နတ်ဆိုးပညာရပ်လေ့ကျင့်ခြင်း.....
Vol. 45 Ch. 618
[TN/ ယခုအပိုင်းတွင် သုံးနှုန်းထားသည့် နတ်ဆိုးပညာရပ်ဟူသည် မကောင်းသည့်သဘောသက်ရောက်သည့် ပညာရပ် သို့မဟုတ်ကျင့်စဉ်ကိုရည်ညွှန်းခြင်းမဟုတ်ဘဲ..နတ်ဆိုးခန္ဓာအဆင့်ရောက်သူတွေကျင့်သုံးသည့် ပညာရပ်များကို ရည်ညွှန်းခြင်းဖြစ်သည်.....အဆင့်သတ်မှတ်ချက်များကိုပြန်ရှင်းပြပါမည်.....
စစ်သူကြီးအဆင့်ကို မြေနတ်ဆိုးခန္ဓာအဆင့် နှင့် ကောင်းကင်နစ်မြုပ်ခြင်းအဆင့်ဟူ၍ နှစ်မျိုးပိုင်းခြားထားသည်။
မြေနတ်ဆိုးခန္ဓာအဆင့်တွင် နတ်ဆိုးနန်းတော်အဆင့်(အဆင့်နိမ့် ၊အဆင့်မြင့်)၊ နတ်ဆိုးခန္ဓာအဆင့်( ငွေ၊ရွှေ၊ဖန်သား)၊ နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့် ဟူ၍ ခွဲခြားထားသည်။
ကောင်းကင်နစ်မြုပ်ခြင်းအဆင့်တွင် ကောင်းကင်ပုလဲအဆင့် (ပုလဲတစ်လုံးမှ ကိုးလုံးအထိ)၊ ကောင်းကင်ပဲ့တင်ထပ်သံအဆင့် (အဆင့်နိမ့်၊အဆင့်မြင့်)ဟူ၍ခွဲခြားထားပါသည်။]
"ပဲ့တင်ထပ်သံသုံးခု..."
ကျန်းချင်းအာသည် လီလော့၏ဆောင်ကြွားကြွား လေသံကြောင့် စိတ်အနှောက်အယှက် မဖြစ်ခဲ့သော်လည်း အံ့သြသွားခဲ့သည်။ ပဲ့တင်ထပ်သံသုံးခုရှိသည့် စစ်သူကြီးအဆင့်ကျွမ်းကျင်သူမျိုးကို ကျန်းချင်းအာပင် မကြားဖူးခဲ့ပေ။ တစ်စုံတစ်ခုသော ရှုထောင့်မှကြည့်လျှင် ၎င်းသည် အဆင့်ကိုးပဲ့တင်ထပ်သံကို ဘယ်နည်းနှင့်မျှ မယှဉ်နိုင်စရာမရှိပေ။
မြို့စားအဆင့်ကျွမ်းကျင်သူများတွင် ပဲ့တင်ထပ်သံနှစ်ခုသာရှိသည်။ စစ်သူကြီးအဆင့်နှင့်ပဲ့တင်ထပ်သံသုံးခုပိုင်ဆိုင်ထားခြင်းကတော့ မထင်မှတ်ထားလောက်သည့်အံဖွယ်တစ်မျိုးပင်......
