← Chapters

ရွှီချင်းက ရုံးတော်သခင်ကို ကိုယ်စားပြုတယ်(ဃ)

Vol. 44 Ch. 666

ရွှီချင်းက ရုံးတော်သခင်ကို ကိုယ်စားပြုတယ်(ဃ)

Vol. 44 Ch. 666

သူထွက်မသွားခင် မြို့တော်ထဲမှ လေထုသည် စိတ်မချမ်းမြေ့မှုနှင့် ကြောက်လန့်ခြောက်ခြားမှုဖြင့် ပြည့်နှက်နေခဲ့သည်။

သူပြန်ရောက်လာသည့်အခါမှာတော့ မြို့တော်သည် ယခင်နှင့်ခြားနားနေကြောင်း ရွှီချင်း သတိပြုမိသည်။ အနောက်ဘက်နှင့် မြောက်ဘက် စစ်မြေပြင်များတွင် အရေးပေါ်အခြေအနေကို ကျရောက်နေကြပြီ ဖြစ်သည်။ ဖုန်းဟိုင်ဒေသငယ်၏ ခံစစ်ကြောင်းသည် အချိန်မရွေး ပြိုလဲပျက်စီးသွားနိုင်သည်။

သို့သော်လည်း ဒေသငယ်မြို့တော်ထဲမှ ပြည်သူပြည်သားများ၏ လက်ရှိအခြေအနေသည် ယခင်ထက် အများကြီး ပိုတိုးတတ်လာသည်။ သူတို့သည် ယခင်ကဲ့သို့ ကြောက်လန့်ခြောက်ခြားနေဆဲဖြစ်သော်လည်း သူတို့၏ လက်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်ကို ဆုပ်ကိုင်ထားလာကြသည်။

ဈေးဆိုင်များသည်ပင် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေကြသည်။ အရာအားလုံးသည် အစီအစဉ်တကျ ဆက်လက်ဖြစ်ပွားနေသည်။ အပြင်ပန်းမှကြည့်လျှင် စစ်ပွဲ၏ သက်ရောက်မှုကို မြင်တွေ့ရတော့မည်မဟုတ်ချေ။

တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ထွက်လျှောက်လာသော ရွှီချင်းသည် ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီး၏ တီးတိုးဆွေးနွေးသံများနှင့် ဤနေရာတွင် အခြေချနေထိုင်ကြသော ကျင့်ကြံသူများ၏ တစ်ခါတစ်ရံ အော်ပြောသံများကို နားစွင့်ပြီးနောက် အကြောင်းအရင်းကို ယေဘုယျအားဖြင့် နားလည်သွားသည်။

“ အားလုံးပဲ ဘာမှမကြောက်ကြနဲ့… အခုလိုအချိန်မှာ ပြေးလွှားတာတွေ ဆူပူတာတွေ မလုပ်ရဘူး… လက်ထောက်ဒေသအကြီးအကဲက ပြောထားတယ်မဟုတ်လား… ဓားကိုင်ရုံးတော်ရယ် လူသားမျိုးနွယ်က ဂိုဏ်းတွေနဲ့ အင်အားစုတွေရယ် အတူတကွပူးပေါင်းပြီး ဖုန်းဟိုင်ဒေသငယ်ကို ကာကွယ်ဖို့အတွက် တိုက်ပွဲဝင်နေကြတယ် ”

“ ဒါ့အပြင် ငါတို့ရဲ့ တပ်ကူတွေက လမ်းတစ်ဝက်ကို ရောက်နေကြပြီလို့ လက်ထောက်ဒေသအကြီးအကဲက ရှင်းရှင်းလင်းလင်း ပြောထားတယ်မဟုတ်လား… ဒီအန္တရာယ်ကို ဖိနှိပ်ပြီး ဖြေရှင်းဖို့ အချိန်သိပ်မလိုတော့ပါဘူး… ပြီးကျရင် အားလုံးက ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ် ”

“ ဒီအတောအတွင်း ဘယ်သူမှ ပြဿနာမလုပ်ကြပါနဲ့ ဈေးတွေ အဆမတန် မမြှင့်ကြပါနဲ့… မဟုတ်ရင် ဆိုးဆိုးဝါးဝါး အပြစ်ပေးခံရမယ် ”

