ဒီမျိုးနွယ်က ဖျက်ဆီးခံရသင့်တယ်
Vol. 44 Ch. 668
နင်ယန်၏ စိတ်ထဲတွင် တလိပ်လိပ်မြင့်တတ်လာနေသော လှိုင်းလုံးများသည် သူ၏ တစ်ကိုယ်လုံးကို တုန်ခါသွားစေသည်။
ငှက်ကြီးချင်းချင်း၏ ဦးခေါင်းသုံးလုံးသည် မည်မျှကြီးကျယ်မြင့်မြတ်ပြီး အစွမ်းမြင့်မားကြောင်း သူသိသည်။ ၎င်း၏ ဦးခေါင်းတစ်လုံးစီသည် ထူးခြားသော အဓိပ္ပာယ်တစ်ခု ရှိသည်။
အလယ်က ဦးခေါင်းသည် ၎င်း၏ အသက်ဖြစ်သည်။ ဘယ်ဘက်နှင့် ညာဘက်တွင်လည်း မတူကွဲပြားသော အဓိပ္ပာယ်များ ရှိသည်။ ရွှီချင်းကို ၎င်း၏ ညာဘက်ဦးခေါင်းပေါ်တွင် တင်ထားရန်သည် နင်ယန်၏ နားလည်မှုအရ လုံးဝမဖြစ်နိုင်သောကိစ္စ ဖြစ်သည်။
ယင်းသည် ကျင့်ကြံခြင်းအခြေခံနှင့် မသက်ဆိုင်သလို ငှက်ကြီးချင်းချင်း၏ အသိအမှတ်ပြုမှုနှင့်လည်း မသက်ဆိုင်ပေ။ အလယ်က ဦးခေါင်းဖြင့် မြှောက်တင်ခံရမည့်သူသည် ၎င်း၏ သခင်တစ်ဦးတည်းသာ ဖြစ်သည်။ အတိတ်က ငှက်ကြီးချင်းချင်း၏ ဘိုးဘေးသော်လည်းကောင်း လက်ရှိ ငှက်ကြီးချင်းချင်းသော်လည်းကောင်း ၎င်းတို့သည် မည်သည့်အခါကမှ သခင်တစ်ယောက်ကို အသိအမှတ်မပြုခဲ့ကြပေ။
ဘယ်ဘက်ဦးခေါင်းအတွက်မူ ၎င်းတို့၏ နောင်မျိုးဆက်များသည်သာ ထိုနေရာတွင် ရှိနေနိုင်ကြသည်။ အကယ်၍ တခြားမျိုးနွယ်များက ထိုနေရာအပေါ်တွင် ခြေချလိုက်မည်ဆိုလျှင် ယင်းက ၎င်းတို့အပေါ် အကြီးအကျယ် စော်ကားလိုက်ခြင်းနှင့်မခြားပေ။ ထိုအခါ ၎င်းတို့သည် အသက်စတေးပြီး သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။
၎င်း၏ ညာဘက်ဦးခေါင်းပေါ်တွင် နေခွင့်ရှိသူများသည် ၎င်းနှင့်အဆင့်တူညီသော ပုဂ္ဂိုလ်များသာလျှင် ဖြစ်ကြသည်။ ယင်းသည် ၎င်းအတွက် လူသားမျိုးနွယ်နှင့် အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဟု ဆိုနိုင်ပေသည်။ အတိတ်တုန်းက ယခင်ဒေသအကြီးအကဲဟောင်းသည် ထိုနေရာပေါ်တွင် မတ်တတ်ရပ်ခဲ့ဖူးသည်။
“ ငှက်ကြီးချင်းချင်းက ရွှီချင်းကို သူ့မိတ်ဆွေလို့ သဘောထားတာလား ”
နင်ယန်သည် ပါးစပ်အဟောင်းသားဖြစ်လျက် ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းကို ကြည့်လိုက်သည်။ သူက နတ်ဘုရားတစ်ပါးကို အနီးကပ် မြင်တွေ့နေရသကဲ့သို့ပင်။
ဤသည်မှာ ရွှီချင်းကို ထိုသို့အကြည့်မျိုးဖြင့် ပထမဆုံးအကြိမ် သူကြည့်ဖူးခြင်းမဟုတ်ပေ။ ယခင်အခါက ရွှီချင်းသည် ကောင်းကင်နက်နတ်သားတော်ဖြစ်ကြောင်း သူသိလိုက်ပြီးနောက် သူ၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။
ယခုလည်း ထိုအတိုင်းပင်။
