ခွေးကောင်တွေကို မိပြီ
Vol. 24 Ch. 348
တိုက်ခန်းကို ပြန်ရောက်တော့ ဖေးချမ့် လက်ထောက်ရှင်းဆီ မက်ဆေ့တစ်စောင် ပို့လိုက်၏။ တနင်္လာနေ့မှာ အချိန်ယူပြီး ကျင်းကျိုးမြို့ ပတ်လည်က စက်မှုလုပ်ငန်းဟောင်းဇုန်တွေကို လိုက်စစ်ဆေးကြည့်ဖို့ ပြောလိုက်သည်။ ခပ်ကြီးကြီး စက်ရုံကြီးများရဲ့ စျေးနှုန်းနဲ့ ထိုနေရာမှာ အကြီးစားသရဲအိမ်ဆောက်ဖို့ ကုန်ကျစရိတ်များကိုပါ စုံစမ်းဖို့ ညွှန်ကြားလိုက်ပါသည်။
ထို့နောက် ထန်ယီရှုထံမှ မက်ဆေ့ကို ဖေးချမ့် ဖတ်လိုက်ပါသည်။
ဒီနေ့က စနေနေ့။ လူအများစုက ရုံးမှာ အချိန်ပို သွားလုပ်ကြသည်။
အပေါ်ယံမှာတော့ ထန်ယီရှုက မျက်ရိုးလေးရဲ့ ကြောင်ချေးဗန်းကို သွားရှင်းပေးသည်ဟု ထင်ရသည်။ သို့သော်လည်း တကယ်တမ်းမှာတော့ ဘော့စ်ဖေးကိုယ်စား အချိန်ပိုလုပ်နေတဲ့ လူတွေကို သွားရောက် ကြီးကြပ်ကာ စည်းမကျော်အောင် စောင့်ကြည့်နေခြင်း ဖြစ်ပါသည်။
ဖေးချမ့်က မက်ဆေ့ကို ဖတ်လိုက်ပြီး လီယာ့တာ သူ့ကို ပေးထားတဲ့ အချိန်ပိုလုပ်တဲ့လူတွေရဲ့ နာမည်စာရင်းနဲ့ တိုက်စစ်လိုက်သည်။
"မျက်မှန်ကိုင်းထူထူကြီးနဲ့ ကောင်မလေး... အဲ့တာ လီယာ့တာ ဖြစ်မယ်"
"မျက်နှာပေါ်မှာ မှည့်နဲ့ လူတစ်ယောက်... ဒါ လီလေး ဖြစ်မယ်
"အရပ်ရှည်ရှည် ဘိုကေနဲ့.... ဟမ်"
ဖေးချမ့် ထန်ယီရှု၏ မက်ဆေ့နဲ့ လီယာ့တာရဲ့ နာမည် စာရင်းကို တိုက်စစ်ကြည့်လိုက်ပြီး ပြဿနာတစ်ခု ရှိနေတာကို မြင်လိုက်ရပါသည်။
နာမည်စာရင်းမှာ ရေးထားတဲ့လူတွေထက် တစ်ယောက် ပိုနေလေသည်။
အချိန်ပိုလုပ်ဖို့ လူ ၅ ယောက်သာ တောင်းဆိုထားသည်။ သို့သော် ထန်ယီရှု၏ မှတ်တမ်း အရဆို ဒီဇိုင်းအဖွဲ့ရဲ့ လူ ၆ ယောက်က ရုံးလာခဲ့ပါသည်။
အရပ်ရှည်ရှည် ဘိုကေနဲ့ဆိုတာ ဒီဇိုင်းအဖွဲ့က ချန်းခန့်ထို ဖြစ်လောက်သည်။ သူက အားလပ်ရက်မှာ ရုံးတက်ဖို့ တောင်းဆိုထားသူတွေထဲ မပါပေ။
ဖေးချမ့် လှောင်ရယ် ရယ်လိုက်ပါသည်။ ဟင်း... ငါသိသားပဲ။
အမှန်ပင်။ ဒီဇိုင်အဖွဲ့က လူတချို့ အချိန်ပို ခိုးလုပ်ဖို့ ကြိုးစားနေပါသည်။ ဒီခွေးကောင်တွေကို သူ ဖမ်းမိပြီ။
အကျင့်မပြင်ဘဲ အချိန်ပို ခိုးလုပ်ဖို့ ကြိုးစားနေကြဆဲ ဖြစ်တဲ့ ခေါင်းမာတဲ့လူတွေကို ဖေးချမ့် ဘယ်လိုရှင်းရမလဲ စဉ်းစားလိုက်သည်။