“ ဘာမှကြောက်စရာမလိုဘူး… ကောင်းကင်က ပြောင်းလဲသွားမှာမဟုတ်သလို ဘာအရှုပ်အထွေးမှ ဖြစ်လာမှာမဟုတ်ဘူး… ဒီရက်တွေမှာ အနီးနားဝန်းကျင်က မျိုးနွယ်ခြားတချို့က လက်ထောက်ဒေသအကြီးအကဲရဲ့ ဖိနှိပ်ခံခဲ့ရတယ်မဟုတ်လား… ဒါ့အပြင် ရှေ့တန်းကို ရုံးတော်သခင်ကိုယ်တိုင်က ကာကွယ်စောင့်ကြပ်ပေးနေတာ… ဒီတော့ ငါတို့က အတွင်းရေးပဋိပက္ခတွေ မဖြစ်ရအောင် ထိန်းသိမ်းရမယ်မဟုတ်ဘူးလား ”

အရှေ့သို့ ဆက်လျှောက်သွားရင်း ရွှီချင်းသည် တွေးတောလိုက်သည်။ ဤအတောအတွင်း လက်ထောက်ဒေသအကြီးအကဲသည် ကိစ္စအတော်များများကို သေချာနိုင်နင်းစွာ စီမံဆောင်ရွက်ထားကြောင်း ရှင်းလင်းပေသည်။ ရွှီချင်း၏ အနောက်မှလိုက်ပါလာသော နင်ယန်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး စကားသံများကို နားထောင်လိုက်သည်။ ထို့နောက် သူ၏ နှလုံးသည် ပရမ်းပတာဖြစ်လာသည်။

ရွှီချင်းသည် ဓားကိုင်ရုံးတော်ဆီသို့ ရောက်ရှိသွားသည့်အခါ လက်ထောက်ဒေသအကြီးအကဲထံမှ အသံပို့လွှတ်မှုကို ချက်ချင်း ရရှိသွားသည်။

“ ရွှီချင်းလား… စစ်ရေးကိစ္စကို ကြီးကြပ်ကိုင်တွယ်ဖို့ ရုံးတော်သခင်က မင်းကို စစ်မြေပြင်ကနေ ပြန်လွှတ်လိုက်တယ်ဆိုတဲ့ အမိန့်တော်ကို ငါရထားတယ်… ငါ့နေရာဆီ အရင်လာခဲ့ ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အခြေအနေသည် အလျင်လိုအပ်နေကြောင်း သူနားလည်သည်။ ထို့ကြောင့် သူသည် နင်ယန်အတွက် စီစဉ်စရာရှိသည်များကို စီမံဆောင်ရွက်ပေးပြီးနောက် လက်ထောက်ဒေသအကြီးအကဲ၏ ခြံဝန်းဆီသို့ ဦးတည်သွားခဲ့သည်။

လက်ထောက်ဒေသအကြီးအကဲ၏ ခြံဝန်းအတွင်းနှင့် အပြင်ဘက်တွင် ကျင့်ကြံသူအများအပြား ရှိနေကြသည်။ လက်ထောက်ဒေသအကြီးအကဲ ထုတ်ပြန်ထားသော တာဝန်အများအပြားကို ထိုကျင့်ကြံသူများက ပြီးစီးအောင် ထမ်းဆောင်ကြရခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်က ရွှီချင်းရောက်ရှိလာကြောင်း ချက်ချင်း သတင်းပို့သည်။ သိပ်မကြာမီ ခန်းမထဲတွင် လက်ထောက်ဒေသအကြီးအကဲကို သူမြင်သွားသည်။

တစ်ဖက်လူသည် ယခင်ထက် များစွာအရွယ်အိုလာပြီး မျက်တွင်းကျနေသည်။ သူ၏ မျက်လုံးသည် ရဲရဲနီနေသည်။

ထိုအခိုက်အတန့်မှာ လက်ထောက်ဒေသအကြီးအကဲသည် သူ၏ ဘေးနားရှိ အစေခံတစ်ယောက်ထံမှ ဆေးတစ်လုံးကို လက်ခံယူလိုက်သည်။ သူသည် ဆေးလုံးကို တစ်ချက်ကြည့်ပြီးနောက် ယင်းကို ဘေးမှာချထားလိုက်သည်။ ချက်ချင်း မသောက်ပစ်ခဲ့ပေ။

