နတ်ဆိုးတစ်ထောင်ကိုထိတ်လန့်စေတဲ့ ကျောက်ရှာအလင်း(က)
Vol. 44 Ch. 659
ချွန်ထက်သော စူးချွန်နက်များသည် ပြင်းထန်သော အဖျက်စွမ်းအားနှင့်အတူ ကျောက်ရှာတောင်ပေါ်မှ စည်းချအစီအရင်ပေါ်သို့ ထိုးစိုက်သွားကြသည်။
ယင်းတို့ကို စည်းချအစီအရင်များအပေါ် ချိုးဖောက်ရန်နှင့် ပိတ်ဆို့တားဆီးရန် အထူးပြင်ဆင်ထားခြင်း ဖြစ်သည်။
စူးချွန်နက်များသည် ကျောက်ရှာတောင်၏ ကာကွယ်ရေးစည်းချအစီအရင်ကို ထိုးဖောက်ပြီးနောက် အနက်ရောင်လျှပ်စီးသို့ ပြောင်းလဲသွားကြပြီး အတူတကွ ဆက်သွယ်သွားကြသည်။ လျှပ်စီးလင်းလက်သွားသည့်အခါ ကျောက်ရှာတောင်၏ စည်းချအစီအရင်သည် မည်မျှအစွမ်းထက်သည့်တိုင် အလွန်အမင်း အားလျော့လာသည်။
“ အစီအရင်ကျိုးပေါက်တော့မယ် ”
“ ဟား ဟား… အားလုံး ပိုအားစိုက်ထုတ်ကြဟေ့ ”
“ အစီအရင်ကျိုးပေါက်တာနဲ့ ငါတို့တွေ မြင်မြင်သမျှ လူတိုင်းကို သတ်ပစ်ကြမယ်… အားလုံးကိုလုယက်ပစ်မယ်… ပြီးကျရင် ဒီတောင်ကြီးကို ဖျက်ဆီးပစ်ကြမယ် ”
ကျောက်ရှာတောင်ကို ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ရန် ကြိုစီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ကျောက်ရှာတောင်၏ ဘေးပတ်ပတ်လည်၌ ကျင့်ကြံသူအယောက်တစ်ထောင်ကျော် ရှိကြသည်။
သူတို့၏ အဓိကခေါင်းဆောင်များမှာ အကျဉ်းထောင်ဌာနမှ အကျဉ်းသား(၈၀)ကျော် ဖြစ်ကြသည်။ ကျန်လူများမှာ သူတို့၏ ဆင့်ခေါ်ခံထားရကြသော လေလွင့်ကျင့်ကြံသူများနှင့် လူဆိုးလူမိုက်များ ဖြစ်ကြသည်။
အမှန်မှာတော့ သူတို့၏ နောက်ကွယ်တွင် ကျောက်ရှာပြည်နယ်မှ မျိုးနွယ်စုကြီးတချို့၏ ခြေရာလက်ရာပင် ရှိသည်။
ဥပမာ ကျောက်ရှာတောင်ပေါ်မှ စည်းချအစီအရင်ကို ချိုးဖောက်ရန် သူတို့အသုံးပြုနေကြသော စူးချွန်နက်များသည် သာမန်ကျင့်ကြံသူများ ပိုင်ဆိုင်နိုင်သောအရာမဟုတ်သည်မှာ သေချာ၏။ ယင်းတို့ကို များသောအားဖြင့် မျိုးနွယ်စုကြီးများသာလျှင် ပိုင်ဆိုင်နိုင်ကြသည်။
ကျင့်ကြံခြင်းအခြေခံအားဖြင့် ထိုမျိုးနွယ်ခြားတစ်ထောင်တွင် အများစုသည် အခြေတည်အဆင့်နှင့် ရွှေအမြူတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အထဲတွင် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများရှိကြသော်လည်း အများကြီးမရှိပေ။ အပြင်ပန်းအရတော့ သုံးယောက်ခန့်သာ ရှိပုံပေါ်သည်။
ထိုဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူသုံးယောက်ထဲတွင် နှစ်ယောက်သည် အမျိုးသားဖြစ်ပြီး ကျန်တစ်ယောက်သည် အမျိုးသမီးဖြစ်သည်။ သူတို့အားလုံးသည် မျိုးနွယ်ခြားများ ဖြစ်ကြသည်။ အမျိုးသားတစ်ယောက်၏ မျက်နှာပေါ်တွင် အကြေးခွံများရှိပြီး တခြားတစ်ယောက်တွင် လက်လေးဖက်ရှိသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် အနည်းငယ် ထူးခြားသည်။ သူ၏ နဖူးပေါ်တွင် ဆွဲဆောင်မှုရှိသော မျက်နှာအသေးတစ်ခု ရှိသည်။