ပဲ့တင်ထပ်သံသုံးခုပိုင်ဆိုင်ခြင်းသည် ဘုရင်အဆင့်ကျွမ်းကျင်သူများ၏ အမှတ်အသားဖြစ်သဖြင့် မြို့စားအဆင့်များက ထိုသို့ပိုင်ဆိူင်နိုင်ရန် တစ်သက်လုံးလိုက်ရှာခြင်းဖြစ်သည်။
ယခု လီလော့သည် ပဲ့တင်ထပ်သံသုံးခုပိုင်ဆိုင်ထားပြီး စစ်သူကြီးအဆင့်သို့ခြေလှမ်းရုံသာရှိသေးသည်ယ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် ပဲ့တင်ထပ်သံစွမ်းအားကို သုံးဆ အသုံးမပြုနိုင်သေးသော်လည်း အခြားသူများနှင့် နှိုင်းယှဉ်ပါက စွမ်းအားသုံးဆရှိပြီး ၎င်းမှာ ကြီးမားသော အားသာချက်ဖြစ်နေပြီဖြစ်သည်။ အနည်းဆုံးတော့ သူသည် စွမ်းအားသုံးမျိုးကိုပေါင်းစပ်အသုံးပြုနိုင်လျှင် ဘုရင်အဆင့်သို့တက်လှမ်းရန် အစပျိုးရာတွင် အထူးအကျိုးရှိမည်ဖြစ်သည်။
"မဆိုးပါဘူး...."
ကျန်းချင်းအာသည် နောက်ဆုံးတွင် ထိတ်လန့်တုန်လှုပ်ခြင်းမှ လွတ်မြောက်သွားပြီး အပြုံးတစ်ခု ပေါ်လာသည်။ လီလော့တစ်ယောက် ဤကဲ့သို့ရှားပါးသောအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်းကြောင့် သူမလည်း ထပ်တူပျော်ရွှင်နေပါသည်။
"သခင်လေးရဲ့ တတိယမြောက် ပဲ့တင်ထပ်သံက နဂါးတစ်ကောင်ဖြစ်မယ်လို့ ထင်မထားခဲ့ဘူး... ဟီးဟီး...... သွေးမျိုးဆက်လို့မပြောရဘူး သခင်လေးကနဂါးတွေနဲ့အကျွမ်းတဝင်ရှိသားပဲ......"
ပေါင်ပေါင်က ရယ်မောလိုက်သည်။
ထိုအချိန်တွင် လီလော့ အနည်းငယ် လန့်ဖျပ်သွားပြီး "ဦးလေးပေါင် ...ဒါက... ကောင်းကင်ဧကရာဇ်လီရဲ့ သွေးမျိုးဆက်နဲ့ သက်ဆိုင်နေတာလား.....?"
"ကျောင်းအုပ်ကြီးဖန်ဆီက ကြားထားပြီးပြီနဲ့တူတယ်...."
ပေါင်ပေါင်က ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
"ဒါအမှန်တရားပဲ.... မင်းနဲ့မင်းအဖေနှစ်ယောက်စလုံးက ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်တွေ.... မင်းတို့ရဲ့သွေးမျိုးဆက်က နဂါးပဲ့တင်ထပ်သံတွေ နှိုးထလေ့ရှိတဲ့အတွက် အတွင်းပိုင်းနတ်ဘုရားကုန်းမြေမှာ နာမည်ကြီးကျော်ကြားတယ်.... မင်းအဖေမှာလည်း အဆင့်ကိုးတပိုင်းနဂါးပဲ့တင်ထပ်သံရှိတယ်လေ....."
လီလော့တုန်လှုပ်ခြောက်ခြားစွာဖြင့် မေးခွန်းများထပ်မေးလိုက်သည်။
"ဒါဆို ဘယ်ပဲ့တင်ထပ်သံကို ပိုင်ဆိုင်ရမယ်ဆိုတာ သဘာဝအတိုင်းဖြစ်လာတာမဟုတ်ဘူးပေါ့....."
