နတ်ဆိုးတစ်ထောင်ကိုထိတ်လန့်စေတဲ့ ကျောက်ရှာအလင်း(ခ)
Vol. 44 Ch. 660
သို့သော်လည်း ထိုတန်ပြန်တိုက်ခိုက်မှုသည် ကျိုးပေါက်သွားသော ရေကာတာအရှေ့မှ လှေငယ်လေးတစ်စီးပမာပင်။ အရာမထင်လှချေ။
ချက်ချင်းပင် သူတို့အားလုံးသည် ဒဏ်ရာရသွားကြသည်။
ဝိညာဉ်နတ်သူငယ်အဆင့် ဓားကိုင်သည် ဝိညာဉ်နတ်သူငယ်အဆင့် မျိုးနွယ်ခြားသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားသည်။
သူ၏ မျက်နှာပေါ်တွင် နာကျင်သော မည်သည့်အရိပ်အယောင်မှ မပေါ်ချေ။ ယင်းအစား ရူးသွပ်သော အလင်းရောင်က သူ၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ သူက အလျှင်အမြန် အနောက်ဆုတ်သွားပြီး တခြားဓားကိုင်များနှင့် ပြန်ပေါင်းစည်းလိုက်သည်။ ဒဏ်ရာအမျိုးမျိုး ရရှိထားကြသော သူ၏ ရဲဘော်ရဲဘက်များကို စစ်ဆေးကြည့်လိုက်သည့်အခါ သူတို့၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှုနှင့် ခံပြင်းဒေါသဖြစ်မှုတို့ အတိုင်းသား ထင်ပေါ်နေကြောင်း မြင်သွားသည်။ သူ၏ မျက်နှာပေါ်တွင်လည်း ဆုံးဖြတ်ချက်ပြတ်သားသောအမူအရာ ထင်ပေါ်နေသည်။ သူက သိုလှောင်အိတ်ထဲမှ အသံပို့လွှတ်ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ပြောသည်။
“ ကျောက်ရှာပြည်နယ်က လူသားမျိုးနွယ်ဂိုဏ်းအားလုံး… ကျောက်ရှာတောင်ပေါ်က ဓားကိုင်ရုံးတော်ခွဲက ပြောနေတာပါ… ဒါက နောက်ဆုံးအကြိမ် ငါပြောတာဖြစ်တယ်… မင်းတို့တွေ ငါတို့ကိုကယ်ဖို့ လုံးဝထွက်မလာကြပါနဲ့ ”
“ မင်းတို့တွေ ကိုယ့်ဂိုဏ်းရဲ့ ကာကွယ်ရေးအစီအရင်ကို ထိန်းသိမ်းထားကြပါ… ငါတို့ရဲ့ လူသားမျိုးနွယ်စစ်တပ် အောင်ပွဲနဲ့ပြန်လာမှာကို စောင့်ကြပါ… ပြီးကျရင် ဒီမှာဖြစ်ခဲ့တာကို ဓားကိုင်ရုံးတော်သခင်ဆီ တင်ပြပေးပါ ”
“ ငါတို့ကို ကျူးကျော်တိုက်ခိုက်လာတဲ့ လူတွေအားလုံး… မင်းတို့ဘာသာ လေလွင့်ကျင့်ကြံသူဖြစ်ဖြစ် အဖွဲ့အစည်းတချို့ကဖြစ်ဖြစ် ပြီးတော့ မင်းတို့နောက်က မျိုးနွယ်စုကြီးတွေရော မင်းတို့အားလုံးကို ငါနဲ့ ငါ့အပေါင်းအဖော်ဓားကိုင်တွေက ငရဲပြည်ကနေ စောင့်ကြိုနေမယ် ”
“ ဓားကိုင်တွေ… လူသားမျိုးနွယ်ကို ကာကွယ်ဖို့အတွက် ငါတို့တွေ သေရတော့ရော ဘာအရေးလဲ ”
စွန်းဟိုင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ ဘေးမှ ဓားကိုင်များသည် အများကြီး စဉ်းစားမနေတော့ဘဲ ကျယ်ကျယ်လောင်လောင် အော်ရယ်လိုက်ကြသည်။
သူတို့၏ အော်ရယ်သံသည် ဘေးပတ်ဝန်းကျင်မှ လေလွင့်ကျင့်ကြံသူများ၏ နားထဲသို့ သံရည်ပူလောင်းထည့်လိုက်သလိုပင်။ သူတို့သည် မခံမရပ်နိုင်အောင် ဒေါသထွက်သွားကြပြီး ရက်စက်ကြမ်းကြုတ်တော့မည့် မျက်နှာထားဖြင့် အရှေ့သို့ ပြေးသွားကြသည်။
