← Chapters

ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားတာလား

Vol. 24 Ch. 350

ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားတာလား

Vol. 24 Ch. 350

ထန်ယီရှုရဲ့ ကူးစက်မှုအာနိသင်က ပြီးပြည့်စုံနေတဲ့ဂိမ်းတွေမှာ ဘာအကြောင်းအရင်းမှမရှိဘဲ bug တွေ ပေါ်လာစေမှာ မဟုတ်ဘူး ဆိုတာကိုလည်း ဖေးချမ့် အနည်းနဲ့အများ အတည်ပြုပြီးပါပြီ။ သဘာဝလွန်ကိစ္စတွေ ပါဝင်နေပြီး သူမရဲ့ ဘေးပတ်ဝန်းကျင်ကို ကံဆိုးမှုတွေ ယူဆောင်လာပေးနိုင်တဲ့ အထူးကူးစက်အာနိသင်ရှိသော်လည်း ထိုသဘာဝလွန် ဖြစ်ရပ်တွေမှာလည်း အတိုင်းအတာတော့ ရှိပါသည်။

ဥပမာအားဖြင့် ထန်ယီရှု အနားတွင် ရပ်နေပါက ဖြစ်နိုင်ခြေနည်းတဲ့ အဖြစ်အပျက်များဖြစ်ကြသော ကိုယ့်ဖိနပ်ကြိုး ကိုယ် တက်နင်းမိကာ ချော်လဲခြင်း စသည့် ဖြစ်ရပ်များ ဖြစ်နိုင်ခြေ ပိုများသည်။

သို့သော် ဖိနပ်ကြိုးမပါတဲ့ ဖိနပ်ကို ဝတ်ထားပါက ဒီလိုဖြစ်နိုင်မှာမဟုတ်ပေ။ တစ်နည်းအားဖြင့် ထန်ယီရှု၏ ကူးစက် အာနိသင်က ကံဆိုးသည့် ဖြစ်ရပ်များ ဖြစ်လာနိုင်ခြေကို ပိုမြင့်စေသည့် မှန်ဘီလူးတစ်ခုလိုသာ ဖြစ်သည်။ ဂိမ်းထဲက bug တွေကလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။

ထန်းတာ့ရဲ့ တခြားဂိမ်းတွေမှာလည်း bug တွေများစွာ ရှိပါသည်။ ထို bug များက ဘယ်ကနေမှန်းမသိ ထွက်လာကြတာ မဟုတ်ပေ။ အစောကြီးကတည်းက ရှိနေပြီးသား ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ ပေါ်လာနိုင်ခြေက နည်းကာ သာမန်အခြေအနေများအောက်မှာတော့ ပေါ်လာမှာ မဟုတ်ပါ။

သို့သော်လည်း ထန်ယီရှု၏ ကူးစက်အာနိသင်ကြောင့် bug တွေ ပေါ်လာတာ ဖြစ်ပါသည်။

အပေါ်ယံက ကြည့်ရင်တော့ bug တွေက ဘယ်ကမှန်းမသိဘဲ ပေါ်လာသလို ဖြစ်နေလိမ့်မည်။ သို့သော်လည်း အစောကြီးကတည်း နက်နက်ရှိုင်းရှိုင်းနေရာမှာ ပုန်းအောင်းနေကြတာသာ ဖြစ်ပါသည်။ ထန်ယီရှုက ၎င်းတို့ကို မျက်နှာပြင်သို့ ပေါ်ထွက်လာနိုင်ခြေကို မြှင့်တင်ပေးလိုက်ရုံသာ ဖြစ်သည်။

ထိုနည်းတူစွာ ယဲ့ကျစ်ကျိုးရဲ့ Demo မှာ ပုန်းအောင်းနေသည့် bug များစွာ ရှိပြီး သာမန်အခြေအနေတွေအောက်မှာလည်း ပေါ်လာကြမှာ မဟုတ်ပါ။

သို့သော်လည်း ထန်ယီရှု၏ ကူးစက်အာနိသင်ကြောင့် Demo မှာ ကစားလို့ မရတော့လောက်အောင် ဖြစ်သွားသည်။

ဒီရလဒ်ကို ဖေးချမ့် ကျေနပ်ပါသည်။

ယခင်တုန်းက ရှန်းယန်ဂိမ်းကို သွားစစ်ဆေးလိုက်တိုင်း အောင်မြင်မှု သတင်းသစ်များ ဆက်တိုက် ကြားနေခဲ့ရသည်။ သူ့အတွက် သည်းခံနိုင်ဖို့ ခက်ခဲလွန်းခဲ့ပါသည်။

နောက်ဆုံးတော့ အားနည်းချက်တစ်ခုရှိခဲ့ပြီ. အောင်ပွဲခံထိုက်ပါပေသည်။

အခုချိန်ကစပြီး နေ့တိုင်း ဒီလိုမျိုး ပျော်နိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ...

