပြည့်နှက်နေပြီး ဇကာပေါက်သဖွယ် ဖြစ်နေသည်။ သူက (ဃ၁၃၂)ကို မြင်လိုက်ရသည့်အခိုက် ဆွံ့အသွားသည်။ အထူးသဖြင့် သူ၏ အကြည့်က ရင်းနှီးနေသော အကျဉ်းခန်းဆီသို့ ရောက်ရှိသွားသောအခါ ဖြစ်သည်။ သူက ခေါင်းကြီး၏ အော်ငိုသံကိုနားထောင်လျက် အိပ်ပျော်နေသော နတ်ဘုရားလက်ချောင်းကို ကြည့်လိုက်လေရာ သူ၏ အမူအရာသည် မိန်းမောတွေဝေသွားသည်။
“ (ဃ၁၃၂)က မကြာခင် ပြည့်စုံတော့မယ် ”
ရွှီချင်း၏ အသံသည် ဒသမနတ်နန်းတော်ထဲသို့ ဝင်ရောက်သွားပြီး ပဲ့တင်ထပ်သွားသည်။
ခေါင်းကြီးသည် အော်ဟစ်ငိုကြွေးနေပြီး ကျောက်တုံးခြင်္သေ့သည် ၎င်း၏ လက်တံများကို ဆက်လက်ကိုက်နေသည်။ ပန်းချီကားမျိုးနွယ်အဖိုးအိုသည် ကြောက်လန့်တုန်လှုပ်နေသည်။
နတ်ဘုရားလက်ချောင်းသည် ယခင်က သူရင်းနှီးကျွမ်းဝင်ခဲ့သော အငွေ့အသက်ကို ပြန်အာရုံခံမိသောအခါ ပိုပြီးနှစ်ချိုက်စွာ အိပ်မောကျသွားတော့သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် ဒသမနတ်နန်းတော်ကို အရေးမထားတော့ပေ။ သူက ကျောက်ရှာတောင်၏ ဦးတည်ရာသို့ လှမ်းမျှော်ကြည့်လိုက်ပြီး အရှိန်တင်လိုက်သည်။
ယခင်က သူသည် ချောက်နက်ပင်လယ်အောက်တွင် အချိန်ကြာကြာ မသွားလာနိုင်ပေ။ သို့သော် သူ၏ လက်ရှိခန္ဓာကိုယ်ကတော့ ထိုသို့လုပ်ဆောင်နိုင်စွမ်း ရှိသည်။
ထိုသို့ဖြင့် အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။
အကယ်၍ သူ၏ ယခင်ခန္ဓာကိုယ်သာဆိုလျှင် သူ၏ အာရုံခံအင်္ဂါငါးပါးသည် ထိုမျှထက်ရှလိမ့်မည် မဟုတ်ချေ။ သေချာအတည်ပြုပြီးနောက် ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို အာရုံစိုက်ပြီး နားစွင့်လိုက်သည်။
သူ၏ အာရုံစူးစိုက်မှုကြောင့် အသံသည် တဖြည်းဖြည်း ကြည်လင်ရှင်းလင်းလာသည်။
“ ကယ်ပါ… တစ်ယောက်ယောက်ရှိလား… ကယ်ပါ ငါ့ကိုကယ်ပါ… ”
ထိုအသံသည် အလွန်တိုးညင်း၏။ ယင်းက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်လာသောအခါ ထိုအသံသည် အနည်းငယ် သူနှင့်ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိသည်။
တစ်ခဏတွေးတောပြီးနောက် ရွှီချင်းသည် ထိုအသံကို ချက်ချင်း မှတ်မိသွားသည်။
“ နင်ယန်လား ”
ရွှီချင်းသည် အံ့ဩသွားပြီး ဘေးပတ်ဝန်းကျင်မှ ချောက်နက်ပင်လယ်ကို စစ်ဆေးကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ နင်ယန်သည် အင်မော်တယ်အူခွေသစ်ပင်မှ တည်နေရာပြောင်းရွှေ့ပြီးနောက် ပြန်မရောက်လာသေးကြောင်း သူသတိရသွားသည်။
