အလုပ်နေရာကို ကျင်းကျိုးမြို့ဆီ ရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီ
Vol. 24 Ch. 346
ရွမ်ကွမ်းကျန့် အစားအသောက်ကို မြည်းကြည့်လိုက်သောအခါ ထင်မထားစွာဖြင့် အလွန်အရသာရှိနေမှန်း သိလိုက်ရပါသည်။
ဒီ့မတိုင်ခင်က ရွမ်ကွမ်းကျန့် ရှန်ဟိုင်းမြို့က အပြင်စာတွေကို အမြဲတမ်း စားဖူးပါသည်။ အနီးအနားရှိ အပြင်စာ ပို့ဆောင်ပေးသည့် စားသောက်ဆိုင်တိုင်းကို သူအားပေးဖူးသည်။
သို့သော်လည်း နေ့တိုင်း ဘာစားရင် ကောင်းမလဲ ဦးနှောက်စား စဉ်းစားရ၏။
အရသာ ပိုရှိသည့်အပြင်စာများ ဖြစ်ကြသော ခပ်စပ်စပ် မွှေကြော်များ၊ အကင်တုတ်ထိုးများ၊ အသားနဲ့ ဟင်းသီးဟင်းရွက်တို့ ပါသည့် ထမင်းများ စသဖြင့် ရှိသည်။ သို့သော်လည်း ၎င်းတို့က မကြာခဏဆိုသလို အလွန်ဆီများက ကျန်းမာရေးနဲ့ မညီညွှတ်ပါ။ ထိုကဲ့သို့ အစားအသောက်များကို မကြာခဏ စားသောက်ပါက အလွယ်တကူ ဝိတ်တက်လာနိုင်သည်။ သို့မဟုတ် ကျန်းမာရေး ပြဿနာများ ပေါ်လာနိုင်ပါသည်။
တဖက်မှာတော့ ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း ဂုဏ်ယူဝံ့ကြွားနေတတ်သည့် အပြင်စာတွေကလည်း မကြာခဏ အရသာ ဆိုးရွားတတ်သည်။ အများစုက ဟင်းသီးဟင်းရွက် အစိမ်းများကို ရောယှက်ထားသလိုပင်။ ထို့ကြောင့် ရွမ်ကွမ်းကျန့်ကို ဗိုက်ကြာကြာ မပြည့်စေပါ။ နေ့လည်ခင်းလောက်ဆို ဗိုက်ပြန်ဆာလာတတ်ပြီး ရလဒ်အနေဖြင့် သူ့ဖန်တီးနိုင်စွမ်းများ ထိခိုက်လျော့ကျသွားတတ်ပါသည်။
သို့သော် ဘာမှလည်း မတတ်နိုင်ပါ။ ၎င်းတို့ အစားအသောက်ကို အရသာရှိစေဖို့အတွက်ဆို စားသောက်ဆိုင်များစွာက ဖြည့်စွက်ပစ္စည်းများစွာနဲ့ ဟင်းခတ်အမွှေးအကြိုင်များစွာကို ထည့်ရသည်။ ဘာပဲဖြစ်ဖြစ် အပြင်စာ မှာစားသည့် ကတ်စတမ်မာတွေကလည်း ကိုယ့်ကျန်းမာရေးအတွက် အရမ်းကြီး စိတ်ပူနေမှာ မဟုတ်ပါ။ အစားအသောက်ရဲ့ အရသာအတွက်သာ ပိုပြီး ဂရုစိုက်ကြပါလိမ့်မည်။
အစားအသောက်က အရသာမဲ့လွန်းပြီး ပျင်းဖို့ ကောင်းလွန်းသည်ဟု ထင်လျှင် ထိုစားသောက်ဆိုင်က ဘယ်တော့မှ ထပ်မှာကြမှာ မဟုတ်တော့ပါ။ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက်ဆို လတ်ဆတ်သည့် ပါဝင်ပစ္စည်းများကို သုံးဖို့ လိုအပ်သည်။ ထို့အပြင် စားဖိုမှူးတွေကလည်း စွမ်းရည် ပြည့်ဝဖို့ လိုသည်။ နောက်ဆုံးမှာတော့ ကတ်စတမ်မာတွေက ကျိန်းသေပေါက် စျေးပိုမြင့်မြင့် ပေးရပါလိမ့်မည်။