နိုးထလာသော ပဲ့တင်ထပ်သံသည် ကျပန်းဖြစ်မည်ဟု သူအမြဲတွေးခဲ့ဖူးသည်။ သို့ရာတွင်၊ ကောင်းကင်ဧကရာဇ်လီ၏ သွေးကြောများကို ပိုင်ဆိုင်ထားသူများသည် နဂါးပဲ့တင်ထပ်သံများကို နိုးထလာခြင်းမှာတိုက်ဆိုင်မှုမဖြစ်နိုင်ပေ။
"မင်းရဲ့ဘိုးဘေးတွေထဲက တစ်ယောက်က ကောင်းကင်နဂါးနဲ့ စာချုပ်ချုပ်ခဲ့တာလို့ ဒဏ္ဍာရီမှာ ဆိုထားတယ်... ရလဒ်အနေနဲ့.... အဲဒီနဂါးရဲ့ချီဓာတ်က မင်းတို့ရဲ့သွေးသားထဲမှာ ယနေ့အထိ တည်ရှိနေခဲ့တယ်....ဒါကြောင့် ကောင်းကင်ဧကရာဇ်လီရဲ့ သွေးမျိုးဆက် ပိုင်ဆိုင်ထားသူတိုင်းဟာ နဂါးပဲ့တင်ထပ်သံနိုးထလာဖို့ အလွန်မြင့်မားတဲ့ အခွင့်အရေးရှိကြတယ်..... ” ဟု ပေါင်ပေါင်
က ရှင်းပြသည်။
ဤမယုံကြည်နိုင်စရာကောင်းသောပုံပြင်သည် စိတ်ကူးထားသည့် ကန့်သတ်ချက်များကိုပင် ကျော်လွန်နေပုံရသည်။
ထို့ထက် ပို၍ အရေးကြီးသည်မှာ၊ တတိယ ပဲ့တင်ထပ်သံကို သူ၏ သွေးသားမှ တိုက်ရိုက် နိုးကြားခြင်း မဟုတ်ဘဲ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ မတူညီသော ရှုထောင့်မှကြည့်လျှင် နဂါးပဲ့တင်ထပ်သံကို တုပဖန်တီးခြင်းဖြစ်စဉ် ကျရှုံးခဲ့လျှင်တောင် တနည်းနည်းနဲ့ ရလာဖို့ကံကြမ္မာက သတ်မှတ်ပေးထားသည့်အဓိပ္ပါယ်ပင်.....
"အဖေ့မှာ အဆင့်ကိုးတပိုင်း နဂါးပဲ့တင်ထပ်သံရှိတာလား..... "
လီလော့ သက်ပြင်းချလိုက်မိသည်ယ သူ့အဖေ သူ့အား ထုတ်ဖော်ပြသခဲ့သော ပဲ့တင်ထပ်သံသည် ဦးလေးပေါင် ပြောခဲ့သည့် နဂါးပဲ့တင်ထပ်သံ မဟုတ်ပေ။
“အမှန်တိုင်း ပြောရရင် အမေရဲ့ ပဲ့တင်ထပ်သံကို တစ်ခါမှ မမြင်ဖူးဘူး”
ထို့နောက် ပေါင်ပေါင်က နောက်ထပ် ပြုံးလိုက်ပြီး....
“သခင်မကြီးရဲ့ ပထမဆုံး ပဲ့တင်ထပ်သံကတော်တော် စိတ်ဝင်စားဖို့ကောင်းတယ်.....”
"ဘာကိုဆိုလိုတာလဲ?"
"သခင်မကြီးရဲ့ ပထမဆုံး ပဲ့တင်ထပ်သံက အဆင့်ကိုး ရွှေတောင်ပံဂဠုန်ပဲ့တင်ထပ်သံပါ.... ရွှေတောင်ပံဂဠုန်တွေက အထွတ်အထိပ်မှာ တည်ရှိနေတဲ့ နတ်ဘုရားသားရဲတစ်ကောင်ဖြစ်တဲ့အပြင် နဂါးငယ်တွေကိုတောင် အစာအဖြစ်စားသောက်ကြတယ်လို့ဆိုကြတယ်.... ဒါကြောင့် နဂါးမျိုးနွယ်နဲ့ အမြဲရန်ငြိုးရှိခဲ့တယ်....."
