အဲ့ဒါမင်း… အဲဒါမင်းပဲ
Vol. 44 Ch. 661
ရွှီချင်းသည် ကျောက်ရှာအလင်းနှင့်အတူ ဆင်းသက်လာသည်။
ဤအခိုက်အတန့်တွင် သူသည် သိထားသမျှ တတ်ထားသမျှအားလုံးကို ထုတ်သုံးထားသည်။ မိစ္ဆာအသွင်ပြောင်းစာလုံးများကိုပင် သူက အသုံးပြုလိုက်သည်။ သူက ခန္ဓာကိုယ်ထဲမှ တစ္ဆေအင်ပါယာနတ်နန်းတော်ကို အသက်သွင်းလိုက်လေရာ ကျောက်ရှာတောင်၏ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေအင်ပါယာတောင်ကုန်းသည် ထွက်ပေါ်လာသည်။
တောင်ကုန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်မလာပေ။ ယင်းအစား ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကောင်းကင်ပေါ်တွင် တည်ရှိနေသည်။
ယင်း၏ တည်ရှိမှုသည် အမှောင်ထဲတွင် ပုန်းကွယ်နေကြသော ရန်သူအားလုံး၏ နှလုံးသားကို ပရမ်းပတာဖြစ်သွားစေသည်။ သူတို့သည် အလောတကြီး မပြုမူဝံ့ကြတော့ချေ။
ယင်းက အောက်သို့ ဆင်းသက်မလာသော်လည်း တစ္ဆေအင်ပါယာ၏ ထွက်ပေါ်လာမှုမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ဖိအားသည် မျိုးနွယ်ခြားအများအပြားကို သတ်ဖြတ်နိုင်နေဆဲပင်။
ယင်းသည် အထူးခြားဆုံးအပိုင်းမဟုတ်သေးပေ။
တကယ်ထူးဆန်းသည်မှာ ရွှီချင်းက (ဃ၁၃၂)မှ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည့်အခါတွင် ဖြစ်သည်။ ကံကြမ္မာဆိုးသည် ကျူးကျော်ဝင်ရောက်လာကြသော မျိုးနွယ်ခြားကျင့်ကြံသူအားလုံးပေါ်သို့ ချက်ချင်း သက်ဆင်းသွားသည်။
ကံကြမ္မာဆိုး၏ အစွမ်းပကားသည် စစ်မြေပြင်တွင် အလွန်ကြောက်စရာကောင်းပေ၏။ သူတို့ထုတ်ဖော်လိုက်ကြသော မန္တန်များသည် လိုရာခရီးသို့မရောက်သွားဘဲ မတော်တဆမှုအမျိုးမျိုးကြောင့် ကျူးကျော်သူများပေါ်သို့ ရုတ်တရက် ကျရောက်သွားကြသည်။ အန္တရာယ်သည်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရာတိုင်းမှ တိတ်တဆိတ် ချဉ်းကပ်ရောက်ရှိလာသည်။
တချို့လူများသည် သူတို့အပေါင်းအဖော်များ၏ လက်ချက်ကြောင့် ဒုက္ခိတဖြစ်သွားကြပြီး တခြားလူများသည် အနောက်သို့ဆုတ်သွားကြရင်း မတော်တဆ ပြုတ်ကျသွားကြသည်။ သူတို့ပြန်မထနိုင်မီ အဆိပ်မိသွားကြပြီး သေဆုံးသွားကြသည်။
တချို့လူများဆိုလျှင် မန္တန်ရွတ်ဖတ်နေစဉ် တစ်ဝက်တစ်ပျက်၌ အမှားပြုလုပ်မိသွားကြပြီး တန်ပြန်ဆိုးကျိုးကို ခံစားသွားကြရသည်။
ထိုမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်သွားစေသည်။ အထူးသဖြင့် ကျောက်ရှာတောင်ပေါ်သို့ ကျူးကျော်ဝင်ရောက်လာကြသော မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားကြသည်။ သူတို့ထဲတွင် အကျဉ်းသားတချို့ ရှိသည်။ သူတို့က ရွှီချင်းကို မြင်သွားသောအခါ ရင်းနှီးသည်ဟု ခံစားမိကြပြီး သိပ်မကြာမီ သူ့ကို မှတ်မိသွားကြသည်။ ထိုအခါ သူတို့က အလန့်တကြား အော်လိုက်ကြသည်။
“ သူက နယ်ရုပ်… နယ်မြေ(ဃ)က နယ်ရုပ် မိစ္ဆာရွှီပဲ ”
တစ်ချိန်တည်းမှာ လေထဲရှိ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူနှစ်ယောက်အနက် လက်လေးဖက်မျိုးနွယ်ခြားသည် အလိုအလျောက် အသားတဆတ်ဆတ်တုန်လာသည်။ သူက ရွှီချင်းကို သေချာစိုက်ကြည့်လိုက်သည်။
“ သူက ရွှီချင်း… အကျဉ်းထောင်ဌာနရဲ့ နယ်မြေ(ဂ)က နယ်ရုပ် ”
ထိုမျိုးနွယ်ခြားသည် နယ်မြေ(ဂ)၏ အကျဉ်းသားများထဲမှ တစ်ယောက်ဖြစ်သည်။ သူက ရွှီချင်းတာဝန်ယူထားသော အရှေ့ဘက် နယ်မြေအမှတ်(၁၃)မှ ကျင့်ကြံသူတစ်ဦးဖြစ်သည်။
“ သူက နယ်ရုပ်သာသာပါပဲ… သူက ဘာတတ်နိုင်မှာမို့လို့လဲ… တကယ်လို့ သူ့မှာ အစွမ်းအစတချို့ရှိရင်တောင် မြေကြီးဖုန်ထရုံလောက်ပဲ လုပ်နိုင်လောက်မှာပါ… မြောက်ဘက်နဲ့ အနောက်ဘက် စစ်မြေပြင်တွေက အရေးကြီးတဲ့အခြေအနေကို ရောက်နေကြပြီ… ဒီတော့ ပညာရှင်ဓားကိုင်တွေ ပြန်ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး… တကယ်လို့ ရောက်လာရင်တောင် အနည်းအကျဉ်းလောက်ပါပဲ… ငါတို့အတူပူးပေါင်းပြီး သူ့ကို သတ်ရအောင်… သူ့မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတဲ့ပုံပဲ… သူသေသွားရင် အဲ့ဒါတွေက ငါတို့ဟာဖြစ်ပြီ ”
သက်လတ်ပိုင်းအမျိုးသမီးသည် ရွှီချင်းကို အကြိမ်ရေအနည်းငယ် စုန်ချည်ဆန်ချည် လေ့လာအကဲခတ်ပြီးနောက် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်ဖော်လိုက်ကာ ရွှီချင်းဆီသို့ ဦးတည်ပျံသန်းသွားသည်။
လက်လေးဖက်ကျင့်ကြံသူသည် အံကြိတ်လိုက်ပြီး ကြမ်းကြုတ်သော အမူအရာဖြင့် သက်လတ်ပိုင်းအမျိုးသမီးနှင့်အတူ အရှေ့သို့ ပျံသန်းသွားသည်။ ရက်စက်ကြမ်းကြုတ်သော ဝိသေသရှိသည့် စစ်ချပ်ဝတ်တစ်ခုသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ထွက်ပေါ်လာသည်။ ထိုစစ်ချပ်ဝတ်သည် သူ၏ အသက်ဓာတ်စွမ်းအင်မှ ဖြစ်တည်လာခြင်းဖြစ်ပြီး ကြံ့ခိုင်မှုအပြည့်ရှိသည်။ အဝေးမှကြည့်လျှင် ယင်းက လိပ်အခွံတစ်ခုနှင့် ဆင်တူ၏။