ထို့ကြောင့် ရှန်ဟိုင်းမြို့မှာ အနေကြာတာတောင် ရွမ်ကွမ်းကျန့်တစ်ယောက် ကျန်းမာရေးနဲ့ ညီညွတ်သည့် အပြင်စာ တချို့သာ စားဖူးသည်။ ဒါတောင် ထိုအစားအသောက်တွေက သူ့ရှေ့မှာ ယခု ရှိနေသည့် Set Meal လိုမဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်ချက် အစားအစာတွေနဲ့ အရသာ မတူကြပေ...။
ရွမ်ကွမ်းကျန့်က စိတ်ဝင်တစား မေးလိုက်၏။။ "ဒီ Set က ဘယ်လောက် တန်လဲဗျ"
လီယာ့တာက ပြန်ဖြေပေးလိုက်ပါသည်။ "ဝန်ထမ်းတွေကတော့ ဒီအစားအသောက်တွေအတွက် ပေးစရာ မလိုဘူး။ ဒါပေမယ့် အပြင်လူတွေဆိုရင်တော့ ယွမ် ၂၀ လောက် ပေးရမယ်"
ရွမ်ကွမ်းကျန့် စိတ်ခံစားသွားရသည်။ "စျေးမကြီးဘူးပဲ။ ကျွန်တော်တို့ ပန်းကန်တွေပါ ယူထားရတာလား"
လီယာ့တာ ခေါင်းခါလိုက်သည်။ "ဘယ်ဟုတ်ပါ့မလဲ။ တစ်ယောက်ယောက်က ပြန်လာသိမ်းပြီး ဆေးကြောသန့်စင်မှာပေါ့"
ရွမ်ကွမ်းကျန့်က ပို၍ပင် တုန်လှုပ်သွားသည်။ "ဒါဆို ဒီအစားအသောက်တွေက တကယ် စျေးမကြီးတဲ့ သဘောပေါ့။ စားသောက်ဆိုင်က တစ်ပွဲကို ယွမ် ၂၀ ဝန်းကျင်လောက်နဲ့ အရင်းတောင် ပြန်ရရဲ့လား"
လီယာ့တာ ပြုံးလိုက်သည်။ "ယွီသရေစာလုပ်ငန်းက အရှုံးပေါ်နေတာ တော်တော်ကြာပါပြီ။ ဘော့စ်ဖေးက အိပ်စိုက်ပြီး လုပ်ငန်းကို ဆက်ထောက်ပံ့ထားတာပါ"
"ဒါပေမယ့် ပါဝင်ပစ္စည်းနဲ့ အရင်းအနှီးအတွက် သုံးခဲ့တဲ့ ပိုက်ဆံအပေါ် အခြေခံပြီး လုပ်ငန်းက အမြတ်ရတဲ့ လုပ်ငန်း ဖြစ်မှာပါ။ ဒီတိုင်း အခုလောလောဆယ် သိပ်မတွင်ကျယ်သေးတာပဲ ရှိတယ်။ အော်ဒါမှာတဲ့လူလည်း သိပ်မရှိသေးဘူး။ အဲ့တာကြောင့် ကုမ္ပဏီက အရှုံးပေါ်နေတာပါ"
"ဧကန္တ နောက်ပိုင်းကျရင်တော့ အမြတ်ရချင် ရလာမှာပေါ့။ သေချာပြောလို့ ဘယ်ရပါ့မလဲ"
"ဘော့စ်ဖေးက သူ့ဝန်ထမ်းတွေအတွက် အကျိုးခံစားခွင့်ပေးဖို့သက်သက် ဒီကုမ္ပဏီကို ထောင်ထားတာလို့ ထင်တယ်။ ကျောင်းတွေက ကန်တင်းမှာ ရှိတဲ့ အစားအသောက်တွေအတွက် စျေးလျှော့ပေးသလိုမျိုးလေ" ရွမ်ကွမ်းကျန့် တိတ်ဆိတ်စွာဖြင့် သူ့နေလည်စာကို သူ ဆက်စားနေလိုက်သည်။
အားလုံး စားသောက်ပြီးကြတာနဲ့ ဇွန်းခွက် ပန်းကန်များကို လိုက်လံသိမ်းဆည်းကာ ဧည့်ကြို စားပွဲမှာ တင်ပေးထားလိုက်သည်။ ထို့နောက် သက်ဆိုင်ရာ အလုပ်နေရာ အသီးသီးသို့ ပြန်သွားကြပြီး ရှိုးကြည့်သူက ကြည့် သို့မဟုတ် နေ့လည်နေခင်း အနားယူသူက ယူလိုက်ကြပါသည်။
