← Chapters

စိတ်ဆိုးသွားသော ငှက်ကြီး

Vol. 44 Ch. 667

စိတ်ဆိုးသွားသော ငှက်ကြီး

Vol. 44 Ch. 667

ရွှီချင်းသည် ခေါင်းခါလိုက်ပြီး နင်ယန်၏ ဇက်ပိုးကို မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ဓားကိုင်ရုံးတော်အတွင်းမှ တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ခြေချလိုက်သည်။ နင်ယန်၏ စိတ်ရှုပ်ထွေးမှုကို လျစ်လျူရှုထားလျက် သူတို့သည် အစီအရင်၏ အလယ်ဗဟိုတွင် မတ်တတ်ရပ်လိုက်ကြသောအခါ တောက်ပသော အလင်းရောင်သည် သူတို့ကို လွှမ်းခြုံသွားသည်။ လျှပ်တစ်ပြက်အတွင်း သူတို့၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်းနှင့် နင်ယန်၏ ပုံရိပ်သည် ကန္တာရနှင့် နီးကပ်သော တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲမှ ထွက်ပေါ်လာသည်။

ဒေသငယ်မြို့တော်အတွင်းတွင် တည်နေရာပြောင်းရွှေ့အစီအရင်များစွာ ရှိသည်။ အစီအရင်အားလုံးကို မြို့များထဲတွင် တည်ဆောက်ထားကြခြင်း မဟုတ်ပေ။ တချို့အစီအရင်များသည် လွင်တီးခေါင်မြေတွင်ရှိကြပြီး အစီအရင်အသက်သွင်းရန် ထူးခြားသော နည်းလမ်းများကို လိုအပ်သည်။ ထို့အပြင် ယင်းတို့မှာ ကိုယ်ပိုင်အကာအကွယ်များ ရှိကြသည်။

ဤတည်နေရာပြောင်းရွှေ့အစီအရင်သည် ထိုထူးခြားသော အစီအရင်များအနက် တစ်ခုဖြစ်ပေသည်။

အစီအရင်ထဲမှ သူတို့ထွက်ပေါ်လာသည့်အခိုက် ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာ စစ်ဆေးကြည့်လိုက်သည်။

သူသည် တည်နေရာမပြောင်းရွှေ့မီ ဓားကိုင်ရုံးတော်၏ စည်းချအစီအရင်အာရုံခံခြင်းမှတဆင့် ဤနေရာသည် လုံခြုံမှုရှိမရှိ အတည်ပြုထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူ၏ ပင်ကိုယ်အသိစိတ်က သေချာမှုရှိအောင် သူ့အား နောက်တစ်ကြိမ် အတည်ပြုစေသည်။

အရာအားလုံးအဆင်ပြေကြောင်း အာရုံခံပြီးမှသာလျှင် ရွှီချင်းသည် တည်နေရာပြောင်းရွှေ့အစီအရင်၏ အကာအကွယ်ထဲမှ ထွက်လျှောက်သွားသည်။ သူသည် ပေါင်းပင်များစွာ ရှင်သန်ပေါက်ရောက်နေသော ကျောက်ပြားတစ်ခုပေါ်တွင် မတ်တတ်ရပ်နေပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

ညဉ့်နက်အချိန်ဖြစ်၍ မည်းမှောင်သော တိမ်တိုက်များသည် ဤနေရာအပါအဝင် ဖုန်းဟိုင်ဒေသငယ်၏ ကောင်းကင်တစ်ဝက်ထက်မနည်း ဖုံးလွှမ်းထားသည်။ မိုးရေစက်သည် လွင်ပြင်ပေါ်ရှိ ခြောက်သွေ့နေသော မြက်ပင်များပေါ်သို့ တပေါက်ပေါက် ကျဆင်းသွားနေလေရာ အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်ကို ထုတ်လွှတ်ပေးနေသည်။

ဘေးပတ်ဝန်းကျင်တွင် ရှည်လျားသော အဆောက်အအုံကြီးများ လုံးဝမရှိသောကြောင့် လေပွေရိုင်းသည် အတားအဆီးမရှိ တဟူးဟူး တိုက်ခတ်နေလေရာ သူ၏ နားထဲတွင် လေတိုးဝှေ့သံဖြင့် ပဲ့တင်ထပ်နေသည်။

“ စီနီယာအကိုကြီးရွှီချင်း… ငါ ငါတို့ ဘယ်ကိုသွားနေတာလဲ ”

နင်ယန်သည် အလွန်စိုးရိမ်ကြောင့်ကြလာသည်။ သူက လွင်တီးခေါင်မြေကို ကြည့်လိုက်လေရာ တုန်လှုပ်သွားသည်။