ဝိညာဉ်နတ်သူငယ်အဆင့် ထိုကျင့်ကြံသူနှစ်ဦးသည် ရွှီချင်း၏ အနားသို့ အလျှင်အမြန် ရောက်ရှိလာကြပြီး သူ့ကို ဝန်းရံပိတ်ဆို့လိုက်ကြသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ ဤနေရာတွင် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူသုံးဦးရှိကြောင်း စောစောကတည်းက သူအာရုံခံမိပြီးသား ဖြစ်၏။ ထိုအထဲတွင် အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်သည် အလယ်အလတ်အဆင့်သာဖြစ်သော်လည်း သူခံစားမိသော အကြီးမားဆုံးအန္တရာယ်သည် သူတို့ထံမှ မဟုတ်ပေ။
ယင်းက ကောင်းကင်ပေါ်မှ ဖြစ်သည်။
ဤနေရာကို ဟန့်တားပိတ်ဆို့ထားသော အရှိန်အဝါတစ်ခုရှိပြီး ယင်းက ရွှီချင်းကို ဖိအားတချို့ ခံစားရစေသည်။
“ အဲ့ဒါက ကျင့်ကြံသူလား ဒါမှမဟုတ် အစီအစဉ်တချို့လားဆိုတာ ငါသိချင်မိတယ်… ”
သူ၏ ရုပ်ခွန်အားသည် ဤအခိုက်အတန့်တွင် တစ်ခါမှမဖြစ်စဖူး မြင့်တတ်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည် နတ်ဘုရားလက်ချောင်း၏ ကြိမ်ဖန်များစွာ ပြုပြင်မွမ်းမံပေးမှုကြောင့် ယခင်ကထက် အများကြီး ပိုသန်မာလာသည်။ ယခု သူ၏ ခန္ဓာကိုယ်ကို အရိပ်လေး၏ လျှို့ဝှက်အတတ်နှင့် ပေါင်းစပ်လိုက်သည့်အခါ သူထုတ်လွှတ်နိုင်သော ကြောက်မက်ဖွယ်စွမ်းအားသည် ရွှေအမြူတေအဆင့်၏ အထွတ်အထိပ် အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
သူတစ်ချက်ရွေ့လျားလိုက်သည်နှင့် ဝိညာဉ်နတ်သူငယ်အဆင့် လက်လေးဖက်ကျင့်ကြံသူ၏ အနီးနားသို့ ချက်ချင်း ရောက်ရှိသွားသည်။ ရွှီချင်းသည် နတ်ဘုရားအစွမ်းနှင့် မန္တန်များကို လျစ်လျူရှုထားပြီး လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်သည်။
ထိုလက်သီးချက်သည် လက်လေးဖက်မျိုးနွယ်ခြား၏ အသက်ဓာတ်စွမ်းအားမှ ဖြစ်တည်လာသော လိပ်အခွံကို တိုက်ရိုက် အက်ကွဲထွက်သွားစေသည်။ လက်လေးဖက်ကျင့်ကြံသူသည် ကြောက်လန့်တကြား သွေးတစ်ပွက် အန်လိုက်ရပြီး အနောက်သို့ မြန်မြန်ဆန်ဆန် ဆုတ်သွားသည်။
ရွှီချင်းသည် အနည်းငယ် အံ့ဩသွားသည်။ သူ၏ စောစောတုန်းက လက်သီးက တစ်ဖက်လူကို သတ်ပစ်နိုင်လိမ့်မည်ဟု ထင်မိခဲ့သည်။
