← Chapters

အလိုမရှိဆုံး ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံမယ်

Vol. 24 Ch. 347

အလိုမရှိဆုံး ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံမယ်

Vol. 24 Ch. 347

ဒီဇင်ဘာလ ၃ ရက်၊ သောကြာနေ့...

ထန်းတာ့ နက်ဝေါ့ခ်နည်းပညာ ကုမ္ပဏီလီမိတက်၌...

ထန်ယီရှုတစ်ယောက် မျက်ရိုးလေးရဲ့ ကြောင်ချေးဗန်းကို သန့်ရှင်းရေးလုပ်ပြီးနောက် အစာကို ပုံမှန်အတိုင်း ဖြည့်ပေးလိုက်သည်။ ထို့နောက် ပေါင်ရှုနားက ဖြတ်သွားပြီး ကိုယ့် စားပွဲကိုယ် ပြန်လာခဲ့ပါသည်။

ပေါင်ရှုရဲ့ မော်နီတာမှာ ကျုံးထျန်တရုတ်နက်ဝေါ့ခ် ဝက်ဘ်ဆိုက် ပေါ်နေသည်။

သူ့ပုံစံက စိတ်ဝင်စားစရာ အွန်လိုင်းဝတ္ထုတစ်ပုဒ်ထဲ စိတ်ပါဝင်စားလွန်းနေသဖြင့် အနားမှာဖြစ်ပျက်နေတာတွေကို အာရုံမစိုက်နိုင်တဲ့ ပုံစံမျိုးပင်။

သို့သော်လည်း ထန်ယီရှု သူ့နားက ဖြတ်သွားတာနဲ့ မျက်လုံးထောင့်မှ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး ဘယ်သူမှ မရှိမှန်း အတည်ပြုလိုက်သည်။ ထို့နောက် ဂိမ်းပရိုဂရမ်ကို ချက်ချင်း ပြောင်းလဲလိုက်၏။

ပြုပြင်ထားသည့် စာဖိုင်ကို စစ်ဆေးလိုက်သည်။ ထို့နောက် Save ကာ လီယာ့တာဆီသို့ Chat ဆော့ဖ်ဝဲ သုံးလျက် ပို့ပေးခဲ့ပါသည်။

လုပ်စရာရှိတာ အကုန်လုပ်ပြီးတာနဲ့ ပေါင်ရှု စိတ်အေးလက်အေးသက်ပြင်းချလိုက်ပြီး စာဖတ်ချင်ယောင် ဆက်ဆောင်နေလိုက်ပါသည်။

ဂိမ်းတွေနဲ့ ပရိုဂရမ်အကြားမှာ ဟိုပြောင်းလိုက် ဒီပြောင်းလိုက် လုပ်နေရတာက နှေးကွေးပြီး အဆင်လည်း မပြေလှပေ။ ပေါင်ရှု အလိမ်ပေါ်သွားနိုင်သည့် အန္တရာယ်လည်း မြင့်မားသည်။ ထို့ကြောင့် အွန်လိုင်းဝတ္ထု ဝက်ဘ်ဆိုက်တစ်ခုမှ အပြောင်းအလဲ လုပ်တာက ပိုမြန်ပါသည်။

GOG ဂိမ်း ဖန်တီးမှုက အရှိန်ပိုမြင့်လာသော်လည်း ဒီဇိုင်းလုပ်ငန်းများစွာ လုပ်ဖို့ လိုသေးသည်။

အဘယ့်ကြောင့်ဆိုသော် ဒီလို ဂိမ်းအမျိုးအစားတွေက Bug များစွာ ရှိတတ်တာကြောင့်ပင်။

ဟီးရိုးတစ်ကောင်ချင်းစီတိုင်းရဲ့ ထူးခြားတဲ့ လက္ခဏာများ၊ ၎င်းတို့ Skill တွေရဲ့ ဦးစားပေးမှုများ၊ ၎င်းတို့ရဲ့ အက်ရှင်၊ အထူးပြုလုပ်ချက်နဲ့ Stats တွေက အဓိပ္ပာယ်ရှိမရှိ၊ တခြား အသေးစိတ်အချက်တွေကို အချောသပ်ဖို့ လိုမလား မလိုဘူးလား စသဖြင့်...

