← Chapters

ဆန်းကြယ်ကျွန်း

Vol. 38 Ch. 566

ဆန်းကြယ်ကျွန်း

Vol. 38 Ch. 566

တစ်နာရီကြာပြီးနောက် မြင်ကွင်းထဲသို့ ကျွန်းတစ်ကျွန်း ပေါ်လာသည်။

“ဝိုး…”

တဖြည်းဖြည်း နီးလာသည်နှင့်အမျှ လူတိုင်း ရင်သက်ရှုမော ဖြစ်သွားကြပြီး မျက်စိရှေ့မှ ကျွန်းကို စိုက်ကြည့် နေကြသည်။

ကျွန်းက စိမ်းလန်းစိုပြေနေသည်ကို အဝေးမှနေ၍ မြင်နေရသည်။ ဧရိယာက ကြီးမားကျယ်ဝန်းပြီး အရာရာတိုင်းက သာယာလှသည်။

၎င်းက လူသူကင်းမဲ့သော်လည်း လှပသော ကျွန်းတစ်ကျွန်း ဖြစ်သည်က အသေအချာပင်။

“မိတ်ဆွေလေးရဲ့၊ မင်းက နေရာရွေးတဲ့နေရာမှာ အမြင်ရှိတာပဲ၊ ကျွန်းရဲ့ တည်နေရာက ထူးခြားပြီး ဖုန်းရွှေကလည်း ထူးကဲတယ်”

ဆရာဟောင်က ပတ်ဝန်းကျင် ပင်လယ်ကို တစ်ချက် ကြည့်ပြီး ထိုသို့ မှတ်ချက် ပြုလေသည်။

တကယ်တမ်းတွင် သူ ထိုသို့ ပြောစရာပင် မလိုပါ။ ကျွန်းပေါ်ရှိ ကြီးထွားနေသော အပင်များကို ကြည့်၍ လူတိုင်း အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။

ကျွန်းက မကောင်းလျင် အပင်များက စိမ်းလန်းစိုပြည်၍ သန်စွမ်းနေပါ့မလား။

“အမှန်ပဲ၊ ဒါက ဖုန်းရွှေ ရတနာသိုက်ပဲ၊ မိတ်ဆွေလေးရဲ့က ဒီနေရာကို ယူဖို့ ဆုံးဖြတ်ထားတာ မဆန်းတော့ပါဘူး”

ချင်ပိုင်ချွမ်းက မှတ်ချက်ပြုသည်။ ကျွန်းပေါ်ရောက်သည်နှင့် သူ လန်းဆန်းလာသလို ခံစားမိပြီး ပတ်ဝန်းကျင် ကလည်း အလွန် ကောင်းမွန်ပေသည်။

ရဲ့လင်းချန် သူ့နှာခေါင်းသူ ပွတ်လိုက်မိသည်။ သူက အကြောင်းရင်းကို သိနေသည် မဟုတ်ပါတကား။

ဤကျွန်းသည် မိုင်တစ်ရာအတွင်း နဂါးသွေးကြော ရှိနေသော နေရာ ဖြစ်ပြီး ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအင်အားလုံးကို စုပ်ယူနိုင်သည့် ဝဲကတော့သဖွယ် ဖြစ်နေလေသည်။ မနက်တိုင်း နေထွက်လာသည်နှင့် ပထဆုံးသော နေရောင်ခြည်က ဤကျွန်းပေါ် ကျရောက်လာမည် ဖြစ်ပြီး ဤနေရာအား အရှေ့ဘက်မှ ထွက်လာသော ခရမ်းရောင်ချီ ရှိသည့် နေရာ ဖြစ်လာစေသည်။

“ဝါး … တအား လှတာပဲ၊ ဒါကို ကမ္ဘာလှည့် ခရီးသွားနေရာအဖြစ် လုပ်နိုင်ရင် သေချာပေါက် နာမည်ကြီးမှာ”