“ မျိုးနွယ်ခြားတွေမှာ မွေးရာပါစွမ်းရည်တွေ အများကြီးရှိတယ်… ဒီလူရဲ့ အပြင်ဘက်အကာအကွယ်က နည်းနည်းမာကျောသားပဲ ”
လက်လေးဖက်မျိုးနွယ်ခြားသည် လုံးလုံးတုန်လှုပ်သွားသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများသည် ဆုတ်ပြဲနေပြီး ပြိုကွဲပျက်စီးတော့မည့် လက္ခဏာများ ပြလာသည်။ သူ၏ အသက်ဓာတ်စစ်ချပ်ဝတ်သည် မည်မျှကြံ့ခိုင်ကြောင်း သူသာလျှင် အသိဆုံးဖြစ်သည်။ ထို့ကြောင့် သူ၏ စစ်ချပ်ဝတ်က တစ်ဖက်လူ၏ လက်သီးတစ်ချက်ကိုပင် မတောင့်ခံနိုင်ဘူးဟု မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့ပေ။
“ မင်း ”
သူ၏ စကားမဆုံးခင် ရွှီချင်းသည် သူ့ကို လိုက်မီသွားသည်။ သူက နောက်ထပ်လက်သီးတစ်လုံး ပစ်သွင်းတော့မည့်အချိန် နဖူးပေါ်မှာ ညှို့ငင်မျက်နှာရှိသော သက်လတ်ပိုင်းအမျိုးသမီးသည် အလျှင်အမြန် သူ့ကို တားဆီးလိုက်သည်။ သူက ချိပ်တံဆိပ်လက်ဟန်များစွာကို တရစပ် ဖွဲ့စည်းလိုက်လေရာ ကြီးမားသော မြူခိုးထီးတစ်လက် ထွက်ပေါ်လာပြီး ရွှီချင်းကို လွှမ်းခြုံသွားသည်။
မရေမတွက်နိုင်သော ညှို့ငင်မျက်နှာများသည် ထီးပေါ်တွင် ထွက်ပေါ်လာကြပြီး ရွှီချင်းကို ပြုစားရန်ကြိုးစားကြသည်။ သူတို့သည် အနားသို့တိုးသွားသည်နှင့် ရက်စက်ကြမ်းကြုတ်သော မျက်နှာကြီးများသို့ ပြောင်းလဲသွားကြပြီး သူ့အပေါ်သို့ ခုန်အုပ်လိုက်ကြသည်။
ရွှီချင်းသည် အမူအရာကင်းမဲ့လျက် ရှိနေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကျောက်ရှာအလင်းသည် ဒေါင်းတစ်ကောင် အမြှီးဖြန့်သကဲ့သို့ ထွက်ပေါ်လာပြီး သက်လတ်ပိုင်းအမျိုးသမီး၏ မြူခိုးထီးကို အငွေ့ပျံသွားစေသည်။ ရက်စက်ကြမ်းကြုတ်သော မျက်နှာကြီးများသည် ချက်ချင်း နာနာကျင်ကျင် အော်ဟစ်ညည်းတွားလိုက်ကြပြီး တစ်ခုပြီးတစ်ခု လွင့်ပြယ်သွားသည်။ သက်လတ်ပိုင်းအမျိုးသမီးသည် ရွေးချယ်စရာမရှိတော့ဘဲ အနောက်ဆုတ်သွားရသည်။
ကျောက်ရှာအလင်းသည် အထွတ်အမြတ်အလင်းဖြစ်ပြီး နတ်ဘုရားအစွမ်းကို တောင့်ခံနိုင်စွမ်းရှိသည်။ သို့ဖြစ်၍ အလင်း၏ ထိတွေ့မှုတစ်ခုဖြင့် မန္တန်များကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်မှာ ထူးဆန်းသောအရာမဟုတ်ချေ။
ယင်းသည် ကျောက်ရှာအလင်း၏ ကြောက်စရာကောင်းသော ဝိသေသတစ်ခုဖြစ်သည်။