ဒါတွေအားလုံးက သူတို့ဆက်တိုက် ဆောင်ရွက်ရမည့် ဒီဇိုင်းလုပ်ငန်းများ ဖြစ်ကြသည်။

ဒါတွေအကုန် စုပေါင်းလိုက်လျှင် လီယာ့တာနဲ့ သူမရဲ့ ဒီဇိုင်းအဖွဲ့တို့ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေလိမ့်မည်။ ထို့ကြောင့် ပေါင်ရှုကိုယ်တိုင် ဝင်ကူညီရပါသည်။

သို့သော်လည်း နောက်ထပ် လစာမပြတ် အားလပ်ရက် တစ်ခု ရသွားနိုင်ခြေအန္တရာယ်ကြောင့် ပေါင်ရှု အနည်းငယ် အားနည်းနေရသည်။

စာဖိုင်ကို ပေါ်တင်ကြီးလည်း မပြုပြင်ရဲပေ။

ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ ပြုပြင်မှုများ လုပ်ပြီး လီယာ့တာထံသို့ ခိုးကြောင်ခိုးဝှက် ပို့နေရပါသည်။ သူမကသာ စာဖိုင်ကို Upload တင်ပေးလိမ့်မည်။

ဒီလိုဆို ပေါင်ရှုတစ်ယောက် နောက်တစ်ခေါက် ထူးချွန်ဝန်ထမ်းဟု အမည်တပ်ခံရမှာကို ရှောင်ရှားလို့ ရပါသည်။

မိနစ် အနည်းငယ် ကြာသောအခါ လီယာ့တာက သူ့ကို စာပြန်လိုက်၏။

"ဒီတစ်ပတ် အားလပ်ရက်ကျရင် ရှင့်အတွက် အချိန်ပို လျှောက်ပေးရမလား။ ဒါမှမဟုတ် ရှင် ရုံးကို ခိုးလာဦးမှာလား"

"ရှင် ခိုးမလာသင့်တော့ဘူးလို့ ကျွန်မတော့ ထင်တယ်။ လူတွေများရင် မိသွားနိုင်ခြေ ပိုများတယ်။ ရှင် ပြဿနာတွေ အလွယ်တကူ တက်နိုင်တယ်နော်"

ပေါင်ရှုက စာပြန်၏။ "ငါ မစဉ်းစားရသေးဘူး။ နည်းနည်းလောက် ထပ်စဉ်းစားပါရစေဦး"

"ဘာကြောင့်မှန်းမသိဘဲ အခုတလော အခြေအနေတွေ နည်းနည်း တင်းမာနေသလိုကြီး ခံစားမိတယ်ဟာ။ ငါပဲ အတွေးလွန်နေတာများလား မသိဘူး..."

အရင်တစ်ပတ် အားလပ်ရက်မှာ ထန်ယီရှုနဲ့ ပက်ပင်းတိုးပြီးကတည်းက ပေါင်ရှုတစ်ယောက် နိမိတ်မကောင်းသည့် ခံစားချက်ကြီးတစ်ခုကို ခံစားနေရသည်။ အချိန်မရွေး သူ အလိမ်ပေါ်သွားမှာကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။

သို့သော်လည်း သူ့ဆီ ဘော့စ်ဖေး ရောက်မလာခဲ့ပေ။

လီယာ့တာနဲ့ ကျိုးလေးကို ဘော့စ်ဖေးရဲ့ ရုံးထဲ ခေါ်ခဲ့ကြသည်။ ဆိုလိုတာက အားလပ်ရက်တွေမှာ ရုံးထဲ အလုပ်လာလုပ်နေတဲ့ လူတွေ ရှိနေသည်ဟု ဘော့စ်ဖေး သတိထားမိသွားပြီ ဖြစ်သည်။

ဒီတစ်ခေါက် ပေါင်ရှု ကံကောင်းသွား၏။ လီယာ့တာနဲ့ ကျိုးလေးတို့ သူ့အတွက် ကာပေးလိုက်ကြသည်။ ထို့အပြင် ဝန်ထမ်းကောင်မလေးအသစ် ထန်ယီရှုကလည်း သစ္စာရှိပါသည်။ ဘော့စ်ဖေးကို သူမ ချွန်တွန်း မလုပ်ခဲ့ပါ။ ထို့ကြောင့် ပေါင်ရှု လောလောဆယ်တော့ ဘေးကင်းမှန်း သေချာ စိတ်ချနိုင်ပါသည်။

