← Chapters

ရွှီချင်းက ရုံးတော်သခင်ကို ကိုယ်စားပြုတယ်(ခ)

Vol. 44 Ch. 664

ရွှီချင်းက ရုံးတော်သခင်ကို ကိုယ်စားပြုတယ်(ခ)

Vol. 44 Ch. 664

အမျိုးသမီးသည် စကားပြောလိုက်သည်နှင့် သွေးနက်တစ်လုပ် အန်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် ယိုယွင်းပျက်စီးလာနေကြောင်း ထင်ရှားသည်။ သူက အဆိပ်ကို အစွမ်းကုန်သုံး၍ ဖိနှိပ်ထားသော်လည်း ယင်းကို လုံးလုံးမဖိနှိပ်ထားနိုင်ပေ။

အဆိပ်မိသွားကြသော ကျင့်ကြံသူများ၏ ဆိုးဝါးသော အဆုံးသတ်က သူ့ကို ကြောက်ရွံ့ခြောက်ခြားစေသည်။ သူသည် အနောက်ဆုတ်ရန် အတွေးဝင်လာပြီး ဖြစ်သည်။

“ စိတ်ဝင်စားစရာပဲ ”

တောင်ပံနက်မျိုးနွယ်ခြားသည် ရွှီချင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ကျောက်ရှာတောင်ပေါ်မှ ဓမ္မရတနာများက သူ့အပေါ်ကို ပိတ်ဆို့ချုပ်နှောင်ထားကြောင်း သူသတိပြုမိသည်။ လေလွင့်ကျင့်ကြံသူများသည် လန့်ဖျပ်သွားသော ငှက်ကလေးများနှယ် တကွဲတပြား ထွက်ပြေးသွားကြသည်။ ဤအခြေအနေသည် မျှော်လင့်ချက်မရှိတော့ကြောင်း သူသိသည်။

ထပ်ပေါင်းပြောရလျှင် ရွှီချင်းသည် သူ့အား အလွန်ထူးခြားသော ခံစားမှုကို ပေးသည်။ ရွှီချင်း၏ ခန္ဓာကိုယ်သည် သာမန်မဟုတ်ကြောင်း သူအာရုံခံမိသည်။ ထို့အပြင် သူအသုံးပြုနေသော လူသားဒိုင်းကာသည် သူ့အား ဆိုးဝါးသောခံစားမှုကို ပေးသည်။

ထို့အပြင် လူသားသဏ္ဍာန်တောင်ကုန်းသည် ကောင်းကင်ပေါ်တွင် ရှိသည်။ ထိုတောင်ကုန်းထံမှ ခြိမ်းခြောက်မှုသည် အလွန်သန်မာပြီး သူ့အား စိုးရိမ်စိတ်ခံစားရစေသည်။

တိမ်တိုက်များကြားထဲမှ သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသော မိုဆာဆောသည် လွယ်ကူသောပြိုင်ဘက် ဟုတ်မည့်ပုံမပေါ်ချေ။ အဆုံးမှာတော့ သူ၏ အကြည့်သည် လေထဲတွင် ပြည့်နှက်နေသော အဆိပ်မြူခိုးထံသို့ ကျရောက်သွားသည်။ သူ၏ သူငယ်အိမ်သည် မသိမသာ ကျုံ့သွားသည်။

“ သူ့နည်းလမ်းတွေက အရမ်းထူးဆန်းတယ်… အဲ့ဒီကျောက်ရှာအလင်းကလည်းပဲ ရင်ဆိုင်ဖို့ အရမ်းခက်ခဲတယ်… အနောက်ဘက်နဲ့ မြောက်ဘက် စစ်မြေပြင်တွေက အခြေအနေတွေကို သေချာအတည်မပြုရသေးခင် အဲ့ဒီမျိုးနွယ်ခြားတွေက အမှောင်ထဲကနေပဲ လှုပ်ရှားရဲကြတယ်… သူတို့က မျက်နှာမပြရဲကြတဲ့ ကြွက်စုတ်အုပ်စုတွေ… အခုလောလောဆယ်တော့… ”

တောင်ပံနက်မျိုးနွယ်ခြားသည် အလွန်စိုးရိမ်ပူပန်လာသည်။ ထို့ကြောင့် သူက ရွှီချင်းကို သုန်မှုန်စွာ တစ်ချက်ကြည့်ပြီးနောက် ယိုယွင်းပျက်စီးလုဆဲဆဲ သက်လတ်ပိုင်းအမျိုးသမီးကို ဖမ်းဆုပ်လိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။

