ရက်စက်သော ရှောင်ချင်နှင့် ရှောင်ဟွေ
Vol. 38 Ch. 567
ထို့အပြင် သစ်သားဝိညာဉ် ခန္ဓာကိုယ်သည် အပင်တစ်ပင်အား လိုအပ်သည့် တိတိကျကျ ပတ်ဝန်းကျင်မျိုး မရှိဘဲ ရှင်သန်နိုင်ရန် လုပ်နိုင်စွမ်းလည်း ရှိသည်။ စိတ်ဝိညာဉ် စွမ်းအင်ထံမှ အာဟာရ ရရှိသရွေ့ အပင်များ ရှင်သန်နိုင်စွမ်း ရှိပေသည်။
ထိုသို့ ထူးခြားသော ခန္ဓာကိုယ်များသည် အရှုံးသမား တစ်ယောက်အား သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း ရှိစေသည့် လှည့်ကွက်တစ်ခုပင်။ သို့သော် … အကြီးဆုံး လှည့်ကွက်သည်ကား သူ၏ စနစ်ပင်တည်း။
ဂျင်ဆင်း၊ ပန်းဂျုံ၊ နှင်းကြာပန်းနှင့် အခြား ရှားပါးဆေးပင်များအား စိတ်ဝိညာဉ် စွမ်းအင် ထည့်သွင်းပြီးနောက် ရဲ့လင်းချန်သည် ၎င်းတို့ပတ်လည်၌ စိတ်ဝိညာဉ်စွမ်းအင် စုဝေးနိုင်သည့် အစီအရင်တစ်ခု ပြင်၍ အကောင်းဆုံး ကြီးထွားမှု ပတ်ဝန်းကျင်အား ပံ့ပိုးပေးလိုက်သည်။
ထို့နောက် သူသည် ဆေးစိုက်ခင်းဘေး၌ ကောက်ပဲသီးနှံနှင့် သစ်သီးအချို့တို့ကို စိုက်ပျိုးလိုက်သည်။ ပတ်ဝန်းကျင်အား သူ့အတွက် အကျိုးရှိစေရန်အတွက် ကောင်းကောင်း အသုံးချရန် လိုအပ်ပေသည်။ ဘယ်အရာပဲ ဖြစ်ဖြစ် သူ စိုက်ပျိုးသော အရာတိုင်းက … အရသာရှိခြင်းနှင့် အဆုံးသတ်သွားမည် မဟုတ်ပါလော။
ဆရာဟောင်နှင့် အခြားသူများမှာမူ ရဲ့လင်းချန်၏ ဒီဇိုင်းအရ ပတ်ဝန်းကျင်ကို လေ့လာနေကြသည်။ နှိုင်းယှဉ် ကြည့်ပြီးနောက် ရဲ့လင်းချန်၏ ဒီဇိုင်းက ပြီးပြည့်စုံသည်ကို တွေ့လိုက်ရသည်။ သူသည် ပတ်ဝန်းကျင်အား ပြည့်စုံစွာ အသုံးချထားပြီး ပြောစရာ မရှိအောင် ကောင်းမွန်ပေသည်။
ထိုသို့သောအချိန်၌ …
ကျန်းယွင်ရှိနှင့် ရှောင်ဖေးဖေးတို့သည် အခြားမိန်းကလေးများနှင့် အတူတကွ လမ်းလျှောက်၍ ရယ်လိုက် မောလိုက်နှင့် စကားပြောနေကြသည်။ လူတိုင်းက တစ်ယောက်နှင့် တစ်ယောက် သဟဇာတ ဖြစ်နေသည့်ပုံပင်။
“ခစ်ခစ် လင်းချန်က ကလေးတုန်းက အဲ့လို စိတ်ဝင်စားစရာကောင်းတဲ့ အမူအကျင့်မျိုး ရှိလိမ့်မယ်လို့ ထင်မထားမိဘူး၊ သူနဲ့ အတူတူ ကြီးပြင်းလာရလို့ ရှင့်ကို တကယ် အားကျတယ်”