သို့သော်လည်း ဒီအခြေအနေကြီးတစ်ခုလုံးကြောင့်ပဲ ပေါင်ရှု ပိုပြီး သတိကြီးလာရသည်။

ဘော့စ်ဖေးက ဒီအပတ် အားလပ်ရက်မှာ လူတချို့ကို အချိန်ပိုလုပ်ခွင့်ပေးခဲ့သည်။

ဒီဇိုင်းအဖွဲ့ကို အတိုင်းအတာတစ်ခု သတ်မှတ်ပေးထား၏။ အချိန်ပိုလုပ်နိုင်တဲ့ လူအရေအတွက်နဲ့ ကြာချိန်တို့က ပြင်းပြင်းထန်ထန် အကန့်အသတ် ရှိသော်လည်း သတင်းကောင်း ဖြစ်ပါသည်။ အဖွဲ့ဝင်တွေလည်း အရင်တုန်းကလို အိမ်ကနေ ခိုးကြောင်ခိုးဝှက် အချိန်ပို လုပ်စရာ မလိုတော့ပေ။ သူတို့ ရုံးကို ပေါ်တင် လာနိုင်သည်။ ကော်ဖီလေးဖျော်၊ မုန့်လေးစားရင်း ဒီဇိုင်းဦးတည်ချက်ကို မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ကြပါသည်။

သို့သော်လည်း ပေါင်ရှုက အချိန်ပိုလုပ်ခွင့် လျှောက်ဖို့ ရည်ရွယ်ချက် မရှိသေးပါ။

အားလပ်ရက်မှာ အချိန်ပိုလုပ်ဖို့ သူ လျှောက်လိုက်ရင် ဘော့စ်ဖေး ဘယ်လိုမြင်သွားမလဲ။ သူ့လုပ်ဖော်ကိုင်ဖက်တွေ သူ့ကို ဘယ်လို ကြည့်နေကြမလဲ။

သူ ကြိုးစားထားတာတွေမှန်သမျှ သဲထဲရေသွန် ဖြစ်မသွားနိုင်ဘူးလား။

နောက်ထပ်ထူးချွန်ဝန်ထမ်း ရွေးချယ်ပွဲမရောက်ခင် ၂ လ ၃ လသာ လိုတော့သည်။ အားထုတ်ခဲ့သမျှကို သဲထဲရေသွန် ဖြစ်မသွားစေချင်ပေ။

ထို့ကြောင့် ပေါင်ရှုအတွက် ရွေးချယ်စရာ လမ်း ၃ လမ်းသာ ရှိတော့သည်။ အချိန်ပိုလုပ်ခွင့် လျှောက်ထားကာ ရုံးကို ပေါ်တင်လာနိုင်သည်။ သို့မဟုတ် အိမ်မှာ အလုပ် လုပ်နိုင်သည်။ သို့မဟုတ် ခွင့်ပြုချက် မတောင်းဘဲ ရုံးကို ခိုးလာနိုင်သည်။

ပေါင်ရှု စတင်ပြီး ပဋိပက္ခဖြစ်လာခဲ့လေသည်။ သို့သော်လည်း မသိစိတ်မှ အလောတကြီး ဆုံးဖြတ်စရာ မလိုဘူးဟု ထင်မိ၏။ အခြေအနေကို နည်းနည်းလောက် ဆက်စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ချက် ချလို့ရပါသည်။

စနေနေ့ည၊ ယွီအင်တာနက်ကဖေး ဟန်တုန်းတက္ကသိုလ် ဆိုင်ခွဲ၌...

ဖေးချမ့်နဲ့ လီရှိတို့နှစ်ယောက် ကော့တေးများသောက်ရင်း တိတ်ဆိတ်နေကြသည်။

ဖေးချမ့်က အာရုံများနေသည့်ပုံပင်။ အိမ်လွမ်းနေတဲ့ မျက်နှာနဲ့ စိတ်ဓာတ်လည်း ကျနေသည့်ပုံပေါက်သည်။

တစ်ဖက်မှာတော့ လီရှိကာ ကော့တေးကို မော့ရင်း ဘော့စ်ဖေးရဲ့ မျက်နှာထားကို အကဲခတ်နေပါသည်။ ဘော့စ်ဖေးရဲ့ စိတ်ထဲမှာ ဘာတွေရှိနေသလဲဆိုတာကို ခန့်မှန်းဖို့ ကြိုးစားနေသလိုပင်။

ခုတလော ဘယ်အရာမဆို အလွဲလွဲအချော်ချော် ဖြစ်နေခဲ့သည်ဟု ဖေးချမ့် ခံစားနေရ၏။ ထို့ကြောင့် ညနေခင်း အလုပ်အားလုံးကို ပစ်ကာ တစ်ခွက် နှစ်ခွက်လောက် လာသောက်နေခြင်း ဖြစ်သည်။

လီရှိနဲ့ ပက်ပင်းလာဆုံလိမ့်မည်ဟု မထင်ခဲ့ပေ။

ဖေးချမ့်လည်း အများကြီး တွေးမနေပါ။ ဘာပဲဖြစ်ဖြစ် လီရှိက ယွီအင်တာနက်ကဖေးရဲ့ ဖောက်သည်လို ဖြစ်နေသည်။ သာမန်ထက် မလွန်သည့် တိုက်ဆိုင်မှုတစ်ခုဟုသာ တွေးလိုက်ပါသည်။

သို့သော်လည်း လီရှိကတော့ ဒီလိုမမြင်ပေ။ ဟန်တုန်းတက္ကသိုလ်ဆိုင်ခွဲကို ဖေးချမ့်ကိုမြင်ရဖို့ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်ရှိရှိ လာခဲ့ခြင်း ဖြစ်ပါသည်။

ဘာကြောင့်လဲဆိုတော့...