သူ၏ ထွက်ခွာမှုသည် ကျောက်ရှာတောင်အား ဝင်ရောက်စီးနင်းမှုကို အဆုံးသတ်စေခဲ့သည်။

ရွှီချင်းသည် တောင်ပံနက်မျိုးနွယ်ခြားနောက်သို့ လိုက်လံမဖမ်းချေ။ သူက နင်ယန်ကို ဆုပ်ကိုင်ထားလျက် တကွဲတပြား ပြန့်ကျဲသွားသော မျိုးနွယ်ခြားကျင့်ကြံသူများကို လိုက်လံသုတ်သင်သည်။ သူ၏ အလျင်သည် အလွန်မြန်ဆန်ပြီး သူ၏ တိုက်ခိုက်မှုများသည် လွန်စွာမှ ရက်စက်ကြမ်းကြုတ်သည်။ တောင်ပေါ်တွင် သွေးသည် တဖြည်းဖြည်း မြစ်ကြီးတစ်စင်းနှယ် စီးဆင်းလာပြီး အော်ဟစ်ညည်းတွားသံများသည် နည်းသထက် နည်းပါးလာသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးနှင့် အရိပ်လေးသည်လည်း ရူးသွပ်စွာ လိုက်လံသတ်ဖြတ်နေကြသည်။ မိုဆာဆောသည် တိမ်တိုက်များထဲတွင် နစ်မြုပ်နေလျက် လေရှူထုတ်လိုက်သည်။

သူ၏ မြင်ကွင်းထဲမှ ရှိရှိသမျှရန်သူအားလုံးကို သတ်ဖြတ်ပြီးမှသာလျှင် ရွှီချင်းသည် အားလုံးကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူက အရေအတွက်ဒါဇင်ခန့်ရှိသော ဓားကိုင်များအပေါ် ကာကွယ်ပေးထားသည့် ကျောက်ရှာအလင်းကို ဖယ်ရှားပေးလိုက်သည်။

ထိုဓားကိုင်များ၏ ဒဏ်ရာများသည် မသေးငယ်သော်လည်း သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်မှု၊ စိတ်လှုပ်ရှားမှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ရွှီချင်းကိုကြည့်သော သူတို့၏ အကြည့်ထဲတွင် ကြောက်ရွံ့ရိုသေမှု ပေါ်လွင်နေပြီး သူ့ကို နှုတ်ဆက်ကြသည်။

“ နှုတ်ဆက်ပါတယ် သံတော်ဆင့်ရွှီ ”

အဖိုးအိုစွန်းဟိုင်သည် အရှေ့သို့ မြန်ဆန်စွာ ခြေတစ်လှမ်းတိုးလိုက်ပြီး ရွှီချင်းကို တည်ကြည်စွာ အရိုအသေပေးလိုက်သည်။

“ နှုတ်ဆက်ပါတယ် သံတော်ဆင့်ရွှီ ”

စောစောတုန်းက ထိုအကျဉ်းသားများ၏ ဆူညံပွက်လောဖြစ်မှုမှတဆင့် ရွှီချင်း၏ သရုပ်မှန်ကို သူတို့အတည်ပြုခဲ့နိုင်ပြီး ဖြစ်သည်။ လက်တလောတွင် ရွှီချင်းသည် ဓားကိုင်ရုံးတော်သခင်၏ အမိန့်တော်များစွာကို ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးထံသို့ ထုတ်ပြန်ပေးခဲ့သောကြောင့် သူ့ကို သူတို့မှတ်မိနေရခြင်း ဖြစ်သည်။

ရွှီချင်း၏ နာမည်သည် ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်ရုံးတော်ခွဲများတွင် ပျံ့နှံ့နေပြီးသား ဖြစ်သည်။

သံတော်ဆင့်ရာထူးသည် သာမန်ဓားကိုင်များထက် မြင့်မားပေသည်။ သို့ဖြစ်၍ စွန်းဟိုင်က ရွှီချင်းကို ရိုသေလေးစားစွာ နှုတ်ဆက်သည်မှာ ထူးဆန်းသောအရာ မဟုတ်ချေ။

