တိမ်မည်းက အင်မော်တယ်ကို ဖိနှိပ်တယ်… အင်မော်တယ်ရဲ့ ထိတ်လန့်မှုနဲ့ ဒေါသ(က)
Vol. 44 Ch. 669
ဒေသငယ်မြို့တော်၏ အနောက်မြောက်ဘက်ပိုင်းတွင် ပြည်နယ်လေးခု ရှိသည်။
အနောက်ဘက်စွန်းတွင် လင်းလန်ပြည်နယ်ရှိပြီး ထိုနေရာသည် လက်ရှိအနောက်ဘက်စစ်မြေပြင်၏ တည်နေရာဖြစ်သည်။ မြောက်ဘက်ရှိ မြူနှင်းလွင်ပြင်သည် ထိုက်ဟယ်ပြည်နယ်အတွင်းမှာရှိပြီး ထိုလွင်ပြင်သည် မြောက်ဘက်စစ်မြေပြင် ဖြစ်သည်။
ထိုပြည်နယ်နှစ်ခုကြားတွင် ယုထျန်းဟုခေါ်သော ပြည်နယ်တစ်ခု ရှိသည်။
မြောက်ဘက်ပိုင်းတွင် အဆက်မပြတ် နှင်းကျဆင်းပြီး နှင်းအရည်ပျော်လေ့ရှိသောကြောင့် ယုထျန်းပြည်နယ်၏ မြေပထဝီသည် စိုစွတ်သည်။ ထို့အပြင် မြေကြီးအောက်တွင် မီးတောင်အကြွင်းအကျန်များရှိသောကြောင့် မြူခိုးသည် ကောင်းကင်ထက်သို့ အမြဲပျံတတ်သွားပြီး မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဤပြည်နယ်ကို ယုထျန်းဟုခေါ်ဆိုခြင်း ဖြစ်သည်။
လေးခုမြောက်ပြည်နယ်သည် ယုထျန်းပြည်နယ်၏ အနီးနားတွင်ရှိသည်။ ယင်းကို ချီလင်းပြည်နယ်ဟု ခေါ်ဆိုသည်။
ထိုနာမည်သည် ပြည်နယ်အတွင်းမှ နာမည်ကျော်တောတောင်ဒေသတစ်ခုကို အစွဲပြုထားခြင်း ဖြစ်သည်။
တောတောင်ဒေသနှင့် တောင်တန်းနယ်မြေသည် ကွဲပြားခြားနားသည်။
တောင်တန်းနယ်မြေသည် တောင်ကုန်းနှင့် တောင်တန်းများ အတူတူတစ်ဆက်တည်း သွယ်တန်းတည်ရှိနေကြသော ဧရိယာဖြစ်သည်။ တောင်တစ်တောင်နှင့် တစ်တောင်ကြားတွင် ချိုင့်များရှိကြသည်။
တောတောင်ဒေသတွင်မူ ထင်သာမြင်သာသော တောင်ချိုင့်များမရှိကြပေ။ မီးတောင်နယ်မြေတချို့သာလျှင် ပြန့်ကျဲတည်ရှိကြသည်။ ထိုဧရိယာသည် မရေမတွက်နိုင်သော သီးခြားတောင်ကုန်းများနှင့် ကုန်းမြေများ အတူတကွ ရောထွေးတည်ရှိနေသောနေရာ ဖြစ်သည်။
ဝိညာဉ်တော်ပြည့်မျိုးနွယ်သည် ကီလိုမီတာငါးသောင်းကျယ်ဝန်းသော ထိုတောတောင်ဒေသတွင် နေထိုင်ကြသည်။
ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်များသည် အရပ်ရှည်လျားကြပြီး ပျမ်းမျှအရပ် ပေငါးဆယ်ခန့်ရှိကြသည်။ သူတို့၏ ကျင့်စဉ်သည် ရုပ်ခန္ဓာကိုယ်ဘက်သို့ ဦးစားပေးသည်။ အထူးသဖြင့် သူတို့သည် ကျွင်းရွှင်းမျိုးနွယ်၏ လက်အောက်သို့ သူတို့ဘာသာ ဝင်ရောက်ပြီးနောက်ပိုင်း ဖြစ်သည်။ ဝမ်ကူးကုန်းမြေ၏ ရိုးရာဓလေ့အတိုင်း သူတို့သည် ကျွင်းရွှင်းမျိုးနွယ်၏ သွေးမျိုးဆက်ကို အပ်နှင်းခံရမည် ဖြစ်သည်။ ယင်းသည် သူတို့၏ မျိုးနွယ်ကို ပြောင်းလဲသွားစေပြီး အတောင်ပံများ ထွက်ပေါ်လာစေသည်။
သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားသောကြောင့် အတောင်ပံများက သူတို့ကို ပျံသန်းနိုင်စေရန် အထောက်အကူ မပေးနိုင်ပေ။ ယင်းသည် အမှတ်သင်္ကေတတစ်ခုနှင့် ပိုပြီးဆင်တူသည်။
ကျွင်းရွှင်းမျိုးနွယ်က သူတို့အပေါ် တန်ဖိုးထားရသည့် အကြောင်းအရင်းမှာ ဝိညာဉ်တော်ပြည့်မျိုးနွယ်သည် လက်နက်သွန်းလုပ်ခြင်းနှင့် ဆေးပညာတွင် အထူးကျွမ်းကျင်သောကြောင့် ဖြစ်သည်။
ချီလင်းတောင်တွင် မရေမတွက်နိုင်သော ပန်းပဲရုံများ ဆေးအလုပ်ရုံများ ရှိကြသည်။ တချို့သည် မျိုးနွယ်ဝင်တစ်ဦးတည်းဖြင့် လည်ပတ်နေပြီး တချို့သည် မျိုးနွယ်ဝင်အများကြီးဖြင့် စုပေါင်းလုပ်ဆောင်ကြသည်။
မျိုးနွယ်ဝင်များသည် အနည်းဆုံး အရေအတွက်တစ်သိန်း ရှိသည်။
သတ္ထုထုရိုက်သံများနှင့် ဆေးရနံ့များသည် နှစ်စဉ်နှစ်တိုင်း ထိုတောတောင်ဒေသတွင် အမြဲထွက်ပေါ်နေလေ့ရှိသည်။ မြေမီးတောက်သည် ဧရိယာအမျိုးမျိုးထံမှ အစဉ်မပြတ် ယူသုံးခံနေရသည်။ ထို့ကြောင့် ဤတောတောင်ဒေသ၏ ရာသီဥတုသည် အဓိကအားဖြင့် ပူပြင်းသည်။
စက္ကန့်တိုင်းမှာ သူတို့သည် အရေအတွက်များပြားသော ဆေးလုံးများနှင့် ဓမ္မလက်နက်ကို ပြုလုပ်နိုင်ကြပြီး ဈေးကွက်ထဲသို့ တင်ပို့နိုင်ကြသည်ဟု ပြောကြသည်။
ဆေးဖက်ဝင်ပစ္စည်းများကို အခြောက်လှန်းထားသော ကန့်သတ်နယ်မြေများလည်းရှိသည်။ သူတို့ထံမှာ အံ့ဩဖွယ်ကောင်းသော အရာအများအပြား ရှိသည်။
မြေမီးတောက်နှင့် သူတို့၏ မွေးရာပါစွမ်းရည်ကြောင့် ဝိညာဉ်တော်ပြည့်မျိုးနွယ်မှ တင်ပို့လာသော ဆေးလုံးများနှင့် ဓမ္မလက်နက်များသည် ဈေးကွက်ထဲတွင် ပထမတန်းစားဟု သတ်မှတ်ခံရပြီး အလွန်ဈေးကြီးသည်။
သို့သော် မည်မျှဈေးကြီးပါစေ ပုံမှန်အားဖြင့် ဝိညာဉ်ကျောက်တုံး(၂၀)သာ တန်ဖိုးရှိသော ဆေးလုံးကို ဝိညာဉ်ကျောက်တုံး(၁၀၀၀)ဖြင့် ရောင်းချသည်မှာ လုံးဝမဖြစ်သင့်သောကိစ္စ ဖြစ်သည်။
စစ်ပွဲကာလကြောင့်သာမဟုတ်လျှင် သူတို့သည် ထိုမျှယုတ္တိမဆန်သော ကိစ္စကို လုပ်ဝံ့ကြလိမ့်မည် မဟုတ်ချေ။ ယခင်တုန်းကဆိုလျှင် ဓားကိုင်ရုံးတော်က အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်ရုံဖြင့် သူတို့သည် ရုံးတော်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပို့ဆောင်ကြလိမ့်မည်။