သူတို့တိုက်ခိုက်တော့မည့်အချိန်…
ကမ္ဘာတုန်ဟီးစေမည့် ကျယ်လောင်သော အော်သံသည် ချောက်နက်ပင်လယ်၏ ဦးတည်ရာမှ ရုတ်တရက် မြည်ဟိန်းထွက်လာသည်။
ချောက်နက်ပင်လယ်ထဲမှ မြူခိုးသည် တလိပ်လိပ်ထကြွလာပြီး အလွန်ကြီးမားသော ရွှေကျီးကန်းတစ်ကောင်သည် အဆုံးမဲ့မီးတောက်ပင်လယ်ထဲမှ ပျံသန်းထွက်လာပြီး ကျောက်ရှာတောင်ဆီသို့ အံ့ဖွယ်အရှိန်အဝါဖြင့် ဦးတည်လာနေသည်။
ထိုရွှေကျီးကန်း၏ တစ်ကိုယ်လုံးမှ အနက်ရောင်အလင်းကို ထုတ်လွှတ်နေပြီး ၎င်း၏ ဘေးပတ်ပတ်လည်တွင် အဆုံးမဲ့မီးတောက်ပင်လယ် ရှိသည်။ ၎င်း၏ အမြှီး(၁၀၀)ချောင်းသည် ဖြန့်ကားထွက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။
သရဖူဆောင်းလျက် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ရွှေကျီးကန်း၏ ဦးခေါင်းထက်တွင် တင်ပျဉ်ခွေလျက် ထိုင်နေသည်။
ထိုလူငယ်၏ မျက်လုံးထဲတွင် အေးတိအေးစက်အလင်း ထွက်ပေါ်နေသည်။ သူက ဒေါသထွက်နေသည့်ပုံမပေါ်ချေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ဝိညာဉ်နတ်သူငယ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် မီးတောက်မီးလျှံများသည် ပင်လယ်ကြီးတစ်စင်းနှယ် ထွက်ပေါ်နေသည်။
ရွှေကျီးကန်း အော်မြည်လိုက်ပြီး လူငယ်လေး မတ်တတ်ရပ်လိုက်သည့်အခိုက် တောင်တန်းများနှင့် မြစ်ချောင်းများကို ဝါးမျိုဖျက်ဆီးနိုင်သော အရှိန်အဝါတစ်ခုသည် ပျံ့လွင့်ထွက်လာသည်။
လူငယ်၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် ကျောက်ရှာတောင်ပေါ်မှ မျိုးနွယ်ခြားများ၏ အမူအရာကို ချက်ချင်း ပျက်ယွင်းသွားစေသည်။ အထူးသဖြင့် ဝိညာဉ်နတ်သူငယ်အဆင့် အကျဉ်းသားသုံးဦး၏ မျက်လုံးသည် အနည်းငယ် မှေးကျဉ်းသွားသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် အေးစက်စွာ အမိန့်ပေးသည်။
“ ကျောင်းလင် အဲ့ရွှေကျီးကန်းကို သွားသတ်စမ်း ”
သူ၏ စကားသံဆုံးသွားသည့်အခါ ဝိညာဉ်နတ်သူငယ်အဆင့် အကြေးခွံမျက်နှာကျင့်ကြံသူ၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်လျှိုးလာသည်။ သူက ကျင့်ကြံသူအုပ်စုတစ်စုကို ဦးဆောင်ပြီး ရွှေကျီးကန်းဆီသို့ တစ်ဟုန်ထိုး ဦးတည်သွားသည်။
ကျောက်ရှာတောင်ပေါ်မှ ဓားကိုင်များအတွက်မူ သူတို့၏ အမူအရာသည် လုံးလုံးပြောင်းလဲသွားကြသည်။ အထူးသဖြင့် ဝိညာဉ်နတ်သူငယ်အဆင့် ဓားကိုင်ဖြစ်သည်။ သူက စိုးရိမ်တကြီး အော်ပြောလိုက်သည်။