လီယာ့တာက နေ့ခင်းဘက် မအိပ်တတ်သဖြင့် ရွမ်ကွမ်းကျန့်နဲ့ စကားထိုင်ပြောခဲ့သည်။
ကျင်းကျိုးမြို့က အိမ်ငှားခတွေနဲ့ နေထိုင်မှုစရိတ်တွေအကြောင်း ရွမ်ကွမ်းကျန့် ထပ်မေးလိုက်ပြန်ပါသည်။ သူတို့ စကားပိုပြောလေလေ မနာလို ပိုဖြစ်မိလာလေလေ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကျင်းကျိုးမြို့က ဒုတိယအဆင့်ရှိ မြို့တစ်မြို့ မဟုတ်ပါလား။ ဒီက နေထိုင်မှု စရိတ်စခတွေက ရှန်ဟိုင်းမြို့နဲ့ ယှဉ်လိုက်လျှင် အဆင့်တစ်ဆင့်စာလောက် ကွာခြားနေသည်။ ထို့ကြောင့် ရွမ်ကွမ်းကျန့်က အရာရာကို စျေးသက်သာသည်ဟု ထင်နေခြင်း ဖြစ်ပါသည်။
လီယာ့တာက လေဆန်ပို့ဆောင်ရေးလုပ်ငန်း၊ ယွီအင်တာနက်လုပ်ငန်း၊ ROF ကွန်ပြူတာတပ်ဆင် လုပ်ငန်း စသည်တို့အကြောင်းကိုလည်း ပြောပြလိုက်သည်။ သူမ စကားပြောတဲ့ပုံစံကို ကြည့်ခြင်းအားဖြင့် ထန်းတာ့ကော်ပိုရေးရှင်းအတွက် အလွန် ဂုဏ်ယူဝံ့ကြွားနေသည့်ပုံ ပေါက်ပါသည်။
ရွမ်ကွမ်းကျန့်က စကားတစ်ခွန်းပြန်မပြောဘဲ နားထောင်နေသည်။ အနည်းဆုံးတော့ ဘာမှ ပြန်မတုန့်ပြန်ခဲ့ပါ။
ရွမ်ကွမ်းကျန့်က သက်ပြင်းဖျော့ဖျော့ ချလျက် ပုံသာ ပြန်ဆွဲနေလိုက်ပါတော့သည်။
လီယာ့တာလည်း မီးဖိုဆောင်ထဲမှာ ကော်ဖီ ဖျော်ဖို့ ထသွားသည်။
သူမ ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး ဖေးချမ့်ကို မက်ဆေ့ ခိုးပို့လိုက်ပါသည်။ "ဘော့စ်ဖေးခိုင်းထားတဲ့အတိုင်း ဘော့စ်ကြီး ရွမ်ကွမ်းကျန့်ကို ထန်းတာ့ရဲ့ အကျိုးခံစားခွင့်တွေ အကုန်လုံး ပြောပြလိုက်ပြီ"
ဖေးချမ့်၏ ပြန်စာ ချက်ချင်းဆိုသလိုပဲ ရောက်လာခဲ့ပါသည်။ "တုန့်ပြန်ချက်က ဘယ်လိုနေလဲ"
လီယာ့တာ ပြန်ဖြေလိုက်သည်။ "အများကြီးတော့ မပြောပါဘူး။ ဒါပေမယ့် စိတ်ပျက်အားလျော့သွားတဲ့ ပုံစံကြီး။ ထန်းတာ့ရဲ့ အကျိုးခံစားခွင့်ကောင်းတွေကို ကြားလိုက်ရတော့ သူ ခံပြင်းသွားတာ ဖြစ်မယ်။ ဘော့စ်ကြီး အငြှိုးတော့ မထားလောက်ပါဘူးနော်။”
ဖေးချမ့် ပြန်ဖြေလိုက်၏။ "တော်တယ်။ ငါ အဲ့ကို ခဏနေ လာခဲ့မယ်"
ဖေးချမ့် အိပ်ယာထဲမှာ အပျင်းထူနေခဲ့သည်။ လီယာ့တာ၏ မက်ဆေ့ကို ရတာနဲ့ ထခုန်ကာ အမြန်ဆုံး အဝတ်အစားလဲလိုက်ပါသည်။ ဒီနေ့ သူ ငပျင်းမုကို ပြန်သွင်းခဲ့သည်။ မွန်းတည့်ချိန်ကစလို့ နေ့လည် ၂ နာရီအထိ အိပ်ပြီးမှ ထလာခဲ့ခြင်း ဖြစ်ပါသည်။