ပျော်ရွှင်မှုက လူသားတွေကို ရှင်သန်စေသည်။

ဒရိုင်ဘာဖြစ်သူ စွန်းလေးကို ဖေးချမ့် မက်ဆေ့ပို့လိုက်၏။ "ဒီနေ့ နေ့လည်စာစားပြီးရင် စက်မှုလုပ်ငန်းဟောင်းဇုန်တွေထဲက စက်ရုံအဆောက်အအုံတွေ သွားကြည့်ဖို့ ငါနဲ့ လိုက်ခဲ့"

"သရဲအိမ်အတွက် အစီအစဉ် စချချင်ပြီ"

နေ့လည်ခင်းတွင်...

ကျင်းကျိုးမြို့ စက်မှုလုပ်ငန်းဟောင်းဇုန်၌....

ကားထဲက ဆင်းဆင်းချင်း ဖေးချမ့် ပထမဆုံး တွေးလိုက်မိတာာက 'ဝေးလိုက်တာကွာ'

ရုံးမှ ဒီနေရာကြီးကို ကားနဲ့လာဖို့ ၁ နာရီ နီးပါး ကြာခဲ့ပါသည်။

စက်မှုလုပ်ငန်းဟောင်းဇုန်ကြီးက ကျင်းကျိုးမြို့ရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိကာ အနောက်ဘက်နဲ့ တောင်ဘက်တို့ကို ဆန့်တန်းထားသည်။

မင်ယွင်ဗီလာတွေက ကျင်းကျိုးမြို့ရဲ့ အရှေ့တောင်ဘက်မှာ ရှိတာဖြစ်သည်။ အနာဂတ်တွင် ထိုနေရာ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေ နည်းနည်း ရှိသော်လည်း စက်မှုလုပ်ငန်းဟောင်းဇုန်ကြီးအတွက်တော့... ဖေးချမ့် မျှော်လင့်ချက် သိပ်မရှိပေ။

ဖေးချမ့် ဘေးပတ်လည်ကို အကဲခတ်ကြည့်သောအခါ သူပထမဆုံး မျှော်လင့်ထားတာနဲ့ ခြားနားနေမှန်း မြင်လိုက်ရပါသည်။ အစကတော့ စက်မှုလုပ်ငန်းဟောင်းဇုန်ကြီးက ပုံမှန်ထက် လူသူကင်းမဲ့ပြီး ဟောင်းနွမ်းနေလိမ့်မည်ဟု ဖေးချမ့် ထင်ထားခဲ့သည်။

သို့သော်လည်း လောလောဆယ် စက်မှုလုပ်ငန်းဟောင်းဇုန်ကြီး တစ်ဝှမ်းလုံးမှာ ပေါင်းပင်ရှည်တွေကို တွေ့နေရသည်။ သူ့ဘေးနား ပတ်လည်က အဆောက်အဦးစတိုင်များမှာ ကျင်းကျိုးမြို့နဲ့ ကမ္ဘာခြားအောင် အလှမ်းဝေးသည့် ရာစုနှစ်များက အဆောက်အဦးကြီးတွေလို ဖြစ်နေပါသည်။

ထို့အပြင် စက်ရုံအဆောက်အဦးအားလုံးနီးပါးကို မသုံးကြတော့ပါ။ လူနေ ကျန်ရှိနေသေးသည့် အဆောက်အဦးများကလည်း ကုမ္ပဏီများ ရွှေ့ပြောင်းကာ ကိစ္စတွေကို အပြီးသပ်နေတာကြောင့်သာ ဖြစ်သည်။