“ နင်ယန်… အတိတ်မှာ ငါတို့တွေ အစီအရင်ခံဖို့ ဒေသငယ်မြို့တော်ဆီ ပြန်လာတုန်းက မင်းကို ဒီအနီးနားမှာ ငါမြင်လိုက်တယ် ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။

“ အာ ”

နင်ယန်သည် ဆွံ့အသွားပြီး အလျှင်အမြန် ခေါင်းညိတ်လိုက်သည်။

“ အဲ့တုန်းက မင်းကို စီနီယာချင်းချင်းရဲ့ လက်သည်းထဲမှာ ငါမြင်ခဲ့တယ်… အခု ငါ့ကို စီနီယာချင်းချင်းနဲ့ မင်းတွေ့ခဲ့တဲ့နေရာဆီ ခေါ်သွားပေးပါ ”

ရွှီချင်း၏ အကြည့်သည် ကောင်းကင်ပေါ်မှ တိမ်တိုက်အမည်းများကို ဖြတ်ကျော်သွားပြီး သိမ်မွေ့စွာ ပြောသည်။

“ ဘာ… ”

နင်ယန်သည် ထိတ်လန့်သွားသည်။ သူသည် ရွှီချင်းကိုကြောက်သကဲ့သို့ ထိုငှက်ကြီးကိုလည်း ကြောက်သည်။ အတိတ်တုန်းက ထိုငှက်ကြီးသည် သူ့ကို စားချင်သည့်ပုံပေါ်သည်။ ထိုအဖြစ်အပျက်သည် သူ့ကို အချိန်အတော်ကြာ အိမ်မက်ဆိုးမက်စေခဲ့သည်။

သူသည် ယဉ်ကျေးစွာ ငြင်းပယ်နိုင်ရန် နည်းလမ်းတစ်ခုကို အမြန်စဉ်းစားလိုက်သည်။ ထိုစဉ် ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး နင်ယန်ကို သုန်မှုန်စွာ စိုက်ကြည့်လိုက်သည်။

“ နင်ယန်… ဒီကိစ္စက ရှေ့တန်းက ဓားကိုင်တစ်သိန်းနဲ့ လူသားကျင့်ကြံသူ သန်းပေါင်းများစွာရဲ့ သေခြင်းရှင်ခြင်းနဲ့ သက်ဆိုင်နေတယ်… စီနီယာချင်းချင်းကိုရှာဖို့ ငါ့ကိုကူညီပေးပါ… မင်းရဲ့ အကျိုးဆောင်မှုကို ရုံးတော်သခင်ဆီ ငါတင်ပြပေးပါမယ် ”

“ ဒါပေမဲ့… ”

နင်ယန်သည် တုံ့ဆိုင်းနေသည်။ ဤသည်ကိုမြင်သောအခါ ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။

“ အဲ့လိုမှမဟုတ်ရင် မင်း ပျော်ရွှင်ခြင်းပန်းပွင့်နဲ့ ပြန်ပေါင်းစည်းလို့ရအောင် မင်းကို ကျောက်ရှာတောင်ဆီ တစ်ယောက်ယောက်ကို ငါလိုက်ပို့ခိုင်းလိုက်မယ် ”

ထိုစကားကိုကြားသောအခါ နင်ယန်သည် တည်ကြည်စွာ ပြောသည်။

“ စီနီယာအကိုကြီးရွှီချင်း… ဒါ မင်းက ငါ့ကို အထင်သေးတာပဲ… ဒီကိစ္စက ဖုန်းဟိုင်ဒေသငယ်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတယ်ဆိုမှတော့ ငါအကောင်းဆုံး ကြိုးစားလုပ်ဆောင်ပါ့မယ် ”

“ အတိတ်တုန်းက ငါ ဒီနေရာနဲ့ မနီးမဝေးမှာ လှည့်ပတ်ပျံသန်းနေရင်း စီနီယာချင်းချင်းနဲ့ တွေ့ဆုံခဲ့တယ် ”

နင်ယန်၏ အမူအရာသည် လေးနက်တည်ကြည်သည်။ သူက ဖုန်းဟိုင်ဒေသငယ်၏ အရေးနှင့်ပတ်သက်ပြီး စိတ်ပူပန်နေသည့်ပုံပေါ်သည်။ သူ၏ ခန္ဓာကိုယ်သည် မိုးရေထဲတွင် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် ကောင်းကင်ပေါ်တွင် အရှိန်တင်၍ ပျံသန်းနေကြလေရာ မကြာမီ နင်ယန်နှင့် စီနီယာချင်းချင်းတို့ တွေ့ဆုံခဲ့သောနေရာဆီသို့ ရောက်ရှိသွားကြသည်။ ဘေးပတ်ဝန်းကျင်သည် ဟာလာဟင်းလင်းဖြစ်နေသည်။ ဤနေရာတွင် တောင်ကုန်းတောင်တန်းများ မရှိကြသလို တောတွင်းတောအုပ်များလည်း မရှိကြပေ။ ဤနေရာသည် ငှက်ကြီးချင်းချင်း အနားယူသောနေရာ ဟုတ်ပုံမပေါ်ချေ။