“ နေခြည်လေက ဒီဒေသမှာ မကြာခဏ ထွက်ပေါ်လာတတ်တယ်… ပြီးတော့ လေဟာနယ်အက်ကွဲကြောင်းတွေ အများကြီးရှိတယ်… သူက တည်နေရာပြောင်းရွှေ့နေချိန်အတွင်း ဒီကိုရောက်လာပြီး မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုနဲ့ တွေ့ကြုံခဲ့တာဖြစ်မယ်… ဒါကြောင့် သူပြန်မရောက်လာနိုင်တာ ဖြစ်မယ် ”
ရွှီချင်းသည် စူးစမ်းသိလိုသောကြောင့် အသံနောက်သို့ လိုက်သွားသည်။ တစ်နာရီအကြာတွင် သူသည် အဝေးတစ်နေရာမှ ညှို့ဓာတ်များထုတ်လွှတ်နေသော ဧရာမပန်းပွင့်ကြီးကို မြင်သွားသည်။
ယင်းသည် ပျော်ရွှင်ခြင်းပန်းပွင့် ဖြစ်သည်။
ပေရာပေါင်းများစွာ ကြီးမားသော ပန်းပွင့်ကြီးကို အရောင်အသွေးစုံ ပွင့်ချပ်များဖြင့် ဖုံးလွှမ်းထားသည်။ ပန်းပွင့်ကြီး လူးလွန့်သွားသည့်အခါတိုင်း ဝတ်ဆံဖိုရာပေါင်းများစွာသည် ဘေးပတ်ဝန်းကျင်တွင် မျော့လွင့်သွားကြပြီး မျိုးနွယ်ခြားများမှ မိန်းမပျိုလေးများအသွင် ပြောင်းလဲသွားကြသည်။
ထိုမိန်းမပျိုလေးများသည် ချောက်နက်ပင်လယ်ထက်သို့ ပျံ့ဝဲမသွားကြဘဲ ပွင့်ဖတ်ကြီး၏ ဘေးပတ်ပတ်လည်တွင် စုဝေးသွားကြသည်။ သူတို့အားလုံး၏ အမူအရာသည် ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေပြီး စွမ်းအင်ကို နှစ်ချိုက်စွာ ဆက်လက် စုပ်ယူနေကြသည်။
ဧရာမပွင့်ဖတ်ကြီးပေါ်တွင် မရေမတွက်နိုင်သော ပွင့်ချပ်များသည် ဘေးပတ်ပတ်လည်၌ လှုပ်ယမ်းနေကြပြီး လဲလျောင်းနေသော ပုံရိပ်တစ်ခုက ထိုနေရာတွင် မသဲမကွဲထွက်ပေါ်လာသည်။
ထိုသူသည် နင်ယန်ဖြစ်သည်။
သူ၏ အဝတ်အစားသည် ဘိုသီဘတ်သီဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်သည် ပိန်ချုံးချည့်နဲ့နေပြီး သေခါနီး အရိုးခြောက်မျှသာ ရှိတော့သည်။
တစ်ခါက အသက်ဓာတ်စွမ်းအားဖြင့် ပြည့်ဝနေခဲ့သော သူ၏ မျက်လုံးသည် ယခုအခါ ရှုပ်ထွေးမှုနှင့် မှုန်ဝါးမှုဖြင့် ထင်ဟပ်နေသည်။ ဘေးပတ်ပတ်လည်မှ မိန်းမပျိုလေးများက သူ၏ စွမ်းအင်ကို စုပ်ယူနေကြစဉ် သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး တဖြည်းဖြည်း အားနည်းလာသည်။ သူက တိုးညင်းသောအသံဖြင့် အော်ဟစ်အကူအညီတောင်းလိုက်သည်။
“ ကယ်ပါ… ကယ်ပါ... ”