အနားမှာ လူနေထိုင်သည့် အဆောက်အဦးဆိုတာ မရှိသလောက်ရှား၏။ တချို့ ဟောင်းနွမ်းပြီး စုတ်ပြတ်နေသည့် လူနေ အဆောက်အဦးများက ပြိုကျတော့မည့် ပုံစံပင် ပေါက်နေပါသည်။ အခုလောက်ဆို ထိုအဆောက်အဦးတွေထဲ နေထိုင်သူ အနည်းငယ်သာ ရှိတော့မည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။

ယခုက နေ့ခင်းကြောင်တောင်ကြီး ဖြစ်နေလို့သာ။ ညဘက်ဖြစ်ပါက ဖေးချမ့် တစ်ယောက်တည်း လာရဲမှာတောင် မဟုတ်ပေ။

"ဘော့စ်ဖေး လမ်းကြည့်လျှောက်ဦး"

စွန်းလေးက ရှေ့က ဦးဆောင်သွား၏။

ဘေးပတ်လည်ကို အကဲခတ်ရင်း ဧရာမ စက်ရုံ အဆောက်အအုံကြီး တချို့ကို ဖေးချမ့် တွေ့ခဲ့ပါသည်။

ဒါ့ကြောင့်လည်း ငှားခတွေက စျေးသက်သာလွန်းနေတာဖြစ်လိမ့်မည်။ ဘာရည်ရွယ်ချက်နဲ့ဖြစ်ဖြစ် ဒီနယ်မြေကို ပြောင်းလဲမှု ဆောင်ရွက်ချင်တယ်ဆိုလျှင် ပရောဂျက်က ကျိန်းသေပေါက် ကြီးမားလိမ့်မည်။ ထိုအခါ ငွေလည်း အမြောက်အများ လိုအပ်ပါလိမ့်မည်။ အရင်းတောင် ပြန်မရပါက ငွေတွေအားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ဒီစက်ရုံကြီးတွေကို ဘယ်သူမှ ယူဖို့ စိတ်မဝင်စားကြတာ ဖြစ်ပါသည်။

ဖေးချမ့် ခပ်ဝေးဝေး လှမ်းကြည့်လိုက်သော်လည်း စက်မှုလုပ်ငန်းဇုန်ကြီး၏ အဆုံးသတ်ကို မမြင်ရသေးပါ။

စက်မှုလုပ်ငန်းဟောင်းဇုန်ကြီးက ကြီးမားပါသည်။ အဆောက်အအုံတွေ အားလုံးကို ငှားရမ်းလိုက်ပြီး ဧရာမ သရဲအိမ်ကြီးအဖြစ် ပြောင်းလဲလိုက်ပါက ယွမ်သန်းရာနဲ့ ချီပြီး သုံးရပါလိမ့်မည်။ ဒါက လက်တွေ့မကျလှပါ။

ထို့ကြောင့် ဖေးချမ့်က စတုရန်းမီတာ ထောင်ချီသည့် စက်ရုံအကြီးစား တချို့ကိုသာ ငှားရမ်းဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ထိုအဆောက်အအုံတွေကို သရဲအိမ်အဖြစ် ပြောင်းလဲမည်ဖြစ်သည်။

ပရောဂျက်အကြီးစားကြီးတစ်ခုကို ဆောင်ရွက်ဖို့ကတော့ မသင့်တော်လှပါ။ သရဲအိမ်အများစုက ကြီးမားပြီး ကြောက်ဖို့ ကောင်းတာကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှ ထိတ်လန့်ဖွယ်ရုပ်ရှင်နဲ့ ထိတ်လန့်ဖွယ်ဂိမ်း ပရိတ်သတ်များအားလုံးကို ဆွဲဆောင်နိုင်လိမ့်မည်။

ဖေးချမ့်ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်က သူ့သရဲအိမ်ကြီး ရေပန်းလည်းမစားဘဲ ခရီးသွားလှည့်လည်သူ အုပ်လိုက်ကြီးကိုပါ မဆွဲဆောင်နိုင်ဖို့ ဖြစ်ပါသည်။ ဒီလိုမှ များနိုင်သမျှ ငွေများများ ဖြုန်းတီးနိုင်မည် ဖြစ်သည်။