သူတို့ကို ပျော်ပျော်ကြီး နှုတ်ဆက်ကာ သူတို့ရဲ့ ပါရမီတွေကို ထုတ်ပြနိုင်မယ့် ပိုကြီးမားတဲ့ စင်မြင့်တွေဆီ ကန်ထုတ်ပေးလိုက်ရမလား။ ဒါမှ တခြားသူတွေ သူတို့ကို သာဓကအနေနဲ့ မြင်သွားကြမှာ ဖြစ်သည်။
ဒီလိုဆိုလည်း မဟုတ်သေးပါ။
ဒီလိုလုပ်ပါက ရောဂါလက္ခဏာသာ ပျောက်မည်။ အမြစ်ပြတ်မှာ မဟုတ်ပေ။ ဖေးချမ့် ယာယီ ပီတိဖြာသွားနိုင်သော်လည်း ကပ်ဆိုက်မည့် အကျိုးဆက်တွေ ရှိလာနိုင်ပါသေးသည်။
အချိန်ပို ခိုးလုပ်သူတွေကို ပြောပြဖို့ ထန်ယီရှုအား အတင်းဖိအားမပေးတာနဲ့ ရုံးထဲမှာ စီစီတီဗီတွေ ထပ်မထားရတဲ့ အကြောင်းအရင်းတွေနဲ့ အတူတူပဲ ဖြစ်သည်။
ဖေးချမ့်သာ ချန်းခန့်ထုံကို ပထမနေရာရှင်းထုတ်ခြင်း စနစ်သုံးပြီး တခြားဌာနတစ်ခုခုကို လွှဲပြောင်းပေးလိုက်ပါက တခြားဝန်ထမ်းတွေလည်း သူတို့ အချိန်ပိုလုပ်ရင် ဒီလိုဖြစ်လာမှာပဲဟု ဆိုင်းဘုတ် ထောင်ပြလိုက်သလိုပင်။
ရာထူးတိုးချင်တဲ့လူတွေက အချိန်ပို စလုပ်လာကြပြီး ရိုးရိုးသားသား အလုပ်လုပ်ချင်နေတဲ့လူတွေကပါ အားပိုစိုက်လာကြလိမ့်မည်။ ထိုအရှုပ်အထွေးမျိုးက ဆေးမမှီပါ။
ထိုသို့ဖြစ်လာလျှင် ရေသာခိုတွေနဲ့ အစစ်အမှန် အလုပ်ကြိုးစားသူတွေကို ဖေးချမ့် ခွဲထုတ်ဖို့ နည်းလမ်း ရှိမှာတောင် မဟုတ်တော့ပေ။
ချန်းခန့်ထုံကို အချိန်ပို မလုပ်ဖို့ သတိပေးပြီး ဒီလို လုပ်တာကို တင်းတင်းကြပ်ကြပ် တားမြစ်ကြောင်း ပြောနိုင်သည်။ သို့သော် တကယ် အချိန်ပို လုပ်ချင်တဲ့ လူတွေ ရပ်တန့်သွားနိုင်သော်လည်း ကျိန်းသေပေါက် အိမ်ကနေ ခိုးလုပ်ကြဦးမှာပဲ ဖြစ်သည်။
လူတိုင်း အိမ်ကနေ အချိန်ပိုခိုးလုပ်နေကြပြန်ရင်လည်း ဘော့စ်ဖေး ရေသာခိုတွေနဲ့ အစစ်အမှန်အလုပ်ကြိုးစားသူတွေကို ခွဲထုတ်ဖို့ နည်းလမ်းရှိမှာ မဟုတ်ပေ။
ထို့ကြောင့် ဒါလည်း မဖြစ်သေးပါ။
သန့်ရှင်းလွန်းတဲ့ ရေပြင်မှာ ငါးနည်းတတ်သည်။ ဇီဇာကြောင်လွန်းတဲ့လူတွေမှာ မိတ်ဆွေနည်းတတ်သည် ဟူသော ဆိုရိုးစကား အတိုင်းပင်။
ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ချိန်ကို တင်းတင်းကြပ်ကြပ် ကြီးကြပ်တာပဲဖြစ်ဖြစ်၊ ရုံးထဲမှာ လုံခြုံရေးကင်မရာတွေ တပ်တာပဲဖြစ်ဖြစ် များများစားစား ခြားနားသွားမှာ မဟုတ်ပါ။ သူ့ဝန်ထမ်းတွေက အလုပ်ကို ပိုလေးလေးနက်နက် ကြိုးစားကြပြီး ရေသာခိုတာ နည်းသွားလိမ့်မည်။ ထိုအခါကျရင်လည်း ရေသာခိုတွေကို အလုပ်ကြိုးစားသူတွေနဲ့ ဖေးချမ့် ခွဲခြားနိုင်မှာ မဟုတ်ပါ။