လီလော့ အနည်းငယ် ထိတ်လန့်သွားသည်။
အဖေ အမေ့ဆီမှာအရိုက်ခံနေရတာ အံ့သြစရာမဟုတ်တော့ဘူးဘဲ....ဒါဟာ ပဲ့တင်ထပ်သံတွေရဲ့ဗီဇကြောင့်များလား....အခုငါ့မှာလဲ နဂါးပဲ့တင်ထပ်သံရှိနေပြီဆိုတော့ အဖေနဲ့အတူ အရိုက်ခံရတော့မယ်ထင်တယ်.....
"အိုက်ယား.... အမေက တကယ့်ကို အံ့သြစရာပဲ..."
လီလော့ ခြောက်ကပ်စွာ ရယ်မောလိုက်သည်။လော့လန်အိမ်တော်တွင် အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ဆိုင်ထားသည့် မိန်းမသားနှစ်ယောက်ရှိနေသည်။ ထို့ကြောင့် လော့လန်အိမ်တော် မိန်းမသားများကသာ အာဏာပိုရှိသည်ဟုဆိုနိုင်သည်။
လီလော့တစ်ယောက် ရှေ့ရေးကို တွေးလေ ပိုဝမ်းနည်းလာလေပင်.....
“ငါတို့မိသားစုထဲက ယောင်္ကျားသားတွေမှာ ဘာကြောင့် ဒီလို ရက်စက်ကြမ်းကြုတ်ကံကြမ္မာမျိုးရှိနေရတာလဲ...."
"ဆရာကတော်က ဆရာ့ကို အနိုင်ယူနိုင်တာကြောင့် တကယ့်ကို လေးစားထိုက်ပါပေတယ်....."
ကျန်းချင်းအာက ပေါ့ပေါ့ပါးပါး ရယ်မောရင်း သူမ၏လေသံဖြင့် ဆရာကတော်အပေါ်လေးစားမှုအရိပ်အမြွက်ကိုပြသနေသည်။
လီလော့က ဒါကိုကြားတော့ အရှက်ပြေချောင်းဟန့်လိုက်ပြီး ရိုးသားတဲ့ လေသံနဲ့.....
“အမေ့မှာ လေးစားစရာကောင်းတဲ့အချက်တွေဆိုသလို မကောင်းတဲ့အကျင့်တွေလည်းရှိတယ်...ဉပမာ အဖေ့ကိုနိုင်တာမျိုးပေါ့....ချင်းအာ...နင်အမေ့ဆီကနေ ကောင်းတဲ့အချက်တွေပဲသင်ယူစမ်းပါ...အတုယူမမှားစေနဲ့....."
"အကြမ်းဖက်မှုဟာ တစ်ခုတည်းသော အမှန်တရားလို့ ဆရာကတော်က သင်ပေးထားတယ်....ငါလည်းအဲ့တာကို မှန်တယ်လို့ထင်တယ်"
ကျန်းချင်းအာ၏အဖြေကြောင့် လီလော့သတ်သေချင်စိတ်ပေါက်နေပြီ....
မေမေ! သူ့ကို ဘာတွေသင်ပေးခဲ့တာလဲ...ကိုယ့်သားကို ဒုက္ခတွင်းထဲမှာ ကြီးပြင်းလာဖို့ မျှော်လင့်နေတာလား???"
ချင်းအာသာ ဆရာ့ခြေရာနင်းမယ့် တပည့်မျိုးဆို ငါတော့သေပြီ....ပဲ့တင်ထပ်သံသုံးခုပိုင်ဆိုင်ထားပေမယ့် အဆင့်ကိုးပဲ့တင်ထပ်သံကို ယှဉ်နိုင်ဉီးမှာမဟုတ်ဘူး....အရင်ဆုံးသူ့ကိုကျော်တက်အောင်ကြိုးစားရမယ်....အားမတန်သေးသရွေးတော့အတတ်နိုင်ဆုံးမာန်လျှော့ပြီးကြိုးစားရမှာပဲ.......
ကျန်းချင်းအာသည် သူ့ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြောနေသော လီလော့ကို လုံးဝ လျစ်လျူရှုလိုက်ပြီး ....