မည်သို့ကြောင့် ထိုသို့ဖြစ်ရကြောင်း အမှန်တကယ် သူနားမလည်နိုင်ပေ။ ထို့ကြောင့် သူ၏ စိတ်ထဲတွင် ပထမဆုံးဖြစ်ပေါ်လာသည့် အတွေးသည် ငှက်ကြီးချင်းချင်းက အနီရောင်လကိုယုံကြည်ပြီး ရွှီချင်းကို နတ်သားတော်တစ်ပါးကဲ့သို့ ဆက်ဆံခြင်း ဖြစ်သည်။
“ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ညာဘက်ဦးခေါင်း မဖြစ်သင့်ဘူး ”
နင်ယန်သည် အသိစိတ်ဟာလာဟင်းလင်း ဖြစ်သွားသည်။
ရွှီချင်းသည်လည်း ထို့အတူပင်။ သူသည် ငှက်ကြီးချင်းချင်းကို အနီရောင်လဖြင့် ခြိမ်းခြောက်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော်လည်း ဤကိစ္စ၏ တိုးတတ်မှုသည် သူ၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။ ၎င်းကို သူမခြိမ်းခြောက်ခင် ငှက်ကြီးချင်းချင်းသည် ကောင်းမွန်သောဆန္ဒကို ထုတ်ဖော်ပြခဲ့သည်။
ရွှီချင်းသည် ငှက်ကြီးချင်းချင်း၏ ဦးခေါင်းသုံးလုံးနောက်ကွယ်မှ အဓိပ္ပာယ်ကို မသိသော်လည်း တစ်ဖက်လူသည် သူ့ကို မြှောက်တင်ရန် လက်ဦးမှုယူခဲ့သည်။ ဤလုပ်ရပ်၏ အဓိပ္ပာယ်ကို မှန်းဆကြည့်ရန် သိပ်မခက်ခဲလှပေ။
“ ဘာတွေဖြစ်ကုန်တာလဲ… ”
ရွှီချင်း၏ စိတ်သည် အနည်းငယ် ပရမ်းပတာဖြစ်နေသည်။ သို့သော် အကြောင်းအရင်းကို သူမစဉ်းစားနိုင်မီ ငှက်ကြီးချင်းချင်းသည် ဟိန်းသံတစ်မျိုးကို ထုတ်ဖော်လိုက်သည်။ ကမ္ဘာကြီးတုန်ခါလာသည်နှင့် ၎င်း၏ ဧရာမခန္ဓာကိုယ်သည် တိမ်တိုက်များထဲမှ ထိုးထွက်သွားသည်။
ကောင်းကင်မှ တိမ်တိုက်အမည်းများသည် လုံးဝပြိုကွဲထွက်သွားသည်။ လျှပ်စီးသည် ရေကန်ကြီးပမာ ပျံ့နှံ့ထွက်သွားသည်။ လျှပ်စီးတန်းများကြားတွင် ငှက်ကြီးချင်းချင်း၏ ခန္ဓာကိုယ်အပြည့်အစုံသည် ပေါ်ထွက်လာသည်။
ငှက်ကြီးချင်းချင်းသည် ပေတစ်သောင်းရှည်လျားသော ဦးခေါင်းများရှိပြီး ပေတစ်သိန်းရှည်လျားသော ဝမ်းဗိုက်တစ်ခု ရှိသည်။ ၎င်း၏ တစ်ကိုယ်လုံးသည် နီလာခရမ်းရောင်ဖြစ်ပြီး ၎င်း၏ အတောင်ပံများသည် လွန်စွာမှ သေးငယ်သည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ငှက်မွှေးများသည် ဖရိုဖရဲခံစားမှုကို ပေးသည်။ သို့သော်လည်း ထိုငှက်မွှေးများထံမှ အံ့ဩဖွယ်ကောင်းသော နတ်ဘုရားအားလှိုင်းအတတ်အကျများ ထုတ်လွှတ်နေသည်။
ငှက်ကြီးချင်းချင်းသည် တိမ်တိုက်များထဲမှ ထိုးထွက်လာပြီးနောက် ကောင်းကင်ပေါ်တွင် လှည့်ပတ်ပျံသန်းလိုက်သည်။ ၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်သည် အရောင်ပြောင်းလဲသွားပြီး နားကွဲလုမတတ် ကျယ်လောင်သော အော်မြည်သံများသည် ကောင်းကင်တခွင် ပဲ့တင်ထပ်သွားသည်။