လီယာ့တာဆီက သတင်းကောင်းကို ရတော့ သူရှိုးတွေ ကြည့်နေခဲ့တာ ဖြစ်သည်။ ချက်ချင်းဆိုသလိုပဲ သူ ရုံးကို သွားဖို့ မစောင့်နိုင်တော့ပါ။
မနေ့က ဖေးချမ့်ကို ရွမ်ကွမ်းကျန့် ဆိုးဆိုးရွားရွား နှိပ်စက်ခဲ့သည်။ ထို့ကြောင့် သူအိမ်ပြန်ရောက်တော့ ကလဲ့စားပြန်ချေဖို့ ဦးနှောက်စား စဉ်းစားခဲ့ရသည်။
ဘော့စ်ဖေးတစ်ယောက် သူ့အိမ်ကွင်းဖြစ်တဲ့ ကျင်းကျိုးမှာ သူများ အနိုင်ယူသွားတာကို ခံရစရာလား။
အများကြီး စဉ်းစားချင့်ချိန်ပြီးနောက် ထန်းတာ့ရဲ့ အကျိုးခံစားခွင့်တွေအကြောင်း ပြောပြပြီး ရွမ်ကွမ်းကျန့်ကို နာကျင်အောင် လုပ်ဖို့ အကြံကိုသာ ထုတ်နိုင်ခဲ့ပါသည်။
လေဆန်ပို့ဆောင်ရေး၊ ယွီအင်တာနက်ကဖေး၊ ယွီသရေစာလုပ်ငန်း၊ စသည့် ပိုင်ရှင်ကိုယ်တိုင် အိတ်စိုက်ရသော လုပ်ငန်းများက လည်ပတ်ဖို့အတွက် ကုန်ကျစရိတ် များပြားသည်။ ထို့အပြင် ကောင်းမွန်သည့် အရည်အသွေး ထုတ်လုပ်ပေးနိုင်ဖို့လည်း အာမခံရမည်။ ထို့ကြောင့် ဒီလို လုပ်ငန်းမျိုးတွေက ရှန်ဟိုင်း၊ ပေကျင်းနဲ့ ကွမ်ကျိုးတို့လို မြို့ကြီးပြကြီးတွေမှာ ရှားပါးသည်။
ထို့အပြင် ရွမ်ကွမ်းကျန့်၏ အလုပ်နေရာက အိမ်ငှားခနဲ့ နေထိုင်မှု စရိတ်တွေ အလွန်စျေးကြီးလှသည့် ရှန်ဟိုင်းမြို့လို နေရာမျိုးမှာ တည်ရှိနေတာ ဖြစ်သည်။ အမှန်ပင်။ ထန်းတာ့လို ခမ်းနားလှပသည့် အလုပ်နေရာမျိုးတော့ သူ ဖန်တီးနိုင်မှာ မဟုတ်ပါ။
ထို့ကြောင့် ဖေးချမ့်က ထိုကိစ္စနဲ့ပတ်သတ်ပြီး ချဲ့ကား ပြောဆိုဖို့ ဆုံးဖြတ်လိုက်သည်။ မနေ့ညက ဖြစ်ပျက်ခဲ့သည့် အရာအတွက် ရွမ်ကွမ်းကျန့်ကို ရိုက်ချက် ပြင်းပြင်းနဲ့ ပြန်ရိုက်ချင်သည်။
လက်ရှိ အခြေအနေကို ကြည့်ရသလောက်တော့ ဒီအစီအစဉ် အတော်လေး အဆင်ပြေနေပါသည်။
ရွမ်ကွမ်းကျန့် နာကျင်သွားလောက်ပါပြီ။ သူ့ဘဝက အခုလောက်ဆို အဓိပ္ပာယ်မဲ့ကာ အရောင်မှေးမှိန် သွားလောက်လေပြီ။
ဖေးချမ့် ဒီအခိုက်အတန့်ကို အလွတ်ပေးလို့ မရပါ။
မိနစ် အနည်းငယ် ကြာသည့်အခါ ဖေးချမ့် ရုံးကို ရောက်လာပါသည်။ အပူအပင်ကင်းစွာဖြင့် ရုံးထဲ မြောက်ကြွမြောက်ကြွ ဝင်လာခဲ့သည်။ ထို့နောက် အလုပ်နွံ နစ်နေသည့် ရွမ်ကွမ်းကျန့်ကို ချက်ချင်း နှုတ်ဆက်လိုက်သည်။
"ညီကို ရွမ် မနေ့ညက အိပ်လို့ကောင်းရဲ့လား။ ဒီနေ့ကော အားလုံး အဆင်ပြေနေရဲ့လား။ ကျွန်တော် စိတ်မကောင်းပါဘူးဗျာ။ တစ်မနက်လုံး အလုပ်တွေ ရှုပ်နေတာနဲ့ပဲ အဲ့တာကြောင့် ရုံးမလာဖြစ်ခဲ့တာဗျ"