ပြောရမှာ ရှည်ပါသည်။

မင်ယွမ်စားဖိုဆောင် နာမည်ကြီးလာသောအခါ လီရှိရဲ့ ဖူဟွေ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက အကျိုးအမြတ် အများကြီး ရလာသည်။ ထို့ကြောင့် ဖေးချမ့်ရဲ့ လှုပ်ရှားမှုတိုင်းကို လီရှိ စိတ်ဝင်စားလာခဲ့၏။

ရင်းနှီးမြှုပ်နှံရတာ အများကြီး ပိုလွယ်ကူလာသည်ဟု ရုတ်တရက် နားလည်သွားသည်။

သူလုပ်ရမှာဆိုလို့ ဘော့စ်ဖေး ယွီအင်တာနက်ကဖေး၊ သို့မဟုတ် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်တဲ့ ဘယ်နယ်မြေမှာမဆို လိုက်ပြီး ရင်းနှီးမြှုပ်နှံလိုက်ဖို့ ဖြစ်ပါသည်။

သို့သော်လည်း ဖေးချမ့်က ဆိုင်ခန်းလုပ်ငန်းတွေမှာ စိတ်ဝင်စားမှု လျော့နည်းသွားသည့်ပုံပင်။

အလွန်ဆုံး ရှော့ပင်းမောများစွာမှာ ယွီအင်တာနက် ကဖေး ၂.၀ ကိုသာ ဖွင့်ခဲ့၏။ ထို့နောက် လီရှိ ဘာသတင်းမှ ထပ်မကြားရတော့ပါ။

လီရှိက ဖေးချမ့်ရဲ့ ခြေရာအတိုင်း လိုက်ပြီး ဖေးချမ့်ရဲ့ အမြော်အမြင်မှာ ကုန်းဆင်းချင်နေသည်။ သို့သော် ကုန်းဆင်းဖို့တောင် မအောင်မြင်ပါ။

ထို့ကြောင့် လီရှိ အလွန် ဇဝေဇဝါ ဖြစ်သွားရ၏။

ယွီအင်တာနက်ကဖေးကလည်း ရေပန်းစားလာပြီးသား ဖြစ်သည်။ ဂိမ်းလာကစားတဲ့လူတွေ ပိုပိုများလာပြီး ဂုဏ်သတင်းကလည်း တိုးတက်လာပါပြီ။ ဒီလိုအချိန်က နိုင်ငံတော်တဝှမ်းမှာ ဆိုင်ခွဲတွေ ထပ်ဖွင့်ပြီး တိုးချဲ့သင့်တဲ့ အချိန်ကောင်းပဲ မဟုတ်ဘူးလား။

ဖေးချမ့်က တည်တည်ငြိမ်ငြိမ်ရှိချင်တာ ဆိုရင်တောင် အနည်းဆုံးတော့ လုကျိုးနဲ့ လင်းချန်းမြို့နယ်တွေလို့ ဟန်တုံးပြည်နယ်ထဲက တခြားမြို့တွေဆီ တိုးချဲ့သင့်တာပဲ မဟုတ်လား။

ထိုမြို့တွေမှာ ဘော့စ်ဖေး ယွီအင်တာနက်ဆိုင်ခွဲသစ်တွေ ဖွင့်မယ့်အချိန်ကို လီရှိ စောင့်နေခဲ့တာကြာပြီဖြစ်သည်။ ဒါမှ ပတ်ဝန်းကျင် နယ်မြေတွေမှာ ရင်းနှီးမြှုပ်နှံကာ အကျိုးအမြတ် ရနိုင်မှာပဲ ဖြစ်ပါသည်။

သို့သော်လည်း ဒီလောက်အချိန်ကြာတာတောင် ဘော့စ်ဖေးက ဖွင့်ဖို့ လက္ခဏာ မပြသေးပါ။

အရှုံးမှ အမြတ်အဖြစ် ပြောင်းလဲလာပြီဖြစ်သော်လည်း ယွီအင်တာနက်ကဖေးကို စွန့်ပစ်ကာ ထိုလုပ်ငန်းနဲ့ လုံးဝ အဆက်အသွယ် ဖြတ်လိုက်သည့် ပုံစံမျိုးကြီးပဲ။