“ ဒီကိုမလာနဲ့… မင်းဘယ်သူပဲဖြစ်ဖြစ် ဒီကနေ အမြန်ထွက်သွား ”
ထိုအချိန်တွင် ကောင်းကင်သည် လွှမ်းခြုံခံလိုက်သည်။
ကောင်းကင်တစ်ခွင်သည် ချက်ချင်း မည်းမှောင်သွားသည်။ ယင်းက အနက်ရောင်ပင်လယ်တစ်စင်းသို့ ပြောင်းလဲသွားသည့်အလားပင်။ အကယ်၍ သေချာကြည့်ရှုမည်ဆိုလျှင် ကောင်းကင်ထဲတွင် လွင့်မျောကူးခတ်နေလျက် မာန်ဖီဟိန်းဟောက်နေသော မိုးဆာဆောကို မသဲမကွဲမြင်မိလိမ့်မည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဆက်လက် ဆင်းသက်လာနေသည်။
၎င်းသည် မြေပြင်ပေါ်မှ မရေမတွက်နိုင်သော လေလွင့်ကျင့်ကြံသူများအား ဖိနှိပ်ရန် အလွန်အားကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ချက်ချင်းပင် ကျောက်ရှာတောင်တစ်ခုလုံးသည် အပြင်းအထန် တုန်ခါလာသည်။ ကျင့်ကြံခြင်းအဆင့် အားနည်းကြသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသည် ချက်ချင်း ပြိုလဲပျက်စီးသွားကြသည်။
ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းထားသော အမှောင်ထုထဲတွင် မရေမတွက်နိုင်သော မျက်လုံးများ ထွက်ပေါ်လာကြသည်။ သူတို့ မျက်တောင်တစ်ချက်ခတ်လိုက်သည့်အခါတိုင်း ကျောက်ရှာတောင်ပေါ်မှ မျိုးနွယ်ခြားများသည် နှလုံးတုန်သွားကြပြီး အသိအမြင်ကို ဆုံးရှုံးသွားကြသည်။
အနီရောင်မိုးကြိုးသွားတစ်စင်းသည် အတွင်းထဲမှ ခုန်ထွက်လာပြီး အလွန်မြန်ဆန်သော အလျင်ဖြင့် ရွေ့လျားသွားနေကာ အသိအမြင်ဆုံးရှုံးသွားကြသော မျိုးနွယ်ခြားများထံသို့ ထိုးဖောက်သွားသည်။
ကျင့်ကြံသူများ ထိတ်လန့်တုန်လှုပ်နေကြစဉ် ရောင်ခြည်တန်းတစ်ခုသည် ချောက်နက်ပင်လယ်ထဲမှ ပေါ်ထွက်လာသည်။
ထိုရောင်ခြည်တန်းသည် လေကို ဆုတ်ဖြဲသွားလေရာ စူးရှသောအသံကို ထွက်ပေါ်စေသည်။ ယင်းသည် ကျောက်ရှာအလင်းဖြစ်သည်။
သက်တံ့အလင်း၏ အတွင်းထဲတွင် ပုံရိပ်တစ်ခုရှိသည်။
ထိုသူသည် ယခင်ကဲ့သို့ သာမန်အဝတ်အစားကို မဝတ်ထားတော့ဘဲ ဓားကိုင်တာအိုဝတ်ရုံဖြူကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လုံးသည် အဆုံးမဲ့အေးစက်နေပြီး သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ကောင်းကင်အထိ ထိုးဖောက်သွားတော့မည့်ဟန်ရ၏။
ထိုသူသည် ရွှီချင်းဖြစ်သည်။
ကျောက်ရှာတောင်ကို အဝေးမှ ရွှီချင်းလှမ်းမြင်လိုက်ရသည့်အခိုက် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရပြီး စည်းချအစီအရင် ပြိုလဲပျက်စီးသွားသည်ကို မြင်လိုက်ရသည်။