ပျော်ရွှင်ခြင်းပန်းပွင့်သည် ကျောက်ရှာပြည်နယ်၏ ထူးခြားသော အပင်တစ်ပင်ဖြစ်သည်။ ရွှီချင်းသည် သစ်ရွက်သင်္ဘောဖြင့် ခရီးသွားခဲ့စဉ်အခါက ထိုပန်းပွင့်ကို တစ်ခါမြင်ခဲ့ဖူးသည်။ ခေါင်းကြီး၏ ပြောကြားမှုအရ အခြေတည်အဆင့် သာမန်ကျင့်ကြံသူများဆိုလျှင် အသက်သုံးခါငါးခါရှူချိန်အတွင်း ပျော်ရွှင်ခြင်းပန်းပွင့်၏ အသက်ဓာတ်စုပ်ယူခြင်းခံရပြီး အလောင်းခြောက်သို့ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။
ရွှေအမြူတေအဆင့် ပညာရှင်ကျင့်ကြံသူများပင် အချိန်ကြာကြာ မတောင့်ခံနိုင်ပေ။
ထိုပန်းပွင့်ကြီး၏ ထူးခြားသော ဝိသေသလက္ခဏာမှာ ပန်းပွင့်သည့်အခါ ၎င်း၏ ဝတ်ဆံဖိုများသည် မျိုးနွယ်ခြားအသီးသီးမှ မိန်းမပျိုလေးများအသွင် ပြောင်းလဲသွားကြလိမ့်မည်။ ထို့အပြင် သူတို့တစ်ဦးချင်းစီသည် ဖြတ်သွားဖြတ်လာ ခရီးသည်များကို ညှို့ငင်ဆွဲဆောင်ရန် ပြိုင်စံရှားအလှကို ပိုင်ဆိုင်ထားကြသည်။
သူ၏ အရှေ့မှ ပျော်ရွှင်ခြင်းပန်းပွင့်ကိုကြည့်လိုက်စဉ် ရွှီချင်း၏ အမူအရာသည် အနည်းငယ် ထူးခြားလာသည်။
၎င်းသည် ခရီးသွားခဲ့တုန်းက သူမြင်တွေ့ခဲ့သော ပန်းပွင့်ထက် အရွယ်အစားသေးငယ်သည်။ သို့သော်လည်း ၎င်းထံမှ ထုတ်လွှတ်နေသော ညှို့ဓာတ်သည် ပိုပြီးအားကောင်းသည်။
၎င်းဖန်တီးထားသော မိန်းမပျိုလေးအားလုံးသည် ပန်းနုရောင် အသားအရေရှိပြီး ကိုယ်လုံးကိုယ်ပေါက် အချိုးအဆက်ပြေပြစ်သည်။ သူတို့သည် အလွန်အမင်း ချောလှကြသည်။ နင်ယန်က သူတို့ကို အာဟာရဓာတ် အတော်များများ ထောက်ပံ့ပေးခဲ့ကြောင်း ရှင်းလင်းသည်။
“ ဒီနင်ယန်… တကယ်လို့ သူက ဒီနေရာကို တည်နေရာပြောင်းရွှေ့လာခဲ့တယ်ဆိုရင် ဘယ်လောက်ကြာအောင် ဒီမှာရှိနေခဲ့တာလဲ… ဒါတောင် သူက အသက်ရှင်နေသေးတယ်လား ”
ရွှီချင်းသည် အလန့်တကြား ပြောသည်။ သူ၏ အံ့အားသင့်မှုသည် အလွန်ကြီးမားကြောင်း ရှင်းလင်းသည်။ အင်မော်တယ်အူခွေသစ်ပင်မှ အဖြစ်အပျက်များကို သူပြန်သတိရသွားသောအခါ ခေါင်းဆောင်၏ အယူအဆကို ပိုပြီးယုံကြည်လာသည်။
“ နင်ယန်နဲ့ပတ်သက်ပြီး တစ်ခုခုက ပုံမှန်မဟုတ်ဘူး ”
ရွှီချင်းသည် အတွေးနက်သွားသည်။ ထို့နောက် သူ၏ အကြည့်က အရိုးခြောက်သဖွယ် ခန္ဓာကိုယ်ပိန်ချုံးနေသော နင်ယန်ပေါ်သို့ ကျရောက်သွားပြီး သူ့ကို ကယ်တင်ရန်ပြင်လိုက်သည်။