ထိုအရာအားလုံးသည် အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သက်လတ်ပိုင်းအမျိုးသမီး၏ အမူအရာ ပြောင်းလဲသွားသည့်အခါ ရွှီချင်းသည် အရှေ့သို့ တစ်ဟုန်ထိုး ပြေးလွှားသွားပြီး အနောက်ဆုတ်သွားနေသော လက်လေးဖက်မျိုးနွယ်ခြားကို လိုက်ဖမ်းသည်။
လက်လေးဖက်မျိုးနွယ်ခြားသည် သူတို့နှစ်ယောက်ကြားတွင် အကွာအဝေးတစ်ခု ဖန်တီးချင်သောကြောင့် တည်နေရာပြောင်းရွှေ့ရန် ချက်ချင်း ကြိုးစားသည်။ သို့သော်လည်း ကျောက်ရှာတောင်၏ နယ်နိမိတ်ကိုကျော်လွန်သော အဟန့်အတားသည် အလွန်အားကောင်းသည်။ ယင်းက သူ၏ တည်နေရာပြောင်းရွှေ့မည့် အကွာအဝေးကို ကန့်သတ်ထားသည်။ ရွှီချင်းသည် မြန်ဆန်လွန်းသော အလျင်ဖြင့် သူ့နောက်သို့လိုက်မီသွားပြီး ဒုတိယမြောက်လက်သီးကို ထိုးလွှတ်လိုက်သည်။
ထိုသို့အရေးကြီးအခိုက်အတန့်တွင် လက်လေးဖက်ကျင့်ကြံသူသည် ရူးသွပ်သွားဟန်ရပြီး နောက်ဆုတ်နေခြင်းကို ရပ်တန့်လိုက်သည်။ သူက အနောက်သို့လှည့်လိုက်ပြီး လက်လေးဖက်ကို အတူစုစည်းကာ ကြီးမားသော လက်သီးတစ်ခုကို ဖြစ်ပေါ်စေသည်။ သူက အစွမ်းကုန်သုံး၍ ခုခံရန် ကြိုးစားနေခြင်း ဖြစ်သည်။
သူ့မျိုးနွယ်၏ မွေးရာပါစွမ်းရည်သည် ရုပ်ခွန်အားဖြစ်သည်။ သူ၏ အသန်မာဆုံး ဝှက်ဖဲကတ်သည် မန္တန်များမဟုတ်ပေ။ သူ့ကိုယ်ပိုင်ခန္ဓာကိုယ်သာ ဖြစ်သည်။
သူသည် စွမ်းအားအကုန်ကို အသုံးပြုလိုက်သည်။ အမှန်မှာတော့ ဝိညာဉ်နတ်သူငယ်နှစ်ကောင်ပင် သူ၏ အနောက်တွင် ထွက်ပေါ်လာကြပြီး သူ့ကို သူတို့၏ စွမ်းအားဖြင့် ထောက်ပံ့ပေးနေကြသည်။
သို့သော်လည်း ရွှီချင်းနှင့်နှိုင်းယှဉ်လျှင် သူ၏ ခန္ဓာကိုယ်သည် အလွန်နိမ့်ကျနေသေးပေသည်။
သူတို့ချင်း ထိပ်တိုက်တွေ့ဆုံသွားသည့်အခိုက် လက်လေးဖက်မျိုးနွယ်ခြား၏ လက်များသည် တစ်ဖက်ထံမှ အင်အားကို မတောင့်ခံနိုင်ပေ။ သူ၏ အသွေးအသားသည် တစ်စစီပျက်စီးသွားပြီး သူ၏ အရိုးများသည် အက်ကွဲသွားကြသည်။ ထိုအင်အားသည် အထဲသို့ ဆက်လက်တိုးဝင်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မဖျက်ဆီးပစ်ခင် လက်လေးဖက်စလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
ဝိညာဉ်နတ်သူငယ်တစ်ကောင်ပင် တိုက်ရိုက် ကွဲထွက်သွားသည်။
ကျန်ဝိညာဉ်နတ်သူငယ်သည် စူးစူးဝါးဝါး အော်ဟစ်လိုက်ရပြီး အနောက်ဆုတ်သွားသည်။