ယေဘုယျအားဖြင့်ဆိုရလျှင် တစ်စုံတစ်ယောက်သည် ထိုကျင့်ကြံခြင်းအဆင့်သို့ ရောက်သွားသည့်အခါ မောပန်းနွမ်းနယ်မှုကို ခံစားရရန် လွန်စွာမှ ခက်ခဲလိမ့်မည်။ စိတ်ပင်ပန်းမှုဒဏ်သည်သာ ကျင့်ကြံခြင်းအခြေခံကို လျစ်လျူရှုထားနိုင်ပြီး တစ်စုံတစ်ယောက်၏ စိတ်ခွန်အားကို ကုန်ခမ်းစေနိုင်သည်။

“ လက်ထောက်ဒေသအကြီးအကဲက ပြည်သူပြည်သားတွေကို စိတ်ငြိမ်စေဖို့ တခြားအင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေခဲ့တာ… ပြင်ပပြဿနာတွေရော အတွင်းရေးပြဿနာတွေပါ တစ်ယောက်တည်းလုပ်ဆောင်နေရတော့ စိတ်ဖိစီးပြီပေါ့… သူ့ဝိညာဉ်က အရင်ဒဏ်ရာဟောင်းတွေတောင် ပြန်ထလာတော့မယ့် ရောဂါလက္ခဏာတွေ ပြလာတယ်… ဒါပေမဲ့ သူက ဆေးတွေအများကြီး သောက်လို့မရဘူး… ဟူး… ”

လက်ထောက်ဒေသအကြီးအကဲ၏ ဘေးမှ အစေခံသည် ရွှီချင်းကိုမြင်သောအခါ ညင်သာစွာ သက်ပြင်းချလိုက်လေသည်။

“ ရွှီချင်း… ငါ လက်တလောမှာ ပြည်နယ်အသီးသီးက ဓားကိုင်ရုံးတော်ခွဲတွေကနေ အရေးကြီးသတင်းပေးပို့မှုတွေ ရထားတယ်… ပြည်နယ်ငါးခုမှာရှိတဲ့ ဓားကိုင်ရုံးတော်ခွဲက လေလွင့်ကျင့်ကြံသူတွေရဲ့ ကျူးကျော်သိမ်းပိုက်တာကို ခံခဲ့ရတယ်… သူတို့ကို မျိုးနွယ်စုကြီးတချို့က နောက်ကွယ်ကနေ ထောက်ပံ့ပေးထားကြတယ်… ရုံးတော်သခင်ပြောတာ တကယ်မှန်တယ်… အဲ့ဒီမျိုးနွယ်စုတွေက သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် အခါတစ်ထောင်သေဖို့ ထိုက်တန်တယ် ”

“ ငါတို့နယ်မြေတွေကို ပြန်လည်သိမ်းယူဖို့ မင်းကို မြို့တော်က ကျင့်ကြံသူတွေ ငါပေးအပ်နိုင်တယ် ”

လက်ထောက်ဒေသအကြီးအကဲသည် ရွှီချင်းကိုကြည့်ပြီး လေးလေးနက်နက် ပြောသည်။

“ ပြီးတော့ စောစောတုန်းကပဲ ရုံးတော်သခင်ဆီကနေ အမိန့်တော်တစ်ခုကို ငါရခဲ့တယ်… ရှေ့တန်းက အခြေအနေက တကယ်စိတ်မချမ်းမြေ့စရာပဲ… လူတွေ မရေမတွက်နိုင်အောင် သေဆုံးသွားကြတယ် ဒဏ်ရာရသွားကြတယ်… ဒါကြောင့် လိုအပ်တဲ့ စစ်သည်တော်အရေအတွက်နဲ့ အထောက်အပံ့ပစ္စည်းပမာဏက အရမ်းများတယ်… အဲ့ဒီအတွက် ငါ နည်းလမ်းတစ်ခု ရှာကြည့်မယ်… တကယ်လို့ မင်းမှာ စဉ်းစားမိတဲ့ဟာရှိရင် ငါ့ကိုပြောပြနိုင်တယ်… ငါ သင့်တော်သလို ကြည့်စီစဉ်ပေးမယ် ”