ရွှီချင်းသည် ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်နေပြီး အောက်သို့ ငုံ့ကြည့်လိုက်လေသည်။ တစ်ခါမှမဖြစ်ဖူးသော ခံစားမှုတစ်မျိုးသည် သူ၏ စိတ်ထဲတွင် ထင်ဟပ်လာသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တခြားဦးခေါင်းနှစ်လုံးထံသို့ တည်ကြည်လေးနက်စွာ အရိုအသေပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် စီနီယာ ”
ထိုဖြစ်ရပ်အားလုံးကို ကြည့်နေရင်း မယုံကြည်နိုင်စရာကောင်းသော အတွေးတစ်ခုသည် နင်ယန်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လျှိုးလာသည်။
“ ငှက်ကြီးချင်းချင်းက အသိုက်ထဲမှာရှိမနေဘဲ ဒီမှာပေါ်လာတာက မဟုတ်မှလွဲရော ရွှီချင်းကြောင့်လား ”
“ ရွှီချင်း ဒေသငယ်မြို့တော်ထဲမှာရှိနေသရွေ့ ငှက်ကြီးချင်းချင်းက သူ့နောက်ကိုလိုက်လိမ့်မယ်လို့တော့ ငါ့ကိုမပြောနဲ့… ဟား ဟား အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
နင်ယန်သည် သူ့အတွေးဖြင့်သူ ထိတ်လန့်သွားသည်။
သို့သော်လည်း မကြာမီ ထိုအဖြေတစ်ခုတည်းကသာ အရာအားလုံးကို ပြည့်စုံစွာ ရှင်းလင်းနိုင်ကြောင်း သူခံစားမိသည်။
သို့မဟုတ်လျှင် ရွှီချင်းက အော်ခေါ်လိုက်ရုံဖြင့် ငှက်ကြီးချင်းချင်းသည် ၎င်း၏ အသိုက်ဖြင့် အလွန်ဝေးကွာလှသော ဤနေရာတွင် မည်သို့ကြောင့် အကြောင်းတိုက်ဆိုင်စွာ ထွက်ပေါ်လာနိုင်မည်နည်း။
“ သူတို့က အချင်းချင်းသိကြတာလား… မဟုတ်ဘူး သူတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး… ဒါဆို ဘယ်လိုဖြစ်ကုန်တာလဲ ”
နင်ယန်သည် စဉ်းစားနေရင်း ဦးနှောက်ခြောက်လာသည်။ ရွှီချင်းသည်လည်း သူ၏ စိတ်ထဲမှ မေးခွန်းအမျိုးမျိုးကို ဖိနှိပ်လိုက်သည်။
မည်သို့ဖြစ်စေ ယခုအချိန်သည် ထိုအကြောင်းကို စဉ်းစားနေရမည့်အချိန် မဟုတ်ပေ။ ရုံးတော်သခင်ထံတွင် ရှေ့တန်းမှ အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများစွာရှိလိမ့်မည်ဟု သူခန့်မှန်းမိသော်လည်း သူ၏ တာဝန်ကို မြန်နိုင်သမျှမြန်မြန် ပြီးဆုံးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရွှီချင်းသည် ရှင်းလင်းစွာ နားလည်သည်။
“ စီနီယာချင်းချင်း… ကျေးဇူးပြုပြီး ကျုပ်နဲ့အတူ ဒေသငယ်မြို့တော်ကို လိုက်ခဲ့ပေးပါ ”
ရွှီချင်းသည် လက်သီးနှစ်ဖက်ဆုပ်ပြီး ပြောသည်။
ငှက်ကြီးချင်းချင်းသည် ခေါင်းညိတ်သည်။ ၎င်းသည် ပျံသန်းတော့မည့်အချိန် ရွှီချင်းသည် နင်ယန်ကို တွေးမိသွားပြီး အလျင်စလို ပြောသည်။