သူတို့၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော အရှိန်အဝါကို အကဲဖြတ်ခြင်းအားဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် အလယ်အလတ် ဝိညာဉ်နတ်သူငယ်အဆင့်ဖြစ်ပြီး တခြားနှစ်ယောက်သည် အစောပိုင်း ဝိညာဉ်နတ်သူငယ်အဆင့် ဖြစ်ကြသည်။
သူတို့သည် နယ်မြေ(ဂ)မှ လွတ်မြောက်သွားကြသော အကျဉ်းသားများဖြစ်ကြပြီး ကျောက်ရှာတောင်ကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ဝံ့ကြသူများ ဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ သူတို့သုံးယောက်သည် ကျောက်ရှာတောင်ကို အေးစက်စက်မျက်လုံးဖြင့် စိုက်ကြည့်နေကြသည်။
“ တကယ်တော့ ဓားကိုင်ရုံးတော်ခွဲမှာ ကျန်ရစ်နေခဲ့တဲ့ ဓားကိုင်တွေက စစ်ကူပို့ဖို့ မတောင်းဆိုကြဘူး… ငါတို့အစီအစဉ်ကို ဝင်ရောက်တားဆီးဖို့ တခြားလူသားမျိုးနွယ်ဂိုဏ်းတွေကို မလာဖို့တောင် အကြံပေးထားကြတယ် ”
“ အဲ့ဒါ မျိုးနွယ်စုကြီးတချို့ရဲ့ ဆုံးဖြတ်ချက်ပဲ ငါတို့ဟာ မဟုတ်ဘူး… သဘောပြောရရင် ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေပြေ ဆက်သွားနေတယ်… လက်ရှိအခြေအနေက ဒီလိုဆိုမှတော့ ငါတို့တွေ လက်ဦးမှုယူပြီး လုယက်ရမယ် ”
“ ဓားကိုင်တွေရဲ့ အသားကို ငါမြည်းစမ်းချင်တာ ကြာလှပြီ ”
ထိုဝိညာဉ်နတ်သူငယ်အဆင့် မျိုးနွယ်ခြားသုံးယောက်သည် ရက်စက်ယုတ်မာတော့မည့်ဟန် ရယ်မောလိုက်ကြသည်။ သူတို့သည် ဘေးပတ်ဝန်းကျင်မှ အစီအရင်ချိုးဖောက်လက်နက်များကို အသက်သွင်းရန် ချက်ချင်း အမိန့်ပေးလိုက်ကြသည်။ များမကြာမီ စူးချွန်နက်များသည် ယခင်ထက် ပိုမိုများပြားစွာ ပျံသန်းထွက်လာကြပြီး စည်းချအစီအရင်ပေါ်သို့ တရစပ် ကျဆင်းသွားကြသည်။
စည်းချအစီအရင်သည် အပြင်းအထန် တုန်ခါသွားပြီး ကျောက်ရှာတောင်တစ်ခုလုံးပေါ်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာစေသည်။
ကျောက်ရှာတောင်ကို စောင့်ကြပ်နေကြသော ဓားကိုင်များသည် တောင်ကြီးလှုပ်ခါသွားသည်ကို ခံစားမိသောအခါ ခံပြင်းဒေါသထွက်လာကြသည်။ ဤခံစစ်တိုက်ပွဲတွင် သူတို့ဘက်မှာ အနိုင်ရရန် အခွင့်အရေးသေးသေးလေးပင် မရှိကြောင်း ရှင်းလင်းစွာ နားလည်ထားကြသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့ဘက်မှာ စစ်ကူမရှိသောကြောင့် ဖြစ်သည်။
