← Chapters

တိမ်မည်းက အင်မော်တယ်ကို ဖိနှိပ်တယ်… အင်မော်တယ်ရဲ့ ထိတ်လန့်မှုနဲ့ ဒေါသ(ခ)

Vol. 44 Ch. 670

တိမ်မည်းက အင်မော်တယ်ကို ဖိနှိပ်တယ်… အင်မော်တယ်ရဲ့ ထိတ်လန့်မှုနဲ့ ဒေါသ(ခ)

Vol. 44 Ch. 670

ခေါင်းဆောင်လေးယောက်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ မြေကြီးသည် တုန်ခါလာပြီး တောင်ကုန်းများသည် လှုပ်ယမ်းလာကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံသည် ချီလင်းတောင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ဘုံကျောင်းတည်ရှိရာ ဘိုးဘေးတောင်ကုန်း၏ ကောင်းကင်ထက်တွင် နီလာခရမ်းအလင်းရောင်ဖြင့် ပြည့်နှက်သွားသည်။ ပေပေါင်းတစ်သိန်းရှိသော ဦးခေါင်းသုံးလုံးငှက်သည် တိမ်တိုက်များထဲမှ ထိုးထွက်လာပြီး တောင်ထိပ်ပေါ်မှ ဘုံကျောင်းကို ၎င်း၏ ဧရာမလက်သည်းနှစ်ခုဖြင့် ဆုပ်ကိုင်လိုက်သည်။

၎င်းသည် တောင်ကုန်းပေါ်မှ အကာအကွယ်အစီအရင်နှင့် ဘုံကျောင်း၏ ဘေးပတ်ပတ်လည်မှ အဟန့်အတားများကို လျစ်လျူရှုထားသည်။ ထို့နောက် ဝုန်းခနဲဟူသော ပေါက်ကွဲသံနှင့်အတူ ဘုံကျောင်းနှင့် အထဲမှ ရုပ်တုများသည် အပိုင်းပိုင်းအစစ ကွဲထွက်သွားကြသည်။

ငှက်ကြီး၏ ဧရာမလက်သည်းသည် တောင်ကုန်းကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။ ငှက်ကြီး၏ အားကောင်းသော အတောင်ပံခတ်မှုဖြင့် ဝိညာဉ်တော်ပြည့်မျိုးနွယ်၏ ဘိုးဘေးတောင်ကုန်းသည် မြေကြီးပေါ်မှ မြှောက်တတ်သွားသည်။

ကျောက်တုံးကြီးများသည် တလိမ့်လိမ့် ကျဆင်းသွားကြပြီး ဖုန်မှုန့်များသည် ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သော သစ်ပင်များနှင့် သားရဲများ မြေပေါ်သို့ ပြုတ်ကျသွားကြစဉ် ဘိုးဘေးတောင်ကုန်းသည် ဘယ်ညာယိမ်းယိုင်လျက် လေထဲသို့ မြှောက်တတ်သွားသည်။

ထိုမြင်ကွင်းကို ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်အားလုံး သတိပြုမိသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး အချိန်အတော်ကြာ မိန်းမောသွားကြသည်။

အထူးသဖြင့် ထူးဆန်းသောငှက်ကြီး၏ ဦးခေါင်းသုံးလုံးထဲမှ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော ပုံရိပ်ကို မြင်လိုက်ရသောအခါတွင် ဖြစ်သည်။ ဤအခိုက်အတန့်မှာ ထိုပုံရိပ်သည် အလွန်မျက်စိဖမ်းစားထားသည်။

သူသည် ဓားကိုင်တာအိုဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ခရမ်းနက်ရောင်နှင့်တူသော ဆံပင်ရှည်ရှိသည်။ သူ၏ မျက်နှာသည် ရေခဲတုံးပမာ အေးတိအေးစက်ဖြစ်နေသော်လည်း အလွန်အမင်း ချောမောသည်။

ငှက်ကြီးချင်းချင်းသည် လေထဲသို့ ပျံတတ်သွားသည်။ ၎င်းသည် တိမ်တိုက်များထိ ပဲ့တင်ထပ်သွားမည့် အော်မြည်သံကို ထုတ်ဖော်လိုက်ပြီးနောက် ၎င်း၏ လက်သည်းများကို ဖျစ်ညှစ်လိုက်သည်။ ချက်ချင်းပင် မရေမတွက်နိုင်သော အက်ကွဲရာများသည် ဘိုးဘေးတောင်ကုန်းပေါ်တွင် ထွက်ပေါ်လာကြပြီး အမြန်ပျံ့နှံ့သွားသည်။ တောင်ကုန်းသည် လေထဲတွင် အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။