ငှက်ကြီးချင်းချင်းသည် နင်ယန်ကို ငုံ့ကြည့်လိုက်လေရာ စက်ဆုပ်ရွံရှာမှုသည် ၎င်း၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ သို့သော်လည်း ၎င်းသည် နင်ယန်၏ အော်ဟစ်ငိုကြွေးသံများကို လျစ်လျူရှုထားလျက် သူ့ကို လက်သည်းဖြင့် ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ၎င်းသည် လျှပ်စီးတန်းသဖွယ် အရှေ့သို့ ရွေ့လျားသွားသည်။
ဤနေရာသည် ဒေသငယ်မြို့တော်နှင့် အလွန်ဝေးကွာလှသည်မှာ ရှင်းလင်းသည်။ သို့သော်လည်း ငှက်ကြီးချင်းချင်း ရွေ့လျားလိုက်သည်နှင့် ဟင်းလင်းပြင်သည် စတင်ဝေဝါးလာပြီး ကမ္ဘာသည် ပုံပျက်တွန့်လိမ်လာသည်။ လျှပ်စီးသွားများ၏ အစဉ်မပြတ် ပေါက်ကွဲမှုအောက်တွင် ၎င်းသည် မြို့တော်သို့ရောက်ရန် အမွှေးတိုင်တစ်တိုင် မီးလောင်ကျွမ်းရန်အချိန်သာ ကြာမြင့်ခဲ့သည်။
ထိုသို့အလျင်မျိုးကို ရွှီချင်းသည် တစ်ခါမှမခံစားခဲ့ဖူးပေ။ သူက ထိတ်လန့်နေစဉ် ငှက်ကြီးချင်းချင်း၏ ရောက်ချလာမှုသည် ဒေသငယ်မြို့တော်၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။
မြို့တော်၏ အကာအကွယ်စည်းချအစီအရင်သည် အသက်ဝင်လာပြီး လက်ထောက်ဒေသအကြီးအကဲ၏ ပုံရိပ်သည် လေထဲတွင် ထွက်ပေါ်လာသည်။ ငှက်ကြီးချင်းချင်းကို မြင်လိုက်သည့်အခါ သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။ ၎င်း၏ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းကို သူသတိပြုမိသောအခါ စက္ကန့်အနည်းငယ်ကြာအောင် အံ့ဩသွားသည်။ ထို့နောက် သူသည် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီးချလိုက်သည်။
“ ရွှီချင်း ဒီကိစ္စက ဒေသငယ်မြို့တော်ရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တယ်… ဒီတော့… ”
လက်ထောက်ဒေသအကြီးအကဲသည် သူ၏ စကားကို ပြီးဆုံးအောင် မပြောခဲ့ပေ။ ရွှီချင်းသည် အဘယ်ကြောင့် ငှက်ကြီးချင်းချင်းနှင့် အတူရှိနေကြောင်း သူမမေးပေ။ လူတိုင်းတွင် လျှို့ဝှက်ချက်များ ကိုယ်စီရှိသည်ကို သူနားလည်သည်။ ထို့ကြောင့် အများကြီး စစ်မေးနေရန် မလိုအပ်ပေ။
သို့သော်လည်း သူ၏ သဘောထားကို ထုတ်ဖော်ပြခဲ့ပြီး ဖြစ်သည်။ သူသည် ငှက်ကြီးချင်းချင်းကို မြို့တော်ထဲသို့ ဝင်ရောက်ခွင့်မပြုနိုင်ပေ။ ယင်းသည် သူ၏ တာဝန်ဖြစ်သည်။