ဖေးချမ့်ရဲ့ မဟာပန်းတိုင်ကြီးက သူ့ဝန်ထမ်းတွေ အားလုံးလုံလုံခြုံခြုံ ရေသာခိုနိုင်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးချင်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ သူတို့ အချိန်ပိုလုပ်ရင်တောင် ဘော့စ်ဖေးက စိတ်ဝင်စားမှာ မဟုတ်ဘူးဟု တွေးအောင် လုပ်ရမည်။
ဒီလိုမှ ရေသာခိုတွေက ဘာမှကြောင့်ကြမှုမရှိဘဲ ရေသာဆက်ခိုနေပြီး အလုပ်ကြိုးစားသူတွေကလည်း အချိန်ပို ဆက်လက် ခိုးလုပ်ကြလိမ့်မည်။ ခြားနားချက်က ဖေးချမ့် မြင်နိုင်လောက်အောင် ရှင်းလင်းနေပါလိမ့်မည်။
ထို့နောက် အလုပ်ကြိုးစားသူတွေရဲ့ စာရင်းကိုပြုစုပြီး ဘယ်သူမှ သတိမထားမိအောင် တခြားနေရာကို လွှဲပြောင်းပေးလိုက်မည်။
တရားခံတွေကိုလည်း ကြိုတင် အသိပေးမှာ မဟုတ်ပါ။
ထို့ကြောင့် ဖေးချမ့် လောလို့ မဖြစ်ပေ။ ဘာမှ မပြောဘဲ ချန်းခန့်ထုံ၏ နာမည်ကို ချမှတ်ထားလိုက်သည်။ ချိုမြိန်သော ကလဲ့စားကို အကွက်ချကာ အလစ်ဝင်တိုက်ဖို့ ပြင်ဆင်ထားသည်။
တစ်ချိန်တည်းမှာပဲ ငါးစာထပ်ဟပ်မည့် နောက်ထပ် ငါးတွေကိုလည်း ထပ်စောင့်နေပါဦးမည်။
ဒီဇင်ဘာလ ၆ ရက်၊ တနင်္လာနေ့...
ဖေးချမ့် ပုံမှန်အတိုင်းပဲ မနက် ၁၀ နာရီမှ ရုံးကို ရောက်လာသည်။ ရုံးထဲမှာ လူနည်းနည်း လျော့နေတာကို သတိထားမိ၏။ ခဏလောက် ကြောင်စီစီ ဖြစ်သွားသော်လည်း ဒီနေ့က ထန်းတာ့ဝန်ထမ်းခေါ်ယူမှု စာမေးပွဲနေ့ဖြစ်တာကို သတိရသွားပါသည်။
HR ဌာနနဲ့ စီမံခန့်ခွဲရေးဌာနတို့မှ ဝန်ထမ်းများစွာက စာမေးပွဲလုပ်ငန်းစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့စေဖို့အတွက် ထွက်ကာ စီစဉ်ပေးနေကြသည်။
ဟန်တုန်းတက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသားများစွာက လာရောက်ကူညီပေးမှာ ဖြစ်သော်လည်း ဟောက်ယွင်တို့ ပြောတာကိုသာ လိုက်လုပ်နိုင်ကြသည်။
စာမေးပွဲခန်းမကို သွားမကြည့်ခင် ရုံးခန်းထဲမှာ ခဏလောက်ထိုင်ဖို့ ဖေးချမ့် စီစဉ်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် ဝန်ထမ်းခန့်အပ်မှုက အရေးကြီးကိစ္စ တစ်ခုဖြစ်သည်။ ရေသာခိုသမားတွေကို သူခန့်နိင် မခန့်နိုင်က ကုမ္ပဏီရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိအပေါ်ကို တိုက်ရိုက်အမှီပြုနေပါသည်။ ဖေးချမ့် ဒီလုပ်ငန်းစဉ်ကို သတိလျော့ပေါ့လို့ မဖြစ်ပါ။