ကျောက်ရှာတောင်မှ ဓားကိုင်ရုံးတော်ခွဲနှင့် လူသားမျိုးနွယ်မှ အဓိကအင်အားစုများသည် စစ်မြေပြင်ဆီသို့ သွားရောက်ခဲ့ကြပြီး ဖြစ်သည်။ တားမြစ်ဓမ္မရတနာများ၏ ထိန်းချုပ်မှုအားလုံးကို ဒေသငယ်တားမြစ်ဓမ္မရတနာက ယူဆောင်သွားခဲ့ပြီး ဖြစ်သည်။ သူတို့သည် ဖုန်းဟိုင်ဒေသငယ်ကို ကာကွယ်ရန် သန့်စင်ရေလှိုင်းမျိုးနွယ်နှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲနေကြသည်။ သို့ဖြစ်၍ သူ့တို့ထံ စစ်ကူပို့ပေးရန် မည်သို့မှမဖြစ်နိုင်ပေ။
စစ်ကူတောင်းရန် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကျောက်ရှာပြည်နယ်မှ လူသားမျိုးနွယ်ဂိုဏ်းများထံ အကူအညီတောင်းရန် ဖြစ်သည်။
ထိုကျူးကျော်သူများတွင် အတားအဆီးဓမ္မလက်နက်များရှိကြပြီး အစဉ်မပြတ် အသက်သွင်းထားကြသည်။ သို့သော် ရံဖန်ရံခါ သူတို့သည် ဓမ္မလက်နက်များအား အသက်သွင်းမှုကို ရပ်တန့်လေ့ရှိသည်။ သူတို့က ကျောက်ရှာတောင်အတွက် အကူအညီတောင်းနိုင်ရန် တမင်သက်သက် အခွင့်အရေးပေးနေခြင်း ဖြစ်ဟန်တူသည်။
“ ဒီကျူးကျော်သူတွေ ကျောက်ရှာတောင်ကို ဝိုင်းရံတိုက်ခိုက်လာတဲ့ ရည်ရွယ်ချက်က ငါတို့ရဲ့ ဓားကိုင်ရုံးတော်ခွဲတစ်ခုတည်းကြောင့် မဟုတ်ဘူး… ကျောက်ရှာပြည်နယ်က တခြားလူသားမျိုးနွယ်ဂိုဏ်းတွေအတွက်ပါ ဖြစ်တယ်… သူတို့ရဲ့ ရည်ရွယ်ချက်က ငါတို့ကို စစ်ကူတောင်းအောင် တွန်းပို့ချင်ကြတာ… ဒါမှ ကျောက်ရှာပြည်နယ်က လူသားမျိုးနွယ်အင်အားစုအားလုံး သူတို့ရဲ့ အကာအကွယ်အစီအရင်ထဲကနေ ထွက်လာကြဖို့ မျှားခေါ်နိုင်မှာ ”
“ သူတို့က ကျောက်ရှာတောင်ကို ငါးစာအဖြစ် သုံးချင်နေကြတာ ”
အရေအတွက် ဆယ်ဂဏန်းခန့်ရှိသော ဓားကိုင်များအနက် ဝိညာဉ်နတ်သူငယ်အဆင့် ဓားကိုင်၏ မျက်လုံးထဲတွင် သေဆုံးရန် စိတ်ဆုံးဖြတ်ထားမှုဖြင့် ပြည့်နှက်နေသည်။
“ ဒါကြောင့် ငါအကူအညီမတောင်းခဲ့ဘူး… ငါက တစ်ဖက်လူတွေ ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းဖွင့်ပေးထားတဲ့ အခွင့်အရေးကိုအသုံးချပြီး ကျောက်ရှာပြည်နယ်က လူသားမျိုးနွယ်ဂိုဏ်းအားလုံးကို စစ်ကူလုံးဝမလွှတ်ပေးဖို့တောင် သေချာပြောခဲ့သေးတယ် ”
“ ဒီတစ်ကြိမ်တော့ ငါတို့မှာရှိတဲ့အင်အားနဲ့ပဲ အားကုန်တိုက်ခိုက်ရတော့မယ် ”
“ ငါတို့မှာ တားမြစ်ပိုက်ကွန်ကို အသုံးပြုဖို့ အခွင့်အာဏာမရှိဘူး… လူသားမျိုးနွယ်က မရေရာမသေချာတဲ့ အခြေအနေမှာ ရှိနေတယ် ”
“ ဒါပေမဲ့ ရုံးတော်သခင်ကို ငါယုံကြည်တယ်… ငါတို့လူသားမျိုးနွယ်က ဒီစစ်ပွဲမှာ သေချာပေါက် အနိုင်ရလိမ့်မယ်… တကယ်လို့ ဒီနေရာမှာ ငါတို့သေသွားမယ်ဆိုရင်တောင် စစ်တပ်က အောင်ပွဲနဲ့ပြန်ရောက်လာတဲ့အခါ ဒီဝန်းရံတိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြတဲ့ လူဆိုးလူမိုက်တွေနဲ့ မျိုးနွယ်ခြားအားလုံးက အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မယ် ”