ဝိညာဉ်တော်ပြည့်မျိုးနွယ်သည် ကျွင်းရွှင်းမျိုးနွယ်နှင့် ဆက်နွယ်နေသည့်တိုင် ကြားနေဝါဒလမ်းစဉ်ကို ကောင်းစွာနားလည်ထားသည်။ သူတို့သည် ကိစ္စအသေးအမွှားလေးတစ်ခုဖြင့် လူသားမျိုးနွယ်ကို ဆန့်ကျင့်ကြလိမ့်မည် မဟုတ်ချေ။ ယခုကဲ့သို့အချိန်မှာပင် ဈေးကို အဆမတန်တိုးမြှင့်ရသည့် နောက်ကွယ်တွင် သူတို့၏ ကိုယ်ပိုင်အကြောင်းပြချက်များ ရှိနေသည်။
“ ဒီလိုဈေးမြှင့်တာက ကျွင်းရွှင်းမျိုးနွယ်ဆီ ငါတို့ရဲ့ရပ်တည်မှုကို ဖော်ပြလိုက်တာပဲ ”
“ ဒီစစ်ပွဲမှာ လူသားမျိုးနွယ်က အသက်မရှင်နိုင်တော့ဖို့ အခွင့်အရေးများတယ် ”
သွေးကြောလေးခုမှ ခေါင်းဆောင်များသည် ကိန်းကြီးခန်းကြီး ဝတ်စားထားလျက် တန်ဖိုးကြီးမားသော အဆင်တန်ဆာ ဓမ္မရတနာများကို ဆင်မြန်းထားကြသည်။
သူတို့ရှိနေကြသော ဘုံကျောင်းထဲတွင် ကိုးကွယ်ဝတ်ပြုရန် ရုပ်တုနှစ်ရုပ် တည်ဆောက်ထားသည်။ ရုပ်တုတစ်ရုပ်သည် အရှေ့မှာရှိပြီး ကျန်ရုပ်တုသည် ပထမတစ်ရုပ်၏ အနောက်တွင် ရှိသည်။ အရှေ့ဆုံးမှ ရုပ်တုသည် ဝိညာဉ်တော်ပြည့်မျိုးနွယ်နှင့် ရုပ်သဏ္ဍာန်ဆင်တူပြီး အနောက်မှ ရုပ်တုသည် ကောင်းကင်ပေါ်မှ အင်မော်တယ်တစ်ပါးနှင့် ဆင်တူသည်။
ထိုရုပ်တုသည် ကျွင်းရွှင်းမျိုးနွယ်ဘိုးဘေး၏ ပုံစံတူရုပ်တုဖြစ်သည်။
ထိုရုပ်တုနှစ်ရုပ်၏ အရှေ့တွင် အရေအတွက်(၁၀၀၀၀)နီးပါးရှိသော တန်ဖိုးကြီး ဝိညာဉ်သစ်သီးများ ရှိသည်။ ထို့အတူ စိတ်ဝိညာဉ်ချီလှိုင်းကို ထုတ်လွှတ်နေသော ထိပ်တန်းအဆင့် ဆေးလုံးများလည်း ရှိသည်။
ယင်းသည် တည်ထားကိုးကွယ်ထားသော ဘိုးဘေးရုပ်တုများအပေါ် သူတို့၏ ရိုသေလေးစားမှု ဖြစ်၏။
ထိုဝိညာဉ်သစ်သီးများနှင့် ဆေးလုံးများသည် ရှေ့တန်းစစ်မြေပြင်တွင် အရေးတကြီးလိုအပ်နေသော အရင်းအမြစ်များ ဖြစ်ကြသည်။
ယခုအချိန်ထိတိုင်အောင် ဖုန်းဟိုင်ဒေသငယ်ကို ကာကွယ်ရန်အတွက် စစ်ပွဲအတွင်း သေဆုံးသွားခဲ့ကြသောလူများနှင့် ဒဏ်ရာအပြင်းအထန် ရရှိထားကြသော လူများသည် အမြောက်အများ ရှိသည်။
ထိုအထဲမှ ဆေးလုံးတစ်လုံးနှင့် ဝိညာဉ်သစ်သီးတစ်လုံးက လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်သည်ဟုဆိုလျှင် ချဲ့ကားပြောရာ ကျလိမ့်မည်။ သို့သော်လည်း ဆေးလုံးဆယ်လုံးနှင့် ဝိညာဉ်သစ်သီးဆယ်လုံးရှိမည်ဆိုလျှင် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ရန် လုံလောက်ပေသည်။
သို့သော်လည်း ထိုခေါင်းဆောင်လေးယောက်သည် စစ်မြေပြင်မှ လူသားမျိုးနွယ်၏ သေခြင်းရှင်ခြင်းကို လုံးဝဂရုမစိုက်ကြပေ။ သူတို့၏ အမြင်တွင် သူတို့မျိုးနွယ်၏ အနာဂတ်ကောင်းစားရေး တစ်ခုတည်းသာ ရှိသည်။