"နေ့လည်စာကိုကော ကြိုက်ရဲ့လား။ အလုပ် ပတ်ဝန်းကျင်ကိုကော သဘောကျရဲ့လား"
ဖေးချမ့် သွားဖြီးလိုက်ပြီး ရွမ်ကွမ်းကျန့်ရဲ့ အနာကို ဆားပက်ဖို့ ပြင်လိုက်သည်။
ရွမ်ကွမ်းကျန့်ရဲ့ ပုံစံကလည်း ယခင်တုန်းကထက် စိတ်ဓာတ် အများကြီး ပိုကျနေသည့်ပုံပေါက်နေသည်။ သူ့ပုံစံက... တစ်ခုခု စဉ်းစားနေသည့်ပုံစံပင်။ ဖေးချမ်ကို ကြည့်ရင်း နောက်ဆုံးတော့ စိတ်ဆုံးဖြတ်ချက် ချလိုက်ပါသည်။
"ဘော့စ်ဖေး ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်ပြီဗျာ။ ကျွန်တော့် အလုပ်နေရာကိုလည်း ကျင်းကျိုးမြို့ဆီ ပြောင်းလာတော့မယ်" ရွမ်ကွမ်းကျန့်က အလွန် လေးနက်စွာ ပြောလိုက်ပါသည်။
ဖေးချမ့် ကြက်သေ သေသွား၏။ ခဏလောက်ကြာမှ သူ့အာရုံထဲ မေးခွန်းသင်္ကေတတွေနဲ့ ပြည့်နှက်သွားပါသည်။
"အမ်"
သူ့ကို ရွမ်ကွမ်းကျန့် ပထမဆုံးပြောမည့်စကားက ဒါ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပါ...။
တစ်ခုခု မူမမှန်တာကို ခံစားမိပြီး ဖေးချမ့် အမြန် ပြောလိုက်ပါသည်။ "ညီကိုရွမ်။ အဲ့လိုကိစ္စမျိုးကို အလောတကြီး မဆုံးဖြတ်သင့်ဘူးလေ အလုပ်နေရာ တစ်ခုလုံးကို ရွှေ့ပြောင်းတယ်ဆိုတာ အသေးအဖွဲ ကိစ္စ မဟုတ်ဘူး"
"အခု ခင်ဗျားငှားထားတဲ့ ရုံးနေရာကကော ဘယ်လို လုပ်မလဲ။ ခင်ဗျား ဝယ်ထားပြီးသား ပရိဘောဂနဲ့ ကွန်ပြူတာတွေကိုကော ဘယ်လိုလုပ်မလဲ။ ဝန်ထမ်းတွေဆို အိမ်တောင် ပြောင်းရမယ်။ သူတို့ မွေးရပ်မြေကို စွန့်ခွာပြီး ကျင်းကျိုးမြို့အထိတောင် လာနေရလိမ့်မယ်..."
"နည်းနည်းလောက် သည်းခံထားပါဦး။ နည်းနည်းလောက်ပဲ။"
ဖေးချမ့် ခေါင်းမူးသွားသည်။
ရွမ်ကွမ်းကျန့်။ မင်းကျင်းကျိုးမြို့ထိ ကိုယ့်စိတ်ကူးနဲ့ကိုယ် လာပြီး ငါ့နောက်ကျောကို ဓားနဲ့ လာထိုးတာနဲ့တင် မလုံလောက်သေးဘူးလား။ အခုတော့ မင်းရဲ့ ရုံးတစ်ရုံးလုံးကိုပါ ကျင်းကျိုးမြို့ထိ သယ်လာတော့မှာလား။
ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား။
အခုချိန်ထိ ထန်းတာ့ဒီဇိုင်နာများက ပန်းချီရင်းမြစ်များအတွက် ဟေလိုလုပ်ငန်းနဲ့ အွန်လိုင်းပေါ်မှာ အတူတူ လုပ်ဆောင်နေကြဆဲ ဖြစ်သည်။ သိပ်အဆင်ပြေ ချောမွေ့မှု မရှိသော်လည်း ရွမ်ကွမ်းကျန့်၏ စောင့်ကြည့်မှုနဲ့ အရည်အသွေး ထိန်းချုပ်မှုအောက်တွင် ပန်းချီရင်းမြစ်များက အတော်လေး ကောင်းမွန်နေဆဲ ဖြစ်သည်။
ဟေလိုလုပ်ငန်းတစ်ခုလုံးကိုပါ ကျင်းကျိုးမြို့ဆီ ရွှေ့လာပါက....