"အခု နင်က မြေနတ်ဆိုးခန္ဓာအဆင့်ကိုခြေလှမ်းနိုင်ပြီဆိုတော့ နတ်ဆိုးပညာရပ်တွေကို စတင်လေ့လာနိုင်ပြီ"
"နတ်ဆိုးပညာရပ်တွေ....?"
လီလော့ တုန်လှုပ်သွားပြီး အမူအရာ ပြောင်းသွားခဲ့သည်။ နတ်ဆိုးပညာရပ်ဟူသည် မြေနတ်ဆိုးခန္ဓာအဆင့်သို့ဝင်ရောက်လာသူများအတွက် စွမ်းအားကျင့်စဉ်များဖြစ်သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းသည် ခန္ဓာကိုယ်မှ မြေနတ်ဆိုးစွမ်းအင်များကို စုပ်ယူသန့်စင်ရန် နည်းလမ်းတစ်ခုဖြစ်သည်။ ဤစွမ်းအင်ကို သန့်စင်ပြီးသည်နှင့် ၎င်းသည် အဲ့မိုကွမ်း ဟုခေါ်သော အခြားစွမ်းအင်ပုံစံသို့ ပြောင်းလဲသွားမည်ဖြစ်သည်။
[TN/ Abstruse fiend light ကိုအဲ့မိုကွမ်းလို့သုံးနှုန်းပါမယ်....တိုက်ရိုက်ပြန်ရတာထောက်လို့ပါ....မြေနတ်ဆိုးခန္ဓာဆိုတာကို Earth Fiend Stageလို့ရေးထားပါတယ်....မြေနတ်ဆိုးစွမ်းအင်ကျတော့ Earth Fiend energy လို့ရေးထားပါတယ်...အစပ်အဆက်မရှိသလိုဖြစ်နေမှာစိုးလို့ရှင်းပြတာပါ....]
အဲ့မိုကွမ်းတွင် အံ့သြဖွယ်အရည်အသွေးတစ်ခုပါရှိသည်။ ၎င်းသည် ပဲ့တင်ထပ်သံစွမ်းအားကိုမြှင့်တင်ပေးနိုင်သည်။ ဒါဟာ တိုက်ပွဲမှာ လုံးဝပြောင်းလဲသွားစေနိုင်မည့်အားသာချက်ဆိုလည်းမမှားပေ။
၎င်းသည် စစ်သူကြီးအဆင့်၏ မြေနတ်ဆိုးခန္ဓာအဆင့် စွမ်းအား၏ သင်္ကေတလည်းဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ အဲ့မိုကွမ်းစွမ်းအင်သည် ပဲ့တင်ထပ်သံနန်းတော်အား အရောင်တောက်ပစေပြီးအရည်အသွေး မြှင့်တင်ပေးနိုင်သည်။ အဆင့်မြင့် နတ်ဆိုးနန်းတော် အဆင့်သို့ တက်လှမ်းရန်၊ ဤစွမ်းအင်အသစ်ကို အားကိုးရမည်ဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးပညာရပ်သည် နတ်ဆိုးနန်းတော်အဆင့် လေ့ကျင့်သူတိုင်းအတွက် အရေးပါလှသည်။
တစ်နည်းအားဖြင့်၊ ၎င်းသည် ဆရာသခင်အဆင့် တွင်လေ့ကျင့်ခဲ့သော စွမ်းအားကျင့်စဉ်များနှင့် အတော်လေးဆင်တူသည်။ နတ်ဆိုးပညာရပ်များကတော့ ပိုမိုမြင့်မားသောအဆင့်ဖြစ်သည်။
"ကောလိပ်က ကျွန်တော့်ကို လှည့်စားခဲ့ပြီထင်တယ်....... အမှတ်သုံးပြီးဝယ်ထားတဲ့ လှိုင်းဆယ့်နှစ်သွယ်ကျင့်စဉ်က နတ်ဆိုးကျင့်စဉ်မဟုတ်လောက်ဘူး........" လီလော့က ငြီးတွားလိုက်သည်။
"နင်ဘာတွေပြောနေတာလဲ? နတ်ဆိုးကျင့်စဉ်ရဲ့တန်ဖိုးက သာမာန်စွမ်းအားကျင့်စဉ်တွေထက် အဆပေါင်းများစွာ သာလွန်နေတယ်..... အဲ့တာတွေ ပိုမြင့်တဲ့အဆင့်ဖြစ်လို့ ကောလိပ်ကျောင်းက ပေါပေါပဲပဲနဲ့ရောင်းပါ့မလား....."