ဤကိစ္စသည် နားလည်ပေးနိုင်သောအရာ ဖြစ်၏။ ထို့ကြောင့် ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ ငှက်ကြီးချင်းချင်းကို ရိုသေလေးစားစွာ အကျိုးအကြောင်း သူရှင်းပြပြီးနောက် ငှက်ကြီးချင်းချင်းသည် စူးစူးဝါးဝါးအော်မြည်သံကို ထုတ်ဖော်လိုက်ပြီး အနားယူရန် တိမ်တိုက်များဆီသို့ ပျံသန်းသွားသည်။ ရွှီချင်းသည် မြေပေါ်သို့ တစ်ဦးတည်း ဆင်းသက်လာသည်။ သူသည် လက်ထောက်ဒေသအကြီးအကဲကို နှုတ်ဆက်ပြီးနောက် ဓားကိုင်ရုံးတော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
အတွင်းရေးမှူးဌာနသို့ ရောက်ရှိသောအခါ ရွှီချင်း၏ မျက်လုံးသည် ဝင်းလက်သွားသည်။ ငှက်ကြီးချင်းချင်း၏ အကူအညီဖြင့်ဆိုလျှင် ယခု သူ့မှာ အတားအဆီးအားလုံးကို ဖြေရှင်းနိုင်မည့် တိုက်ပွဲစွမ်းအားရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ဌာနသို့ပြန်ရောက်ပြီးနောက် ပထမဆုံးအနေဖြင့် မျိုးနွယ်ခြားများထံမှ အရင်းအမြစ်များ ဝယ်ယူစုဆောင်းခြင်းနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းရန် စတင်လုပ်ဆောင်လိုက်သည်။
သိပ်မကြာမီ သတင်းအချက်အလက်ကို စုစည်းရရှိသည်။ စစ်မြေပြင်သို့ စေလွှတ်ခြင်းမခံရဘဲ ဓားကိုင်ရုံးတော်တွင် ကျန်ရစ်နေခဲ့သော ချင်းချိုးသည် ကိုယ်တိုင်လာရောက်ပြီး ရွှီချင်းကို အစီအရင်ခံသည်။
“ ဖုန်းဟိုင်ဒေသငယ်မှာ မျိုးနွယ်စုပေါင်း(၅၇၈၄၀)ရှိပါတယ်… သူတို့ထဲက (၇၀)ရာခိုင်နှုန်းက တုံ့ပြန်ကြပါတယ်… ကျန်(၃၀)ရာခိုင်နှုန်းက မတုံ့ပြန်ကြပါဘူး ”
“ မျိုးနွယ်ခြားအစုတွေရဲ့ တစ်ဝက်က သင့်တော်တဲ့ ဈေးရမယ်ဆိုရင် အထောက်အပံ့ပစ္စည်းတွေ ပေးမယ်လို့ တုံ့ပြန်ကြပါတယ် ”
“ ကျန်တစ်ဝက်ကတော့ ဈေးအဆမတန် တင်တောင်းပါတယ်… ပုံမှန်ဈေးထက် သုံးဆကနေ ဆယ်ဆအထိ တိုးမြှင့်တောင်းဆိုပါတယ်… အထူးသဖြင့်… ”
ထိုနေရာသို့ရောက်သောအခါ ချင်းချိုးသည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။
“ ဆက်ပြော ”
“ အထူးသဖြင့် ကျွင်းရွှင်းမျိုးနွယ်နဲ့ ဆက်နွယ်နေတဲ့ မျိုးနွယ်တွေပါ… သူတို့က မတန်တဆဈေးကို တောင်းဆိုကြပါတယ်… ကုသခြင်းဆေးလုံးတွေကို ဥပမာထားပြီး ပြောပါမယ်… သူတို့က ဝိညာဉ်ကျောက်တုံး(၂၀)တန်ဖိုးရှိတဲ့ ဆေးလုံးတွေကို ဝိညာဉ်ကျောက်တုံး(၁၀၀၀) လိုချင်ကြပါတယ်… ပုံမှန်ဆိုရင် ဝိညာဉ်ကျောက်တုံးတစ်သိန်းကျတဲ့ ဓမ္မလက်နက်တွေကို သူတို့က ဝိညာဉ်ကျောက်တုံးဆယ်သန်းနဲ့ စပြီးဈေးခေါ်ကြပါတယ် ”
“ တိုက်ခိုက်ရေးဓမ္မလက်နက်တွေအတွက် သူတို့လိုချင်တဲ့ ဈေးနှုန်းက အဲ့ထက် ပိုပြီးတော့တောင် များပါသေးတယ် ”