ခဏလောက်ထိုင်ပြီးနောက် လက်ထောက်ရှင်း သူမကို ပေးထားတဲ့ တာဝန်အတွက် အစီရင်လာခံခဲ့ပါသည်။
"ဘော့စ်ဖေး ကျွန်မ စက်ရုံတွေအကြောင်း လိုက်စုံစမ်းပြီးပါပြီ"
"စက်မှုလုပ်ငန်းဟောင်းဇုန်တွေမှာ ရှိတဲ့ စွန့်ပစ် စက်ရုံ အဆောက်အဦးကြီးတွေက နောက်ပိုင်း ရိုးရာယဉ်ကျေးမှု ပန်းခြံတွေအဖြစ် ပြောင်းလဲဖို့အတွက် ဖြစ်တာကြောင့် ရောင်းဖို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သတင်းကောင်းက ဘယ်သူမှ အဲ့ဒီနေရာတွေကို စိတ်မဝင်စားတာကြောင့် ငှားရမ်းခကတော့ စျေးသက်သာပါတယ်"
"အဲ့ဒီ စက်ရုံအဆောက်အဦးကြီးတွေအတွက် လစဉ် ငှားရမ်းခက ၁ စတုရန်းမီတာကို ၈ ယွမ် ၉ ယွမ်တည်းပါ။ အဲ့လို ပမာဏမျိုးလောက်က ကျွန်မတို့ ကုမ္ပဏီအတွက်တော့ လျစ်လျူရှုလို့တောင် ရတယ်"
"ဘော့စ်ဖေးက အဲ့ဒီစက်ရုံအဆောက်အဦးတွေကို သရဲအိမ်အဖြစ် ပြောင်းချင်တာဆိုရင် သရဲအိမ်ကို ဘယ်လောက်ကြီးကြီးလိုချင်သလဲ စက်ရုံအဆောက်အဦး ဘယ်နှခုလောက် လိုမလဲဆိုတာ စဉ်းစားရမယ်။ အဲ့တာဆို စဦး ရင်းနှီးမြှုပ်နှံမှုကို တွက်ချက်ဖို့ အများကြီး ပိုလွယ်ကူသွားပါလိမ့်မယ်"
ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။ သူ တွေးထားတာထက် အများကြီး စျေးပိုသက်သာနေ၏။
၁ စတုရန်းမီတာကို လစဉ် ၈ ယွမ် ၉ ယွမ်လောက်သာ ပေးရမည်ဆိုရင် စုစုပေါင်း ၁၀,၀၀၀ စတုရန်းမီတာ ရှိသည့် ဧရာမ စက်ရုံအဆောက်အဦးကြီးတွေများစွာအတွက် ဖေးချမ့် ယွမ် ၁ သန်းလောက်သာ ပေးဖို့ လိုပါလိမ့်မည်။ ထိုပမာဏက ရုံးအဆောက်အဦးတွေအတွက် ဖေးချမ့်ပေးရသည့် ငှားခနဲ့ ယှဉ်လို့တောင် မရပေ။
အမှန်ပင်။ အဆောက်အဦးငှားခ စျေးကြီးမလား မကြီးဘူးလားဆိုတာကလည်း တည်နေရာပေါ် မူတည်နေပါသေးသည်။
ထိုစက်ရုံကြီးတွေက လူသူကင်းမဲ့တဲ့ နေရာမှာ တည်ရှိနေတာဖြစ်သည်။ ထိုစက်ရုံကြီးတွေကို ငှားလိုက်ပြီး ဘာဝင်ငွေမှ ရမလာပါက လတိုင်း ယွမ် ၁ သန်းကို အမှိုက်ပုံးထဲ ပစ်ထည့်နေသလို ဖြစ်လိမ့်မည်။ ထို့ကြောင့် လူအများစုက မငှားရမ်းချင်ကြခြင်း ဖြစ်ပါသည်။
လက်ထောက်ရှင်းက ဆက်ပြောလိုက်၏။ "နောက်တစ်ခု ရှိသေးတယ် ဘော့စ်ဖေး။ ဒီနှစ် နှစ်ပတ်လည် တွေ့ဆုံပွဲ ကျင်းပမှာလား။ ကျင်းပမယ်ဆိုရင် ကျွန်မတို့ စောစော စပြီး ပြင်ဆင်သင့်ပါတယ်"