ကျန်းချင်းအာက ခပ်ဆတ်ဆတ် တုံ့ပြန်လိုက်သည်။
"ဒါတောင် နင် ငါ့ကို လှိုင်းဆယ့်နှစ်သွယ်ကျင့်စဉ်ကို သင်ယူဖို့ အကြံပေးခဲ့တယ်မဟုတ်လား....ဘာ့ကြောင့်လဲ....."
လီလော့က စိတ်ဝင်တစား မေးလိုက်သည်။
"လှိုင်းဆယ့်နှစ်သွယ်ကျင့်စဉ်က နတ်ဆိုးကျင့်စဉ်ဆိုပေမယ့် အဆင့်နည်းနည်းနိမ့်တယ်....သူ့ကို တတိယအဆင့် နတ်ဆိုးကျင့်စဉ်လို့သတ်မှတ်နိုင်တယ်...."
"တတိယအဆင့် နတ်ဆိုးကျင့်စဉ်ဆိုတာ ဘာလဲ၊ ရိုးရိုးရှင်းရှင်းပြောရရင်၊ လူတစ်ယောက်က သူတို့ရဲ့ နတ်ဆိုးကျင့်စဉ်ကိုသုံးပြီး အဲ့မိုကွမ်း အလင်းတန်းသုံးဖြာကို ဖန်တီးနိုင်ရင် အဲဒါကိုတတိယအဆင့် နတ်ဆိုးကျင့်စဉ် လို့ သတ်မှတ်ကြတယ်.... လွယ်လွယ်ပြောရရင် ကျင့်စဉ်ရဲ့အဆင့်ကို ဖန်တီးနိုင်တဲ့အလင်းတန်းအရေအတွက်ပေါ်မူတည်ပြီးသတ်မှတ်နိုင်တယ်......"
လီလော့ ကူကယ်ရာမဲ့ ရယ်မောလိုက်သည်။
"ဒါဆို နင်ကရော ဘယ်လို နတ်ဆိုးကျင့်စဉ်မျိုးကိုလေ့ကျင့်နေတာလဲ...."
" အမှတ် 300,000 ပေးဝယ်ထားရတဲ့ စတုတ္ထအဆင့်ကျင့်စဉ်ပါ...ဒီကျင့်စဉ်ကကျောင်းကပိုင်ဆိုင်တဲ့ အကောင်းဆုံး နတ်ဆိုးကျင့်စဉ် တစ်ခုလည်း ဖြစ်တယ်....."
လီလော့ ခါးသီးစွာ ရယ်မောလိုက်သည်။ ၎င်း၏တန်ဖိုးသည် မြို့စားအဆင့်ပညာရပ်တန်ဖိုးနှင့်တူညီလုနီးပါးပင်......
"သခင်လေးအတွက် နတ်ဆိုးကျင့်စဉ် တစ်ခုရဖို့ စိတ်ပူနေဖို့ မလိုပါဘူး....လော့လန်အိမ်တော်ရဲ့ အခြေခံအုတ်မြစ်က ကောလိပ်လောက် နက်ရှိုင်းနေမှာ မဟုတ်ပေမယ့် ငါတို့ သိမ်းဆည်းထားခဲ့တဲ့ အရာတွေက ကောလိပ်မှာ ဘယ်တော့မှ မပိုင်ဆိုင်နိုင်တဲ့ အရာတွေပါ...."