ထို့ကြောင့် သရဲအိမ်ရဲ့ အရွယ်အစားကိုလည်း ဖေးချမ့် ထိန်းချုပ်ရပါဦးမည်။

နာမည်ကြီးသွားမှာ ဆိုးတာကြောင့် အရမ်းကြီးသွားအောင်လည်း လုပ်လို့ မရပါ။ သို့သော် ရွမ်ကွမ်းကျန့်လိုလူမျိုးကို ချေးထွက်အောင် ကြောက်သွားစေလောက်ထဲအထိတော့ ကြောက်ဖို့ကောင်းအောင် လုပ်ရပါမည်။ ဒါမှ ဖေးချမ့်ရဲ့ ရင်ထဲက အငြှိုးတရားများ ပျောက်ကွယ်သွားနိုင်မည်။

စက်မှုလုပ်ငန်းဇုန်က လူသူကင်းမဲ့ကာ လာရောက်ဖို့လည်း အဆင်မပြေလှပါ။ သရဲအိမ် အရမ်းကြီး နာမည်ကြီး မလာသသရွေ့ နိုင်ငံတဝှမ်းက ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ကြမှာ မဟုတ်ဟု ဖေးချမ့် ခန့်မှန်းမိသည်။

ကျင်းကျိုးမြို့ ဧည့်သည်တွေထံမှ ဝင်ငွေတစ်ခုတည်းနဲ့ သရဲအိမ်ကြီးရဲ့ နေ့စဉ် ကုန်ကျစရိတ်တွေကို ကာမိမှာ မဟုတ်ပါ။

ထို့ကြောင့် ဒီသရဲအိမ်က ဘော့စ်ဖေးက နှိပ်စက်အခန်းလေးဖြစ်လာမည်။ သူ့မှတ်စုစာအုပ်ထဲမှာ မှတ်သားထားတဲ့ တစ်ယောက်ယောက်ကို ကလဲ့စားချေချင်တာနဲ့ ဒီကို လွှတ်လိုက်လို့ ရပါသည်။

အရှုံးပေါ်နိုင်ရုံတင်မကဘဲ ကလဲ့စားလည်း ချေနိုင်ဦးမည်။ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်သတ်နိုင်မှာ ဖြစ်ပြီး ပြီးပြည့်စုံလွန်းပါသည်။

ဖေးချမ့်နဲ့ စွန်းလေးတို့ နည်းနည်းလောက် ဆက်လျှောက်လိုက်ကြပြီး စက်ရုံအဆောက်အအုံများ၏ လက်ရှိ အခြေအနေကို စစ်ကြည့်လိုက်ပါသည်။ အနှစ်ချုပ်အားဖြင့် လုံးဝ စုတ်ပြတ်နေကြပါသည်။ ဒီနေရာကို ထပ်ပြီး စစ်ဆေးစရာ မလိုတော့ဘူးဟု နှစ်ယောက်စလုံး ထင်မိကြသည်။

"သွားကြစို့"

ဖေးချမ့် ၅ မိနစ်လောက် အေးအေးဆေးဆေး လမ်းပတ်လျှောက်ကြည့်လိုက်ပြီး ပြန်ဖို့ လှည့်ထွက်လာခဲ့ပါသည်။

စွန်းလေး သူ့နောက် ခပ်မြန်မြန် ပြေးလိုက်လာပြီး မေးလိုက်ပါသည်။ "ဘော့စ်ဖေး တခြားနေရာတွေကို ကြည့်ချင်သေးလား။ ဘော့စ်ဖေး သရဲအိမ်လုပ်ငန်း စလို့ရမယ့် တခြားနေရာတွေ အများကြီး ရှိပါသေးတယ်"

ဖေးချမ့် ရပ်တန့်သွား၏။ "ဘာလို့ တခြားနေရာတွေ သွားကြည့်ရဦးမှာလဲ။ ငါ ဒီနေရာကို ရွေးလိုက်ပြီလေ"

စွန်းလေး "အာ..."