ဖေးချမ့် ရပ်တန့်သွား၏။ ထို့နောက် ချက်ချင်း ပြောလိုက်သည်။ "ဒါပေါ့။ ကျင်းပမှာပေါ့။"
ထိုကိစ္စကို သူမေ့တောင်မေ့သွားမိတော့မလိုပင်။
နှစ်ပတ်လည်တွေ့ဆုံပွဲများက ငွေဖြုန်းဖို့ နည်းလမ်းကောင်းများဖြစ်ကြသည်။ ဖေးချမ့် ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံလို့ ဖြစ်ပါ့မလား။
မနှစ်က ထန်းတာ့ အလွန် သေးငယ်သေးသဖြင့် နှစ်ပတ်လည်တွေ့ဆုံပွဲကို မကျင်းပခဲ့ရပါ။ ထို့ကြောင့် ကျင်းပဖို့ မလိုဘူးဟု သူတွေးခဲ့သည်။
သို့သော်လည်း ဒီနှစ်ထန်းတာ့မှာ ဝန်ထမ်းတွေ အများကြီး ပိုများလာပါပြီ။ နှစ်ပတ်လည် တွေ့ဆုံပွဲ ကျင်းပရမှာ ယုတ္တိရှိပါသည်။
နှစ်ပတ်လည်တွေ့ဆုံပွဲအတွင်း ကံစမ်းမဲနှိုက်ပြီး တက်ရောက်သူတိုင်းကို ဆုတွေတောင် ချီးမြှင့်လို့ ရသေး၏။ အဲ့တာဆို သူငွေအမြောက်အများ ဖြုန်းတီးနိုင်မှာပဲ မဟုတ်လား။
သူ့ကို သတိပေးတဲ့ လက်ထောက်ရှင်းကိုပဲ ကျေးဇူးတင်ရမလိုလိုပင်။
လက်ထောက်ရှင်းက ခေါင်းငြိမ့်လိုက်၏။ "ကောင်းပါပြီ ဘော့စ်ဖေး။ ကျွန်မ တခြားသူတွေကို စပြင်ဆင်ဖို့အတွက် အသိပေးလိုက်ပါ့မယ်။ တခြား တောင်းဆိုချက်တွေ ရှိသေးရင် ကျွန်မကို ပွင့်ပွင့်လင်းလင်း အသိပေးလို့ ရပါတယ်"
ဖေးချမ့် ပြောလိုက်၏။ "တခြား တောင်းဆိုချက်တော့ မရှိပါဘူး။ တစ်ခုပဲ။ အားလုံးကို ထန်းတာ့ရဲ့ ခံယူချက် အတိုင်းပဲ ဆောင်ရွက်ရမယ်နော်။ နားလည်လား"
လက်ထောက်ရှင်းက ပြန်ဖြေလိုက်သည်။ "နားလည်ပါပြီ။ ကျွန်မတို့ အရည်အသွေးမြင့်တဲ့ ဆုတွေကိုပဲ ချီးမြှင့်ပေးသွားမှာပါ"
ဖေးချမ့် အားရကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။
လက်ထောက်ရှင်း ထွက်သွားပြီးနောက် ဖေးချမ့် ရှိုးတချို့ ကြည့်လိုက်သေးသည်။ နေ့လည်စာ စားပြီးမှ စာမေးပွဲခန်းမကို သွားပါမည်။
သို့သော်လည်း အိုင်လီကျွန်းထဲ ဝင်လိုက်စဉ်မှာပင် ဖုန်းထဲ မက်ဆေ့တစ်စောင် ထပ်ဝင်လာခဲ့၏။
လင်းဝမ်ထံမှ ဖြစ်သည်။
"ဘော့စ်ဖေး 'တိတ်တိတ်နေ'ရဲ့ ပထမဆုံး Demo ဖန်တီးပြီးသွားပါပြီ။ ဆဲလ်ဖုန်းစနစ် ပထမဆုံး ဗားရှင်းကိုလည်း အနည်းနဲ့အများ ဖန်တီးပြီးသွားပါပြီ"
"နောက်ရက်ပိုင်းအတွင်း အားလပ်ချိန်ရှိရင် ဘော့စ်ဖေး လာကြည့်ချင်လား"
ဖေးချမ့် ခေတ္တ စဉ်းစားလိုက်ပြီး စာရိုက်လိုက်သည်။ "ဟုတ်ပြီ။ မနက်ဖြန် ရှန်းယန်ဂိမ်းဆီသွားပြီး သန်ဘက်ခါ အော့တိုနည်းပညာဆီသွား..."