ရွှီချင်းသည် ရိုသေစွာ ဦးညွတ်လိုက်သည်။ လက်ထောက်ဒေသအကြီးအကဲ၏ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးသည် မည်မျှကြီးမားကြောင်း သူလုံးဝနားလည်သည်။ စစ်ပွဲကာလအတွင်း နောက်ကွယ်မှ အခြေအနေကို တည်ငြိမ်အောင်ထိန်းသိမ်းရမည့် တာဝန်သည် မလွယ်ကူလှပေ။

“ ကျေးဇူးတင်ပါတယ် လက်ထောက်ဒေသအကြီးအကဲ… ကျွန်တော် အခုပဲ အထောက်အပံ့ပစ္စည်းတွေကို တခြားမျိုးနွယ်စုတွေဆီကနေ ဝယ်ယူစုဆောင်းဖို့ သွားပါတော့မယ်… ကျေးဇူးပြုပြီး လက်ထောက်ဒေသအကြီးအကဲ ခွင့်ပြုပေးပါ ”

လက်ထောက်ဒေသအကြီးအကဲသည် ခေါင်းညိတ်သည်။

“ ဒီလိုအရေးကြီးအခြေအနေမျိုးမှာ ငါတို့က အရင်းအမြစ်တွေကို အတင်းအကျပ် တောင်းဆိုမယ်ဆိုရင် အဲ့ဒါက အတော်လေး ခက်ခဲလိမ့်မယ်… ပြီးတော့ အချိန်ကုန်တယ်… ဒါ့အပြင် ဝယ်ယူတဲ့နည်းလမ်းက အများကြီး ညင်သာတယ်… ဒီကိစ္စက ဘာပြဿနာမှမရှိဘူး… ငါတို့ဖုန်းဟိုင်ဒေသငယ်ရဲ့ ဘဏ္ဍာရေးက တင်းကျပ်နေတယ်ဆိုရင်တောင် အရင်းအမြစ်တွေဝယ်ယူဖို့တော့ လုံလောက်နေပါသေးတယ် ”

ရွှီချင်းသည် သူ့ကို ကျေးဇူးတင်စကားပြောပြီးနောက် လက်ထောက်ဒေသအကြီးအကဲ၏ ခြံဝန်းထဲမှ ပြန်ထွက်လာခဲ့သည်။ သူသည် အချိန်မဖြုန်းဘဲ အစီအစဉ်ကို အကောင်အထည်ဖော်သည်။ သူသည် ဓားကိုင်ရုံးတော်၏ အတွင်းရေးမှူးဌာနဆီသို့ ပြန်ရောက်သွားသည်နှင့်ချက်ချင်း ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးထံမှ အထောက်အပံ့ပစ္စည်းများကို ဝယ်ယူစုဆောင်းရန် အမိန့်တော်တစ်ခု ထုတ်ပြန်ခဲ့သည်။

အထောက်အပံ့ပစ္စည်များ ဝယ်ယူခြင်းကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးရန် လူတချို့ကို တံခါးပိတ်ထားသော ကျွင်းရွှင်းမျိုးနွယ်ထံသို့ သူစေလွှတ်ခဲ့သည်။

အမိန့်တော်များ တစ်ခုပြီးတစ်ခု ထုတ်ပြန်ပြီးသည်နှင့်အမျှ ဓားကိုင်ရုံးတော်ကိုစောင့်ကြပ်ရန် မြို့တော်ထဲတွင် ကျစ်ရစ်နေခဲ့ကြသော အရေအတွက်ရာဂဏန်းခန့်ရှိသည့် ဓားကိုင်များသည် ချက်ချင်း တုံ့ပြန်ကြသည်။

ယခင်တုန်းက ရုံးတော်သခင်ရှိနေစဉ်အချိန် ရွှီချင်းသည် ဤသို့တရားဝင်စီးပွားရေးကို နေ့စဉ်ဆောင်ရွက်ခဲ့ပြီး အမိန့်ပေးခဲ့ဖူးသည်။ သို့ဖြစ်သောကြောင့် ဤအခိုက်အတန့်တွင် သူ့အတွက် မည်သည့်အတားအဆီးမှ မရှိပေ။ ဓားကိုင်များသည် အမိန့်တော်များကို ထမ်းဆောင်ရန် ချက်ချင်း လှုပ်ရှားကြသည်။