“ ကျွင်းရွှင်းမျိုးနွယ်ဆီ စေလွှတ်လိုက်တဲ့ ဓားကိုင်တွေက ဝင်ရောက်ခွင့်ရဖို့ ငြင်းလွှတ်ခံလိုက်ရတယ်… ကျွင်းရွှင်းမျိုးနွယ်က ကျွန်မတို့ကို ဒီလိုပြောပါတယ်… ငါတို့က ရုံးတော်သခင်ရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့တာကြောင့် ငါတို့ရဲ့နယ်မြေကို တံခါးပိတ်ထားဖို့ ရွေးချယ်ခဲ့တယ်… ဒါကြောင့် ငါတို့ကို လာမနှောင့်ယှက်နဲ့လို့ ပြောလွှတ်ပါတယ် ”
ချင်းချိုးသည် အစီအရင်ခံပြီးနောက် ဘေးတွင် တိတ်တဆိတ် ရပ်နေလိုက်သည်။ သူသည် တစ်ခါမှ ထိုမျိုးနွယ်ခြားများအပေါ် ဤမျှလောက် မမုန်းတီးဖူးပေ။
ချင်းချိုး၏ အစီအရင်ခံမှုကို နားထောင်ရင်း အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ သူ၏ အတွေးသည် ရုံးတော်သခင်၏ အတွေးနှင့် အတူတူဖြစ်သည်။ ဖုန်းဟိုင်ဒေသငယ်တွင် မျိုးနွယ်ခြားအများအပြားရှိနေရန် မလိုအပ်ပေ။
သို့သော်လည်း လူသားမျိုးနွယ်၏ အင်အားနိမ့်ကျလာမှုကြောင့် အတိတ်တုန်းကကဲ့သို့ သူတို့အပေါ် လွှမ်းမိုးဖိနှိပ်ရန် မလွယ်ကူတော့ကြောင်း သူနားလည်သည်။
နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ သန့်စင်ရေလှိုင်းမျိုးနွယ်သည် ဖုန်းဟိုင်ဒေသငယ် တစ်စည်းတစ်လုံးတည်းဖြစ်သွားမည်ကို မမြင်ချင်ပေ။ ထိုသို့ချိန်ခွင်လျှာညီနေမှသာလျှင် စစ်ပွဲ၏ ပဋိပက္ခကို လျော့ချနိုင်လိမ့်မည် ဖြစ်သည်။
သို့သော် အခြေအနေက ထိုသို့ဖြစ်လာသည့်အခါ တချို့အရာများကို မလွှဲသာမရှောင်သာ လုပ်ဆောင်ရလိမ့်မည်။
ထို့ကြောင့် ရွှီချင်းသည် ခဏကြာ တိတ်ဆိတ်နေပြီးနောက် တည်ငြိမ်စွာ ပြောသည်။
“ ငါ့ကို ဈေးအများဆုံးတောင်းတဲ့ မျိုးနွယ်စုရဲ့ အချက်အလက်တွေပေးပါ… ပြီးတော့ အဲ့ဒီမျိုးနွယ်စုနဲ့သက်ဆိုင်တဲ့ မှတ်တမ်းတွေအားလုံး ရှာဖွေပေးပါ… ဓားကိုင်ရုံးတော်ကနေ မှတ်တမ်းတင်ထားတဲ့ အတိတ်မှာ သူတို့အပြစ်ကျူးလွန်ခဲ့ပြီး ဘာပြစ်ဒဏ်မှမကျခံရသေးတဲ့ ပြစ်မှုတွေကို ပြန်ရှာပေးပါ ”
ရွှီချင်းသည် မျက်လုံးမှိတ်လိုက်သည်။
ဤအခိုက်အတန့်တွင် အပြင်ဘက်ရှိ ကောင်းကင်သည် မည်းမှောင်နေသည်။ အချိန်သည် သန်းခေါင်ယံနှင့် အာရုဏ်မတတ်မီ စပ်ကြားအချိန် ဖြစ်သည်။
အပြင်လောကမှ အမှောင်ထုသည် အတွင်းရေးမှူးဌာနဆီသို့ ကျူးကျော်ဝင်ရောက်လာသည်။ ရုံးခန်းထဲတွင် ထိုင်နေသော ရွှီချင်းသည် ထိုအမှောင်ထုနှင့် ရောထွေးသွားဟန်ရသည်။
ချင်းချိုးသည် ရွှီချင်းကိုကြည့်နေရင်း တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲမှ ဖြည်းဖြည်းချင်း အစပျိုးလာနေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခံစားမိသည်။ သူသည် ရုံးခန်းထဲမှ ထွက်သွားပြီးသည်နှင့်ချက်ချင်း ရွှီချင်းမှာကြားသော အရာအားလုံးကို ရှာဖွေစုဆောင်းလိုက်သည်။