စွန်းလေး သူ့ကို နားလည်မှု လွဲသွားခဲ့သည်။

အစကတော့ မြင်နေရတာတွေကို စိတ်တိုင်းမကျသဖြင့် ဒီလောက်မြန်မြန်ပြန်ဖို့ ဘော့စ်ဖေး ဆုံးဖြတ်လိုက်တာဟု စွန်းလေး ထင်ခဲ့သည်။ ဘော့စ်ဖေးသာ စိတ်တိုင်းကျပါက နည်းနည်းလောက် လမ်းဆက်လျှောက်ကြည့်ပါလိမ့်မည်။

ထို့ကြောင့် စွန်းလေးက ဘော့စ်ဖေးကို သရဲအိမ်ဆောက်ဖို့ တခြား နေရာ တစ်ခုခု လိုက်ပို့ပေးသင့်တာဟု စိတ်ပူနေခြင်း ဖြစ်ပါသည်။

ဖြစ်ချင်တော့ သူ အထင်လွဲသွားတာ ဖြစ်ပါသည်။

ဘော့စ်ဖေး လှည့်ထွက်လာရခြင်းက ဒီနေရာကြီးကို အလွန်အားရသွားတာကြောင့်ပဲ ဖြစ်သည်။

သို့သော်... ဒါက ယွမ်သန်းချီပြီး အရေးကြီးသည့် ပရောဂျက်တစ်ခုဖြစ်သည်။ ယွမ် ၁၀ သန်းကျော်တောင် ကုန်ကျနိုင်ပါသေးသည်။ ဒီတိုင်း ၅မိနစ်လောက် ကြည့်ပြီး နေရာတစ်ခုကို ဆုံးဖြတ် ရွေးချယ်လိုက်တာ အရမ်းကြီးများ လောမနေဘူးလား။

စွန်းလေး ခပ်မြန်မြန်ပဲ ထိုအတွေးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါသည်။

ဘော့စ်ဖေးဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ။ သူက ဆုံးဖြတ်ချက်ကို အလောတကြီး ချပါ့မလား။ ရောက်မလာခင်ကတည်းက ဒီနေရာ အကြောင်းကို သူ အများကြီး သိထားပြီးသား ဖြစ်လောက်သည်။ ဧကန္တ ဒီနယ်မြေအပေါ် သူ့ရဲ့ နားလည်ထားမှုကို အတည်ပြုဖို့အတွက် အချိန် ၅မိနစ်သာ လိုခဲ့တာ ဖြစ်နိုင်ပါသည်။ အရာရာကို ဂရုတစိုက် အစီအစဉ်ချပြီးမှ လှုပ်ရှားတာလည်း ဒါမျိုးပဲ ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် တဲတစ်ခုထဲမှာ တစ်ယောက်တည်း ဗျူဟာချနေသည့် စစ်သူကြီးတစ်ယောက်က အလှမ်းဝေးသည့် တိုက်ပွဲတစ်ခု၏ ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်သည်။

ရုံးကိုပြန်ရောက်တာနဲ့ သရဲအိမ်ဘယ်လိုလုပ်ရမလဲဆိုတာကို ဖေးချမ့် စတင်စဉ်းစားလေသည်။ သရဲအိမ်တစ်ခုကို လည်ပတ်ထားရုံနဲ့ အရှုံးပေါ်ဖို့ ရိုးရှင်းပါသည်။ အထူးသဖြင့် သရဲအိမ်ကို တည်နေရာ တစ်ခုတည်းမှာပဲ ပုံသေထားရင်း ပိုလွယ်ကူသည်။

အဘယ့်ကြောင့်ဆိုသော် သရဲအိမ်များက တစ်ကြိမ်သာ ခံစားနိုင်သည့် ငွေကုန်ပေါက်များ ဖြစ်ကြသည်။ လည်ပတ်သူ အများစုက တစ်ကြိမ်သာ ဝင်ကြည့်ပြီး နောက်တစ်ခေါက် ပြန်မလာတတ်ကြတော့ပါ။

ယောက်ျားလေးများက မိန်းကလေးများကို ရွေးချယ်ရသည့် အစီအစဉ်များ သို့မဟုတ် ၎င်းရဲ့ ကုန်ကြမ်းနဲ့ ကစားနည်းများကို လုံးဝ အသစ်က ပြန်လည်ဆန်းသစ်မည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်မှသာ ရပါမည်။

သို့သော်လည်း သရဲအိမ်များ၏ ဆောက်လုပ်မှု ကုန်ကျစရိတ်များက များပြားသည်။ တစ်ခါ ပြန်လည် ပြုပြင်ဆန်းသစ်ရုံနဲ့ အများကြီး ကုန်ကျနိုင်သည်။ ထို့အပြင် ပြန်လည်ပြုပြင်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်နေစဉ် လည်ပတ်လို့လည်း မရပါ။ အဆိုးက အကောင်းထက် ပိုများနေပါသည်။