ရွှီချင်းသည် အနောက်သို့ ဆက်လိုက်ရန်ပြင်လိုက်စဉ် စောစောက အနောက်လွင့်သွားသော သက်လတ်ပိုင်းအမျိုးသမီးသည် အံတင်းတင်းကြိတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းပင် သူ၏ မျက်နှာနှင့် နဖူးပေါ်မှ ညှို့ငင်မျက်နှာသည် မှုန်ဝါးလာပြီး မျက်နှာနှစ်ခုသည် တိုက်ရိုက် နေရာပြောင်းလဲသွားသည်။ သူသည် ညှို့ငင်မိန်းကလေးအသွင်သို့ ပြောင်းလဲသွားပြီးနောက် ရွှီချင်းဆီသို့ အနီရောင်မြူခိုးကို ပါးစပ်ထဲမှ မှုတ်ထုတ်လိုက်သည်။
ထိုမြူခိုးထဲတွင် ပြင်းထန်သော အလိုရမ္မက်စိတ် ပါရှိသည်။ ထိုမြူခိုးဖြင့် လွှမ်းခြုံခံလိုက်ရသည့်သူသည် ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ သူ၏ ခြေဖဝါးအောက်တွင် အညံ့ခံရန် ဆန္ဒရှိလာလိမ့်မည်။
သူနာမည်ကျော်ကြားရသည့် လျှို့ဝှက်ချက်မှာ ထိုမန္တန်ကြောင့် ဖြစ်သည်။ အတိတ်တုန်းက သူသည် ထိုမန္တန်ဖြင့် အဆင့်တူညီသော ပညာရှင်ကျင့်ကြံသူများစွာကို ကျွန်ပြုနိုင်ခဲ့သည်။
သို့သော် ယနေ့မှာတော့ သူသည် ရွှီချင်းနှင့် တွေ့ဆုံသွားခဲ့သည်။
ရွှီချင်းသည် သူ့ကို တစ်ချက်လေးပင် မကြည့်ချေ။ သူက ညာလက်ကို မြှောက်တင်လိုက်ပြီး လေထဲသို့ ညွှန်လိုက်သည်။ ချက်ချင်းပင် ခရမ်းလပုံရိပ်သည် အနီရောင်မြူခိုးထဲတွင် ဖြစ်ပေါ်လာသည်။
နောက်အခိုက်အတန့်တွင် အနီရောင်မြူခိုးသည် တလိပ်လိပ်ထကြွလာပြီး ပြင်းထန်သော လှိုင်းအတတ်အကျများနှင့်အတူ ပေါက်ကွဲထွက်သွားသည်။ သက်လတ်ပိုင်းအမျိုးသမီး၏ အမူအရာသည် လုံးဝပျက်ယွင်းသွားသည်။ သူက သွေးတစ်ပွက် အန်လိုက်ရပြီး သူ၏ မျက်နှာသည် တန်ပြန်ဆိုးကျိုးကြောင့် ခရမ်းရောင်ပြောင်းသွားသည်။
ရွှီချင်းသည် မရပ်တန့်ဘဲ လက်လေးဖက်ဝိညာဉ်နတ်သူငယ်နောက်သို့ ချက်ချင်း လိုက်ဖမ်းသည်။
“ မင်းဘာလို့ ငါ့ကိုပဲ ပစ်မှတ်ထားနေတာလဲ ”
ထိုလက်လေးဖက်ဝိညာဉ်နတ်သူငယ်သည် စိတ်ပျက်အားလျော့စွာ အော်ပြောလိုက်သည်။
တစ်ဖက်လူ၏ အသံထဲတွင် အသံမန္တန်များပါဝင်နေသလားဟု စစ်ဆေးရန် ရွှီချင်းမှာ အချိန်မရှိပေ။ ထို့ကြောင့် သူက ကျောက်ရှာအလင်းကို ၎င်းအပေါ်မှာ ချက်ချင်း အသုံးပြုလိုက်ပြီး ဖွဖွကလေး ပုတ်လိုက်သည်။
လက်လေးဖက်ဝိညာဉ်နတ်သူငယ်၏ မျက်လုံးသည် ပြူးကျယ်သွားသည်။ ၎င်းသည် လုံးဝမရှောင်ရှားနိုင်ဘဲ အပိုင်းပိုင်းအစိတ်စိတ် အက်ကွဲထွက်သွားသည်။