ရွှီချင်းသည် ဇဝေဇဝါဖြစ်သွားသည်။

နင်ယန်သည် နှလုံးခုန်မြန်လာသည်။ ရွှီချင်းက အမှန်တရားအား ရှာတွေ့သွားမည်ကို စိုးရိမ်သောကြောင့် သူက အလျင်စလို ပြောသည်။

“ စီနီယာအကိုကြီးရွှီချင်း… အဲ့ဒါက ဒီနေရာမှာ တကယ်ဖြစ်ခဲ့တာ… အတိတ်တုန်းက ဒီနေရာကို ငါဖြတ်သွားတဲ့အချိန် မုန်တိုင်းတစ်ခုကိုမြင်ခဲ့ပြီး အဖမ်းခံခဲ့ရတယ် ”

သူ၏ အကြည့်ကို မသိမသာလွှဲရှောင်နေသော နင်ယန်အား ရွှီချင်း စိုက်ကြည့်လိုက်သည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူသည် အစကတော့ နင်ယန်ကို စီနီယာချင်းချင်းအား ရှာဖွေရန်အတွက်သာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူ့မှာ နင်ယန်နှင့်ပတ်သက်ပြီး တခြားအတွေးမရှိပေ။

သို့သော်လည်း ယခုတော့ သူသည် အလွန်သနားညှာတာခဲ့သည်ဟု ခံစားမိလာသည်။ ထို့ကြောင့် သူက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လေတစ်ဝကြီး ရှူသွင်းလိုက်သည်။ ထို့နောက် ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။

“ စီနီယာချင်းချင်း… ကျုပ်က ဓားကိုင်ရွှီချင်းပါ… စီနီယာကို နှုတ်ဆက်ဖို့ ကျုပ် ဒီကိုလာခဲ့တာပါ ”

“ ကျုပ်ရဲ့ ရိုးသားမှုကိုဖော်ပြဖို့အတွက် အရင်တစ်ခေါက်က စီနီယာကို အနှောင့်အယှက်ပေးခဲ့တဲ့ ဓားကိုင်နင်ယန်ကို ကိုယ်တိုင်တောင်းပန်ခိုင်းဖို့ ကျူပ် အထူးခေါ်ဆောင်လာပါတယ် ”

ရွှီချင်း စကားပြောလိုက်သည်နှင့်ချက်ချင်း နင်ယန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ရွှီချင်းကို တကယ်လိမ်ညာခဲ့ပြီး စီနီယာချင်းချင်းနှင့် သူတွေ့ဆုံခဲ့သော နေရာသို့ မခေါ်သွားခဲ့ပေ။ တစ်ဖက်တွင် သူသည် စီနီယာချင်းချင်းကို ကြောက်သည်။ အခြားတစ်ဖက်တွင် ယင်းသည် သူ၏ ကိုယ်ပိုင်လျှို့ဝှက်ချက်များနှင့် သက်ဆိုင်သည်။

အတိတ်တုန်းက စီနီယာချင်းချင်းထွက်ပေါ်လာပြီး သူ့ကို ဖမ်းခေါ်သွားစဉ် ၎င်းကို မတော်တဆ သူတွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု လူတိုင်းကို ပြောပြခဲ့သည်။ သို့သော် အမှန်မှာတော့ ထိုသို့မဟုတ်ပေ။ သို့သော်လည်း စီနီယာချင်းချင်း၏ အသိုက်သည် ဤနေရာနှင့် မည်မျှဝေးကွာကြောင်း သူတွေးမိသောအခါ  နင်ယန်သည် စိတ်အေးသွားပြီး နောင်ကျလျှင် သူ့ကိုယ်သူ မည်သို့ဖြေရှင်းချက်ပေးရမည်လဲဟု စဉ်းစားလိုက်သည်။

သို့သော်လည်း ဖြေရှင်းချက်ကို သူမစဉ်းစားနိုင်မီ နားဝင်ဆိုးသော စူးစူးဝါးဝါးအော်သံသည် တိမ်တိုက်အမည်းများထဲမှ ရုတ်တရက် မြည်ဟိန်းထွက်လာသည်။ ယင်းသည် သူ့ကြောင့်လော ရွှီခြင်းကြောင့်လော မပြောနိုင်ပေ။