အမွှေးတိုင်တစ်ဝက်စာ မီးလောင်ကျွမ်းရန်အချိန်ကြာပြီးနောက် အာရုဏ်တတ်ချိန်သို့ ရောက်ခါနီးတွင် ချင်းချိုးသည် အတွင်းရေးမှူးဌာနဆီသို့ ပြန်ရောက်လာသည်။ သူက ရွှီချင်းကို ကျောက်စိမ်းပြားတစ်ခု ကမ်းပေးသည်။
“ ဝိညာဉ်တော်ပြည့်မျိုးနွယ်က ဒေသငယ်မြို့တော်ရဲ့ အနောက်မြောက်ဘက် ချီလင်းပြည်နယ်မှာရှိတဲ့ တောတောင်ဒေသမှာ တည်ရှိပါတယ်… အဲ့ဒီမျိုးနွယ်က သိပ်မကြီးမားသလို ထင်ရှားတဲ့ ဂိုဏ်းတွေလည်း မရှိပါဘူး… သူတို့က မျိုးနွယ်ထဲမှာပဲ အမြဲတမ်းနေထိုင်ကြပြီး မျိုးနွယ်ခွဲစုစုပေါင်း လေးခုရှိပါတယ်… သူတို့က အဲ့ဒါကို သွေးကြောလေးခုလို့ ရည်ညွှန်းကြပါတယ် ”
“ သူတို့က ဆေးပညာကို တတ်ကျွမ်းကြပြီး ကျွင်းရွှင်းမျိုးနွယ်က ကောင်းကင်သံစဉ်မိသားစုနဲ့ ဆက်နွယ်မှုရှိပါတယ်… သူတို့က လူသားမျိုးနွယ်နဲ့ ကျွင်းရွှင်းမျိုးနွယ်ကြားက မဟာမိတ်သဘောတူညီမှုအပေါ် သေချာတဲ့ အကျိုးခံစားခွင့်တချို့ ရရှိထားပါတယ်… သူတို့က နှစ်စဉ်အခွန်ဆက်သဖို့ လွတ်ငြိမ်းခွင့်ရထားပါတယ်… ပြီးတော့ ချီလင်းတောင်ပတ်ပတ်လည်က ကီလိုမီတာငါးသောင်းရှိတဲ့ ဧရိယာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားပါတယ် ”
“ လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ရာအတွင်း သွေးကြောလေးခုက လူသားမျိုးနွယ်ရဲ့ စည်းမျဉ်းတွေကို စုစုပေါင်း (၁၈၉၃၁)ကြိမ် ကျူးလွန်ခဲ့ပါတယ်… အဲ့ဒီထဲမှာ ပြစ်မှု(၁၃၀၀)ကျော်က ပထမအဆင့် စည်းမျဉ်းတွေကို ကျူးလွန်ခဲ့တာဖြစ်ပြီး အပြင်းအထန် အရေးယူတာခံခဲ့ရပါတယ်… ကျန်တဲ့ပြစ်မှုတွေကတော့ မဖြေရှင်းရသေးပါဘူး ”
“ ဒါ့အပြင် သူတို့က ကျွင်းရွှင်းမျိုးနွယ်နဲ့ ဆက်နွယ်နေတာကို အားကိုးအားထားပြုပြီး သူတို့ရဲ့ ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူတွေနဲ့ ဗလာနတ္ထိကျင့်ကြံသူတွေကို စစ်မြေပြင်ဆီ မစေလွှတ်ခဲ့ပါဘူး ”
ချင်းချိုးသည် ရွှီချင်းကိုကြည့်ပြီး သိမ်မွေ့စွာ ပြောသည်။
ရွှီချင်းသည် အမူအရာကင်းမဲ့လျက် ရှိသည်။ သူက မတ်တတ်ရပ်လိုက်ပြီး လမ်းလျှောက်ထွက်သွားသည်။
“ ရွှီချင်း… ငါတို့ ဒီကိစ္စကို လက်ထောက်ဒေသအကြီးအကဲဆီ တင်ပြသင့်တယ်ထင်တယ်… ပြီးတော့ ဒေသဆိုင်ရာရုံးခန်းကို ပူးပေါင်းဆောင်ရွက်ရအောင် တစ်ယောက်ယောက်စေလွှတ်ပေးဖို့ မေးကြည့်ပါလား ”