ဝိညာဉ်နတ်သူငယ်အဆင့် ဓားကိုင်သည် နက်ရှိုင်းသော အော်သံကို ထုတ်ဖော်လိုက်သည်။ သူ၏ ဘေးပတ်ပတ်လည်မှ ဓားကိုင်များသည် အသက်ရှူမြန်လာကြပြီး သေသည်အထိတိုက်ပွဲဝင်ရန် စိတ်ဆုံးဖြတ်ထားကြသည်။
ထိုအခိုက်အတန့်မှာ ကမ္ဘာတုန်ဟီးစေမည့် ပေါက်ကွဲသံကြီးသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
ပင်လယ်သည် တဝုန်းဝုန်းလှိုင်းထသွားပြီး တောင်ကုန်းများသည် တုန်ခါသွားကြသည်။
ကျောက်ရှာတောင်ပေါ်မှ စည်းချအစီအရင်သည် ပြိုလဲပျက်စီးသွားပြီ ဖြစ်သည်။
စည်းချအစီအရင်အက်ကွဲသွားသည်နှင့် အပြင်ဘက်မှ ရက်စက်ကြမ်းကြုတ်သော လူ့ဘီလူးများ၊ မိစ္ဆာများနှင့် တစ္ဆေများသည် စိတ်လှုပ်ရှားစွာ မာန်ဖီဟိန်းဟောက်လိုက်ကြပြီး လောဘဇောကြီးစွာ ကျောက်ရှာတောင်ပေါ်သို့ တစ်ဟုန်ထိုး ပြေးတတ်သွားကြသည်။
ကျောက်ရှာတောင်ပေါ်မှ အစောင့်အကြပ်ဓားကိုင်များသည် အောက်သို့ အပြေးအလွှား ဆင်းလာကြသည်။ ကျောက်ရှာတောင်ပေါ်တွင် စည်းချထားသော ဓမ္မရတနာများသည် အသက်ဝင်လာကြပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ကာ နေရာတိုင်းတွင် ပေါက်ကွဲသွားစေသည်။
တိုက်ပွဲသည် ချက်ချင်း စတင်လာပြီ ဖြစ်သည်။
ကျောက်ရှာတောင်ပေါ်မှ ဓမ္မရတနာများ၏ အစွမ်းပကားသည် အလွန်အံ့ဖွယ်ကောင်း၏။ ယင်းက လေလွင့်ကျင့်ကြံသူများ၏ ပထမအသုတ်ကို ရပ်တန့်စေခဲ့သည်။
သို့သော်လည်း ရန်သူသည် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ နောက်အခိုက်အတန့်မှာ ဝိညာဉ်နတ်သူငယ်အဆင့် မျိုးနွယ်ခြားများသည် လှုပ်ရှားလိုက်ကြသည်။ ထိုအခါ အလင်းအကာအကွယ်များသည် ကောင်းကင်ထက်မှ ဆင်းသက်လာကြသည်။
ယင်းတို့သည် မျိုးနွယ်စုကြီးများပေးထားခဲ့သော ဓမ္မရတနာများမှ ဖြစ်ပေါ်လာသည့် အချုပ်အနှောင်များ ဖြစ်ကြသည်။ ယင်းတို့သည် အရေအတွက်များပြားသော လက်ဝါးကြီးများသို့ ပြောင်းလဲသွားကြပြီး ကျောက်ရှာတောင်ကို လွှမ်းခြုံသွားကြသည်။ ယင်းတို့က တောင်ပေါ်တွင် စည်းချထားသည့် ဓမ္မရတနာများကို ဖိနှိပ်လိုက်ကြသည်။
ကျောက်ရှာတောင်ပေါ်မှ ဓမ္မရတနာအများစုသည် အက်ကွဲသွားကြသည်။
ဒုတိယအသုတ်နှင့် တတိယအသုတ် လေလွင့်ကျင့်ကြံသူများသည် နီရဲနေသော မျက်လုံးဖြင့် အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။
အန္တရာယ်သည် နေရာတိုင်းမှာ ဖြစ်ပေါ်လာသည်။
ထိုအရာကိုမြင်သောအခါ ဝိညာဉ်နတ်သူငယ်အဆင့် ဓားကိုင်၏ မျက်လုံးထဲတွင် ရူးသွပ်မှုပေါ်ပေါက်လာသည်။ သူက မာန်ဖီအော်လိုက်ပြီး ဘေးပတ်ပတ်လည်မှ ဓားကိုင်များနှင့်အတူ အားကုန်သုံး၍ တန်ပြန်တိုက်ခိုက်လိုက်သည်။