ထူးဆန်းလွန်းပါသည်။

ထို့ကြောင့် လီရှိ ဒီနေ့တော့ လုံးဝ ထိန်းလို့မရတော့ပါ။ ဘော့စ်ဖေးရဲ့ ရှင်းပြချက်ကို နားထောင်ချင်သည်။

"ဘော့စ်ဖေး ခင်ဗျား အရမ်း အလုပ်များနေတဲ့ပုံပဲနော်။ ခင်ဗျား ယွီအင်တာနက်ကဖေးမှာ လာသောက်တာကို မမြင်ရတာ ကြာပြီ။ ခင်ဗျားရဲ့ လုပ်ငန်းတွေလည်း အခု အဆင်ပြေနေပြီ။ သတင်းကောင်းပဲနော်"

လီရှိက ဖေးချမ့်ကို ဖားယားပြီး စတင်ဖို့ ကြိုးစားပါသည်။ သို့သော်လည်း ဖေးချမ့်က သူ့အားထုတ်မှုကို စိတ်ဝင်စားသည့်ပုံမပေါ်ပေ။ သူ့လုပ်ငန်းတွေက တကယ်ပဲ အဆင်ပြေနေပါသည်။ သို့သော် ထိုသတင်းက ဘာမှ မကောင်းပါ။

ဖေးချမ့် ကော့တေးကို မော့လိုက်ပြီး စိတ်ဓာတ်ကျနေဆဲပင်။ "ဘော့စ်လီ ကျွန်တော်အခု အရမ်း စိတ်ရှုပ်နေတယ်ဗျာ"

ဘော့စ်လီ ခေတ္တ ရပ်တန့်သွားပြီး ပြုံးလိုက်ပါသည်။ "ဘော့စ်ဖေး ဘာတွေ စိတ်ရှုပ်စရာ ရှိနေလို့လဲဗျ။ ခုချိန်ထိ ခင်ဗျားခြေချခဲ့တဲ့ လုပ်ငန်းနယ်ပယ်တိုင်းမှာ အောင်မြင်မှုရနေတာကို စိတ်ရှုပ်နေတာလား။ ဘဝက ခင်ဗျားအတွက် စိန်ခေါ်မှုတောင် မရှိတော့ဘူးလို့ ထင်သွားတာလား"

ဖေးချမ့် နောက်တစ်ဖန် ဆွံ့အသွားရပြန်သည်။

ဘော့စ်လီရဲ့ ပထမ စကားနှစ်ခွန်းကတော့ မှန်ပါသည်။ သို့သော် နောက်ဆုံးစကား မမှန်ပေ။

ပိုပြီး တိကျအောင် ပြောရလျှင် ခုချိန်ထိ ခြေချခဲ့သမျှ လုပ်ငန်းနယ်ပယ်တိုင်းမှာ အောင်မြင်မှုရနေတာကြောင့်ပဲ ဘဝကြီးက အလွန် စိန်ခေါ်မှု ရှိနေသည်ဟု ဖေးချမ့် ခံစားနေရပါသည်။ ရှုံးနိမ့်မှုတွေ အလွန်များပြားခဲ့သဖြင့် အခုဆို တိုက်ခိုက်ဖို့ စိတ်ဓာတ်တောင် ကျဆင်းနေပါပြီ။

ကံမကောင်းစွာဖြင့် ထိုပြဿနာတွေကို ဘယ်သူ့ဆီမှ ရင်ဖွင့် မျှဝေလို့ မရနိုင်ပေ။

ဖေးချမ့် လီရှိကို ကြည့်လိုက်ပြီး စိတ်ရင်းနဲ့ ပြောလိုက်ပါသည်။ "ဘော့စ်လီ ခင်ဗျားက ရင်းနှီးမြှုပ်နှံမှုမှာ အရမ်း အတွေ့အကြုံ ရှိတယ်နော်။ ကျင်းကျိုးမြို့ရဲ့ လုပ်ငန်းတွေကို ခင်ဗျားရဲ့ လက်ဖမိုးလောက် နားလည်တယ်။ စိတ်ရှုပ်နေတဲ့ ကျွန်တော့်ကို နည်းနည်းလောက် အလင်းပြပါလားဗျာ"