ဝိညာဉ်တော်ပြည့်မျိုးနွယ်မှ ခေါင်းဆောင်လေးယောက်သည် ပါးစပ်အပြည့်သွေးကို အန်ထုတ်လိုက်ကြသည်။ သူတို့၏ အမူအရာတွင် ထိတ်လန့်မှုနှင့် ဒေါသဖြင့် ပြည့်နှက်နေသည်။ သူတို့သည် သေဘေးနှင့် ကပ်သီးကလေး လွတ်မြောက်သွားခဲ့ကြခြင်း ဖြစ်သည်။

ပြိုလဲပျက်စီးသွားသော ဘိုးဘေးတောင်ကုန်း၊ ကြောက်မက်ဖွယ်ရာ ငှက်ကြီးနှင့် ငှက်ကြီးပေါ်မှ ရွှီချင်းကိုကြည့်လျက် နှလုံးကွဲကြေသော အော်သံများသည် ခေါင်းဆောင်လေးယောက်၏ ပါးစပ်ထဲမှ ရူးသွပ်စွာ ထွက်ပေါ်လာသည်။

“ ငှက်ကြီးချင်းချင်း ”

“ ဓားကိုင် ”

“ စီနီယာချင်းချင်း ကျုပ်တို့မျိုးနွယ်ရဲ့ ဘိုးဘေးတောင်ကုန်းနဲ့ ဘုံကျောင်းကို ဘာဖြစ်လို့ ဖျက်ဆီးပစ်တာလဲ ”

ထိုခေါင်းဆောင်လေးယောက်သည် ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့သည် ရတနာသိုက်တစ်ခုကို အပြည့်အဝ မဖွဲ့စည်းရသေးပေ။ ပထမရတနာသိုက်ကို ပျိုးထောင်ပေးနေသည့်အဆင့်မှာသာ ရှိကြသေးသည်။

ရတနာသိုက်တစ်ခုကို ပျိုးထောင်သည့်လုပ်ငန်းစဉ်သည် အလွန်အမင်း ခက်ခဲပြီး နှေးကွေးသည်။ သို့ဖြစ်၍ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူအများစုသည် ပျိုးထောင်ခြင်းအဆင့်မှာသာ ရှိကြသည်။ ရတနာသိုက်ထဲတွင် ကမ္ဘာတစ်ခု၏ သန္ဓေသားပုံစံကို ဖွဲ့စည်းပြီး ကောင်းကင်ဘုံတာအိုကို ပိုင်ဆိုင်မှသာလျှင် ယင်းကို ပြီးပြည့်စုံသော ရတနာသိုက်တစ်ခုဟု သတ်မှတ်နိုင်လိမ့်မည်။

သို့သော်လည်း ပျိုးထောင်ခြင်းအဆင့်မှာပင် သူတို့၏ ကျင့်ကြံခြင်းသည် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသည်။

သူတို့လေးယောက် အော်လိုက်သည့်အခါ အဝေးမှ ဓားတောင်ကုန်းဆယ်ခုကျော်သည် တစ်ချိန်တည်း လှုပ်ခါလာကြသည်။ တောင်၏ ဘေးနှစ်ဖက်မှ ရေကန်များသည် ဆူပွက်လှုပ်ရှားလာပြီး လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာကြသည်။

ကန်ရေသည် လေပေါ်သို့ မြှောက်တတ်သွားပြီး ဦးတည်ရာတစ်ခုတွင် စုဝေးသွားသည်။ ထို့နောက် မျက်လုံးတစ်စုံ ဖြစ်ပေါ်လာသည်။

ထိုမျက်လုံးသည် ငှက်ကြီးချင်းချင်းကို တည်ကြည်စွာ ကြည့်လိုက်သည်။

“ တာအိုရောင်းရင်းချင်းချင်း… မင်းဘာလို့ ဒီရောက်နေတာလဲ ”

ထိုဧရာမမျက်လုံးကြီးများ မျက်လုံးဖွင့်လိုက်သည့်အခါ ခေါင်းလောင်းထိုးသံနှင့်ဆင်တူသော အသံတစ်သံသည် မြေကြီးထဲမှ မြည်ဟိန်းထွက်လာသည်။ ချက်ချင်းပင် ပေရှစ်သောင်းကျော် အရွယ်အစားရှိသော ဧရာမပုံရိပ်ကြီးတစ်ခုသည် မြေကြီးထဲမှ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