တစ်ချိန်တည်းမှာ ကောင်းကင်ပေါ်မှ ရွှေကျီးကန်းသည် အော်ဟစ်မြည်ကြွေးလိုက်ပြီး ဝိညာဉ်နတ်သူငယ်အဆင့် အကြေးခွံမျက်နှာကျင့်ကြံသူကို ဝါးမျိုလိုက်သည်။ တဂျွတ်ဂျွတ်မြည်သံ ပျံ့လွင့်ထွက်လာသောအခါ ကျင့်ကြံသူအားလုံးသည် နှလုံးတုန်သွားကြသည်။
ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူနှစ်ဦး သေဆုံးသွားမှုသည် သူတို့၏ စိတ်ဓာတ်ရေးရာအပေါ် အကြီးအကျယ် သက်ရောက်မှုဖြစ်စေသည်။ သူတို့သည် ဆက်လက်တိုက်ခိုက်မည့်အတွေး မရှိကြတော့ဘဲ ရူးသွပ်စွာ ထွက်ပြေးကုန်ကြသည်။
သူတို့သည် အစကတည်းက အချောင်အခွင့်အရေးယူရန် လူဖြည့်လိုက်လာကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဆက်လက် မတိုက်ခိုက်ဝံ့ကြတော့သည့်အခါ ထွက်ပြေးနိုင်ပေသည်။
သို့သော်လည်း ရွှီချင်း၏ အဆိပ်သည် ဆက်လက်ပျံ့နှံ့သွားပြီး ကျူးကျော်ဝင်ရောက်လာကြသော ကျင့်ကြံသူများ၏ အသက်များကို နှုတ်ယူသွားသည်။ သို့ကြောင့် သူတို့၏ စိတ်ထဲတွင် ရွှီချင်းသည် မကောင်းဆိုးဝါးမိစ္ဆာတစ်ကောင်ဖြစ်ပြီး သူတို့ထက် အဆပေါင်းများစွာ ပိုပြီးအကြင်နာမဲ့ရက်စက်သည်။
ရွှီချင်းအား တိုက်ခိုက်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း တားဆီးခံခဲ့ရသော သက်လတ်ပိုင်းအမျိုးသမီးသည် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူ၏ အမူအရာသည် မည်းမှောင်သွားသည်။
သူသည် ခြောက်ခြားသွားသည်။
သူ၏ အရှေ့မှ လူသည် ဝိညာဉ်နတ်သူငယ်အဆင့် မဟုတ်ကြောင်းနှင့် ခြေလှမ်းဝက်ဝိညာဉ်နတ်သူငယ်အဆင့်မှာသာ ရှိသေးကြောင်းကို သူပြောနိုင်သည်။ သို့သော်လည်း သူထုတ်ဖော်ပြခဲ့သော တိုက်ပွဲစွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး မယုံကြည်နိုင်စရာကောင်းသော အဆင့်ထိ ရောက်ရှိနေသည်။ ထိုသို့သော လူမျိုးကို သူ၏ ဘဝတစ်လျှောက်တွင် တစ်ခါမှ မမြင်ဖူးပေ။
နင်ယန်သည်လည်း တိုက်ပွဲထဲတွင် ပါဝင်လာသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူက တုန်ယင်သွားသည်။
“ ရွှေအမြူတေအဆင့် ခွန်အားက အဲ့လောက်တောင်ပဲလား ”
လက်လေးဖက်မျိုးနွယ်ခြားကို သတ်ဖြတ်ပြီးနောက် ရွှီချင်းသည် သက်လတ်ပိုင်းအမျိုးသမီးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်လျှိုးလာသည်။ ထိုအမျိုးသမီးနောက်သို့ ပြေးလိုက်တော့ရန်ပြင်လိုက်ရန် သူ၏ အမူအရာသည် ရုတ်ချည်း မည်းမှောင်သွားသည်။