လီရှိ ခေတ္တ ရပ်တန့်သွားပြီ သွားပေါ်အောင် ပြုံးလိုက်လေသည်။ "ဘော့စ်ဖေးကတော့ နောက်ပြီ။ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့နေရာမှာ ခင်ဗျားနဲ့ ယှဉ်လိုက်ရင် ကျွန်တော်က ဘာကောင်မှ မဟုတ်ပါဘူးဗျာ။ ကျင်းကျိုးမြို့လုပ်ငန်းတွေအကြောင်း ခင်ဗျားထက် ကျွန်တော် နည်းနည်း ပိုသိနိုင်တယ် ဆိုပေမယ့် အနာဂတ်မှာ ကျင်းကျိုးမြို့လုပ်ငန်းတွေ ဘယ်လို ဖွံ့ဖြိုးတိုးတက်လာမလဲဆိုတာကိုတော့ ကျိန်းသေ ခင်ဗျားက ပိုသိမှာပါ"

ဖေးချမ့် ပြောစရာ စကား ပျောက်ဆုံးသွားရပြန်ပါသည်။

ခင်ဗျားကို တကယ် အကူအညီတောင်းနေတာ။ ခင်ဗျားကို ဖားနေတာ မဟုတ်ဘူး။ ဟာကွာ.... အောင်မြင်နေတဲ့လူတွေနဲ့ စကားပြောရတာ အရမ်း ပင်ပန်းတာပဲ။

ဖေးချမ့် ကွေ့ဝိုက်မနေတော့ဘဲ လိုရင်းကို ပြောဖို့ ဆုံးဖြတ်လိုက်သည်။ "ဘော့စ်လီ ကျွန်တော် တဲ့တိုးပဲ ပြောတော့မယ်နော်"

"ရင်းနှီးမြှုပ်နှံသူတွေ မထိရဲတဲ့ ကျင်းကျိုးမြို့က ပရောဂျက်တွေအကြောင်း ပြောပြပါလား။ အဲ့လို ပရောဂျက်တွေမှာ ကျွန်တော် ၅ သန်းလောက် ရင်းနှီးမြှုပ်နှံချင်လို့လေ။ ကျင်းကျိုးမြို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော့်ရဲ့ အသေးစား အထောက်အကူပြုမှုလေးပါ"

လီရှိ ဆွံ့အသွားသည်။

ဘော့စ်ဖေးက ဂုဏ်သတင်းနဲ့ တန်ပါပေသည်။ သူ့မေးခွန်းတွေကတောင် တခြားသူတွေရဲ့ မေးခွန်းနဲ့ ခြားနားလျက် ရှိ၏။

တခြားသူတွေသာဆို အလားအလာအရှိဆုံးနဲ့ အမြတ် အရနိုင်ဆုံး ပရောဂျက်တွေကိုသာ မေးလိမ့်မည်။ ဘော့စ်ဖေးကတော့ ရင်းနှီးမြှုပ်နှံသူတွေ မထိချင်တဲ့ ပရောဂျက်တွေကိုသာ မေးနေသည်။

တော်လိုက်တာ။

အမှန်ပင်။ သူက ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်သည်။ တခြားသူတွေ အားလုံးနဲ့ ကွဲပြားသူ ဖြစ်သည်။

"နားလည်ပါပြီ ဘော့စ်ဖေး။ သာမန် ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေကို ရိုးရှင်းလွန်းတယ်လို့ ထင်လို့လား။ အဲ့တာကြောင့် ဘော့စ်ဖေး အားမရတာလား။ အဲ့တာကြောင့် ပိုခက်ခဲတဲ့ ပရောဂျက်တွေကို ရှာဖွေနေတာလား။ ကိုယ့်ကိုယ်ကို စိန်ခေါ်မှု ပေးချင်လို့လား"

လီရှိရဲ့ မျက်လုံးတွေက လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။

ဖေးချမ့် ".... အဲ့လိုပါပဲ"

လီရှိက လက်မထောင်ပြကာ အော်ပြောလိုက်ပါသည်။ "လေးစားတယ်ဗျာ။ ကျင်းကျိုးမြို့က ရင်းနှီးမြှုပ်နှံသူတွေ မထိချင်တဲ့ ပရောဂျက်တွေဆိုရင်..."