သူ၏ တာဝန်ကြောင့်သော်လည်းကောင်း ကျောက်ရှာတောင်က သူ့အတွက် အရေးကြီးသောကြောင့်သော်လည်းကောင်း သူသည် ဤနေရာကို လုံးဝအထိအခိုက်ခံမည်မဟုတ်ချေ။
ထို့ကြောင့် သူက ချက်ချင်း လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်မှာ ကောင်းကင်ပေါ်တွင် သူ၏ ရွှေကျီးကန်းသည် ဝိညာဉ်နတ်သူငယ်အဆင့် အကြေးခွံမျက်နှာကျင့်ကြံသူနှင့် အပြန်အလှန် တိုက်ခိုက်လိုက်ကြသည်။ မီးတောက်ပင်လယ် ပေါက်ကွဲထွက်လာသည်နှင့် ကျယ်လောင်သော မိုးထစ်ချုန်းသံသည် ကမ္ဘာကို လှုပ်ခတ်သွားစေသည်။
ရွှီချင်း၏ အကြည့်သည် ထိုနေရာသို့ကျရောက်သွားသော်လည်း သူသည် အများကြီး အရေးမထားပေ။ သူ၏ ရွှေကျီးကန်းသည် တတိယအဆင့်သို့ ရောက်ရှိသွားပြီးနောက် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းကို သူထိန်းချုပ်ရန် မလိုအပ်တော့ပေ။ အင်ပါယာအဆင့်ကျင့်စဉ်၏ စိတ်ဝိညာဉ်စွမ်းအားကြောင့် ရွှေကျီးကန်းသည် ဝိညာဉ်နတ်သူငယ်အဆင့် မျိုးနွယ်ခြားတစ်ဦးနှင့် ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။
သူသည် အရှေ့သို့ ဆက်လက်ပျံသန်းသွားသည်။ နတ်ဘုရားတစ်ပိုင်း ခန္ဓာကိုယ်၏ စွမ်းအားတိုးမြှင့်ပေးမှုကြောင့် သူ၏ အလျင်သည် လွန်စွာမှ မြန်ဆန်သည်။ သူက ကျောက်ရှာတောင်ပေါ်သို့ ခြေချလိုက်သည်နှင့်ချက်ချင်း ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ဦးကို တိုက်ခိုက်လိုက်သည်။
မြန်ဆန်လွန်းသော အလျင်၏ သက်ရောက်မှုကြောင့် ထိုရွှေအမြူတေအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် အလွန်သန်မာသည့်တိုင်အောင် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်သည် ပြိုလဲပျက်စီးသွားပြီး ပေါက်ကွဲထွက်သွားသည်။
ရွှီချင်းသည် သူ့ကို ဖြတ်ကျော်သွားသည်။
မျက်စိတစ်မှိတ်အတွင်း သူသည် နောက်ထပ် ရွှေအမြူတေအဆင့် မျိုးနွယ်ခြားကျင့်ကြံသူတစ်ဦး၏ အရှေ့သို့ ရောက်ရှိသွားသည်။ ထိုကျင့်ကြံသူ မည်သို့မှမတုံ့ပြန်နိုင်ခင် ရွှီချင်းသည် သူ၏ လည်မျိုကို ဓားမြှောင်ဖြင့် အမူအရာတစ်ချက်မပျက်ဘဲ လှီးဖြတ်ပစ်လိုက်သည်။
ထိုဓားချက်သည် အလွန်အားပါလေရာ မျိုးနွယ်ခြားသည် ခေါင်းတခြား ကိုယ်တခြားဖြစ်သွားပြီး သွေးသည် ရေပန်းအလား ဖြန်းခနဲ ပန်းထွက်လာသည်။
ထိုရင်းနှီးသော မြင်ကွင်းက ရွှီချင်း၏ မျက်လုံးထဲမှ အေးစက်မှုကို ပိုပြီးပြင်းထန်စေသည်။ သူက လေထဲသို့ ခုန်တတ်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များစွာကို တရစပ် ဖွဲ့စည်းလိုက်သည်။ ချက်ချင်းပင် ကျောက်ရှာအလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်ထွက်လာပြီး အဝေးမှ မိန်းမောတွေဝေနေကြသော ဓားကိုင်များထံသို့ ပျံသန်းသွားသည်။