ရှောင်ဖေးဖေးက စိတ်လှုပ်ရှားစွာ ပြောပြီးနောက် ရဲ့လင်းချန်ကို ကြည့်လိုက်သည်။

“လင်းချန်၊ ရှင် ကျွန်းရဲ့ သဘာဝ ပတ်ဝန်းကျင် တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားမှ ဖြစ်မယ်နော်၊ ဒါက ရိုက်ကူးရေးအတွက် သိပ်ကောင်းတဲ့ သဘာဝ ဆက်တင် ဖြစ်လာမှာ”

ရဲ့လင်းချန်က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။

“ကိစ္စမရှိဘူး”

လူတိုင်း တအံ့တဩ ရေရွတ်ပြီး ကျွန်းကို ပတ်ကြည့်ကြလေသည်။ ရှုနန်သည် အလွန် စိတ်လှုပ်ရှားနေသဖြင့် အရူးသဖွယ် ပြေးလွှားကြည့်ရှုနေသည်။

ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် စိတ်လှုပ်ရှားလွန်ပြီး သူတို့ကိုယ်သူတို့ ထိန်းမရ ဖြစ်နေ၏။ သူတို့သည် အနှစ်သက်ဆုံး အရုပ်ကို မြင်လိုက်ရသကဲ့သို့ လှစ်ခနဲ ပျောက်သွားပြီး ကျွန်းကို ပတ်ပြေး၍ အချိန်နှင့်အမျှ အော်ဟစ်နေသည်။

ခပ်မြင့်မြင့် တောင်စောင်းတစ်ခုကို တက်ပြီးနောက် နှစ်ကောင်လုံးက ပြိုင်တူ ခေါင်းမော့၍ လည်ကိုဆန့်ကာ ခပ်စူးစူး အူလေသည်။

“အာဝူး….”

တောင်ကျစမ်းရေ အိမ်ရာ၌ နေနေသည့်အချိန်အတွင်း ရဲ့လင်းချန်က အခြား ဘယ်သူ့ကိုမှ အနှောင့်အယှက် မဖြစ်စေရန် သူတို့အား အူခွင့် မပေးချေ။ သူတို့ အူနိုင်သည့် အခွင့်အရေး ရလာသဖြင့် ချက်ချင်း စိတ်လက် ပြေပျောက်သွားသလို ခံစားလိုက်ရသည်။

“ညီလေးရဲ့၊ ငါတို့က အခင်ဆုံး ဘော်ဒါတွေ မဟုတ်လား”

လင်းအောင်က ရဲ့လင်းချန်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လာသည်။ ရဲ့လင်းချန် ခေါင်းညိတ် လိုက်သည်။

“ဒါဆို ငါ အသက်ကြီးလာရင် ဒီမှာ တစ်သက်လုံး လာနေချင်တာကို မင်း မတားနဲ့နော်”

“ငါလည်း အနားယူပြီးရင် ဒီမှာ နေချင်တယ်၊ မိတ်ဆွေလေးရဲ့ ငါ့ကို ကြိုဆိုမှာလား”

ချင်ပိုင်ချွမ်းကလဲ မေးလာသည်။

“ငါတို့ အဘိုးကြီးတွေ အဖွဲ့လိုက် ဒီကို အတူတူလာရင်ရော … ဘယ်လိုလဲ၊ ငါတို့ အချင်းချင်း အဖော်ပြုလို့ ရတာပေါ့”

ဆရာဟောင်ကလဲ ပြောသည်။

“ခင်ဗျားတို့အားလုံးက ကျွန်တော့်ရဲ့ လေးစားရတဲ့ အကြီးအကဲတွေပါ၊ အဲ့ဒါကြောင့် ကြိုဆိုတာထက်ကို ပိုပါတယ်”

ရဲ့လင်းချန် ထိုသို့ပြောလိုက်သော်လည်း စိတ်ပျက်သလို အကြည့်လွှဲနေသည်။

ရုတ်ချည်းဆိုသလိုပင် ရယ်သံများ ထွက်ပေါ်လာလေသည်။

“လင်းချန်၊ ဒီကျွန်းမှာ နာမည်ရှိလား”