သာမန်ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများကြားတွင် ဝိညာဉ်နတ်သူငယ်ငါးကောင် ကျင့်ကြံခြင်းသည် အထွတ်အထိပ်နှင့် နီးကပ်နေပြီဖြစ်သည်။ အမှန်မှာတော့ သူတို့သည် မည်သည့်ဂိုဏ်းနှင့် အင်အားစုတွင်မဆို အဓိကကျောရိုးမ ဖြစ်ကြသည်။

မည်သို့ဖြစ်စေ ကောင်းကင်ရွေးချယ်ခံပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်လျှင် အသက်မီးတောက်သုံးခုနှင့် နန်းတော်ခြောက်ခုဖြင့် အဆင့်တတ်သွားကြသော သာမန်ကျင့်ကြံသူများ၏ အရေအတွက်သည် အများဆုံးဖြစ်ပေသည်။ သူတို့သည် ဝိညာဉ်နတ်သူငယ်အဆင့်သို့ ရောက်ရှိသွားကြသည့်အခါ အကန်အသတ်အဖြစ် ဝိညာဉ်နတ်သူငယ်ခြောက်ကောင်သာ ပိုင်ဆိုင်နိုင်ကြသည်။ သို့ဖြစ်၍ ဝိညာဉ်နတ်သူငယ်ငါးကောင်ရှိသော မည်သူမဆို လျှော့တွက်သင့်သည့်သူ မဟုတ်ချေ။

ရွှီချင်းသည် အစောပိုင်းအဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ရုံသာမက ဝိညာဉ်နတ်သူငယ်ငါးကောင်ရှိသော ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူကိုပင် အနောက်ဆုတ်ပြေးစေခဲ့သည်။ ထိုသို့ခွန်အားကို ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ဦးက ထုတ်ဖော်ပြသည့်အခါ ပို၍ပင် ထိတ်လန့်အံ့ဩဖွယ်ကောင်းသည်။

အကယ်၍ ရွှီချင်းသာ ကျောက်ရှာတောင်ကို စုံစမ်းစစ်ဆေးရန် မရောက်ရှိလာခဲ့လျှင် ယခုအချိန်မှာ ဤနေရာသည် လုံးဝပြိုလဲပျက်စီးသွားလောက်ချေ၏။ ဤကိစ္စသည် တိုက်ဆိုင်မှုဟု ထင်ရသော်လည်း အမှန်မှာတော့ ထိုသို့အလားတူဖြစ်ရပ်များသည် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးတွင် ဖြစ်ပျက်နေကြခြင်း ဖြစ်သည်။

“ ကျုပ်တို့ ဒီမှာ ကောင်းကောင်းမွန်မွန် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး… အနောက်ဘက်နဲ့ မြောက်ဘက် စစ်မြေပြင်တွေမှာ အရေးကြီးအခြေအနေကို ရောက်နေကြပြီလို့ပဲ ကျုပ်တို့သိထားပါတယ်… ရည်ရွယ်ချက်ကြီးတဲ့ တချို့မျိုးနွယ်စုတွေက လေလွင့်ကျင့်ကြံသူအများအပြားကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေကြပါတယ်… သူတို့က ပြည်နယ်သုံးခုက ဓားကိုင်ရုံးတော်ခွဲတွေကို ကျူးကျော်သိမ်းပိုက်ဖို့ အစီအရင်ချိုးဖောက်တဲ့ လက်နက်တွေကို ပေးထားကြပါတယ်… ကံကောင်းစွာပဲ စစ်ထွက်သွားကြတဲ့ လူသားမျိုးနွယ်ဂိုဏ်းတွေက ဒီထဲမှာ မပါဝင်ကြသေးပါဘူး ”

စွန်းဟိုင်သည် ခါးသီးစွာ ပြောသည်။

“ သူတို့ရဲ့ တကယ့်အရေအတွက်က အလွန်များပြားပါတယ်… ဒါပေမဲ့ သူတို့က အမှောင်ထဲကနေပဲ လှုပ်ရှားရဲကြပါတယ်… ကျုပ်တို့ရဲ့ လူသားမျိုးနွယ်စစ်တပ်က အနောက်ဘက်နဲ့ မြောက်ဘက် စစ်မြေပြင်တွေမှာ အောင်အောင်မြင်မြင် ခုခံနိုင်သရွေ့တော့ သူတို့က ဓားကိုင်ရုံးတော်ခွဲတွေကို ပေါ်ပေါ်ထင်ထင် လာတိုက်ခိုက်ရဲကြမှာ မဟုတ်ပါဘူး… သူတို့ရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းဖို့က မခက်ခဲပါဘူး… သူတို့က ကျုပ်တို့စစ်ရှုံးတာနဲ့ သန့်စင်ရေလှိုင်းမျိုးနွယ်ကို ဒီကအကျိုးအမြတ်တွေနဲ့ သစ္စာခံကြမလို့ပါ ”