ပေါင်ပေါင်က ဗိုက်သားများလှုပ်ခါသွားသည်အထိ ရယ်မောရင်းပြောပြခဲ့သည်။
လီလော့ ထိုစကားကိုကြားလိုက်သည်နှင့် ချက်ချင်းဆိုသလို...."ကျွန်တော့်မိဘတွေ အံ့သြစရာကောင်းတဲ့ ကျင့်စဉ်တွေ ချန်ထားခဲ့သေးလား.... "
"သခင်လေးက ပါးနပ်သားပဲ..... တကယ်တော့ မင်းအဖေက နတ်ဆိုးကျင့်စဉ်တခု ချန်ထားပေးခဲ့တယ်.... လိုအပ်ချက်တွေအရမ်းတင်းကျပ်ပြီး လူအများစုက ဒါကို လေ့ကျင့်ဖို့ ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူး.... မဟုတ်ရင် အစောကြီးတည်းက ချင်းအာ လေ့ကျင့်ဖို့ပေးလိုက်ပြီပေါ့..." ပေါင်ပေါင်က နောက်ပြောင်ရယ်မောရင်းရှင်းပြပေးနေသည်။
"ချင်းအာတောင် မလေ့ကျင့်နိုင်ဘူးလား"
လီလော့၏အမူအရာ အနည်းငယ်ထူးဆန်းသွားသည်။
အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူတောင်မလေ့ကျင့်နိုင်ဘူးဆိုတော့ ဒါက ဘယ်လို နတ်ဆိုးကျင့်စဉ်လဲ....
"ချင်းအာမှာ အရည်အချင်းမရှိလို့ မဟုတ်ဘူး... ဒီနတ်ဆိုးကျင့်စဉ်ကိုလေ့ကျင့်ဖို့ နဂါးပဲ့တင်ထပ်သ့စွမ်းအားကို ပိုင်ဆိုင်ထားဖို့ လိုအပ်တယ်" ဟု ပေါင်ပေါင်က ရှင်းပြခဲ့သည်။
"နဂါးပဲ့တင်ထပ်သံစွမ်းအားကို ပိုင်ဆိုင်ထားရမှာလား......"
လီလော့ အင်မတန်ဝမ်းသာသွားသည်။ ဒါက သူ့အတွက်သီးသန့် ချန်ထားခဲ့သည်မှာ သိသာလွန်းလှသည်။
စိတ်အားထက်သန်သော လီလော့ကိုကြည့်ရင်း ပေါင်ပေါင်က လက်ကို မြှောက်လိုက်ပြီး လက်ဖဝါးအရွယ်အကြေးအခွံတခုကို ထုတ်ယူလိုက်သည်။ ထိုအကြေးခွံထံမှ နဂါးတစ်ကောင်၏ဖိအားများထုတ်လွှတ်နေပြီး ၎င်းပေါ်တွင် မရေမတွက်နိုင်သော စာလုံးများရေးထွင်းထားသည်။
" ဒီနတ်ဆိုးကျင့်စဉ်ကို နဂါးငွေ့တန်းသုံးသွယ် နတ်ဆိုးကျင့်စဉ်လို့ခေါ်တယ်....."
ကြီးကျယ်ခမ်းနားသော နာမည်ကိုကြားလိုက်ရုံဖြင့် လီလော့ အလွန်ပျော်ရွှင်သွားခဲ့သည်။
"အရမ်းမိုက်တယ်....ဒါကဘယ်အဆင့်လဲ .....ဟမ်?"
" ကြယ်တာယာခရီးရှည်ကောလိပ်မှာတောင် မရှိနိုင်တဲ့ ပဉ္စမအဆင့်ကျင့်စဉ်......."
လီလော့သည် ဝမ်းသာလုံးဆို့ပြီးမျက်ရည်များပင်စီးကျနေသည်။