ရုတ်တရက် ကျန်းယွင်ရှီက စူးစမ်းစွာ မေးလာသည်။

သူမ၏ လှပသော မျက်ဝန်းများက ဘေးပတ်လည်မှ အရာရာတိုင်းကို အံ့ဩဂုဏ်ယူသော အကြည့်ဖြင့် ကြည့်နေ၏။ ဤကျွန်းကို သူမလူက ပိုင်ဆိုင်ထားသဖြင့် နောင်အနာဂတ်၌ သူမတို့၏ အချစ်သိုက်လေးအဖြစ် အသုံးပြု နိုင်ပေသည်။

အခြားသူများကလည်း ရဲ့လင်းချန်ကို ကြည့်လာသည်။

“ဟုတ်တယ် ဆရာ၊ ဒီကျွန်းက အခု ဆရာ့အပိုင် ဖြစ်သွားပြီလေ၊ အရင်ဆုံး နာမည် ပေးရအောင်၊ တင်စီးတဲ့ နာမည် ဖြစ်ရမယ်”

ရှုနန်က စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။

“ဆရာ၊ ရှင်က သိုင်းပညာမှာ သိပ်တော်တာဆိုတော့ ရှခယ့်ကျွန်းလို့ ခေါ်ပါလား”

“တင်စီးတာမျိုး လိုချင်တာဆိုရင် နဂါးကျွန်းက အားလုံးထဲမှာ အတင်စီးဆုံး ဖြစ်မယ်လို့ ငါ ထင်တယ်”

လင်းအောင်က ချက်ချင်း ခွန်းတုံ့ပြန်သည်။

ရဲ့လင်းချန်က သူတို့နှစ်ယောက်ကို အရေးမလုပ်ဘဲ တစ်ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။

“ဆန်းကြယ်ကျွန်းလို့ ခေါ်ရင်ရော”

“ဆန်းကြယ်ကျွန်းလား”

ချင်ပိုင်ချွမ်း တစ်ခဏမျှ မှင်တက်သွားပြီးမှ ဖြည်းညင်းစွာ ခေါင်းညိတ်သည်။

“နာမည်ကောင်းပဲ၊ ထူးခြားဆန်းကြယ်မှုတွေ မွေးဖွားနေတဲ့ ကျွန်းတစ်ကျွန်း၊ သိပ်လိုက်တယ်”

“ကမ္ဘာပေါ်ကို ထူးခြားမှုတွေ ယူဆောင်လာမယ့်ကျွန်း၊ အဓိပ္ပာယ်ကောင်း ရှိတာပဲ”

အိုးရန်ချင်းကလည်း ခေါင်းညိတ်သည်။ ရဲ့လင်းချန် ထုတ်လုပ်သည့် နည်းပညာကို သူမ တွေးမိပြီး ယင်းက အနာဂတ်တွင် ဆန်းကြယ်မှုများ သေချာပေါက် ဖြစ်လာစေလိမ့်မည်ဟု ခံစားမိနေသည်။

ထို့အပြင် ဤနေရာ၌ ပို၍ ဆန်းကြယ်မှုများစွာကို ထုတ်လုပ်လာပေမည်။

နာမည်က ရိုးရှင်း၊ သင့်လျော်ပြီး မှတ်မိရလွယ်သည်။

ယခုအချိန်မှစ၍ ဆန်းကြယ်ကျွန်းဟူသော နာမည်တွင်သည့် ကျွန်းတစ်ကျွန်းက မြေပုံ၌ ပေါ်လာလေသည်။ ကျွန်းသည် အံ့ဩမှုတွေ ဖြစ်လာစေရန် ကံပါပြီး ကမ္ဘာပေါ်၌ လျင်မြန်စွာ ပေါ်ထွက်လာကာ တစ်လောကလုံး ကျယ်ကျယ်ပြန့်ပြန့် သိလာပေလိမ့်မည်။