“ ကျုပ်တို့လူသားမျိုးနွယ်က ဒီကဒ်ဘေးကို ရှင်သန်ကျော်လွှားနိုင်ပြီး အဲ့ဒီအယုတ်တမာ မျိုးနွယ်ခြားတွေအားလုံးကို သတ်ပစ်ဖို့ပဲ ကျုပ်အနေနဲ့ မျှော်လင့်နိုင်ပါတယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ယခု အာရုဏ်ဦးအချိန်သို့ ကျော်လွန်လာပြီဖြစ်၍ အမှောင်ထုသည် အဝေးမှ မြင့်တတ်လာနေသော နေလုံးနှင့်အတူ တဖြည်းဖြည်း လွင့်ပြယ်သွားနေသည်။ နေရောင်ခြည်သည် ကျောက်ရှာတောင်ပေါ်သို့ ဆင်းသက်လာပြီး အရောင်အဝါ ထွန်းလင်းတောက်ပစေသည်။

ရွှီချင်းသည် ကျောက်ရှာတောင်ကို စိုက်ကြည့်လိုက်သည်။ ဤနေရာသည် တိုက်ပွဲဒဏ်ကြောင့် ပြိုလဲပျက်စီးပြီး ရှုပ်ပွနေသော်လည်း ကျောက်ရှာတောင်၏ သက်တံ့အလင်းသည် လုံးဝအလှမပျက်ပေ။ ယင်းက အရာရာတိုင်းကို သိမ်မွေ့လှပစေသည်။

“ အားလုံးအဆင်ပြေသွားပါလိမ့်မယ် ”

နေရောင်ခြည်ဖြင့် ထွန်းလင်းတောက်ပနေသော သက်တံ့အလင်းရောင်အောက်တွင် ရွှီချင်းသည် နူးညံ့စွာ ပြောသည်။

သုံးရက်ကြာပြီးနောက် တောင်ပေါ်မှ စည်းချအစီအရင်သည် ပြန်လည်ကောင်းမွန်လာပြီး အလုပ်ပြန်လုပ်လာသည်။ ထို့နောက် ရွှီချင်းသည် ကျောက်ရှာတောင်ပေါ်မှ ထွက်ခွာသွားသည်။ သူသည် လာတုန်းက တစ်ယောက်တည်းလာသော်လည်း ပြန်သည့်အခါ နင်ယန်က သူ၏ နောက်သို့ လိုက်ပါလာသည်။

ကျောက်ရှာတောင်ပေါ်မှ မြန်ဆန်စွာ သူထွက်ခွာရသည့် အကြောင်းအရင်းမှာ သူသည် လိုအပ်သော သဲလွန်စများကို စုံစမ်းစစ်ဆေးပြီးသောကြောင့်သာမက ပိုပြီးအရေးကြီးသည်မှာ သူသည် တတိယမြောက်နေ့တွင် ရုံးတော်သခင်၏ အမိန့်တော်ကို ရရှိခဲ့သောကြောင့် ဖြစ်သည်။

“ ရွှီချင်း… မင်းစုံစမ်းနေတဲ့ကိစ္စက အကျိုးထူးတာ မထူးတာကို ခဏဘေးဖယ်ထားပြီး ဒေသငယ်မြို့တော်ကို မြန်မြန်ပြန်လာပါ ”

“ အနောက်ဘက်နဲ့ မြောက်ဘက် စစ်မြေပြင်တွေက အန္တရာယ်ထဲ ကျရောက်နေပြီ… စစ်သားတွေနဲ့ အထောက်အပံ့တွေကို ငါတို့လိုအပ်တယ်… ငါ ရှေ့တန်းကနေ ပြန်လာလို့မရဘူး… ဒါကြောင့် မင်းကို ငါ့ကိုယ်စား ဒီကိစ္စကိုကိုင်တွယ်ဖို့ အခွင့်အာဏာပေးမယ်… မင်း လက်ထောက်ဒေသအကြီးအကဲနဲ့ ပူးပေါင်းဆောင်ရွက်ပါ ”

All Chapters