သူ စာရိုက်နေစဉ်မှာပင် တစ်ခုခုလွဲနေတာကို သိလိုက်ရသည်။ ရေးထားသမျှ အကုန်ပြန်ဖျက်လိုက်၏။
သူ ကိုယ်တိုင် သွားရမှာ မဟုတ်ဘဲ သူတို့ကို လာခိုင်းသင့်ပါသည်။
အခု ဖန်တီးမှုတွေရဲ့ ရလဒ်တွေကို စစ်ဆေးရမည့်အချိန် ဖြစ်သည်။ ဆိုလိုတာက သူ့ရဲ့ နျူးကလီးယားလက်နက်ဖြစ်သည့် ထန်ယီရှုကို ကောင်းကောင်းအသုံးချရမည့် အချိန်ကျပါပြီ။
သို့သော်လည်း ထန်ယီရှုကို ခေါ်ပြီး ရှန်းယန်ဂိမ်းနဲ့ အော့တိုနည်းပညာတို့ဆီသွားလျှင် အနည်းငယ် ထူးဆန်းနေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ထန်ယီရှုက အားပေးသူလေးရဲ့ အုပ်ထိန်းသူသက်သက်သာဖြစ်သည်။ သူ့နားမှာ ခေါ်ထားဖို့ တခြား အကြောင်းအရင်းမရှိပါ။ တခြားသူတွေ သံသယတောင် ဝင်လာနိုင်ပါသည်။
ထို့ကြောင့် အားလုံးကို ထန်းတာ့ဂိမ်းဆီလာဖို့ ခေါ်လိုက်တာက ပိုကောင်းပါသည်။ ထို့နောက် ထန်ယီရှုရဲ့ ကူးစက်အာနိသင်ကလည်း သူတို့ သတိတောင် ထားမိမှာ မဟုတ်ဘဲ ကူးစက်သွားပါလိမ့်မည်။
ထိုအတွေးဖြင့် ဖေးချမ့် ပြန်စာကို ထပ်ရိုက်လိုက်သည်။ "မနက်ဖြန်နဲ့ သန်ဘက်ခါကျရင် ထန်းတာ့ဆီ Demo လာပေးလိုက်လေ"
သိပ်မကြာခင် လင်းဝမ်က စာပြန်၏။ "ကောင်းပါပြီ ဘော့စ်ဖေး"
နေ့လည်ခင်းတွင်...
ထန်းတာ့ဝန်ထမ်းခေါ်ယူမှု စာမေးပွဲခန်းမ၌...
ဝူပင်းလည်း ယွီသရေစာမှ မှာယူထားသည့် Set Meal ကို စားသောက်ပြီးခါစ ဖြစ်သည်။ စိတ်ထဲကလည်း အစားအသောက်ကို ဆက်တိုက် ချီးကျူးနေမိပါသည်။
သူက အရင်တစ်ခေါက်က ဟန်းတုဂိမ်းကိုယ်စား ဟောက်ချုံးကို သိမ်းသွင်းဖို့ ကြိုးစားပြီး အရှက်ခွဲခံလိုက်ရသည့် HR ဝန်ထမ်း ဖြစ်သည်။ ထိုအချိန်ကတည်းက ထန်းတာ့ဂိမ်းရဲ့ ဝန်ထမ်းခေါ်ယူမှု လုပ်ငန်းများကို အနီးကပ် စောင့်ကြည့်နေခဲ့ပါသည်။
နောက်ဆုံးတော့ ထန်းတာ့ ဝန်ထမ်းခေါ်ယူမှုစာမေးပွဲကို ကျင်းပလေပြီ။ သူ အခွင့်အရေးကို လက်လွှတ်လို့ မဖြစ်ပါ။
မနက်ကတင် မေးခွန်းတစ်စုံကို ဖြေဆိုပြီးခဲ့ပါပြီ။ ယခု နေ့လည်စာ အနားယူချိန် ဖြစ်၏။ ဝန်ထမ်းခေါ်ယူမှု စာမေးပွဲနဲ့ ပတ်သတ်ပြီး ဝူပင်းမှာ ခံစားချက်တွေ ရောယှက်နေပါသည်။
ပထမဆုံး တစ်ခုက... ထူးဆန်းသည်။
အချိန်က ထူးဆန်းသည်။ လုပ်ငန်းစဉ်က ထူးဆန်းသည်။ စာမေးပွဲမေးခွန်းတွေကလည်း ထူးဆန်းသည်။
