ရွှီချင်းက ရုံးတော်သခင်ကို ကိုယ်စားပြုတယ်(က)
Vol. 44 Ch. 663
ရွှီချင်းသည် နင်ယန်၏ အော်သံကို လျစ်လျူရှုထားသည်။ သူက စိတ်ထဲမှ ဆင့်ခေါ်လိုက်လေရာ ကောင်းကင်ပေါ်မှ ရွှေကျီးကန်းသည် စူးရှသောအော်သံကို ထုတ်ဖော်လိုက်ပြီး မြေပေါ်သို့ ထိုးဆင်းလာသည်။
၎င်းသည် နီးကပ်လာသည်နှင့်ချက်ချင်း ခန္ဓာကိုယ်တစ်ဝက်ကို ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်စေသည်။ ၎င်း၏ အတောင်ပံကြီးများသည် အပြင်ဘက်တွင် တဖျတ်ဖျတ်လှုပ်ခတ်နေပြီး ၎င်း၏ အမြှီးငှက်မွှေးများသည် အံ့ဖွယ်အရှိန်အဝါဖြင့် လှုပ်ယမ်းနေကြသည်။
ထိုအခိုက်အတန့်တွင် ရွှီချင်း၏ အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
အဝေးမှကြည့်လျှင် ရွှေကျီးကန်း၏ အတောင်ပံများနှင့် အမြှီးများဖြင့် ဝန်းရံခံထားရသော ရွှီချင်းသည် ပြန်လည်ရှင်သန်လာသော ဧကရာဇ်တစ်ပါးနှင့် တူညီသည်။
ဝိညာဉ်နတ်သူငယ်အဆင့်စွမ်းအားသည် သူ၏ တစ်ကိုယ်လုံးတွင် ပြည့်နှက်နေသည်။
သူ၏ ရုပ်ခန္ဓာကိုယ်မှ စွမ်းအားသည်လည်း ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် တူညီသောခံစားမှုကို ပေးသည်။ ထို့ကြောင့် ရွှီချင်းထံမှာ ဝိညာဉ်နတ်သူငယ်နှစ်ကောင်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။
ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ဦးက ထိုသို့တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်မှာ တစ်ခါမှမကြုံစဖူးကိစ္စဖြစ်သည်။
မိုးထစ်ချုန်းသံများသည် မြည်ဟိန်းထွက်လာသည်။ ကြောက်မက်ဖွယ်လှိုင်းအတတ်အကျများသည် ဆူနာမီလှိုင်းလုံးကြီးသဖွယ် ထွက်ပေါ်လာပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်ထွက်သွားသည်။ ယင်းက ရွှီချင်း၏ အဆိပ်မြူခိုးကို မောင်းထုတ်ပစ်လိုက်သည်။
ကျောက်ရှာတောင်ပေါ်မှ အကွာအဝေးတစ်ခုထိ ထွက်ခွာသွားကြပြီးဖြစ်သော လေလွင့်ကျင့်ကြံသူများသည် ပျံ့နှံ့ထွက်လာသော အဆိပ်မြူခိုးဖြင့် ထိမိသွားကြသည်။
မြေပြင်သည် အနက်ရောင်အဆိပ်ရည်ဖြင့် ပက်ဖျန်းသွားသည်။ ကောင်းကင်ပေါ်တွင် ထွက်ပြေးနေကြသော ကျင့်ကြံသူများပင်လျှင် ချောက်နက်ပင်လယ်ထဲသို့ ပြုတ်ကျသွားကြသည်။
ကျောက်ရှာတောင်ပေါ်သို့ ကျူးကျော်ဝင်ရောက်လာကြသော မျိုးနွယ်ခြားကျင့်ကြံသူ အယောက်တစ်ထောင်ကျော်တွင် ယခု (၄၀)ရာခိုင်နှုန်းခန့်သာ အသက်ရှင်ကျန်ရှိကြတော့သည်။ သူတို့အားလုံးသည် တုန်လှုပ်ခြောက်ခြားနေကြသည်။
ကျောက်ရှာတောင်ပေါ်မှ ဓမ္မရတနာများသည် အသက်ပြန်ဝင်လာကြပြီး ဖြစ်သည်။ ယင်းတို့၏ စွမ်းအားသည် ကောင်းကင်နှင့်မြေပြင် နှစ်ခုစလုံးတွင် သက်ရောက်မှုရှိသည်။ တောင်ပေါ်သို့ ကျူးကျော်လာကြသည့် မျိုးနွယ်ခြားကျင့်ကြံသူများသည် ယခု အားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။