ဦးခေါင်းသည် ပိုပြီးထက်ရှသည့်ပုံပေါ်သည်။

ထိုသက်ရှိသည် ဝိညာဉ်တော်ပြည့်မျိုးနွယ်၏ တစ်ဦးတည်းသော ဗလာနတ္ထိကျင့်ကြံသူ ဖြစ်သည်။

တာအိုအမှတ်အသားများသည် ၎င်း၏ မျက်လုံးထဲတွင် လှည့်ပတ်နေကြသည်။ မရေမတွက်နိုင်သော ပုံရိပ်များသည် ၎င်း၏ အပြင်ဘက်မှ ထပ်ဆင့်လွှမ်းခြုံထားကြသည်။ ဒြပ်ထည်ဖွဲ့စည်းတော့မည့် ကမ္ဘာငယ်တချို့လည်း ရှိသည်။ သို့သော်လည်း ထိုကမ္ဘာငယ်များသည် တကယ်မဖြစ်ပေါ်လာကြချေ။ ယင်းသည် ပြီးပြည့်စုံသော ဗလာနတ္ထိဒုတိယအဆင့်၏ သဘာဝလက္ခဏာဖြစ်သည်။ ၎င်းသည် ဗလာနတ္ထိတတိယအဆင့်သို့ရောက်ရန် ခြေလှမ်းဝက်သာ လိုတော့သည်။

ထိုအခိုက်အတန့်မှာ ၎င်းသည် တည်ငြိမ်နေဟန်ရသော်လည်း အမှန်မှာတော့ အလွန်စိုးရိမ်နေခြင်း ဖြစ်သည်။

“ ဂူး ”

လေထဲမှ ငှက်ကြီးချင်းချင်းသည် အထင်သေးရှုံ့ချသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ ၎င်း၏ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းသည် အားလုံးကို အေးစက်စက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ လွန်ခဲ့တဲ့နှစ်ရှစ်ရာအတွင်း ဝိညာဉ်တော်ပြည့်မျိုးနွယ်က လူသားမျိုးနွယ်ရဲ့ စည်းမျဉ်းတွေကို (၁၈၉၃၁)ကြိမ် ကျူးလွန်ခဲ့ပြီး အဲ့ဒီအတွက် အပြစ်ဒဏ်မခံရသေးဘူး ”

“ ပြီးတော့ ဒီစစ်ပွဲကာလမှာ မျိုးနွယ်စုတိုင်းက ဝိညာဉ်သိုက်အဆင့်နဲ့ ဗလာနတ္ထိအဆင့် ကျင့်ကြံသူတွေကို စစ်မြေပြင်ဆီ မဖြစ်မနေ ပို့လွှတ်ရမယ်ဆိုတဲ့ ဓားကိုင်ရုံးတော်သခင်ရဲ့ အမိန့်တော်ကို မင်းတို့က မလိုက်နာကြဘူး ”

“ ဒီနေ့ ငါရောက်လာတာက လွန်ခဲ့တဲ့နှစ်ရှစ်ရာအတွင်း မင်းတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအားလုံးအတွက် ကိုယ်စားဒဏ်ခတ်ဖို့ပဲ ”

ရွှီချင်း၏ စကားသံပျံ့လွင့်သွားသည်နှင့်ချက်ချင်း ချီလင်းတောင်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ မျိုးနွယ်ဝင်တစ်သိန်းသည် အရပ်မျက်နှာပေါင်းစုံမှ ထွက်လာကြပြီး ကောင်းကင်ပေါ်မှ ဧရာမငှက်ကြီးကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

မြေပြင်ပေါ်တွင် လူ့ဘီလူးကြီးများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ် သွေးနှင့်ချီစွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။

“ ကျွင်းရွှင်းမျိုးနွယ်နဲ့ ငါတို့ရဲ့ ဆက်နွယ်မှုက လူသားမျိုးနွယ်နဲ့ မဟာမိတ်သဘောတူညီမှုကို ချိုးဖောက်တာမဟုတ်ဘူး… ဒါပေမဲ့ အခု ဓားကိုင်တစ်ယောက်က ငါတို့တောင်ကုန်းကို လာဖျက်ဆီးပစ်တယ်… မင်းက မဟာမိတ်သဘောတူညီမှုကို ချိုးဖောက်ချင်တာလား ”

မြေကြီးပေါ်မှ ကြီးမားသော ပုံရိပ်သည် ရွှီချင်းကို ပထမဆုံးအကြိမ် ကြည့်လိုက်သည်။

“ ဒီလိုအရေးကြီးအခြေအနေမှာ မင်းက ပြည်တွင်းပဋိပက္ခဖြစ်အောင် လုပ်တော့မလို့လား ”