"စက်မှုလုပ်ငန်းဟောင်းဇုန်တွေကိုပဲ တွေးမိတယ်။ အခု နိုင်ငံတော်တစ်ခုလုံးက စီးပွားရေး လုပ်ငန်းတွေ အဆင့်မြှင့်တင်ဖို့ ဦးတည်နေကြတာဆိုတော့ ထုတ်လုပ်ရေး နည်းလမ်းဟောင်းတွေကို စွန့်ပယ်ပြီး ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆန်းသစ်တဲ့ လုပ်ငန်းတွေကို ချဲ့ထွင်နေကြပြီ"

"စက်ရုံအများအပြားကိုလည်း စက်မှုလုပ်ငန်းဟောင်းဇုန်တွေကနေ ရွှေ့ပြောင်းလိုက်ကြပြီ။ ကျန်ခဲ့တာဆိုလို့ ဟောင်းနွမ်းနေတဲ့ စက်ရုံအဆောက်အဦးကြီးတွေပဲ။ အဲ့လို ဇုန်တွေက လူသူကင်းမဲ့တဲ့ မြို့ပြင်တွေမှာ ရှိတတ်တာဆိုတော့ ဒီတိုင်း ချောင်ထိုးထားကြတယ်"

"တချို့ကတော့ ပေကျင်းမြို့ရဲ့ လတ်တလော အတွေ့အကြုံတွေကို အတုယူပြီး အဲ့ဒီနေရာတွေကို ရိုးရာယဉ်ကျေးမှု ဥယျာဉ်ပန်းခြံတွေအဖြစ် ပြောင်းဖို့ အကြံပေးကြတယ်"

"တကယ်တော့ လူတော်တော်များများက အဲ့လို အကြံတွေပဲ ပေးကြတာပါ။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံရမယ့် အချိန်ကျတော့ ဘယ်သူမှ ရှေ့ထွက်မလာကြဘူး"

"ဘာလို့လဲဆိုတော့ နိုင်ငံတော်တစ်ခုလုံးက တူညီတဲ့ အခက်အခဲတစ်ခုကို ရင်ဆိုင်နေရတာလေ။ မြို့အများစုက ပေကျင်းမြို့ ခြေလှမ်းအတိုင်း လိုက်ပြီး သူတို့ရဲ့ စက်မှုဇုန်ဟောင်းတွေကို ရိုးရာယဉ်ကျေးမှု ပန်းခြံတွေအဖြစ် ပြောင်းကြတယ်။ ဒါပေမယ့် အများစုက မအောင်မြင်ခဲ့ကြဘူး"

"အဲ့တာကြောင့် အဲ့လိုအစီအစဉ်တွေအတွက် ထောက်ခံကြပေမယ့် ဘယ်သူမှ စက်မှုဇုန်ဟောင်းတွေကို မထိရဲကြဘူး။ ရင်းနှီးမြှုပ်နှံသူတွေ အများဆုံး လုပ်နိုင်တာဆိုလို့ စက်ရုံကြီးတွေ ဂိုထောင်ကြီးတွေ တစ်ခုနှစ်ခုလောက် ငှားပြီး ကဖေးတွေ ဒါမှမဟုတ် ပြတိုက်တွေ ဖွင့်နိုင်တာလောက်ပဲ ရှိတယ်။ အဲ့ဒီ ရင်းနှီးမြှုပ်နှံသူတွေတောင် နှစ်ပေါင်းများစွာ အရှုံးပေါ်ခဲ့ရတယ်"

"ဘယ်လိုလဲ ဘော့စ်ဖေး။ အဲ့လောက်ဆို စိန်ခေါ်မှုရှိတယ်လို့ ထင်ပြီလား"

လီရှိ ပြောပြီးတာနဲ့ ဖေးချမ့်ရဲ့ တုန့်ပြန်ချက်ကို ပြုံးပြုံးကြီး စောင့်ကြည့်နေလိုက်ပါသည်။

အစကတော့ ဖေးချမ့် ကြွားလုံးထုတ်နေသည်ဟုသာ သူထင်ခဲ့၏။ ဒီလောက် ခက်ခဲတဲ့ ပရောဂျက်ကို ကြားလိုက်တာနဲ့ ဖေးချမ့် စိတ်ပြောင်းသွားလိမ့်မည်ဟု မျှော်လင့်ထား၏။

သူ ထင်မထားတာက ဘော့စ်ဖေးရဲ့ မျက်လုံးတွေ ချက်ချင်း အရောင်လက်သွားမည် ဆိုတာကိုပင်။

"သိပ်ကောင်းတယ်ဗျာ ကျေးဇူးတင်ပါတယ် ဘော့စ်လီရာ အဲ့တာ ကျွန်တော် ရှာနေတဲ့ အဖြေပဲ" ဖေးချမ့် ထင်မထားတဲ့ ကံကောင်းမှုကြောင့် ဝမ်းမြောက်သွားရလေသည်။