သက်တံ့အလင်းက သူတို့ကို လွှမ်းခြုံသွားပြီးနောက် ရွှီချင်းသည် တားမြစ်အဆိပ်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
သူသည် အစွမ်းကုန် ထုတ်သုံးနေခြင်းဖြစ်သည်။
လက်ရှိအခြေအနေအရ သူ၏ သရုပ်မှန်ပေါ်သွားမည်ကို စိုးရိမ်နေရန် အချိန်မရှိပေ။
အဆိပ်မြူခိုးပျံ့လွင့်သွားသည့်နေရာတိုင်း ယင်း၏ လမ်းကြောင်းပေါ်မှ မျိုးနွယ်ခြားကျင့်ကြံသူအားလုံးသည် နာကျင်စွာ အော်ဟစ်ညည်းတွားလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်သည် အမြန်အဆန် ယိုယွင်းပျက်စီးသွားပြီး သွေးပုပ်သို့ ပြောင်းလဲသွားသည်။
ရွှီချင်း၏ တားမြစ်အဆိပ်က ဧရိယာကျယ်ကြီးထဲ၌ ပျံ့နှံ့သွားသည်နှင့် အရိပ်လေးသည်လည်း ရူးသွပ်သွားသည်။
၎င်းသည် အကျိုးဆောင်ရန်နှင့် သစ္စာရှိမှုကိုဖော်ပြရန် ခွန်အားအကုန်ကို အသုံးပြုလိုက်သည်။ ၎င်းသည် ဘေးပတ်ဝန်းကျင်မှ အမှောင်ထုကို ငှားယူ၍ ဧရိယာကျယ်ကြီးကို ပူးကပ်လိုက်သည်။
၎င်းသည် မျိုးနွယ်ခြားကျင့်ကြံသူ တစ်ဦးပြီးတစ်ဦးကို ထိန်းချုပ်လိုက်သည်။ သူတို့သည် ထိတ်လန့်ခြောက်ခြားနေကြစဉ် သူတို့၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသောအော်သံ ထွက်ပေါ်လာကြပြီး အပေါင်းအဖော်များဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။ ထို့နောက် သူတို့သည် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ပြီး အပေါင်းအဖော်များကို ငရဲပြည်သို့ အတူခေါ်ဆောင်သွားကြသည်။
ကျင်းကန်းဂိုဏ်းဘိုးဘေးသည်လည်း ရူးရူးမူးမူး သတ်ဖြတ်နေသည်။ သူ၏ တန်ဖိုးကို တိုးမြှင့်ရန်နှင့် အသုံးဝင်သော တည်ရှိမှုဖြစ်လာရန် သူက အနီရောင်မိုးကြိုးနှင့်အတူ အရပ်မျက်နှာပေါင်းစုံသို့ ပျံသန်းသွားလာနေပြီး ရူးသွပ်စွာ သတ်ဖြတ်နေသည်။
ကောင်းကင်ဘုံတာအို မိုဆာဆောသည် အစွမ်းကုန် အသုံးပြုနေသည်။ ၎င်းက အသက်ရှူထုတ်လိုက်သည်နှင့်ချက်ချင်း မျိုးနွယ်စုကြီးများ၏ ဓမ္မရတနာများမှ စွမ်းအားသည် သက်ရောက်ခံလိုက်ရပြီး ပုံပျက်တွန့်လိမ်သွားသည်။ တစ်ချိန်တည်းမှာ ကျောက်ရှာတောင်ပေါ်မှ ကာကွယ်ရေးဓမ္မရတနာများသည် ကမ္မ၏ ကောင်းချီးပေးခြင်းခံလိုက်ရသည်။ ယင်းတို့သည် ပြန်လည်အသက်ဝင်လာကြပြီး ထွန်းလင်းတောက်ပလာကြသည်။
ပေါက်ကွဲသံများသည် နေရာတိုင်းမှ မြည်ဟိန်းထွက်လာသည်။ ရွှီချင်း၏ ရောက်ချလာမှုသည် အခြေအနေကို လုံးလုံးပြောင်းလဲစေခဲ့သည်။