“ဗွမ်း”

ထိုအချိန်၌ မူလက တည်ငြိမ်နေသော ပင်လယ်ပြင်သည် ရုတ်တရက် လှုပ်ခတ်လာပြီး ကြီးမားသော လှိုင်းတစ်ခု ဖြစ်ပေါ်လာ၏။

ထို့နောက် ကြီးမားသော လိပ်အိုကြီးက တောင်ကုန်းငယ်သဖွယ် ပေါ်လာပြီး လူအများ၏ အာရုံကို ဖမ်းစား သွားလေသည်။ ၎င်း၏ အရိပ်က လူအုပ်ကို ဖုံးသွားပြီး အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

သို့သော် လိပ်အိုကြီးက ကမ်းစပ်၌ နေမြဲနေနေပြီး မျက်လုံးကိုမှိတ်၍ အေးအေးလူလူ နေပူဆာလှုံနေသည်။

“ဝိုး … ဒါ အနက်ရောင် စစ်သည်တော်ပဲ၊ အား….”

ဟောင်ယွင်သည် တစ်ခဏမျှ တုန်လှုပ်သွားပြီးနောက် စိတ်လှုပ်ရှားစွာ အော်ဟစ်၍ လိပ်အိုကြီးကို လှည့်ပတ်၍ ကြည့်ရှုလေတော့သည်။

“ဝိုး ဝိုး ဝိုး … ဒါ အံ့ဩဖို့ ကောင်းလွန်းတယ်”

သူမက ဖုန်းကို မြန်မြန်ထုတ်၍ လိပ်အိုကြီးကို မှီကာ selfie ရိုက်လေသည်။

“တရုတ်နိုင်ငံက သားရဲတစ်ကောင်၊ အနက်ရောင် စစ်သည်တော်ပဲ”

ချင်ပိုင်ချွမ်းသည် လိပ်အိုကြီး ရှိနေကြောင်း သိသော်လည်း ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ လက်ရှိတွင် သူသည် လိပ်အိုကြီးအား အာရုံစိုက်၍ ကြည့်နေပြီး အခြားသူများနည်းတူ ထိတ်လန့်နေ၏။

“ဒီလိုတိရစ္ဆာန်မျိုးက ဒီကျွန်းမှာ နေတယ်ဆို‌တော့ ဒီက ဖုန်းရွှေက ပိုပြီး အဆင့်မြင့်လာမှာပဲ”

ဆရာဟောင်က ကောင်းကင်ဘုံက ချီးမြှင့်လာသော လက်ရာကောင်းတစ်ခုကို ကြည့်နေရသကဲ့သို့ ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် သူ၏ တည်ငြိမ်နေသော စိတ်နှလုံးက အနည်းငယ် လှုပ်ခတ်လာ၏။

ကမ္ဘာကျော် ဗိသုကာပညာရှင် တစ်ဦး ဖြစ်သည်နှင့်အညီ သူ၏ အကြီးမားဆုံး ဆန္ဒက လောက၏ အံ့ဩဆန်းကြယ်မှု တစ်ခုကို တည်ဆောက်ရန် ဖြစ်သည်။

သူ အနားယူရသည့် အကြောင်းရင်းမှာ သူ၏ အသက်မွေးကြောင်းက အမြင့်ဆုံးသို့ ရောက်သလို ခံစားရပြီး သာမန် ဆောက်လုပ်ရေးက သူ့အား စိတ်မဝင်စားစေတော့သောကြောင့် ဖြစ်သည်။ သို့သော် ကမ္ဘာ့ နံပါတ်တစ်ကျွန်းကို တည်ဆောက်ရတော့မည်ဟူသော အတွေးက သူ့အား စိတ်လှုပ်ရှားလာစေသည်။

“ကဲ … အားလုံး ကျွန်းကို လွတ်လွတ်လပ်လပ် လေ့လာလို့ ရပါတယ်”