ဆက်သွယ်ရေး ပြဿနာရှိတိုင်း ဝန်ထမ်းများက ဘတ်စ်ကားစီးပြီး တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် လာတွေ့လို့ ရပါသည်။
ထို့ကြောင့် ဖေးချမ့် ရွမ်ကွမ်းကျန့်၏ စိတ်ကို ပြောင်းလဲဖို့ အမြန်ကြိုးစားလိုက်ရသည်။ ထိုလက်တွေ့ မဆန်သည့် အကြံကို ချက်ချင်း ဖျောက်ဖျက်ပစ်ဖို့ မျှော်လင့်ချက်ဖြင့် ဖြစ်ပါသည်။
ရွမ်ကွမ်းကျန့်က ခပ်ပါးပါး ပြုံးလိုက်လေသည်။ "ဘော့စ်ဖေး။ ဘော့စ်ဖေးရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော့်လုပ်ငန်း တစ်ခုလုံးကို ဒီကို ပြောင်းရွှေ့ဖို့က တကယ် ခက်ခဲလိမ့်မယ်။ ရိုးရိုးသားသား ပြောရရင် ကျွန်တော်ကလွဲပြီး ကျွန်တော့် ကုမ္ပဏီဝန်ထမ်း အများစုက ရွှေ့ပြောင်းချင်ကြမှာ မဟုတ်မှန်း သေချာတယ်"
"ဒါပေမယ့် ကျွန်တော် စဉ်းစားနေတာ ကြာပြီဗျ။ ကျင်းကျိုးမြို့ကို ပြောင်းတာက အကျိုးကျေးဇူး အများကြီး ပိုရှိတယ်လို့ ကောက်ချက် ချထားပြီးပြီ"
"ဒီက အိမ်ငှားခတွေက ရှန်ဟိုင်းမြို့ထက် အများကြီး စျေးသက်သာတယ်။ တခြား ကုန်ကျစရိတ်တွေအကုန်လုံးလည်း ပိုပြီး သက်သာတယ်။ ယွီသရေစာ လုပ်ငန်းနဲ့ လေဆန် ပို့ဆောင်ရေး လုပ်ငန်းတွေလည်း ရှိသေးတယ်။ နေထိုင်မှုစံနှုန်းနဲ့ အဆင်ပြေချောမွေ့မှုတွေက ကျင်းကျိုးမြို့မှာဆို အာမခံရှိပြီးသားပဲ"
"ကျွန်တော့် အလုပ်က တခြားလူတွေလည်း ကျင်းကျိုးမြို့ကို ပြောင်းလာရင် နေထိုင်စရိတ် ပိုသက်သာသွားကြမယ်။ သူတို့ရဲ့ လစာတွေကို ဒီတိုင်း ထိန်းသိမ်းပေးထားသရွေ့ သူတို့ နေထိုင်မှု စံနှုန်းလည်း ကျိန်းသေ တိုးတက်လာမှာပဲ"
"ရွှေ့ပြောင်းဖို့ အစီအစဉ်ကိုလည်း... ကျွန်တော် အနည်းနဲ့ အများ စဉ်းစားပြီးပါပြီ"
"ကျွန်တော်တို့ လက်ရှိ ရုံးနေရာကို ပြန်ငှားလိုက်ပြီး အဲ့က ပရိဘောဂတွေ အကုန်လုံးကို ရောင်းချလိုက်မယ်။ ပြီးရင် ကျင်းကျိုးမြို့ကို ရောက်တာနဲ့ အသစ်တွေ ဝယ်မယ်"
"ဒီလောက် အကွာအဝေးကြီးကို ရွှေ့ပြောင်းတာဆိုတော့ ကုန်ကျစရိတ် သေချာပေါက် များမှာပဲ။ ဒါပေမယ့် အားလုံးကို ခြုံကြည့်လိုက်ရင် အချိန်ခဏလောက်ကြာတာနဲ့ အဲ့ငွေကို ပြန်ရမှာပါ"
ဖေးချမ့် ခေါင်းနောက်သွားလေသည်။ "မွေးရပ်မြေကို စွန့်ခွာဖို့ဆိုတာ ခက်ခဲတယ်နော်။ ခင်ဗျားရဲ့ ဝန်ထမ်းတွေက ခင်ဗျားနဲ့ အတူတူ ပြောင်းဖို့ သဘောတူပါ့မလား"
ရွမ်ကွမ်းကျန့် ပြုံးလိုက်သည်။ "မွေးရပ်မြေကို စွန့်ခွာရတာ ခက်တယ်ဆိုတာ ဘာကို ပြောတာလဲဗျ။ ကျွန်တော်တို့ မွေးရပ်မြေက ဘယ်မှာမို့လို့လဲ။ ကျွန်တော့်လုပ်ငန်းက ဘယ်သူမှ ရှန်ဟိုင်းမှာ မွေးကြတာမှ မဟုတ်တာ။ အများစုက ဒီတိုင်း ရှန်ဟိုင်းမြို့မှာ အသက်မွေးဝမ်းကြောင်း လာပြုတာ။ ကျွန်တော်တို့ အိမ်တွေလည်း မဝယ်နိုင်၊ ထီလည်း မပေါက်၊ ဘဏ်အကောင့်တောင် မရှိကြဘူး"