အော်မြည်သံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခု အစပျိုးလာသည်။

ကောင်းကင်သည် တိုက်ရိုက် ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော တိမ်တိုက်အမည်းများသည် ပြိုကွဲသွားကြသည်။ မိုးသည်းကြီးမည်းကြီး ရွာသွန်းနေစဉ် ပေတစ်သောင်းခန့်ရှည်လျားသော ငှက်ဦးခေါင်းတစ်လုံးသည် ပြိုကွဲသွားသော တိမ်တိုက်များထဲမှ ပေါ်ထွက်လာသည်။

၎င်း၏ အနီရောင်မျက်လုံးသည် ကောင်းကင်တွင် တဖျတ်ဖျတ်လှုပ်ခတ်သွားသည်။ ၎င်း၏ အကြည့်သည် ဒြပ်ထည်ရှိလာဟန်ရပြီး ရွှီချင်းနှင့် နင်ယန်၏ တည်နေရာကို ပိတ်ဆို့ချုပ်နှောင်လိုက်သည်။

ချက်ချင်းပင် ဒုတိယဦးခေါင်းနှင့် တတိယဦးခေါင်းသည် အဝေးရှိ တိမ်တိုက်များထဲမှ ထိုးဖောက်ထွက်လာကြသည်။ ဦးခေါင်းတစ်လုံးစီသည် ပေတစ်သောင်းရှည်လျားပြီး ဖော်မပြနိုင်အောင် အံ့ဩဖွယ်ကောင်းသည်။

၎င်းသည် ငှက်ကြီးချင်းချင်းဖြစ်သည်။

ငှက်ကြီးချင်းချင်းသည် တိမ်တိုက်များကြားထဲမှာ အမှန်တကယ် အနားယူနေခြင်းဖြစ်သည်။

၎င်းထွက်ပေါ်လာသော နည်းလမ်းသည် အလွန်အမင်း ကြမ်းတမ်းသောကြောင့် မရေမတွက်နိုင်သော မိုးကြိုးသွားများသည် ဖြစ်ပေါ်လာကြပြီး ကမ္ဘာမြေပေါ်သို့ ပစ်ခွင်းသွားကြသည်။ ထိုအခါ လျှပ်စီးအလင်းရောင်သည် တိမ်တိုက်များထဲမှ ငှက်ကြီးချင်းချင်း၏ ပေတစ်သိန်းရှည်လျားသော ဝမ်းဗိုက်ကြီးကို အလင်းထင်ဟပ်သွားစေသည်။

၎င်းသည် အလွန့်အလွန်ကြီးမားသည်။

ရွှီချင်း၏ နေရာမှကြည့်လျှင် ကောင်းကင်တစ်ဝက်သည် ငှက်ကြီးချင်းချင်း၏ လွှမ်းခြုံခံထားရသကဲ့သို့ မြင်ရလိမ့်မည်။

၎င်းသည် အိပ်မောကျနေခြင်းမှ အနှောင့်အယှက်ခံလိုက်ရသောကြောင့် ဒေါသထွက်သွားဟန်ရ၏။ ၎င်းသည် စူးစူးဝါးဝါးအော်မြည်သံကို ထုတ်ဖော်လိုက်ပြီး လေရှူသွင်းလိုက်လေရာ တိမ်တိုက်ပြိုကွဲမှုမှ ရွာသွန်းကျလာသော မိုးရေသည် ကောင်းကင်ပေါ်သို့ တကယ်ကြီး ဆန်တတ်သွားသည်။ ထို့နောက် မိုးရေသည် သုံးပေခန့်ရှည်လျားသော မြစ်များအသွင်သို့ ပြောင်းလဲသွားပြီး ငှက်ကြီးချင်းချင်း၏ ပါးစပ်ထဲသို့ စုပ်ယူခံလိုက်ရသည်။

ထိုမြင်ကွင်းသည် ရွှီချင်းကို နှလုံးတုန်သွားစေသည်။ ယင်းသည် ငှက်ကြီးချင်းချင်း၏ အစစ်အမှန်ပုံစံဖြစ်ကြောင်း သူနားလည်လိုက်သည်။ ယင်းသည် အတိတ်တွင် သူမြင်တွေ့ခဲ့ရသော အရွယ်အစားထက် အဆပေါင်းများစွာ ပိုပြီးကြီးမားသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံသည် အတိတ်၌ ဒေသငယ်မြို့တော်သို့ သူရောက်လာခဲ့စဉ်ကအချိန်နှင့် ပြန်နှိုင်းယှဉ်လျှင် ကြီးကြီးမားမား မြင့်တတ်သွားခဲ့သည်။ သူသည် ထူးခြားဆန်းကြယ်သော အရာများစွာနှင့် တွေ့ကြုံခဲ့ဖူးသည်။ ဗလာနတ္ထိအဆင့် တချို့ကျင့်ကြံသူများ၏ စွမ်းအားကိုပင် အကဲဖြတ်ဖူးသည်။