“ ဒါပေမဲ့ ငါတို့တွေ အမတ်ယောင်ကိုတော့ မျက်နှာသာပေးရဦးမယ်… ဘာပဲပြောပြော ပြီးခဲ့တဲ့နှစ်ရာချီအတွင်း အမတ်ယောင်က ငါတို့ကို အထောက်အပံ့တွေအများကြီး ပေးခဲ့တယ်မဟုတ်လား… အဲ့ဒီကျေးဇူးတရားကို ပြန်တုံ့ပြန်တဲ့အနေနဲ့ ဆေးလုံးတချို့တလေတော့ ငါတို့ပေးရလိမ့်မယ် ”
“ ကောင်းပြီ… အရင်ဆုံး ကျွင်းရွှင်းမျိုးနွယ်ဆီ ငါတို့ရဲ့ရပ်တည်မှုကို ဖော်ပြဖို့ ဝေစုအများကြီးကို ဈေးမြင့်မြင့်တင်ပြီး ရောင်းမယ်… အဲ့ဒီနောက် ဝေစုတချို့ကို ငါတို့မျိုးနွယ်အတွက် ပုံရိပ်ကောင်းတည်ဆောက်ဖို့ ပေးလိုက်မယ်… နောက်ဆုံးမှာ ဝေစုတချို့ကို ငါတို့ရဲ့ရပ်တည်မှုကို ဖော်ပြဖို့ သင့်တော်တဲ့ဈေးနှုန်းနဲ့ ရောင်းမယ် ”
“ ဒါက မျိုးနွယ်ဝင်အားလုံးရဲ့ အတွေးဖြစ်တယ်… ဒီကို ငါမလာခင် မျိုးနွယ်ဝင်တွေကို မေးကြည့်ခဲ့တယ်… ဒီတစ်ကြိမ် ဈေးအများကြီး မြှင့်တင်ရောင်းဖို့ကို အားလုံးက သဘောတူကြတယ်… ဘာပဲပြောပြော လူသားမျိုးနွယ်က အရမ်းကြွယ်ဝတယ်မဟုတ်လား ”
“ ငါ့မျိုးနွယ်ခွဲမှာလည်း အဲ့ဒီလိုပါပဲ… တချို့မျိုးနွယ်ဝင်တွေဆို အမှိုက်ထဲလွှတ်ပစ်ရမယ့် ဆေးအလုပ်ရုံထဲက အစုတ်အပျက်ဆေးလုံးတွေကိုတောင် ရောင်းထုတ်ဖို့ အကြံပေးကြသေးတယ်… ဒါပေမဲ့ အဲ့ဒါက အလွယ်တကူ ပြဿနာဖြစ်စေနိုင်တယ်… နှမြောဖို့ကောင်းလိုက်တာ ”
“ အားလုံးက အတွေးတူနေမှတော့ အရင်နည်းလမ်းဟောင်းအတိုင်း လုပ်ကြတာပေါ့… မျိုးနွယ်ခွဲတစ်ခုက လူသားမျိုးနွယ်ကို ထောက်ပံ့ပေးမယ်… မျိုးနွယ်ခွဲတစ်ခုက ကျေးဇူးတရားအကြွေးကို ပြန်ဆပ်မယ်… မျိုးနွယ်ခွဲတစ်ခုက အခြေအနေကို စောင့်ကြည့်ပြီး ငါတို့ရဲ့ ကောင်းမွန်တဲ့ဆန္ဒကို ထုတ်ဖော်ပြဖို့ သန့်စင်ရေလှိုင်းမျိုးနွယ်နဲ့ လျှို့ဝှက်ဆက်သွယ်မယ်… နောက်ဆုံးမျိုးနွယ်ခွဲက ကျွင်းရွှင်းမျိုးနွယ်ဆီ ငါတို့ရဲ့ရပ်တည်မှုကို ဆက်လက်ထုတ်ဖော်ပြမယ် ”
“ ဒီကိစ္စကို တကယ့်အစစ်အတိုင်း သူတို့ထင်သွားအောင် ငါတို့တွေ ရက်နည်းနည်းလောက် ကန့်ကွက်ထားပြီး ဟန်ဆောင်ကြတာပေါ့… ”
ခေါင်းဆောင်လေးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။ ထို့နောက် သူတို့သည် မတ်တတ်ထရပ်လိုက်ကြသည်။ သူတို့၏ လျှို့ဝှက်အစည်းအဝေးကို အဆုံးသတ်တော့မည့်အချိန် လူတိုင်းကို နှလုံးတုန်သွားစေမည့် ကြောက်မက်ဖွယ် ဖိအားတစ်ခုသည် ရုတ်တရက် ကောင်းကင်ပေါ်မှ သက်ဆင်းလာသည်။