ရှောင်ဖေးဖေးက ကျန်းယွင်ရှီအား အားကျသော အကြည့်ဖြင့် ကြည့်ကာ ပြောလေသည်။
“တကယ်တော့ ကျွန်မလဲ ကံကောင်းတယ်လို့ ခံစားနေရတာပါ”
ကျန်းယွင်ရှီက ရီဝေသော မျက်ဝန်းများနှင့် ပြောသည်။
“လင်းချန်ကြောင့်သာ မဟုတ်ရင် ကျွန်မဘဝက ဘယ်လို ဖြစ်နေမလဲ တကယ် မသိတော့ဘူး၊ သူက ကျွန်မ အတွက်တော့ အရာရာပါပဲ”
“အစ်မယွင်ရှီ၊ ကျွန်မဆရာက တစ်ခါတလေ မြာပွေသူ ဖြစ်နိုင်တယ်နော်၊ ရှင်က သူ့ကို တော်တော် အထင်ကြီးတာပဲ”
ရှုနန်က ပြောလိုက်သည်။
ကျန်းယွင်ရှီက အခြားအမျိုးသမီးများကို အူတိအူကြောင်နှင့် ကြည့်နေပြီး ဘာမှမပြောချေ။
သူမအကြည့်က သူတို့ကို ချက်ချင်း ရှက်ရွံ့သွားစေသည်။ သူတို့ထဲက ဘယ်သူမှ သူမကို မျက်လုံးချင်းဆုံအောင် မကြည့်ရဲချေ။
ရှုနန် ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။ သူမ ဘွင်းဘွင်းကြီး ပြောချလိုက်မိသည် မဟုတ်ပါတကား။ တကယ်တမ်းတွင် သူမ မစဉ်းစားဘဲ စိတ်ထဲ ပေါ်လာသည့်အတိုင်း ပြောလိုက်မိခြင်းပင်။
“သူက တကယ်ကို လွတ်လွတ်လပ်လပ် နေတာ၊ အထက်တန်းကျောင်းတုန်းက သူ့အိပ်မက်က မယားပြိုင်ယူတဲ့ ဓလေ့ကို ခွင့်ပြုတဲ့ ဘာသာကို ဝင်ဖို့ဆိုတာကို ကျွန်မ မှတ်မိပါသေးတယ်”
ကျန်းယွင်ရှီက အလေးအနက်ထား၍ ပြောလိုက်သည်။
သူမစကားက အခြားအမျိုးသမီးများ၏ မျက်လုံးများကို ချက်ချင်း တောက်ပသွားစေသော်လည်း မကြာခင်မှာပင် သူမတို့က ပြန်လည် ဖုံးကွယ်လိုက်ကြသည်။
သူတို့ တစ်ယောက်ချင်းစီက အတွေးကိုယ်စီ ရှီလာပြီး တမင်သက်သက် စကား လမ်းကြောင်းပြောင်းကြသည်။ သို့သော် သူမတို့၏ လေးနက်သော တုံ့ပြန်မှုက အချင်းချင်း ပို၍ ခင်မင်လာစေသည်။ မကြာခင်မှာပင် သူမတို့သည် ညီအစ်မများသဖွယ် ရင်းနှီးသွားကြလေသည်။
ထိုစဉ် အိုးရန်ချင်းက ထအော်၍ ပင်လယ်တစ်နေရာအား လက်ညှိုးထိုးပြလေသည်။
ထိုနေရာ၌ ရေမျက်နှာပြင်ပေါ်တွင် ဆူးတောင်တစ်ခု ပေါ်နေပြီး လျင်မြန်စွာ ကူးခပ်လာနေ၏။
“အား … ငါးမန်း”
ထိုသို့ ထူးခြားသော အရာကို လူတိုင်း သတိထားမိသွားကြသည်။