ထို့ကြောင့် သရဲအိမ်တွေကို လည်ပတ်ဖို့ နည်းလမ်း ၃ ခု ရှိပါသည်။

ပထမဆုံး နိုင်ငံခြားမှ အကြီးစား သရဲအိမ်ကြီးတွေလိုမျိုး ဖေးချမ့် လည်ပတ်နိုင်သည်။ ၎င်းတို့ရဲ့ အရွယ်အစားကြောင့် လူသိများပြီး ရလဒ်အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးက ခရီးသည်တွေလည်း အစုလိုက် အပြုံလိုက် ရောက်လာတတ်ကြပါသည်။ ဒီလောက်များပြားတဲ့ ကတ်စတမ်မာတွေကြောင့် ထိုသရဲအိမ်များက လက်မှတ်များနဲ့ အရန်ထုတ်ကုန်များမှတဆင့် ငွေတွေ အများကြီး ရနိုင်ပါသည်။

ဒုတိယတစ်ခုက ဖေးချမ့် ရွှေ့ပြောင်းသရဲအိမ်တစ်လုံးကို တည်ဆောက်နိုင်သည်။ မြို့တော်တစ်မြို့ထဲက ရှော့ပင်းမောထဲမှာ သရဲအိမ်တစ်အိမ်ဆောက်ကာ အချိန်ကြာမှ တခြားမြို့တစ်မြို့ကို ပြောင်းလိုက်မည်။ ဒါဆို ကတ်စတမ်မာတွေလည်း ပုံမှန် အသစ် ရလိမ့်မည်။ ဒါက လက်ရှိ နိုင်ငံတော်ထဲက သရဲအိမ်များစွာ အသုံးပြုနေသည့် မော်ဒယ် ဖြစ်ပါသည်။

တတိယနည်းလမ်းကတော့ ဧရာမ အပန်းဖြေဥယျာဉ်ကြီးတစ်ခုထဲမှာ ဖေးချမ့် သရဲအိမ်တစ်လုံးကို ဆောက်လုပ်နိုင်သည်။ အပန်းဖြေဥယျာဉ်က ပုံမှန် ကတ်စတမ်မာ စီးဆင်းမှုကို ထိန်းသိမ်းထားနိုင်သရွေ့ သရဲအိမ်ထဲကိုလည်း လူတွေ ပုံမှန် ဝင်ရောက်လာနိုင်ပါသည်။

သို့သော် ထိုနည်းလမ်းတွေထဲက တစ်ခုမှ ဖေးချမ့် မစဉ်းစားပါ။ အဘယ့်ကြောင့်ဆိုသော် အစောကြီးကတည်းက ငွေရဖို့ စိတ်ကူးမရှိတာကြောင့် ဖြစ်ပါသည်။

ကျရှုံးသွားခဲ့ဖူးသည့် သရဲအိမ်များထံမှ သင်ခန်းစာ ယူရမည်။ ပုံသေတည်နေရာတစ်ခုမှာ လူတွေကို ချေးထွက်ကျစေလောက်အောင် ကြောက်ဖို့ ကောင်းမည့် ကြီးကြီးမားမား သရဲအိမ်တစ်လုံးကို တည်ဆောက်မည်။ သို့သော်လည်း နိုင်ငံတော်တဝှမ်းမှာတော့ နာမည်ကြီးလာမှာ မဟုတ်ပါ။

ဒါမှ ကျင်းကျိုးမြို့က လူတွေ နာမည်ကြောင့် သရဲအိမ်ကို လာကြရင်တောင် အချိန်တိုအတွင်းသာ အဆင်ပြေကြပါလိမ့်မည်။ ရေရှည်မှာတော့ အရှုံးပေါ်နေဦးမှာပဲ ဖြစ်သည်။

လောလောဆယ် ဖေးချမ့် ဘယ်လိုသရဲအိမ်မျိုး ဖန်တီးရမလဲဆိုတာကို မသေချာသေးပေ။ သို့သော်လည်း လောစရာ မလိုပါ။ အရင်ဆုံး ပရောဂျက်ကို တာဝန်ယူမည့် လူတစ်ယောက်ကို ရှာရမည်။ ဖေးချမ့်က အလုပ်များလွန်းပါသည်။ အရာရာကို တာဝန်ယူနေလို့ မရပါ။