ရွှီချင်းသည် အမူအရာကင်းမဲ့လျက် ရှိနေသည်။ သူက ဘေးသို့လှည့်လိုက်ပြီး ငှက်ကြီးချင်းချင်း၏ အလယ်မှ ဦးခေါင်းကို အရိုအသေပေးလိုက်သည်။

“ စီနီယာချင်းချင်း ကျေးဇူးပြုပြီး ဒီမျိုးနွယ်ကို ဖျက်ဆီးပေးပါ ”

ငှက်ကြီးချင်းချင်း၏ မျက်လုံးသည် ဝင်လက်တောက်ပသွားသည်။ စိတ်လှုပ်ရှားမှုကြောင့် ၎င်း၏ ခန္ဓာကိုယ်သည်ပင် အနည်းငယ် လှုပ်ခါလာသည်။ ၎င်းသည် မျိုးနွယ်စုတစ်စုကို အမြစ်ဖြတ်မသုတ်သင်ခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်သည်။ ၎င်းသည် အိပ်စက်ပြီး ပြန်နိုးလာသည့်အခါတိုင်း ခံစားချက်ဖြင့် သက်ပြင်းချလေ့ရှိသည်။ ၎င်းသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ဖြစ်သောကြောင့် မျိုးနွယ်စုများကို အမြစ်ဖြတ်မသုတ်သင်ပစ်လျှင် ၎င်း၏ သွေးမျိုးစက်နှင့် ထိုက်တန်မှုရှိတော့မည် မဟုတ်ကြောင်း ခံစားမိသည်။

ထို့အပြင် ၎င်းသည် သက်ရှိများကို မစားသုံးခဲ့ရသည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ၎င်းသည် နေ့စဉ်နေ့တိုင်း တိမ်တိုက်များနှင့် လေကိုသာ ဝါးမျိုပြီး အချိန်ကုန်ဆုံးခဲ့သည်။

သို့သော်လည်း ယခင်တုန်းက ၎င်းသည် ကိုယ့်ကိုယ်ကို ချုပ်တည်းနေရန် ရွေးချယ်ခဲ့သည်။ မည်သို့ဖြစ်စေ ဖုန်းဟိုင်ဒေသငယ်မှ လူသားမျိုးနွယ်သည် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းထားသည်မဟုတ်ပါလော။

ထို့အပြင် ၎င်းအလေးစားရဆုံးဖြစ်သော နန်းဟွမ်ကုန်းမြေမှ ၎င်း၏ အကိုကြီးသည် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက်ကို ထိန်းသိမ်းရန်နှင့် မျိုးနွယ်ခြားများကို မသတ်ဖြတ်ပစ်ရန် မှာကြားထားခဲ့သည်။ အထူးသဖြင့် လူသားမျိုးနွယ်ကို ဖြစ်သည်။ အတိတ်က ၎င်း၏ ဘိုးဘေးများလျှောက်ခဲ့သော လမ်းစဉ်အတိုင်း မလိုက်ရန် သတိပေးခဲ့သည်။

မိတ်ဆွေဖွဲ့ခြင်းသည် အသက်ရှည်နိုင်မည့် လမ်းစဉ်ဖြစ်သည်။

သို့သော်လည်း အကိုကြီးဂရုစိုက်ခိုင်းထားသော အကိုကြီး၏ မိတ်ဆွေက တောင်းဆိုမှုတစ်ခု ပြုလုပ်လာသည့်အခါ ထိုသို့ကောင်းမွန်သောကိစ္စကို အကြောင်းမရှိဘဲ မငြင်းဆန်သင့်ကြောင်း ၎င်းခံစားမိသည်။ ထို့အပြင် သူက ဓားကိုင်တစ်ဦးလည်း ဖြစ်သည်။

မည်သို့ကြောင့် ဤလူသားနှင့် ၎င်း၏ အကိုကြီးက ညီအကိုဖြစ်နေရသလဲဟူသော ကိစ္စသည် ၎င်းနှင့်ဘာမှမသက်ဆိုင်ပေ။ ၎င်းသိသော တစ်ခုတည်းသောအရာမှာ ၎င်းသည် အကိုကြီး၏ ကြင်နာမှုကို ဤတစ်သက်တွင် ဘယ်တော့မှ ပြန်ဆပ်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် အကိုကြီး၏ တောင်းဆိုမှုကို ၎င်းသည် သေချာပေါက် ဖြည့်ဆည်းပေးရမည်။

All Chapters