ယခုအခါ ငှက်ကြီးချင်းချင်း၏ မျက်လုံးထဲတွင် မရေမတွက်နိုင်သော တာအိုအမျှင်တန်းများရှိနေကြောင်း သူမြင်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အထပ်ထပ်လွှမ်းခြုံနေသော အရိပ်များပင် ရှိသည်။ ၎င်း၏ ဘေးပတ်ပတ်လည်မှ အလင်းထဲတွင် ကမ္ဘာငယ်များသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာကြပြီး တစ်ခုပြီးတစ်ခု ပျက်စီးသွားကြသည်။

၎င်းသည် ပေါင်းစည်းခြင်းအဆင့်သို့ မရောက်ရှိသေးသော်လည်း ၎င်း၏ ပေတစ်သိန်းကျော်ရှိသော မြင့်မြတ်ထည်ဝါသည့် ဧရာမခန္ဓာကိုယ်ကြီးထဲမှ ထုတ်လွှတ်နေသော ဖိအားသည် ကမ္ဘာကို လှုပ်ခါစေရန် လုံလောက်သည်။

ရွှီချင်း၏ စိတ်ထဲ၌ လှိုင်းဂယက်များ မြင့်တတ်လာနေစဉ် နင်ယန်၏ နှလုံးသည် အကြမ်းပတမ်း ခုန်ပေါက်လာသည်။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာသည် အတိတ်တုန်းက ငှက်ကြီးချင်းချင်းကို သူတွေ့ခဲ့သောနေရာ မဟုတ်သောကြောင့် ဖြစ်သည်။

“ သူက ဘာလို့ ဒီမှာရှိနေတာလဲ… မဖြစ်နိုင်တာ… ငှက်ကြီးချင်းချင်းက အရမ်းအပျင်းကြီးပြီး တစ်ခါတစ်လေမှပဲ အပြင်ထွက်တတ်တဲ့ဟာ… မဟုတ်မှ မဟုတ်မှလွဲရော သူက ငါ့ကို မျက်စိကျနေလို့များလား ”

နင်ယန်သည် ခန္ဓာကိုယ်တုန်ယင်လာသည်။ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကောင်းကင်ပေါ်မှ ကြီးမားသော ဖိအားကို တောင့်ခံလိုက်သည်။ သူက အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး လက်သီးနှစ်ဖက်ဆုပ်ကာ ကောင်းကင်ပေါ်တွင် ထွက်ပေါ်နေသော ဧရာမဦးခေါင်းသုံးလုံးထံ အရိုအသေပေးလိုက်သည်။

“ ဓားကိုင်ရွှီချင်းက စီနီယာချင်းချင်းကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းစကားပြောလိုက်သည်နှင့် တိမ်တိုက်အမည်းများကြားတွင် ထွက်ပေါ်နေသော ဦးခေါင်းသုံးလုံးသည် တစ်ချိန်တည်းမှာ ကျယ်လောင်သော အော်မြည်သံတစ်သံကို ထုတ်ဖော်လိုက်ကြသည်။ ထိုအော်သံသည် မရေမတွက်နိုင်သော မိုးကြိုးသွားများ ဆက်တိုက် ပေါက်ကွဲထွက်သွားသည့်အလား အရပ်မျက်နှာပေါင်းစုံသို့ ထစ်ချုန်းသွားသည်။ မုန်တိုင်းတစ်ခုအစပျိုးလာပြီး ရွှီချင်း၏ ခန္ဓာကိုယ်သည် အတင်းအဓမ္မ အနောက်သို့ လွင့်စင်သွားသည်။ နင်ယန်သည်မူ ချက်ချင်း အော်ဟစ်ငိုကြွေးလိုက်သည်။

“ ငါတို့တော့သွားပြီ… ငှက်ကြီးချင်းချင်း အမုန်းဆုံးအရာက သူအိပ်နေတာကို အနှောင့်အယှက်ပေးတာပဲ… ငါတို့တော့သွားပြီ ”

“ မင်းပါးစပ်ပိတ်စမ်း ”

ရွှီချင်းသည် နင်ယန်ကို အော်ငေါက်လိုက်သည်။ သူသည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ကောင်းကင်ပေါ်သို့ နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။