ရွှီချင်းသည် တစ်ဦးတည်းရောက်ရှိလာခြင်းဖြစ်သော်လည်း အစောပိုင်းအဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းက ထိုမျိုးနွယ်ခြားကျင့်ကြံသူအားလုံး၏ နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။
တားမြစ်အဆိပ်သည် ဤတိုက်ပွဲတွင် ယင်း၏ အစွမ်းအပြည့်အဝကို ထုတ်ဖော်ပြခဲ့သည်။
‘ အဆိပ်ကျင့်ကြံသူ ’ဟူသော စကားလုံးသည် လေလွင့်ကျင့်ကြံသူအားလုံးအတွက် အိမ်မက်ဆိုးဖြစ်လာချေ၏။
သို့သော်လည်း ရွှီချင်းသည် သတိမပေါ့လျော့ချေ။ သူက ကောင်းကင်ပေါ်မှ အတောင်ပံပါအနက်ရောင်ပုံရိပ်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ၏ ညာလက်က နင်ယန်၏ ဝမ်းဗိုက်မှ နွယ်ကို ဖမ်းဆုပ်လိုက်ပြီး အချိန်မရွေး အသုံးပြုနိုင်ရန် အသင့်ပြင်လိုက်သည်။
ထိုလူသည် သာမန်ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူမဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်မှ နှောင်းပိုင်းအဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူ၏ အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။ ထို့အပြင် စောစောတုန်းက အလစ်တိုက်ခိုက်မှုသည် ရွှီချင်းအား ခြားနားသောခံစားမှုကို ပေးသည်။
တစ်ဖက်လူသည် ကျွင်းရှင်းမျိုးနွယ်မှ အင်မော်တယ်ရုပ်သေးရုပ်နှင့် ဆင်တူသည်ဟု သူခံစားမိသည်။ သို့သော်လည်း ကွာခြားမှုတချို့တော့ ရှိသည်။
ရွှီချင်း၏ မျက်လုံးထဲတွင် အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ရုံးတော်သခင်၏ တုံကင်ဖြင့် ကျောက်ရှာတောင်ပေါ်မှ ဓမ္မရတနာများကို ပြောင်းလွှဲထိန်းချုပ်လိုက်သည်။ ထို့နောက် ဓမ္မရတနာများ၏ အစွမ်းကို ဦးတည်ရာပြောင်းလဲစေပြီး ကောင်းကင်ပေါ်မှ ပုံရိပ်ကို ပိတ်ဆို့ချုပ်နှောင်လိုက်သည်။
သူက သူတို့ကြားမှ စွမ်းအားကွာခြားမှုကို အမြန်ချင့်ချိန်လိုက်သည်။
ယခု သူသည် အစောပိုင်းအဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူကို အလွယ်တကူ သတ်ပစ်နိုင်စွမ်းရှိ၏။
မည်သို့ဖြစ်စေ ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ဦးသည် နတ်နန်းတော်ဆယ်ခု တိုက်ပွဲစွမ်းအားရှိလာသည့်အခါ သူ့မှာ နတ်ဘုရားအစွမ်းမရှိခြင်း၊ နတ်ဘုရားအသိစိတ်မရှိခြင်းနှင့် တည်နေရာမပြောင်းရွှေ့နိုင်ခြင်းမှလွဲလျှင် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် အများကြီး ကွာခြားမှုမရှိပေ။
သူသည် နတ်ဘုရားအသိစိတ်တိုက်ခိုက်မှုများကို သူ၏ တတိယအဆင့် ရွှေကျီးကန်းနှင့် နတ်ဘုရားအရင်းအမြစ်ကိုအသုံးပြုပြီး အလွယ်တကူ ခုခံတားဆီးနိုင်ပေသည်။