သို့သော်လည်း ရွှီချင်းသည် စိုးရိမ်ပူပန်သည်။ သူ၏ ကျင့်ကြံခြင်းသည် ဤတာဝန်ကို ပြီးစီးအောင်လုပ်ဆောင်ရန် မလုံလောက်ကြောင်း သူသိသည်။ ကျောက်ရှာတောင်ကို သူသွားရောက်ပြီးသည့်နောက် မျိုးနွယ်ခြားများ၏ ပုန်းကွယ်နေသော အယုတ်တမာစိတ်ကို နက်ရှိုင်းစွာ သူအာရုံခံမိသည်။

စစ်မြေပြင်အတွက် စစ်သည်တော်များကို ပိုမိုရရှိရန်မဆိုထားနှင့် အကယ်၍ သူက အထောက်အပံ့ပစ္စည်းများကို ဝယ်ယူချင်သည်ဆိုလျှင်တောင်မှ အတားအဆီးတချို့နှင့် ရင်ဆိုင်ရနိုင်ကြောင်း သိသည်။

“ တကယ်လို့ ငါ ရုံးတော်သခင်ရဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ချင်တယ် ရှေ့တန်းကို စစ်သည်တော်တွေ ထောက်ပံ့ပေးချင်တယ်ဆိုရင် အရမ်းအစွမ်းထက်တဲ့ ခြိမ်းခြောက်မှုမျိုးကို လိုအပ်တယ်… လက်ထောက်ဒေသအကြီးအကဲကို အပြည့်အဝ ငါမယုံကြည်နိုင်ဘူး ”

ရွှီချင်းသည် တိတ်ဆိတ်သွားသည်။ သူက ရုံးခန်းထဲမှာ မတ်တတ်ရပ်နေပြီး အပြင်ဘက်မှ ကောင်းကင်ကို ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် ညအချိန်သို့ ရောက်ရှိနေပြီဖြစ်၏။ မည်းမှောင်သော တိုက်တိမ်များသည် ကောင်းကင်တခွင်လုံး ပြည့်နှက်နေသည်။ မိုးရေစက်သည် ဖြည်းဖြည်းချင်း ရွာကျလာပြီး ခန်းမအပြင်ဘက်ရှိ ထုံးကျောက်များအပေါ်သို့ တပေါက်ပေါက် ကျဆင်းသွားသည်။

မိုးရွာသွန်းလာသည်နှင့်ချက်ချင်း အေးတိအေးစက် အရှိန်အဝါသည် မြေကြီးထံမှ ပျံ့လွင့်ထွက်ပေါ်လာပြီး ရွှီချင်း၏ ခြေထောက်ကို တိုက်ခတ်သွားသည်။

“ ဆရာ ဘိုးဘေး နတ်မိမယ်ကျစ်ရွှမ်း… အခု သူတို့အားလုံးက အလောင်းကောင်တားမြစ်နယ်မြေကို ခုခံတားဆီးနေကြတယ်… သူတို့မှာ အချိန်မရှိဘူး ”

“ စီနီယာအကိုကြီး ဘယ်ကိုများရောက်နေလဲ ငါသိချင်မိသား… အခုထိ သူ့သတင်း ဘာမှမကြားရသေးဘူး ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ နောက်ဆုံးမှာတော့ သူသည် ခေါင်းလှည့်လိုက်ပြီး ဒေသငယ်မြို့တော်အပြင်ဘက် ကန္တာရရှိရာ ဦးတည်ရာသို့ ကြည့်လိုက်သည်။ ခေါင်းသုံးလုံးငှက်တစ်ကောင်၏ ပုံရိပ်သည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ငှက်ကြီးချင်းချင်း ”

ရွှီချင်း၏ မျက်လုံးသည် ဝင်းလက်သွားသည်။

ဒေသငယ်မြို့တော်သို့ ပထမဆုံးအကြိမ် သူရောက်လာခဲ့စဉ် ငှက်ကြီးချင်းချင်းအပေါ် ရွှီချင်း၏ အထင်အမြင်သည် ရပ်သွားခဲ့သည်။ တစ်ဖက်လူသည် နင်ယန်ကို ၎င်း၏ ပါးစပ်ထဲတွင် ထည့်ငုံထားလျက် ကောင်းကင်ပေါ်တွင် တစ်ခါပေါ်လာဖူးသည်။ ၎င်းဖြတ်ကျော်သွားသည့်နေရာတိုင်း မုန်တိုင်းတစ်ခုကို အစပျိုးစေပြီး ယင်းက ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ထားမည့် လေဆင်နှာမောင်းသို့ ပြောင်းလဲသွားလိမ့်မည်။ ၎င်း၏ အရှိန်အဝါသည် အလွန်အစွမ်းထက်ပြီး ကြီးမားကျယ်ပြောသည်။