“ဒီမှာ ငါးမန်းတွေ မပေါ်လာတတ်တာတော့ မဟုတ်ပါဘူး၊ သူတို့ ကျွန်မတို့ကို မတိုက်ခိုက်ရင် ပြီးတာပါပဲ”
ရှုနန်က ပြောလိုက်သည်။ သို့သော် သူမစကားနှင့် ဆန့်ကျင်စွာပင် ငါးမန်းက ကျွန်းသို့ သိသိသာသာ ဦးတည် လာနေ၏။
“သွားပြီ၊ အဲ့ဒါက ဒီကို လာနေတာ”
ဟောင်ယွင်က တအံ့တဩ ပြောသည်။
“ကျွန်မ အဘိုးချင်နဲ့ ကျန်တဲ့သူတွေကို ခေါ်လိုက်ဦးမယ်”
ငါးမန်းများ လာနေသော်လည်း သူမတို့က သွေးပျက်မသွားပါ။ အကြောင်းမှာ သူမတို့သည် ကမ်းစပ်၌ ရှိနေပြီး ပြေးစရာ မြေများစွာ ရှိနေသောကြောင့်ပင်။
မကြာခင်မှာပင် အနီးအနားမှ လူများလည်း ရောက်လာပြီး ငါးမန်းကို ကြည့်ကြသည်။
ထိုစဉ် အရိပ်နှစ်ခုက လှစ်ခနဲ ဖြတ်ပြေးသွားပြီး ပင်လယ်ထဲသို့ ဗွမ်းခနဲ ခုန်ကျကာ ငါးမန်းထံသို့ လျင်မြန်စွာ ကူးသွားသည်။
“အား … ရှောင်ချင်နဲ့ ရှောင်ဟွေလား”
ကျန်းယွင်ရှီ ချက်ချင်း သွေးပျက်တုန်လှုပ်သွားသည်။
“ရှောင်ချင်၊ ရှောင်ဟွေ မြန်မြန် ပြန်လာခဲ့”
ရှောင်ဖေးဖေးက အော်ခေါ်ပြီး အလွန် စိုးရိမ်ပူပန်လာသည်။
သူတို့သည် ဝံပုလွေလေး နှစ်ကောင်ကို အလွန် ချစ်ခင်ကြပြီး စိုးရိမ်လွန်း၍ မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။
“လခွမ်း ဝံပုလွေနှစ်ကောင် ရေထဲ ခုန်ချသွားတယ်ဟ”
အချို့ စစ်သည်တော်များသည်လည်း ပင်လယ်ပြင်မှ မြင်ကွင်းကို တအံ့တဩ ကြည့်နေကြသည်။
“ပြီးတော့ … သူတို့က ငါးမန်းဆီကို တည့်တည့်ကြီး ကူးသွားသလိုပဲ”
“သူတို့ ဘာလုပ်မလို့လဲ၊ ငါးမန်းကို တိုက်ခိုက်မလို့လား”
“အဲ့ဒီ ဝံပုလွေနှစ်ကောင်က တော်တော်လေး ဉာဏ်ကောင်းတဲ့ပုံပဲ၊ ဒါပေမဲ့ သူတို့ ဘာလို့ အဲ့ကို သွားရတာလဲ၊ သူတို့ ပင်လယ်ထဲက ငါးမန်းကို ဘယ်လို တိုက်ခိုက်မှာလဲ”
“သူတို့ ရေကူးနှုန်းက တော်တော်မြန်တယ်၊ ပြီးတော့ သူတို့ နည်းလမ်းက အံ့ဩစရာပဲ”
…
ချင်ပိုင်ချွမ်းရောက်လာပြီး ထိုမြင်ကွင်းကို မြင်ပြီးနောက် စိုးရိမ်သွားလေသည်။ သို့သော် သူသည် ဘာမမလုပ်နိုင်ဘဲ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရေကူးစွမ်းရည်သည် ရေထဲမှ ငါးမန်းကို အနိုင်ရလိမ့်မည်ဟု အာမမခံနိုင် သောကြောင့် ဖြစ်သည်။ သူတို့ကို သူ ကယ်ချင်သော်လည်း ဘာခွန်အားမှ မရှိ ဖြစ်နေလေသည်။