အချိန်အရ ပြောရလျှင် ထန်းတာ့က စာမေးပွဲကို တနင်္လာနေ့ကြီးမှာ ကျင်းပခြင်း ဖြစ်၏။ ဝူပင်းအတွက် အတော်လေး အဓိပ္ပာယ်မဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော် ကုမ္ပဏီအများစုက တနင်္လာနေ့တွေမှာ အစည်းအဝေး ကျင်းပလေ့ ရှိကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝန်ထမ်းတွေ ခွင့်ယူဖို့က အလွန် ခက်ခဲပါသည်။ သို့သော် ထန်းတာ့က တနင်္လာနေ့မှာ ဝန်ထမ်းခေါ်ယူမှုစာမေးပွဲကို ကျင်းပနေသည်။ အလုပ်ရှိပြီးသားလူတွေ ခွင့်ယူပြီး စာမေးပွဲလာဖြေမှာကို ကြောက်နေသည့်အလားပင်။
လုပ်ငန်းစဉ်အရဆိုရင်လည်း... ထူးဆန်းပြီး မလိုအပ်ဘူးဟု ဝူပင်း ထင်မိသည့် အဆင့်များစွာ ရှိသည်။ ဝူပင်းကိုယ်တိုင်ကလည်း HR ဌာနမှာ အလုပ်လုပ်သည်။ ထို့ကြောင့် ဒီလိုလုပ်ငန်းစဉ်တွေနဲ့ ရင်းနှီးမှု အလွန်ရှိပါသည်။
သူ့အတွက်တော့ ထန်းတာ့က အလွန်ကြီးမားတဲ့ ကုမ္ပဏီတစ်ခုဟု သတ်မှတ်ချင်စရာ ဖြစ်သည်။ သို့သော် ဒီလို ရှည်လျားတဲ့ ဝန်ထမ်းခေါ်ယူမှု လုပ်ငန်းစဉ်ကြီးက နွားထီးနို့လောက်နီးနီး အသုံးမဝင်ပေ။ ဘာမှ မလိုအပ်ဘဲ ငွေတွေ၊ အားအင်တွေကို ဖြုန်းတီးနေသလိုပင်။ ရိုးရိုးတန်းတန်း ဝန်ထမ်းခေါ်ယူမှု လုပ်ငန်းစဉ်များက အများကြီး ပိုကောင်းလိမ့်မည်ဟု ဝူပင်း ထင်မိ၏။ စိတ်ရှုပ်ဖို့ အကောင်းဆုံးအရာက လုပ်ငန်းစဉ် အဆုံး ရောက်ရင်တောင် ထန်းတာ့ခံယူချက် ကိုက်ညီမှု စာမေးပွဲဆိုတာက ရှိသေးသည်။ ထိုစာမေးပွဲကို ကျတဲ့လူတွေက ခန့်အပ်ခံရမှာ မဟုတ်ပေ။ အတော်လေး အဓိပ္ပာယ်မဲ့ပါသည်။
ထို့အပြင် မေးခွန်းတွေကလည်း အလွန်းခက်ခဲလွန်းသည်။
အစိုးရဝန်ထမ်း ရေးဖြေစာမေးပွဲတွေကို ဝူပင်းလည်း ဖြေဖူးပါသည်။ ထို့ကြောင့် ဒီလိုမေးခွန်းတွေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့၏။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ ထန်းတာ့ရဲ့ ရေးဖြေ စာမေးပွဲက အများကြီး ပိုရိုးရှင်းလိမ့်မည်ဟု သူထင်ထားခဲ့သည်။
သို့သော်လည်း သူလုံးဝ မှားယွင်းသွားပါသည်။
မေးခွန်းတွေက သူထင်ထားတာထက် ပိုမို ခက်ခဲနေသည်။
မနက်က စာမေးပွဲကိုဖြေပြီး ဝူပင်းစိတ်တောင် လွတ်သွားတော့မလို ဖြစ်သွား၏။ သူ့ကိုယ်သူ ကောင်းကောင်းပြင်ဆင်ထားသည်ဟု ထင်ခဲ့သော်လည်း သူဘယ်လောက်တောင် အထင်မှားခဲ့သလဲဆိုတာကို ခက်ခဲတဲ့ မေးခွန်းတွေက သက်သေပြသွားခဲ့ပါသည်။
သို့သော်လည်း သူ့မှာ တခြား ရွေးချယ်စရာ မရှိပေ။
ထန်းတာ့က ဝန်ထမ်းတွေအပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံပါသည်။ နေ့လည်စာကို ကြည့်ခြင်းအားဖြင့် သိသာ၏။ ဟိုတယ်ကြီးရဲ့ စာမေးပွဲခန်းမထဲမှာ အနည်းဆုံး လျှောက်ထားသူ ရာဂဏန်းလောက် ရှိပါသည်။ ထန်းတာ့က အားလုံးအတွက် နေ့လည်စာ ပြင်ဆင်ပေးထား၏။ ဒီတစ်ချက်တည်းနဲ့တင် သူတို့ ယွမ်တွေ သောင်းချီပြီး ကုန်ကျနိုင်ပါသည်။