တည်နေရာပြောင်းရွှေ့ခြင်းအတွက်မူ သူ၏ ကိုယ်ပိုင်အလျင်ကို ငရဲဝိညာဉ်သွေးအတောင်ပံဖြင့် ပေါင်းစပ်လိုက်လျှင် တာတိုအကွာအဝေးအတွင်း တူညီသော အကျိုးသက်ရောက်မှု ရှိလိမ့်မည်။
ယင်းသည် စောစောတုန်းက ဝိညာဉ်နတ်သူငယ်အဆင့် လက်လေးဖက်ကျင့်ကြံသူကို လက်သီးချက်အနည်းငယ်ဖြင့် သူသတ်ဖြတ်နိုင်ခဲ့သည့် အကြောင်းအရင်းဖြစ်သည်။
သို့သော်လည်း ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများကြားတွင် ခြားနားမှုရှိပေသည်။
ဥပမာ ရွှေအမြူတေအဆင့်တွင် တချို့လူများသည် ပြီးပြည့်စုံသောအဆင့်ကို နတ်နန်းတော်ခြောက်ခုဖြင့် ရောက်ရှိနိုင်ကြသည်။ တချို့လူများကတော့ နတ်နန်းတော်ရှစ်ခုဖြင့် ရောက်ရှိနိုင်ကြသည်။ အကယ်၍ သူတို့မှာ သက်စောင့်မီးအိမ်များရှိလျှင် အကန့်အသတ်ဖြစ်သော နတ်နန်းတော်ဆယ့်သုံးခုထိ ရောက်ရှိနိုင်ကြသည်။
သာမန်ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများကြားတွင် ဝိညာဉ်နတ်သူငယ်တစ်ကောင်ရှိခြင်းသည် အစောပိုင်း ဝိညာဉ်နတ်သူငယ်အဆင့်မည်၏။ ဝိညာဉ်နတ်သူငယ်သုံးကောင်သည် အလယ်အလတ်အဆင့်ဖြစ်ပြီး ဝိညာဉ်နတ်သူငယ်ငါးကောင်သည် နှောင်းပိုင်းအဆင့်ဖြစ်သည်။ ဝိညာဉ်နတ်သူငယ်ခြောက်ကောင်သည် ပြီးပြည့်စုံသောအဆင့် ဖြစ်သည်။
အကျဉ်းထောင်ဌာနတွင် ဖိနှိပ်ခံခဲ့ရသော ထိုလက်လေးဖက်ကျင့်ကြံသူအတွက် သူ၏ အနာဂတ် ကျင့်ကြံခြင်းအကန့်အသတ်သည် အများဆုံး ဝိညာဉ်နတ်သူငယ်ခြောက်ကောင်မကနိုင်ပေ။ သို့သော်လည်း သူ့မှာ ဆက်လက်တိုးတတ်ရန် အချိန်မရှိခဲ့ပေ။
သို့ကြောင့် ရွှီချင်းသည် သူ့ထက်အဆင့်ပိုမြင့်သော လက်လေးဖက်မျိုးနွယ်ခြားနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် တစ်ဖက်လူကို လုံးလုံးဖိနှိပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
အတိတ်မှာ ရွှီချင်းသည် သာမန်အလယ်အလတ်အဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူကို သတ်ဖြတ်ရန် အခက်တွေ့ခဲ့သည်။
ဒဏ်ရာပြင်းထန်စွာရရှိထား၍ ဝိညာဉ်နတ်သူငယ်သုံးကောင်သာ ကျန်ရှိတော့သော ချူထျန်းချွင်နှင့် ရင်ဆိုင်ခဲ့ရစဉ်အခါက ရွှီချင်းသည် နှာတဖျားအသာဖြင့် အနိုင်ရရှိခဲ့သော်လည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်မဟုတ်ပါလော။ သူ၏ ဒဏ်ရာများသည် အတော်လေး ဆိုးဝါးပြင်းထန်သည်။ အကယ်၍ လင်းအာနှင့် ခရမ်းသလင်းကျောက်၏ အကူအညီကြောင့်သာမဟုတ်လျှင် ထိုတိုက်ပွဲမှာ သူသေဆုံးသွားလိမ့်မည်။
သို့သော်လည်း ယခုအခါမှာတော့ သူ၏ ခန္ဓာကိုယ်သည် နတ်ဘုရားလက်ချောင်း၏ ပြုပြင်မွမ်းမံခြင်းခံထားရပြီးဖြစ်၍ ယခင်က သူ၏ အားနည်းချက်များသည် အတော်အသင့် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။