“ဝိုး … ရှောင်ချင်ရေ၊ ငါးအကြီးကြီးပဲကွ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီလိုငါးမျိုးကို ငါ ပထမဆုံး မြင်ဖူးတာပဲ၊ အရသာရှိမှာ သေချာတယ်”
“ငါတို့ ဒါကို ဖမ်းပြီး ဒယ်ဒီ့ကို ပေးလိုက်ရင် တအား ပျော်သွားမှာပဲ”
“အဲ့ဒါက တော်တော် ရန်လိုတဲ့ပုံပဲ၊ ငါတို့ကို သတိထားမိတဲ့ပုံပဲကွ”
“ဟားဟား အတွေးလွန်နေပြန်ပြီ၊ ငါးလေးတစ်ကောင်ပဲကို၊ ဘာလုပ်နိုင်မှာမို့လို့လဲ၊ လာစမ်းပါ”
မကြာခင်မှာပင် ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် အားလုံးရှေ့၌ ငါးမန်းနား နီးကပ်သွားသည်။ ငါးမန်းသည်လည်း ဝံပုလွေနှစ်ကောင်ကို သတိထားမိပြီး သားကောင်ကို သတိထားမိသော ကျားကဲ့သို့ အပြေး ကူးခပ်လာ၏။ ၎င်း၏ စိတ်ထဲ၌ ကျယ်လောင်စွာ ရေရွတ်နေသည်က “မင်းတို့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
“ကျွိ”
ငါးမန်းသည် ခန္ဓာကိုယ်ကို ပင့်မြောက်၍ သွေးများနှင့် နီရဲနေသော ပါးစပ်ကို ကျယ်ကျယ်ဟကာ ရှောင်ချင်အား ကိုက်လေသည်။
၎င်း၏ ပါးစပ်က ရှောင်ချင်၏ ဦးခေါင်းတစ်ခုလုံးကို လွှမ်းသွားလေသည်။ ကမ်းစပ်၌ လူတိုင်းက အလန့်တကြား အော်ဟစ်ပြီး မကြည့်ရဲကြချေ။
သို့သော် ဤသို့သော သေရေးရှင်ရေး အခြေအနေ၌ ရှောင်ချင်က နောက်ဆုတ်မသွားဘဲ ရှေ့တိုးလေသည်။ သူက ပါးစပ်ကို ကျယ်ကျယ်ဟ၍ ငါးမန်းအား ပြန်ကိုက်လိုက်သည်။
ထို့အပြင် သူက ခန္ဓာကိုယ်ကို တစ်ဖက်စောင်း၍ လက်သည်းနှစ်ဖက်လုံးဖြင့် ငါးမန်းကို ကုတ်ဖဲ့လေသည်။
သူ၏ ခွန်အားက ပြင်းထန်းလွန်း၍ ငါးမန်း၏ ဦးခေါင်းက တစ်ဖက်သို့ ရိုက်ချခံလိုက်ရသည်။ ထို့နောက် ငါးမန်း၏ ဆူးတောင်အား ကြမ်းကြုတ်စွာ ကိုက်ဖဲ့လေသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟွေသည် အနောက်မှနေ၍ ငါးမန်း၏ အမြီးကို ငုံ့၍ ပြင်းထန်စွာ ကိုက်လေတော့သည်။
ချက်ချင်းဆိုသလိုပင် ပင်လယ် မျက်နှာပြင်တစ်ခုလုံး၌ သွေးများ စွန်းထင်းလာ၏။