ထိုအချိန်တုန်းက ချန်းထင်ဟောင်သည် ထိုငှက်ကြီးက ရှေးဟောင်းသန္ဓေပြောင်းသားရဲဖြစ်ကြောင်း သူ့အား ပြောပြခဲ့သည်။ ၎င်း၏ သွေးမျိုးဆက်သည် ရှေးဟောင်းကာလအချိန်သို့ ခြေရာကောက်နိုင်သည်။ ၎င်း၏ ဘိုးဘေးသည် တစ်ခါတုန်းက ရှေးဘုရင်နောက်သို့ လိုက်ပါဖူးသည်။

၎င်း၏ သရုပ်သည် ယခင်ဒေသအကြီးအကဲ၏ မိတ်ဆွေတစ်ယောက် ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာခန့်က ယခင်ဒေသအကြီးအကဲသည် နန်းမြို့တော်သို့ပြန်သွားစဉ် ငှက်ကြီးချင်းချင်းကို ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ငှက်ကြီးချင်းချင်းသည် သူ့နောက်သို့ မလိုက်သွားခဲ့ပေ။ ယင်းအစား ဖုန်းဟိုင်ဒေသငယ်တွင် ဆက်လက်နေထိုင်ခဲ့သည်။

ငှက်ကြီးချင်းချင်း၏ အဆင့်အတန်းသည် အလွန်ပင်ထူးခြားသည်။ ရုံးတော်သခင်ပင် သူ့ကို စစ်မှုမထမ်းခိုင်းခဲ့ပေ။

“ အတိတ်မှာ ချန်းထင်ဟောင်ရဲ့ ပြောကြားမှုအရ ငှက်ကြီးချင်းချင်းက လူသားမျိုးနွယ်အပေါ်မှာ ကရုဏာစိတ်ရှိတယ်တဲ့… အခု ငါတို့က အန္တရာယ်ထဲကျရောက်နေပြီ… ငါသူ့ကို ကြိုးစားကြည့်ရမယ် ”

“ ပြီးတော့… ”

ရွှီချင်း၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းရောင် ထွက်ပေါ်လာသည်။

“ တကယ်လို့ ငှက်ကြီးချင်းချင်းက ငြင်းမယ်ဆိုရင် ဒင်းက အနီရောင်လကို ကြောက်ရွံ့သလားလို့ စမ်းကြည့်တာပေါ့ ”

ရွှီချင်းတွင် တခြားရွေးချယ်စရာလမ်း မရှိပေ။ ရှေ့တန်းအတွက် စစ်သည်တော်များနှင့် အထောက်အပံ့ပစ္စည်းများကို အမြန်ဆုံး ပို့ဆောင်ချင်သည်ဆိုလျှင် တမူထူးခြားသောလမ်းကို သူလျှောက်ရလိမ့်မည်။

ထိုသို့အတွေးရသောအခါ ရွှီချင်းသည် လမ်းလျှောက်ထွက်သွားပြီး အလုပ်များနေသော နင်ယန်ကို သွားတွေ့သည်။ သူသည် မည်သည့်ရှင်းပြချက်မှမပေးဘဲ နင်ယန်ကို ဖမ်းဆုပ်လိုက်ပြီး ထွက်ခွာသွားသည်။

“ စီနီယာ… စီနီယာအကိုကြီးရွှီချင်း… ငါတို့ ဘယ်ကိုသွားနေတာလဲ ”

နင်ယန်၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ ရွှီချင်း၏ အမူအရာကို ကြည့်နေရင်း စိတ်မသက်မသာမှုကို သူခံစားရလာသည်။

“ မင်းကို မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ဆုံပေးမလို့ ”

“ မိတ်ဆွေဟောင်း ”

နင်ယန်သည် ထိတ်လန့်သွားသည်။ သူက လေကိုတစ်ဝကြီး ရှူသွင်းပြီးနောက် သတိထားပြီး မေးသည်။

“ အဲ့ဒါ စီနီယာအကိုကြီးအားညိုလား ”

All Chapters