သူက အစစ်အမှန် နတ်ဘုရားခန္ဓာကိုယ်ကို မထုတ်သုံးနိုင်သော်လည်း သူ၏ ရုပ်ခွန်အားနှင့် အလျင်သည် ယခင်ထက် သုံးဆမြှင့်တတ်သွားခဲ့သည်။ သူသည် ရုပ်ခွန်အားသက်သက်ဖြင့် ဝိညာဉ်နတ်သူငယ်တစ်ကောင်၏ စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ ယင်းသည် ရုပ်ခန္ဓာဝိညာဉ်နတ်သူငယ် ဖြစ်သည်။
ထို့အပြင် ရုပ်ခန္ဓာဝိညာဉ်နတ်သူငယ်၏ အားသာချက်သည် ခုခံစွမ်းအား ဖြစ်သည်။
ဤခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သော ရွှေချည်မျှင်များ ရှိနေသောကြောင့် ယင်း၏ ခုခံစွမ်းအားသည် အလွန်အမင်း ကြောက်စရာကောင်းသည်။
သူသည် နတ်အတတ်ပညာများကို အသုံးမပြုလျှင်ပင် ဝိညာဉ်နတ်သူငယ်သုံးကောင်ရှိသော အလယ်အလတ်အဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ပေသည်။ အကယ်၍ သူသာ နတ်အတတ်ပညာများကို ထုတ်သုံးမည်ဆိုလျှင် ဝိညာဉ်နတ်သူငယ်လေးကောင်ရှိသော အလယ်အလတ်အဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူကို မည်သည့်ထိခိုက်ဒဏ်ရာမှမရဘဲ သတ်ဖြတ်ပစ်နိုင်လိမ့်မည်။
အကယ်၍ တစ်ဖက်လူမှာ ဝိညာဉ်နတ်သူငယ်ငါးကောင်ရှိသည်ဆိုလျှင် ရွှီချင်းသာ အစွမ်းကုန်ထုတ်သုံးပါက လက်ရည်တူယှဉ်တိုက်နိုင်လိမ့်မည်။ သို့သော် တိုက်ပွဲအဖြေသည် မသေချာပေ။ တစ်ဖက်လူကို သူက ဘာမှမလုပ်နိုင်သလို တစ်ဖက်လူကလည်း သူ၏ ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်မဟုတ်ချေ။
“ အခု ငါ့ရဲ့ရုပ်ခွန်အားက ဝိညာဉ်နတ်သူငယ်တစ်ကောင်နဲ့ ယှဉ်ပြိုင်နိုင်တယ်… ရွှေကျီးကန်းက ဝိညာဉ်နတ်သူငယ်တစ်ကောင်ဖြစ်ပြီး အရိပ်ပေါင်းစပ်ခြင်းအတတ်က ဝိညာဉ်နတ်သူငယ်တစ်ကောင်စွမ်းအား ရှိတယ်… တစ်နည်းပြောရရင် ငါ့မှာ ဝိညာဉ်နတ်သူငယ်သုံးကောင်စွမ်းအား ရှိတယ်… အဲ့ဒါကို ငါ့ရဲ့နတ်အတတ်ပညာတွေနဲ့ အတူတွဲသုံးမယ်ဆိုရင် ငါ့မှာ စုစုပေါင်း ဝိညာဉ်နတ်သူငယ်လေးကောင်စွမ်းအား ရှိတယ် ”
“ ငါ့ရဲ့ အဓိကအားသာချက်က ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းရည်ပဲ… ဒီခန္ဓာကိုယ်က ဝိညာဉ်နတ်သူငယ်အဆင့်မှာ ဒဏ်ရာရဖို့ မဖြစ်နိုင်ဘူး ”
ယခင်က တိုက်ပွဲများမှတဆင့် ရွှီချင်းသည် သူ၏ အကန့်အသတ်ကို အမြန်အကဲဖြတ်နိုင်ခဲ့သည်။ သူ၏ မျက်လုံးထဲမှ အေးစက်စက်အလင်းသည် တဖြည်းဖြည်း ပိုတောက်ပလာသည်။ ကောင်းကင်ပေါ်မှ အနက်ရောင်ပုံရိပ်၏ တိုက်ပွဲစွမ်းအားသည် ဝိညာဉ်နတ်သူငယ်ငါးကောင်ဝန်းကျင်ခန့်တွင်ရှိကြောင်း သူအာရုံခံနိုင်သည်။
ထိုအခိုက်အတန့်တွင် သက်လတ်ပိုင်းအမျိုးသမီးသည် လေပေါ်သို့ အလျှင်အမြန် ပျံသန်းသွားပြီး တောင်ပံနက်မျိုးနွယ်ခြား၏ ဘေးသို့ ရောက်ရှိသွားသည်။ သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ရိုသေသောအမူအရာ ပေါ်ထွက်လာပြီး တိုးညင်းစွာ ပြောသည်။
“ ဆရာ… ဒီနယ်ရုပ်က နည်းနည်းထူးခြားပါတယ်… ဒီကိစ္စကို ထောက်ပံ့ကြတဲ့ မျိုးနွယ်အသီးသီးက ဘယ်တော့လှုပ်ရှားကြမှာပါလဲ ”