မည်သို့ဖြစ်စေ တစ်ဖက်လူသည် သူနှင့်ခေါင်းဆောင်၏ အသုံးတော်ခံလက်နက်ဖြစ်ပြီး သူ့ကို အသုံးချရသည်မှာ အတော်လေး အဆင်ပြေသည်။ အကယ်၍ သူ့ကို ဤဒုက္ခတောထဲမှာ ပစ်ထားခဲ့မည်ဆိုလျှင် အတော်လေး နှမြောစရာကောင်းလိမ့်မည်။
ရွှီချင်းသည် အရှေ့သို့ တည်ငြိမ်စွာ လျှောက်သွားသည်။
အနားသို့ သူနီးကပ်လာသည်နှင့် ပျော်ရွှင်ခြင်းပန်းပွင့်သည် အန္တရာယ်ကို ချက်ချင်း အာရုံခံမိသွားသည်။ နင်ယန်၏ ဘေးပတ်ပတ်လည်မှ အသွင်ပြောင်းဝတ်ဆံဖိုများသည် တစ်ပြိုက်နက် ခေါင်းလှည့်လိုက်ကြပြီး ရွှီချင်းကို စိုက်ကြည့်လိုက်ကြသည်။
ထိုဝတ်ဆံဖိုမျိုးနွယ်ခြားများသည် ရွှီချင်းထံမှ တခြားခရီးသည်များနှင့် မတူညီဘဲ အန္တရာယ်အငွေ့အသက်ကိုသာ ခံစားမိကြသည်။ သူတို့သည် ချွန်ထက်သော သွားအစွယ်များကို လှစ်ဟဖော်ပြလိုက်ကြပြီး ခြိမ်းခြောက်သော မာန်ဖီသံကို ထုတ်ဖော်လိုက်ကြသည်။
ရွှီချင်းသည် အမူအရာကင်းမဲ့လျက် အရှေ့သို့ တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။
ထိုအဖြစ်ကိုမြင်သောအခါ ပျော်ရွှင်ခြင်းပန်းပွင့်သည် တုန်ရီလာပြီး ပမာဏများပြားသော ပန်းနုရောင်မြူခိုးကို မှုတ်ထုတ်လိုက်သည်။ မြူခိုးပျံ့လွင့်သွားနေစဉ် ပန်းပွင့်သည် စတင်ရွေ့လျားလိုက်ပြီး ထွက်ပြေးရန် ကြိုးစားသည်။
မြူခိုးထဲတွင် အသွင်ပြောင်းဝတ်ဆံဖိုများသည် နင်ယန်၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားကြပြီး ရွှီချင်းကို တားဆီးရန် သူ့ဆီသို့ ဦးတည်သွားကြသည်။
သို့သော်လည်း ရွှီချင်း၏ အနားသို့ သူတို့မရောက်ခင် အရှေ့ဆုံးမှ မျိုးနွယ်ခြားများသည် ရုတ်တရက် စူးစူးရှရှ အော်ဟစ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်သည် မြန်မြန်ဆန်ဆန် ယိုယွင်းပျက်စီးသွားပြီး အနက်ရောင်အရည်သို့ ပြောင်းလဲသွားကာ မြေပေါ်သို့ ပက်ဖျန်းသွားသည်။
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ သူ၏ လက်ရှိခန္ဓာကိုယ်ဖြင့်ဆိုလျှင် တားမြစ်အဆိပ်သည် ယခင်ထက် ပိုမိုမြန်ဆန်စွာ အသက်ဝင်လာကြောင်း အာရုံခံမိသည်။
သူသည် တွေးတောနေလျက် အရှေ့သို့ ဆက်လျှောက်သွားသည်။
သူဖြတ်လျှောက်သွားသည့်နေရာတိုင်း ဘေးပတ်ဝန်းကျင်မှ ဝတ်ဆံဖိုများသည် ယိုယွင်းပျက်စီးသွားကြပြီး ခြောက်သွေ့သွားကြသည်။ မျိုးနွယ်ခြားမိန်းမပျိုလေးများ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သောအမူအရာ ထွက်ပေါ်လာပြီး နာကျင်စွာ အော်ဟစ်၍ အနောက်ဆုတ်သွားကြသည်။