လီရှိ ပြောတာ မှန်သည်။ ဒါက အတော်ဆိုးရွားသည့် အရှုပ်အထွေးတစ်ခုပင်။

ထိုကဲ့သို့ စက်ရုံကြီးများက လူသူကင်းမဲ့သည့် မြို့ပြင်တွေမှာသာ ရှိတတ်ကြသည်။ အနီးအနားမှာလည်း ဘာမှမရှိပေ။ ထိုနေရာက ဖြတ်သွားတဲ့ လူသူလည်း နည်းပါးသည်။ စက်ရုံကြီးတွေက မြို့ဗဟိုလို နေရာမျိုးမှာ ရှိနေပါက အနုပညာပြတိုက် သို့မဟုတ် ထူးဆန်းသည့် ခရီးသွားလှည့်လည်နေရာများအဖြစ် ပြောင်းလဲပြီးလောက်ပြီ။ သေရာမှ ပြန်ရှင်လာသလိုပင်။

ထိုစက်ရုံကြီးများက မြို့ထဲမှာ ရှိနေတာဆိုရင် တခြားနည်းလမ်းတစ်ခုခုဖြင့် အသုံးပြုလိုက်ရုံရှိသည်။ စက္ကန့်တိုင်းမှာ ပိုင်ဆိုင်ဖို့ အလုအယက် ကြိုးစားနေတဲ့ လူပေါင်းများစွာ ရှိပါလိမ့်မည်။

သို့သော် ထိုစက်ရုံကြီးတွေက မြို့ပြင်မှာ ရှိနေတာကြောင့် ဘယ်သူမှ စိတ်မဝင်စားကြတာ ဖြစ်သည်။ တကယ်တော့ ငွေမသုံးချင်ကြသဖြင့် ဖြိုချဖို့တောင် ဘယ်သူမှ ဂရုမစိုက်ကြပါ။

သို့သော် ဖေးချမ့် ရှာနေတာလည်း ဒါမျိုးပင်။

ဖေးချမ့် ကော့တေးကို မော့လိုက်ပြီး မတ်တပ်ထကာ ထွက်သွားဖို့ ပြင်လိုက်သည်။

လီရှိက အမြန်ပြောလိုက်၏။ "ဘော့စ်ဖေး နေပါဦး ခင်ဗျား တကယ်ကြီး အဲ့ဒီ နေရာမှာ ရင်းနှီးမြှုပ်နှံတော့မလို့လား"

ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။ "ဒါပေါ့ဗျ"

အစကတော့ လီရှိ ယုံရခက်နေ၏။ သို့သော်လည်း ဘော့စ်ဖေး သူ့ကို တစ်ခါမှ မလိမ်ဖူးမှန်း သတိရသွားသည်။ အရင်တုန်းက ဘော့စ်ဖေး လုပ်ခဲ့သမျှ အရာအားလုံးကလည်း အစကတော့ ယုံရခက်ခဲ့သည်။ သို့သော် ဘော့စ်ဖေးကတော့ သူ့စကားသူ တည်ပြီး တစ်ခါမှ နောက်ပြန်မလှည့်ခဲ့ပေ။

ထို့အပြင် အောင်မြင်မှုတွေလည်း ရခဲ့ပါသည်။

လီရှိလည်း မတ်တပ်ထရပ်လိုက်၏။ "ဘော့စ်ဖေး။ အဲ့စက်ရုံတွေကို ဘာအတွက် သုံးမှာလဲ ပြောပြလို့ ရမလားဗျ"

ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွားပြီး ပြောလိုက်၏။ "ဘော့စ်လီ ကျွန်တော့်ရဲ့ တောင်းဆိုချက်တစ်ခု လိုက်လျောပေးရင် ပြောပြမယ်"

"အဲ့ဒီမှာ လုပ်ငန်းဖွင့်ပြီဆိုတာနဲ့ အထဲမှာ ဖွင့်ထားတဲ့ အရာအားလုံးကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ခံစားကြည့်ရမယ့် ပထမဆုံး ဖောက်သည်က ခင်ဗျားပဲ ဖြစ်ရမယ်"

လီရှိ စပ်ဖြီးဖြီးလုပ်လိုက်၏။ "ဘယ်လို တောင်းဆိုချက်မျိုးလဲဗျာ။ ကိစ္စမရှိပါဘူးဗျ ဘော့စ်ဖေး အဲ့ဒီ တောင်းဆိုချက် မလုပ်ရင်တောင် ကျွန်တော်ကိုယ်တိုင်လာကြည့်ပြီး သင်ယူလေ့လာရဦးမှာပါဗျ"

ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ။ ဒါဆို အမှန်တိုင်း ပြောပြမယ်။ ကျွန်တော် အကြီးစား သရဲအိမ်ကြီးတစ်ခု ဖွင့်မှာဗျ"

လီရှိ "..."

All Chapters