သူက နင်ယန်၏ ဘေးသို့ တိုက်ရိုက် ပြန်ဆုတ်သွားသည်။ နင်ယန်မတုံ့ပြန်နိုင်မီ ရွှီချင်းသည် သူ့ဝမ်းဗိုက်ကို ရင်းနှီးကျွမ်းဝင်စွာ ပုတ်လိုက်သည်။
နင်ယန်၏ တာအိုဝတ်ရုံသည် ချက်ချင်း ကွဲထွက်သွားပြီး အထဲတွင် သေချာစွာ သူဖုံးကွယ်ထားသော မြစိမ်းနွယ်ပင် ထွက်ပေါ်လာသည်။ ရွှီချင်းသည် အလျှင်အမြန် နွယ်ကို ဆုပ်ကိုင်လိုက်သည်။
နင်ယန်သည် ဆွံ့အသွားသည်။
တစ်ချိန်တည်းမှာ စောစောတုန်းက ရွှီချင်းရှိနေခဲ့သော နေရာတွင် လေဟာနယ်သည် ချက်ချင်း ပြိုလဲပျက်စီးသွားသည်။ အနက်ရောင်လက်ဝါးတစ်ဖက်သည် လေထဲမှာ ပေါ်လျှိုးလာပြီး အောက်သို့ ဖိချသွားသည်။
အလစ်တိုက်ခိုက်မှု ကျရှုံးသွားခဲ့သော်လည်း ကြောက်မက်ဖွယ်အားလှိုင်းများသည် ထိုနေရာမှစ၍ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်ထွက်သွားသည်။ အတောင်ပံနှစ်ဖက်ဖြင့် အနက်ရောင်ပုံရိပ်တစ်ခုသည် လမ်းလျှောက်ထွက်လာသည်။ ထိုသူ၏ ခန္ဓာကိုယ်ထဲမှ နှောင်းပိုင်း ဝိညာဉ်နတ်သူငယ်အဆင့်အားလှိုင်းကို ထုတ်လွှတ်နေသည်။ သူက ချက်ချင်း ရွေ့လျားလိုက်လေရာ အနောက်တွင် ကြွင်းကျန်ပုံရိပ်များ ကျန်ရစ်နေခဲ့ပြီး ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။
“ သေစမ်း ”
အနက်ရောင်ပုံရိပ် ရောက်လာသည်နှင့်ချက်ချင်း အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ သူက နွယ်ကို ဖမ်းဆုပ်လိုက်ပြီး နင်ယန်၏ ခန္ဓာကိုယ်ကို ဒိုင်းကာတစ်ခုအဖြစ် အသုံးပြုလိုက်သည်။
အနက်ရောင်ပုံရိပ်က နင်ယန်နှင့် တိုက်ခိုက်မိသွားသောအခါ နောက်တစ်စက္ကန့်တွင် သူက နာကျင်စွာ အော်ဟစ်ညည်းတွားလိုက်ရသည်။ အနက်ရောင်ပုံရိပ်သည် အနောက်သို့ လွင့်ပျံထွက်သွားပြီး နင်ယန်ကို မယုံကြည်နိုင်ဖွယ်ကောင်းစွာ ကြည့်လိုက်သည်။
နင်ယန်သည် မည်သည့်ဒဏ်ရာမှ မရသွားပေ။
ထိုအခိုက်အတန့်မှာ နင်ယန်သည် အော်ဟစ်ရန်ပင် သတိမေ့လျော့နေသည်။ သူက ခေါင်းငုံ့လိုက်ပြီး သူ၏ ဝမ်းဗိုက်ပေါ်မှ နွယ်ပင်ကို တုံးအစွာ ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းပြန်မော့လိုက်ပြီး ရွှီချင်းကို မိန်းမောတွေဝေစွာ စိုက်ကြည့်လိုက်သည်။ မကြာမီ သူ၏ မျက်လုံးသည် လုံးဝပြူးကျယ်ထွက်လာသည်။
သူက ကမ္ဘာတုန်ဟီးစေမည့် ဝမ်းနည်းဖွယ်ရာအော်သံကို ထုတ်ဖော်လိုက်သည်။
“ မင်း မင်း မင်း… အဲ့ဒါ တကယ်မင်းပဲ ”