“ စီနီယာချင်းချင်း အခု သန့်စင်ရေလှိုင်းမျိုးနွယ်က ဖုန်းဟိုင်ဒေသငယ်ထဲ ကျူးကျော်ဝင်ရောက်လာနေပါတယ်… ဖုန်းဟိုင်ဒေသငယ်က အန္တရာယ်ထဲ ကျရောက်နေပါပြီ… တကယ်လို့ စီနီယာက စစ်မြေပြင်ဆီသွားပြီး မတိုက်ခိုက်ချင်ဘူးဆိုလည်း အဆင်ပြေပါတယ်… စီနီယာက အချိန်တစ်ခုထိ ကျွန်တော့်နောက်ကို လိုက်ပေးပြီး အဲ့ဒီအခြေအနေကို အခွင့်အရေးယူခွင့်ပြုပါ ”

ရွှီချင်း၏ စကားထဲတွင် ရိုးသားမှုအပြည့်ပါရှိသည်။ သူသည် စကားပြီးဆုံးအောင် ပြောပြီးသည်နှင့် ထပ်မံအရိုအသေပေးလိုက်သည်။

သူ၏ ဘေးမှ နင်ယန်သည်တော့ ငိုချင်လာသည်။ သူသည် စောစောက ရွှီချင်း၏ အပြစ်တင်မှုကို အလေးမထားနိုင်တော့ဘဲ သူ့ကို အလျှင်စလို သတိပေးသည်။

“ စီနီယာအကိုကြီးရွှီချင်း အဲ့ဒါက အသုံးမဝင်ဘူး… စောစောကတည်းက မင်းရဲ့အတွေးကို ငါရိပ်စားမိတယ်… ငှက်ကြီးချင်းချင်းရဲ့ ဘိုးဘေးက ရှေးဘုရင်ရွှမ်ယုံရဲ့နောက်ကို လိုက်ခဲ့ပြီး နောက်ဆုံးမှာ သူ့အတွက် တိုက်ပွဲမှာ သေဆုံးသွားခဲ့တယ်လို့ ပြောကြတယ်… ဒါပေမဲ့ အဲ့ဒါက လူတွေလျှောက်ပြောနေကြတဲ့ လှပတဲ့ ဇာတ်လမ်းတစ်ပုဒ်သက်သက်ပါ ”

“ တကယ့်အမှန်တရားကတော့ ငှက်ကြီးချင်းချင်းရဲ့ ဘိုးဘေးက အဲ့ဒီခေတ်တုန်းက ပြိုင်ဘက်ကင်း ရက်စက်ကြမ်းကြုတ်တဲ့ ငှက်ကြီးတစ်ကောင်ဖြစ်ခဲ့တယ်… သူက အစတုန်းက ရှေးဘုရင်ရွှမ်ယုံနဲ့ ရန်သူတွေဖြစ်ခဲ့ကြတယ်… နောက်တော့မှ အခြေအနေအရရယ် ရှေးဘုရင်ရွှမ်ယုံက သူ့ရဲ့နောင်မျိုးဆက်တွေကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ကတိပေးခဲ့တာကြောင့်ရယ် သူက ရှေးဘုရင်ရွှမ်ယုံအတွက် တိုက်ခိုက်ပေးရင်း သေဆုံးသွားခဲ့တာ ”

“ နတ်ဘုရားမျက်နှာပျက်ကြီး ဆင်းသက်လာတဲ့အခါ ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေကနေ ထွက်ခွာသွားပြီး အတိတ်မှာ သူပေးခဲ့တဲ့ကတိကို မဖြည့်ဆည်းခဲ့ဘူး… အဲ့ဒီမှာ သူတို့ကြားက ဆက်ဆံရေးကပြတ်သွားပြီ ”

“ ငှက်ကြီးချင်းချင်းကတော့ ယခင်ဒေသအကြီးအကဲဟောင်းနဲ့ မိတ်ဆွေတွေဆိုပေမဲ့ အဲ့ဒါကလည်း ဒေသအကြီးအကဲက သူ့ကို တစ်ခါက ကြီးကြီးမားမား အကူအညီပေးခဲ့ဖူးလို့ပဲ… သူထွက်သွားပြီးတဲ့နောက် သူတို့ကြားက ကမ္မကို ခြေဖျက်ခဲ့တယ်… ဒါကြောင့်လည်း ငှက်ကြီးချင်းချင်းက သူ့နောက်ကို လိုက်မသွားခဲ့တာပေါ့ ”

“ လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ရာက ဖုန်းဟိုင်ဒေသငယ်ရဲ့ မှတ်တမ်းမှတ်စုတွေကို ငါဖတ်ဖူးတယ်… ငှက်ကြီးချင်းချင်းက လူသားမျိုးနွယ်အပေါ် ရန်လိုတာမျိုးမရှိပေမဲ့ ကြီးကြီးမားမား ကူညီပေးခဲ့တာမျိုး မရှိဘူး… အားလုံးက သူ့သဘောဆန္ဒအရ ဦးစားပေးလုပ်ခဲ့တာတွေချည်းပဲ ”

“ ငှက်ကြီးချင်းချင်းက အရမ်းစိတ်ကြီးတယ်… ဒါက လူတိုင်းသိထားကြတဲ့ အချက်တစ်ခုပါပဲ… သူ့ရဲ့ဘိုးဘေးက သူ့ခေတ်သူ့အခါမှာ ကမ္ဘာပေါ်က မျိုးနွယ်စုအားလုံးကို ဝါးမျိုပစ်လို့ နာမည်ကျော်ကြားခဲ့တယ် ”

“ ငါတို့က သူအိပ်စက်နေတာကို နှောင့်ယှက်မိခဲ့တယ်… ဒါကြောင့် သူစိတ်ဆိုးနေပြီ ”

“ အတိတ်တုန်းက သူ့ရဲ့လက်သည်းထဲမှာ ငါမသေခဲ့တာက ငါ့ရဲ့ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကြောင့်မဟုတ်ဘူး… အဓိကအကြောင်းအရင်းကတော့ သူက ငါ့ရဲ့သွေးမျိုးစက်ကို စိုးရိမ်လို့ပဲ… ငါ…. ”

နင်ယန်သည် သူသိထားသမျှအားလုံးကို အလျင်စလို ရှင်းပြသည်။ သူ၏ အသံသည် တုန်ယင်နေသည်။ သူက ကြောက်လန့်ခြောက်ခြားနေသောကြောင့် မပြောသင့်သော စကားတချို့ကိုပင် ပြောဆိုမိခဲ့သည်။

ရွှီချင်း၏ အမူအရာသည် တည်ကြည်လေးနက်နေသည်။ နင်ယန်၏ စကားနှင့်ပတ်သက်ပြီး သူ့မှာ မေးခွန်များစွာ ရှိသည်။ သို့သော်လည်း ယခုက စစ်ဆေးမေးမြန်းရမည့်အချိန် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကြီးမားသော ဖိနှိပ်အားသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာနေသောကြောင့် ဖြစ်သည်။

ငှက်ကြီးချင်းချင်း၏ အရွယ်အစား အလွန်ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော ဦးခေါင်းသုံးလုံးသည် တိမ်တိုက်များနှင့် မြူခိုးအလွှာ၏ အပြင်ဘက်သို့ ထိုးထွက်နေကြသည်။ ကြမ်းတမ်းသော အရှိန်အဟုန်နှင့်အတူ ၎င်းသည် ရွှီချင်းနှင့် နင်ယန်ဆီသို့ ချဉ်းကပ်လာသည်။

အကွာအဝေးနီးကပ်လာသည်နှင့်အမျှ ရွှီချင်းသည် ငှက်မွှေးအမျှင် အများအပြားမရှိသော ခြောက်ခြားဖွယ်ကောင်းသည့် ဦးခေါင်းသုံးလုံးကို ရှင်းလင်းစွာ မြင်နိုင်လာသည်။ ၎င်းတို့၏ တွန့်ရှုံ့နေသော နီလာခရမ်းရောင် အရေပြားပေါ်တွင် အက်ကွဲရာများဖြင့် ပြည့်နှက်နေလေရာ လွန်စွာမှ အကျည်းတန်သည်။ ၎င်းတို့၏ မျက်လုံးနီနီများထဲတွင် နှောင့်ယှက်ခံရမှုကြောင့် ခံပြင်းဒေါသဖြစ်မှုတို့ ထွက်ပေါ်နေသည်။ ၎င်းတို့၏ အရွယ်အစားကြီးမားပြီး ထက်ရှသော နုတ်သီးများထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ငှက်ကြီးချင်းချင်းနှင့် နှိုင်းယှဉ်လျှင် ရွှီချင်းနှင့် နင်ယန်သည် ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။

နင်ယန်သည် သူ၏ အခက်အခဲကိုဖြေရှင်းရန် သွေးမျိုးစက်စွမ်းအားကို အလျှင်အမြန် ပေါက်ကွဲထွက်စေသည်။ ဤအခိုက်အတန့်မှာ သူသည် ရွှီချင်းကို အလေးမထားနိုင်တော့ပေ။