ထို့အပြင် ဒါက တစ်ခုတည်းသော စာမေးပွဲ ခန်းမကြီး မဟုတ်ပေ။
ထို့အပြင် အဖြေလွှာစစ်ဖို့အတွက် ဘွဲ့လွန်ကျောင်းသားတွေကိုတောင် ငှားထားသေး၏။ ဒါက နောက်ထပ် ကုန်ကျစရိတ်ကြီးကြီးမားမားတစ်ခု ဖြစ်ပါသည်။
ချမ်းသာရတာ ဘယ်လောက်ကောင်းလိုက်သလဲ
ဝူပင်းလည်း ယွီသရေစာမှ Set Meal ကို စားပြီး တစ်နေ့နေ့ ထန်းတာ့မှာ သူ အလုပ် လုပ်နိုင်ပါက ဘယ်လောက်တောင် ကောင်းလိုက်မလဲဟု စိတ်ကူးယဉ်နေမိသည်။
နေ့လည်စာစားပြီးနောက် စာမေးပွဲခန်းမထဲက လူတွေ အများကြီး ထွက်လာတာကို ဝူပင်း မြင်လိုက်ပါသည်။
ထန်းတာ့က တခြားမြို့တွေမှ လာရောက်ဖြေဆိုတဲ့ လျှောက်ထားသူတွေအတွက် နေရာထိုင်ခင်းပြင်ဆင်ပေးသည်။ လောလောဆယ် ဒီလျှောက်ထားသူတွေက နေ့လည်ခင်းစာမေးပွဲ ထပ်မဖြေခင် ကိုယ့်အခန်းကိုယ်ပြန်ပြီး နားဖို့ ပြင်ဆင်နေကြခြင်း ဖြစ်သည်။ ဝူပင်းက ကျင်းကျိုးမြို့မှာ နေထိုင်သဖြင့် ဒီလိုအကျိုးခံစားခွင့်တော့ မရပေ။
သူအိမ်ပြန်ပြီး အနားယူလို့တော့ ရသည်။ သို့သော် အသွားအပြန် လုပ်ရမှာ ဒုက္ခများပါသည်။ ထို့ကြောင့် မပြန်တော့ဖို့ ဆုံးဖြတ်လိုက်၏။
တခြား ဘာမှ လုပ်စရာ မရှိတော့သဖြင့် ဝူပင်း စာမေးပွဲခန်းမထဲ ပတ်ကြည့်လိုက်ပြီး သူ့ရဲ့ ပြိုင်ဘက်များဖြစ်သော တခြား လျှောက်ထားသူတွေကို အကဲခတ်လိုက်ပါသည်။
အများစုက လူငယ်များဖြစ်၏။ ထို့အပြင် လူငယ်တွေထဲက အများစုကလည်း ကျင်းကျိုးမြို့မှ တက္ကသိုလ်ဘွဲ့ရတွေပဲ ဖြစ်ပါသည်။
ဒါလည်း ဖြစ်သင့်ပါသည်။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားများက အချိန်ပြည့် အလုပ်များရှာဖွေနိုင်ဖို့ ရုန်းကန်နေကြရသည်။ ထို့ကြောင့် ဒီလို ဝန်ထမ်းခေါ်ယူမှုစာမေးပွဲများကို ဖြေဆိုနိုင်မည့် အခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ပါ။
အလုပ်ရပြီးသား ဝူပင်းနဲ့ ရွယ်တူ အများစုက နှစ်ကုန်ဘောနပ်စ်ကို စတေးရမှာ ကြောက်တာကြောင့် သို့မဟုတ် တနင်္လာနေ့မှာ ခွင့်ယူရမှာ အခက်တွေ့တာကြောင့် စာမေးပွဲခန်းမကြီးထဲမှာ လူနည်းစုသာ ရှိသည်။
"ထန်းတာ့က လူငယ်တွေကို ပိုအသားပေးတယ် ထင်တယ်။ ငါ့လို ရေသာခိုတဲ့ အိုကြီးအိုမတွေက ဝင်နိုင်ပါ့မလား မသိဘူး"
ဝူပင်းအနည်းငယ် စိတ်မကောင်းဖြစ်သွားလေတော့သည်။