ရဲ့လင်းချန်က ပြုံးပြီး ကျွန်းအား စိတ်လှုပ်ရှားမှုအပြည့်နှင့် လျှောက်ကြည့်လေသည်။

ကျွန်းကို သူ အရင်က ရောက်ဖူးသော်လည်း သူ့အပိုင် ဖြစ်သွားချိန်တွင် ခံစားချက်က လုံးဝ ကွဲပြားနေသည်။ သူသည် ကိုယ်ပိုင် နောက်ဖေး ဥယျာဉ်တစ်ခုကို ပိုင်ဆိုင်ရသကဲ့သို့ ပြီးမြောက်အောင်မြင်သလို ခံစားနေရသည်။

တစ်ချိန်တည်းမှာပင် ကျွန်းပေါ်၌ အထူး အရည်အသွေးမြင့် ဆေးပင်အချို့ ပေါက်ရောက်ကြီးထွားနေသည်ကိုလည်း သူ သတိပြုမိသွားသည်။ ယင်းက ကျွန်းသည် ပထမအဆင့် ဖြစ်ကြောင်း ပြသနေ၏။

လမ်းတစ်လျှောက်၌ ရဲ့လင်းချန်က ထိုဆေးပင်များကို စုစည်းလေသည်။ သူသည် ဆေးစိုက်ခင်း၌ တစ်ခုပြီး တစ်ခု စိုက်ရန် ကြိုတင် ပြင်ဆင်လာသည့် ပျိုးပင်များကိုလည်း ယူလာသည်။

ဂျင်ဆင်း ပျိုးပင်တစ်ပင်က သူ့အာရုံကို ဖမ်းစားသွားပြီး မသိမသာ မျက်လုံး အရောင်တောက်သွားသည်။ ထို့နောက် သူသည် ညာလက်ကို ဆန့်၍ စိတ်ဝိညာဉ် စွမ်းအင်တစ်ခုကို ထုတ်ဖော်လိုက်သည်။

သစ်သားဝိညာဉ် ခန္ဓာကိုယ်။

သူ၏ ညာလက်မှ စိတ်ဝိညာဉ် စွမ်းအင်က ဂျင်ဆင်းကို ထိလိုက်သည့်အချိန်၌ ခပ်ဖျော့ဖျော့ အစိမ်းရောင် အလင်းတစ်ခု ပေါ်လာပြီး ဂျင်ဆင်းထဲသို့ စိမ့်ဝင်သွားသည်။ ဂျင်ဆင်း၏ အသက်ဓာတ်က သိသိသာသာ တိုးလာပြီး ဂျင်ဆင်းထံမှ ပျော်ရွှင်နေသော ခံစားမှုကိုပင် ခံစားမိလိုက်သည်။

ယင်းက ဆယ်နှစ်သာသာ ပျိုးပင်တစ်ပင်သာ ဖြစ်သော်လည်း ထိုစိတ်ဝိညာဉ် စွမ်းအင်များကို အပြည့်အဝ စုပ်ယူပြီးပါက နှစ်နှစ်ဆယ် သက်တမ်းရှိသည့် အပင် ဖြစ်လာလောက်သည်။

ဂျင်ဆင်းပင်က သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အပြည့်အဝ စုပ်ယူနိုင်ရန် တစ်နှစ်သာ ကြာလောက်သည်ဟု ရဲ့လင်းချန် ခန့်မှန်းမိသည်။ တစ်နည်းအားဖြင့် ထိုတစ်နှစ်က ဆယ်နှစ်နှင့် ညီမျှလေသည်။

*ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းရည်ပါလား*

ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိသည်။ ရေဝိညာဉ် ခန္ဓာကိုယ်က ရေကို ထိန်းချုပ်နိုင်သည် ဆိုလျင် သစ်သား ဝိညာဉ် ခန္ဓာကိုယ်ကလည်း အပင်များပေါ်၌ ကြီးမားစွာ လွှမ်းမိုးနိုင်ပေသည်။

All Chapters