သူတို့က ‘ ငါ့နားမလာနဲ့’ဟု ပြောနေသယောင်ပင်။
ရွှီချင်းသည် ထိုမြင်ကွင်းနှင့် အလွန်အမင်း ရင်းနှီးသည်။
ခရင်းသလင်းကျောက်နှင့် ရင်ဆိုင်ခဲ့စဉ်အခါက နတ်နန်းတော်များနှင့် နတ်ဘုရားလက်ချောင်း၏ ဖြစ်ပျက်ခဲ့သော အမူအရာကို သူသတိရသွားသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုမြင်ကွင်းကို သူသည် သဘောမကျပေ။ ထို့ကြောင့် သူက ခြေထောက်ကို မြှောက်တင်လိုက်ပြီး ဖနောင့်ပေါက်လိုက်သည်။ ချက်ချင်းပင် မြေကြီးသည် တုန်လှုပ်လာပြီး ပျော်ရွှင်ခြင်းပန်းပွင့်မှ ဝတ်ဆံဖိုများသည် ပြိုကွဲသွားကြသည်။
ဝတ်ဆံဖိုတစ်ခုမှမရှိတော့သော ပျော်ရွှင်ခြင်းပန်းပွင့်သည်သာလျှင် သူ၏ အရှေ့၌ ကြောက်လန့်တကြား တုန်ယင်နေသည်။
ရွှီချင်းသည် စိတ်ကျေနပ်သွားသည်။ သူက ပွင့်ဖတ်ကြီးဆီသို့ တန်းမတ်စွာ လျှောက်သွားပြီး ခန္ဓာကိုယ်ပိန်ချုံး၍ တုန်ယင်နေသော နင်ယန်ကို ပွင့်ချပ်များကြားထဲမှ ဆွဲထုတ်လိုက်သည်။
နင်ယန်သည် ကိုယ်လုံးတီးရှိနေသည်။ ထိုအခိုက်အတန့်မှာ သူက ရွှီချင်းကို အားမရှိစွာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အသနားခံသောအကြည့် ထင်ရှားစွာ ပေါ်လွင်နေသည်။
“ စီနီယာအကိုကြီးရွှီချင်း… မင်းဘာလို့ ဒီရောက်နေတာလဲ… ကယ်ပါ ငါ့ကိုကယ်ပါ… ”
ရွှီချင်းသည် ဤအခြေအနေထိ ဆိုးဆိုးဝါးဝါး ညှဉ်းပန်းနှိပ်စက်ခံထားရသော သူ့၏ အရှေ့မှ လူငယ်ကို မြင်သောအခါ စိတ်ထဲမှ တိတ်တခိုး သက်ပြင်းချလိုက်သည်။ ဤလောကကြီးသည် မည်မျှကြောက်စရာကောင်းကြောင်း ယခု သူ ပိုပြီးနားလည်သွားသည်။
သူက ဆေးတစ်လုံးထုတ်လိုက်ပြီး နင်ယန်ကို တိုက်ကျွေးလိုက်သည်။ ထို့နောက် သူ့ကို လွှမ်းခြုံပေးရန် အဝတ်အစားတစ်စုံကို ထုတ်လိုက်ပြီး ပျော်ရွှင်ခြင်းပန်းပွင့်ထံမှ သူထွက်ခွာနိုင်အောင် တွဲထူပေးလိုက်သည်။
ရွှီချင်းထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် သူ၏ အနောက်မှ ပျော်ရွှင်ခြင်းပန်းပွင့်သည် အဆိပ်မြူခိုး၏ ဖုံးလွှမ်းခံလိုက်ရပြီး အလျှင်အမြန် ယိုယွင်းပျက်စီးသွားသည်။ အော်ဟစ်ညည်းညူသံများကြားတွင် ၎င်းသည် နောက်ဆုံးမှာတော့ လုံးဝယိုယွင်းပျက်စီးသွားပြီး အနက်ရောင်ရေကန်ကြီးတစ်ကန်သို့ ပြောင်းလဲသွားသည်။