"ကျင်းကျိုးမြို့ကို ရွှေ့ပြောင်းလာရင် ကြုံတွေ့ရမယ့် တစ်ခုတည်းသော ပြဿနာက ကျွန်တော်တို့ ကုမ္ပဏီ အရမ်းသေးနေမှာပဲ။ ကျွန်တော်တို့ အလုပ်ပြောင်းဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်လုပ်ငန်းထဲက အချက်အချာကျတဲ့ အဖွဲ့ဝင်တွေက အားလုံး ကျွန်တော့် မိတ်ဆွေကောင်းတွေချည့်ပဲ။ အားလုံးက ကျွန်တော့်နောက်ကို လိုက်ဖို့ပဲ ဆုံးဖြတ်ချက် ချထားပြီးသား။ မလိုက်နိုင်တဲ့လူတွေက အလုပ်သစ် ရှာကြပေါ့လေ"
"ဘယ်လိုပဲဖြစ်ဖြစ် နာကျင်စရာ ကိစ္စတွေကို မြန်မြန် ရှင်းတာ ပိုကောင်းတယ်။ လုပ်ငန်းနေရာက ဘယ်မှာဖြစ်ဖြစ် အတူတူပဲဆိုတော့ ဖိအားနည်းတဲ့ မြို့တစ်မြို့ကို ပြောင်းလိုက်တာ မကောင်းဘူးလား"
"ပြီးတော့ ဒီမှာလည်း ကျွန်တော့် မိတ်ဆွေတွေ ရှိတယ်လေ"
ရွမ်ကွမ်းကျန့်က ဖေးချမ့်ကို နွေးနွေးထွေးထွေး အပြုံးဖြင့် ကြည့်လိုက်၏။
ဖေးချမ့် "?"
ထို့နောက် ရွမ်ကွမ်းကျန့်က သူ့ကို 'မိတ်ဆွေ'ဟု ရည်ညွှန်းခေါ်ဆိုလိုက်တာဖြစ်မှန်း ဖေးချမ့် ချက်ချင်း သဘောပေါက်သွား၏။
ရွမ်ကွမ်းကျန့် ဆက်ပြောလိုက်သည်။ "အနှစ်ချုပ် အားဖြင့် ကျွန်တော်တို့ ကျင်းကျိုးမြို့ကို ရောက်လာတဲ့အခါ ကျွန်တော်တို့ လုပ်ငန်းက ဘော့စ်ဖေးကိုပဲ အားကိုးရမှာပဲ ဘော့စ်ဖေးက သစ္စာရှိတဲ့ လူတစ်ယောက်ဆိုတော့ ကျွန်တော် ယုံကြည်လို့ရမှာ သေချာတယ်"
ဖေးချမ့်အာရုံထဲ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားပါသည်။ အခု တော်တော်လေးကို မူးဝေနေပါပြီ။
အစကတော့ စကားဝိုင်းက အလားအလာကောင်းသည်ဟု ဖေးချမ့် ထင်ခဲ့သည်။ သို့သော်လည်း ဇာတ်လမ်းက ရှေ့ရောက်လေလေ ကွေ့ကောက် လိမ်ပတ်လာလေလေ ဖြစ်ကာ... နောက်ဆုံးတော့ ဖရိုဖရဲ ဗရုသုက္ခတွေ ဖြကုန်ပါပြီ။
ဒီကိစ္စကို ဆက်ခွင့်ပြုလို့ လုံးဝ မဖြစ်တော့ဘူး။ ရွမ်ကွမ်းကျန့်က သူ့လုပ်ငန်းတစ်ခုလုံးကို ဒီမြို့ဆီ ရွှေ့တော့မှာ ဟုတ်လား သောက်အဓိပ္ပာယ် မရှိတာ ဖေးချမ့် အမြန်ပြောလိုက်ပါသည်။ "ညီကိုရွမ်။ ခင်ဗျား ဘယ်လိုခံစားရလဲ ကျွန်တော် နားလည်ပါတယ်"
"ဒါပေမယ့် လတ်တလောမှာ ခင်ဗျားက အလုပ် အရမ်းရှုပ်နေတာလေ။ အခုချက်ချင်း အလုပ်နေရာ အပြောင်းအလဲ လုပ်လိုက်ရင် ခင်ဗျားရဲ့ တာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ နည်းနည်းလောက် ထပ်စဉ်းစားပါဦး အလောတကြီး မလုပ်ပါနဲ့"
ရွမ်ကွမ်းကျန့် ခေတ္တစဉ်းစားလိုက်၏။ "အင်း... အဲ့တာတော့ ဟုတ်တယ်"
"ဟုတ်ပြီဗျာ။ ကျွန်တော်တို့ ထန်းတာ့ရဲ့ ပန်းချီရင်းမြစ်တွေ အကုန် ဆွဲပြီးသွားတာနဲ့ ပြောင်းရွှေ့ဖို့ ပြင်လိုက်တော့မယ်"
ရွမ်ကွမ်းကျန့် ပြောပြီးတာနဲ့ အလုပ်ပြန်လုပ်နေလိုက်သည်။ သူ့ရင်ထဲမှာလည်း လှပတဲ့ အနာဂတ်တစ်ခုအတွက် မျှော်လင့်ချက်တွေ ပြည့်ဝလို့ နေပါသည်.