ချင်းချိုးသည် အင်မော်တယ်အူခွေသစ်ပင်မှ ဖြစ်ရပ်များကို ပြန်အမှတ်ရသွားပြီး မနေနိုင်ဘဲ ပြောသည်။
ရွှီချင်းသည် ခေါင်းခါသည်။
အတွင်းရေးမှူးဌာန၏ အပြင်ဘက်သို့ သူခြေချလိုက်သည့်အချိန် နေလုံးသည် ကောင်းကင်ပေါ်သို့ မြင့်တတ်သွားနေပြီ ဖြစ်သည်။ အကန့်အသတ်မဲ့သော နေရောင်ခြည်သည် ညအမှောင်ထုကို အလျှင်အမြန် ဖယ်ရှားပစ်လိုက်သည်။
“ ဒီကိစ္စကို ငါကိုင်တွယ်မယ် ”
နေရောင်ခြည်အောက်တွင် ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိသည်။ သူ၏ အေးတိအေးစက်အသံက ပျံ့လွင်သွားသည်နှင့် လေထဲသို့ ခုန်တတ်လိုက်သည်။
ကောင်းကင်သည် တုန်လှုပ်သွားပြီး ဖိအားသည် ကျဆင်းလာသည်။ မြို့တော်ထဲမှ မရေမတွက်နိုင်သော လူများသည် နှလုံးတုန်သွားကြသည်။ ထိုစဉ် ငှက်ကြီးချင်းချင်း၏ မြင့်မြတ်ထည်ဝါသော ဧရာမခန္ဓာကိုယ်ကြီးသည် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာသည်။
၎င်းသည် ကောင်းကင်ကို ဖုံးလွှမ်းထားသည်။
ဧရာမအရိပ်ကြီးသည် နေလုံးကို ပိတ်ကွယ်ထားသည်။ ငှက်ကြီးချင်းချင်းရောက်လာသည့်အခါ ရွှီချင်းသည် ၎င်း၏ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်လိုက်သည်။ သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ညာလက်ဖြင့် ၎င်း၏ နီလာခရမ်းရောင် အရေပြားကို ညင်သာစွာ ပွတ်သပ်ရင်း သိမ်မွေ့စွာ ပြောသည်။
“ တကယ်လို့ စီနီယာအားတယ်ဆိုရင် ကျုပ်တို့ ချီလင်းတောင်ဆီ ခရီးထွက်ကြပြီး မျိုးနွယ်စုတစ်စုကို သွားသုတ်သင်ပစ်ကြမလား ”
“ ဂူး ”
ရွှီချင်း၏ စကားကိုကြားသောအခါ ငှက်ကြီးချင်းချင်းသည် အနည်းငယ် စိတ်လှုပ်ရှားလာဟန်ရသည်။ ၎င်းသည် တစ်ချိန်တည်းမှာ ဦးခေါင်းသုံးလုံးကို မြှောက်လိုက်ပြီး ကောင်းကင်ဆီသို့ ဟိန်းဟောက်လိုက်သည်။
၎င်း၏ အော်မြည်သံသည် ကောင်းကင်ကို ထိုးဖောက်သွားပြီး တိမ်တိုက်များကို ဖယ်ရှင်းပစ်ကာ ကမ္ဘာကို လှုပ်ခတ်သွားစေသည်။
ငှက်မွှေးများများမရှိသော ၎င်း၏ အတောင်ပံများသည် အကြမ်းပတမ်း တဖျတ်ဖျတ်ခတ်လာလေရာ ကြီးမားသော မုန်တိုင်းတစ်ခုကို အစပျိုးစေပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားစေသည်။
၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် အနောက်မြောက်ဘက်သို့ ဦးတည်သွားသည်။
၎င်း၏ အလျင်သည် အလွန်အမင်း မြန်ဆန်သောကြောင့် လေထုဆုတ်ဖြဲသံများပင် ပေါ်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ဒေသငယ်မြို့တော်မှ ပျောက်ကွယ်သွားသည်။