ပျော်ရွှင်ခြင်းပန်းပွင့် ဆွေးမြေ့ပျက်စီးသွားသည့်အခိုက် ရွှီချင်း၏ တွဲထူပေးမှုကြောင့် ပြန်လှုပ်ရှားနိုင်နေပြီဖြစ်သော နင်ယန်သည် ခဏမျှ ရပ်တန့်သွားသည်။ စိတ်ဝိညာဉ်တချို့သည် သူ၏ မျက်လုံးထဲသို့ ပြန်ဝင်ရောက်လာသည်။ သူသည် ချက်ချင်း အနောက်လှည့်လိုက်ပြီး ပျော်ရွှင်ခြင်းပန်းပွင့်ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ မင်းက မခွဲနိုင်လို့လား ”
နင်ယန်၏ အမူအရာကိုမြင်သောအခါ ရွှီချင်းသည် အံ့ဩသွားသည်။
“ မဟုတ်ပါဘူး… ”
နင်ယန်သည် ခန္ဓာကိုယ်တုန်ယင်သွားသည်နှင့် ရွှီချင်းကိုကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲမှ ကျေးဇူးတင်မှုကို ဖော်ပြသည်။
“ စီနီယာအကိုကြီးရွှီချင်း… ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ မင်းရဲ့ကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး… ဒါနဲ့ ငါဒီမှာရှိနေတာကို မင်းဘယ်လိုလုပ်သိတာလဲ… ”
“ ဘာလို့ မင်း ဒီကိုရောက်နေတာလဲ ”
ရွှီချင်းသည် တည်ငြိမ်စွာ မေးလိုက်သည်။ အင်မော်တယ်အူခွေသစ်ပင်၏ နယ်မြေတွင် တစ်ဖက်လူက သူ၏ သရုပ်မှန်ကို မှတ်မိသွားခဲ့သလားဟု သူသိချင်သည်။
သို့သော်လည်း သူမှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ ယင်းက အရေးမကြီးပေ။ မည်သို့ဖြစ်စေ ထိုအဖြစ်အပျက်တွင် သူတို့လေးယောက်စလုံး ပါဝင်ပတ်သက်ခဲ့ကြသည် မဟုတ်ပါလော။ အကယ်၍ ထိုအကြောင်းသာ အပြင်ပေါက်ကြားသွားမည်ဆိုလျှင် သူတို့လေးယောက်စလုံး မည်သူမှ အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ချေ။
“ အာ ”
နင်ယန်သည် ခဏမျှတုံ့ဆိုင်းနေပြီးလျှင် လေသံတိုးတိုးဖြင့် ပြောသည်။
“ စီနီယာအကိုကြီးရွှီချင်း… ငါက ကျောက်ရှာပြည်နယ်ကို တာဝန်တစ်ခုထမ်းဆောင်ဖို့ ရောက်လာခဲ့တာ… ဒါပေမဲ့ လမ်းမှာ ဒီအယုတ်တမာ ပျော်ရွှင်ခြင်းပန်းပွင့်ရဲ့ ဖမ်းဆီးတာကိုခံခဲ့ရတယ်… ငါက ဒီမှာ အချိန်တော်တော်ကြာအောင် ချုပ်နှောင်ခံထားရတာ… ”
“ ဒီတော့ ဖုန်းဟိုင်ဒေသငယ်က လက်ရှိအခြေအနေကို မင်းမသိသေးဘူးပေါ့ ”
ရွှီချင်းသည် နင်ယန်ကိုကြည့်သည်။