အဖြစ်အပျက်တစ်ခုလုံးက အလွန် တိုတောင်းသော အချိန်အတွင်း ဖြစ်သွားခဲ့သည်။ ကမ်းစပ်၌ လူတိုင်းသည် ရုန်းကန်နေသော ငါးမန်းကို အလန့်တကြား ကြည့်ကာ တစ်ခဏမျှ မှင်တက်နေကြသည်။ တစ်ခဏကြာသော် အားလုံး “လခွမ်း” ဟုသာ ရေရွတ်မိတော့သည်။
ဝံပုလွေ နှစ်ကောင်က သိုင်းပညာရှင်များနှင့် တူသည်ဟု ခံစားရပြီး ငါးမန်းမှာမူ အလှည့်ကျ အရိုက်ခံနေရသည့် တိရစ္ဆာန်နှင့် တူနေလေသည်။
“လခွမ်း၊ အဲ့ဝံပုလွေနှစ်ကောင်က အဲ့လောက် ရက်စက်တာလား”
စစ်သည်တော် တစ်ဦးသည် တံတွေးမျိုချ၍ အလန့်တကြား ပြောလာသည်။
“အံ့ဩစရာပဲ၊ ဒါတစ်ခုတည်းနဲ့တင် ဒီဝံပုလွေနှစ်ကောင်က ခွန်အားမှာ ငါးမန်းထက် မနိမ့်ဘူးဆိုတာကို ပြနေတာပဲ၊ မယုံနိုင်စရာပါလား”
“သနားဖို့ ကောင်းလိုက်တာ၊ အဲ့ငါးမန်းက အဖြစ်ဆိုးတယ်၊ ပင်လယ်ထဲက အသန်မာဆုံး သတ္တဝါက ဝံပုလွေ တစ်ကောင်ဆီမှာ ရှုံးသွားတယ်ဆိုတာကို မင်း ယုံနိုင်လား”
“ဒီဝံပုလွေ နှစ်ကောင်ကလဲ သိုင်းပညာရှင်တွေလို့ … ငါ ခံစားနေရတယ်၊ သူတို့က ငါတို့ထက် ပိုသန်မာနေသလိုပဲ”
အခြား စစ်သည်တော်များ မဆိုထားနှင့် ချင်ပိုင်ချွမ်းတောင်မှ အံ့ဩနေသည်။ ၎င်းသည် ရန်ဖြစ်ခြင်းနှင့် မတူဘဲ ငါးမန်းအား တစ်ဖက်သတ် ဖိချနေသလိုပင်။ ဝံပုလွေနှစ်ကောင်၏ ခွန်အားက မယုံနိုင်စရာ ကောင်းလှပေ၏။
“ချီးပဲ၊ ညီလေးရဲ့ မွေးထားတဲ့ ဝံပုလွေနှစ်ကောင်က အဲ့လောက် တော်တာလား”
လင်းအောင် ပင့်သက်ရှိုက်လိုက်မိပြီး အားကျဟန်ဖြင့် ပြောလေသည်။
“မင်းရဲ့ တိရစ္ဆာန်တွေအားလုံးက ပုံမှန် မဟုတ်တဲ့ပုံပဲ”
ရဲ့လင်းချန်၏ တိရစ္ဆာန်လည်း ဖြစ်သည့် လိပ်အိုကြီးကို သူ သတိရသွားသည်။ အခြေအနေက သားရဲများ၏ စခန်းအဖြစ် ပြောင်းလဲတော့မည့်ပုံပင်။
ကျန်းယွင်ရှီနှင့် အခြားမိန်းကလေးများမှာမူ ပါးစပ်ကို လက်နှစ်ဖက်လုံးဖြင့် အုပ်ထားမိသည်။ သူမတို့အားလုံးသည် ထိတ်လန့်မှုအား မည်သို့ ဖော်ပြရမလဲမသိ ဖြစ်နေကြသည်။
တိုက်ခိုက်မှုက မကြာခင်မှာပင် ပြီးဆုံးသွားပြီး ကြီးမားသော ငါးမန်းသည် ပင်လယ်ရေ မျက်နှာပြင်ပေါ်၌ အသက် မဲ့စွာ ပေါလောမျောလာပြီး ၎င်း၏ ဝမ်းဗိုက်ဖြူဖြူကို မြင်နေရသည်။