ယုံကြည်ချက်ပြည့်ဝနေသည့် ရွမ်ကွမ်းကျန့်ကို ကြည့်ရင်း ဖေးချမ့် နက်နက်ရှိုင်းရှိုင်း စိတ်ရှုပ်ထွေးသွားသည်။
သွားပါပြီ။ တော်တော်ဆိုးတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ။
ဟေလိုလုပ်ငန်းက ၃ လ ၄ လအတွင်း ကျင်းကျိုးမြို့ဆီ ပြောင်းလာတော့မည်။ ဖေးချမ့် ဘာတတ်နိုင်မှာလဲ။
ရွမ်ကွမ်းကျန့်က ရှန်ဟိုင်းမြို့မှာ နေထိုင်တာကြောင့်သာ ဖေးချမ့် အေးအေးဆေးဆေး နေနိုင်ခဲ့တာဖြစ်သည်။ သူသာ ကျင်းကျိုးမြို့ကို ပြောင်းလာမယ်ဆို ဖေးချမ့် အသက်တောင် ရှူနိုင်ပါတော့မလား။
အဲ့အချိန်ကျရင် သူ ဘာလုပ်ရမှာလဲ။
ဖေးချမ့် ခေါင်းတွေ စတင်ထိုးနှက်လာခဲ့သည်။ ဧည့်ခန်းထဲကို တိုးတိုးတိတ်တိတ် လျှောက်သွားလိုက်ပြီး လက်ဖက်ရည်တစ်ခွက် သောက်ကာ လေးလေးနက်နက် စဉ်းစားလိုက်ပါသည်။
ဒင် ဒင် သူ့ဖုန်းသံ မြည်လာခဲ့၏။ ဖေးချမ့် ကိုင်ကြည့်လိုက်သောအခါ လီယာ့တာ ထံမှ မက်ဆေ့ ဝင်လာတာ ဖြစ်ကြောင်း မြင်လိုက်ရပါသည်။
"ဘော့စ်ဖေး ဒါကကော ဘော့စ်ဖေးရဲ့ အစီအစဉ်ပဲလား"
"အရမ်းကိုထက်မြက်တဲ့ အစီအစဉ်ပါပဲလား စကားလုံးလေးတစ်ကြောင်းနဲ့ ဘော့စ်ကြီးရွမ်ကို ကျင်းကျိုးဆီ ပြောင်းအောင် လုပ်နိုင်ခဲ့တယ်။ သူ့လုပ်ငန်းတစ်ခုလုံးကိုပါ ပြောင်းရွှေ့မှာတဲ့"
"ဒါဘာမှ မကမ်းလှမ်းဘဲနဲ့ ပညာရှင်တွေကို မျှားခေါ်တဲ့ သမိုင်းဝင်နည်းလမ်းလား ဘာလား"
"ဘော့စ်ဖေးက တကယ်ညှို့အားပြင်းပြီး ဆွဲဆောင်မှု ရှိတာပဲ"
"ဘော့စ်ဖေးကို ချီးကျူးပါတယ်"
ဖေးချမ့်ဆီ မက်ဆေ့တွေ တစ်စောင်ပြီး တစ်စောင် ဝင်လာခဲ့ပါသည်။ လီယာ့တာ သူ့ကို ဘယ်လောက် လေးစားမှန်း သိသာသည်။
နောက်တစ်ဖန် ဖေးချမ့် ပြောစရာ စကား ပျောက်ဆုံးသွားရပြန်သည်။ ဒါနားလည်မှုကြီးကြီးမားမား လွဲတာဟု ပြောချင်၏။ သို့သော်လည်း စာလုံးတချို့ ရိုက်ပြီးမှ အကုန် ပြန်ဖျက်လိုက်ပါသည်။
သူ့ရင်ထဲကသာ သက်ပြင်းချနိုင်မိတော့သည်။
ငါ့အတွက် အရမ်းခက်ခဲပါလား။