နင်ယန်သည် ဆွံ့အသွားသည်။ အပြင်လောကတွင် မည်သို့ဖြစ်ပျက်နေကြောင်း တကယ် သူဘာမှမသိပေ။ အမှန်မှာတော့ ရွှီချင်း၏ စောစောတုန်းက ခန့်မှန်းချက်သည် မှန်ကန်သည်။ သူက တကယ်ပဲ ဤနေရာသို့ တည်နေရာပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ သူက ထွက်မသွားနိုင်ခင် ပျော်ရွှင်ခြင်းပန်းပွင့်နှင့် တွေ့ကြုံခဲ့သည်။
အစပိုင်းမှာတော့ ပျော်ရွှင်ခြင်းပန်းပွင့်သည် သာမန်အစွမ်းသာရှိသည့် ပန်းပွင့်သေးသေးလေးတစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပန်းပွင့်သည် ပိုပြီးကြီးထွားလာပြီး စုပ်ယူမှုသည် ပိုပြီးအားကောင်းလာသည်။ သို့ဖြစ်၍ သူသည် မရုန်းထွက်နိုင်ဘဲ ယခုအချိန်ထိ စုပ်ယူခံနေရခြင်း ဖြစ်သည်။
နင်ယန်၏ အမူအရာမှတဆင့် အဖြေကို ရွှီချင်း မြင်နိုင်သည်။
‘ ကြည့်ရတာ အဲ့ဒါက ငါဆိုတာ သူမခန့်မှန်းမိဘူးထင်တယ်… ’
ရွှီချင်းသည် မည်သည့်စကားမှမပြောတော့ဘဲ အရှေ့သို့ လျှောက်သွားသည်။
နင်ယန်သည် စိတ်မသက်မသာ ခံစားနေရသည်။ သူသည် အတိတ်မှာကတည်းက ရွှီချင်းကို ကြောက်ရွံ့ပြီးသား ဖြစ်သည်။ ယခု ထပ်မံမြင်တွေ့လိုက်ရသည့်အခါ အကြောင်းအရင်းတချို့ကြောင့် သူ့ကို မသိစိတ်ထဲမှ ပိုပြီးတော့ ကြောက်လာသည်။ ယခုရွှီချင်းသည် အတိတ်က သူ၏ မှတ်ဉာဏ်များထဲမှ ရွှီချင်းထက် ပိုကြောက်စရာကောင်းလာပြီး ပိုသန်မာလာကြောင်း ဝိုးတိုးဝါးတား သူအာရုံခံမိသည်။ ထို့ကြောင့် သူက သတိထား၍ ရွှီချင်းနောက်သို့ အမြန်လိုက်သွားသည်။
“ စီနီယာအကိုကြီးရွှီချင်း… ငါတို့ ဘယ်ကိုသွားနေတာလဲ ”
နင်ယန်သည် လေသံတိုးတိုးဖြင့် စိုးရိမ်ကြောင့်ကြစွာ မေးသည်။
“ ကျောက်ရှာတောင် ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ရွှီချင်းနှင့် နင်ယန်သည် အရှေ့သို့ ရွေ့လျားသွားနေကြရင်း ကျောက်ရှာတောင်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။
တစ်ချိန်တည်းမှာ ကျောက်ရှာတောင်ပေါ်မှ ကဒ်ဘေးသည် အရေးကြီးအချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်သည်။
စူးချွန်နက်များသည် နေရာတိုင်းမှ ပျံသန်းထွက်လာကြပြီး ကျောက်ရှာတောင်ပေါ်မှ စည်းချအစီအရင်ပေါ်သို့ ဆက်တိုက်ကျဆင်းသွားကြသည်။
ကြီးမားပြင်းထန်သော ရိုက်ခတ်မှုကြောင့် စည်းချအစီအရင်သည် အကြမ်းပတမ်း လှုပ်ခါလာပြီး ကျယ်လောင်သော ပေါက်ကွဲသံများသည် ဘေးပတ်ဝန်းကျင်တစ်လျှောက် တရစပ် ပဲ့တင်ထပ်သွားသည်။
စည်းချအစီအရင်သည် အက်ကွဲတော့မည့် လက္ခဏာများ ပြလာသည်။