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူသည် မလှုပ်ရှားခဲ့ပေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလသည် နတ်နန်းတော်အတွင်းမှ မြှောက်တတ်လာပြီး ဖြစ်သည်။ သူက စကားပြောတော့မည့်အချိန် ရွှီချင်းကို အနံ့ခံပြီးနောက် ငှက်ကြီးချင်းချင်း၏ ဦးခေါင်းသုံးလုံးထံမှ စိတ်ဆိုးဒေါသဖြစ်မှုသည် ပျောက်ကွယ်သွားသည်။

ညာဘက်မှ ဦးခေါင်းသည် ရုတ်တရက် အောက်သို့နိမ့်ဆင်းသွားသည်။ ၎င်းသည် ရွှီချင်း၏ အောက်သို့ရောက်ရှိသွားပြီးနောက် သူ့ကို ၎င်း၏ ဦးခေါင်းပေါ်တွင် ညင်သာစွာ သယ်ဆောင်လိုက်သည်။

ရွှီချင်းသည် အံ့အားသင့်သွားသည်။

နင်ယန်၏ မျက်လုံးသည် အပြင်သို့ ခုန်ထွက်လာတော့မည့်နှယ် ပြူးကျယ်လာသည်။ သူ၏ စိတ်ထဲတွင် ပြင်းထန်သော လှိုင်းဂယက်များဖြင့် ပြည့်နှက်နေသည်။ သူက အလွန်အံ့အားသင့်သွားပြီး ပါးစပ်မှ လွှတ်ခနဲ အော်လိုက်သည်။

“ ဘု… ဘုရားရေ ”

ယခုအချိန် နင်ယန်၏ စိတ်သည် ပရမ်းပတာဖြစ်နေသည်။ အလွန်အံ့အားသင့်သောကြောင့် သူ၏ စိတ်သည် ဟာလာဟင်းလင်းဖြစ်သွားသည်။

သူက ဤအခိုက်အတန့်မှာ စဉ်းစားနိုင်စွမ်းကို ဆုံးရှုံးသွားသည့်အလားပင်။

သူ၏ အရှေ့မှ မြင်ကွင်းသည် သူ့ကို အလွန်ထိတ်လန့်စေသည်။

သူ၏ မူလဇစ်မြစ်သည် ထူးခြားဆန်းကြယ်သည်။ သို့ဖြစ်၍ အင်မော်တယ်အူခွေသစ်ပင်တွင် ခေါင်းဆောင်ထုတ်ခဲ့သော ပစ္စည်းအများစုကို သူသိနေခြင်း ဖြစ်သည်။ ရွှီချင်းမသိသော အရာတော်တော်များများကိုလည်း သူသိသည်။ ထို့အတူ ငှက်ကြီးချင်းချင်း၏ ရက်စက်ကြမ်းကြုတ်မှုအကြောင်း သူသိထားသလို ၎င်းနှင့် လူသားမျိုးနွယ်ကြားမှ ဆက်ဆံရေးကိုလည်း နားလည်ထားသည်။

ထို့ကြောင့် စောစောတုန်းက ရွှီချင်းကို သူပြောပြခဲ့ခြင်း ဖြစ်သည်။ သူသိထားမှုအရ ငှက်ကြီးချင်းချင်းသည် ထူးခြားသည်။ ဖုန်းဟိုင်ဒေသငယ်က လူသားမျိုးနွယ်၏ အုပ်ချုပ်မှုအောက်တွင်ဖြစ်စေ သန့်စင်ရေလှိုင်းမျိုးနွယ်၏ အုပ်ချုပ်မှုအောက်တွင်ဖြစ်စေ ယင်းသည် ၎င်းအတွက် ထူးခြားမှုမရှိပေ။

အကယ်၍ သန့်စင်ရေလှိုင်းမျိုးနွယ်က ဤနေရာကို သိမ်းပိုက်သွားခဲ့မည်ဆိုလျှင်ပင် သူတို့သည် ငှက်ကြီးချင်းချင်းကို အလျှင်စလို ရန်ပြုဝံ့ကြမည်မဟုတ်ချေ။ ယေဘုယျအားဖြင့် ဤစစ်ပွဲ၏ ရလဒ်သည် ၎င်းကို မည်သည့်အပြောင်းအလဲမှ ဖြစ်စေလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ငှက်ကြီးချင်းချင်းသည် လူသားမျိုးနွယ်အတွက် တိုက်ခိုက်ပေးလိမ့်မည်မဟုတ်သလို အကူအညီပေးလိမ့်မည်မဟုတ်ချေ။

သို့သော်လည်း ယခုတော့…

မာနကြီးသော ငှက်ကြီးချင်းချင်းက ရွှီချင်းကို မြှောက်တင်လိုက်ပြီး ၎င်း၏ ဦးခေါင်းပေါ်တွင် တင်ထားလိုက်သည်ကို သူမြင်လိုက်ရသည်။

All Chapters