ထို့အပြင် ဖေးချမ့်က သရဲအိမ်နဲ့ ပတ်သတ်ပြီး ဘာမှ ဝင်မပါချင်ပါ။

တစ်ဖက်မှာတော့ သူလည်း ကြောက်တတ်သဖြင့် သရဲအိမ်တွေကို ချောက်ချားဖို့ကောင်းသည်ဟု ထင်နေတာကြောင့် ဖြစ်သည်။ နောက်တစ်ဖက်မှာတော့ သူ ဖန်တီးလိုက်တဲ့ သရဲအိမ်က သူများတွေအတွက် ကြောက်ဖို့ ကောင်းမနေမှာကို စိတ်ပူတာကြောင့် ဖြစ်သည်။ ကြောက်ဖို့မကောင်းတဲ့ သရဲအိမ်တွေကလည်း အရှုံးပေါ်နိုင်ပါသည်။ သို့သော် ဖေးချမ့်က သူ့သရဲအိမ်ကို အရှုံးပေါ်ဖို့ ဆိုတာထက် ကြောက်ဖို့ကောင်းအောင် ပိုလုပ်ချင်သည်။

ဘာပဲဖြစ်ဖြစ် ဒီသရဲအိမ်ကြီးမှာ တခြား အထူးရည်ရွယ်ချက်တစ်ခုရှိတာပဲ မဟုတ်လား။ သူ့မှတ်စုစာအုပ်ထဲက စာရင်းရှိလူတွေကို ဘော့စ်ဖေး ကလဲ့စားချေဖို့ ထိုသရဲအိမ်ကြီးကိုပဲ အားကိုးရမှာ ဖြစ်ပါသည်။ သရဲအိမ်ကြီးက ကြောက်ဖို့ မကောင်းပါက မှတ်စုစာအုပ်ထဲကလူတွေ ဘော့စ်ဖေးကို ပြန်ပြီး အနိုင်ယူသွားနိုင်ပါသည်။ ဒါဆို တော်တော် ရှက်ဖို့ ကောင်းလိမ့်မည်။

အနည်းငယ်တွေးပြီးနောက် မကြာသေးခင်က ကုမ္ပဏီထဲမှာ တွေ့ထားတဲ့ ပွေးကောင်နဲ့ ကိစ္စရှင်းဖို့ကို ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။

ချန်းခန့်ထုံ မင်းအလှည့်ပဲ။ သရဲအိမ်ကြီးအတွက် မင်း ဦးဆောင်ရမယ်။

ဒါဆို ဘော့စ်ဖေး ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်နိုင်ပါလိမ့်မည်။

ပထမတစ်ချက်က ချန်းခန့်ထုံမှာ အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်သည်။ ဖေးချမ့်သာ သူ့ကို ရှင်းနိုင်ပါက ရုံးထဲ သန့်စင်သွားပါလိမ့်မည်။

ဒုတိယတစ်ချက်က ချန်းခန့်ထုံမှာ ကိုယ့်အလုပ်ကို အလွန်လေးလေးနက်နက် လုပ်ဆောင်တတ်သည်။ သရဲအိမ်အတွက် တာဝန်ပေးလိုက်ခြင်းအားဖြင့် ထိုပရောဂျက် အောင်မြင်မှာကို စိတ်ချထားလို့ ရပါသည်။

ထို့အပြင် ဖေးချမ့်က သရဲအိမ်အတွက် သတ်မှတ်ထားတဲ့ သူ့ရဲ့ အထူးရည်ရွယ်ချက် အကြောင်းကိုလည်း စဉ်းစားနေသေးသည်။

ပထမနေရာထုတ်ပယ်ခြင်း စနစ်က ရုံးထဲရှိ အထူးချွန်ဆုံး လက်ရွေးစင်များကိုသာ ရှင်းထုတ်နိုင်သည်။ သို့သော် အချိန်ပို ခိုးကြောင်ခိုးဝှက် လုပ်တတ်သည့် အလုပ်ကြိုးစားသူတွေကို ရှင်းနိုင်ဖို့ကိုတော့ အကူအညီ မပေးနိုင်ပါ။

ယခု အားလုံးကို သရဲအိမ်ပရောဂျက်အတွင်းသို့ ဖေးချမ့် ပစ်ထည့်လိုက်လို့ ရပါပြီ။

အဘယ့်ကြောင့်ဆိုသော် ဒီပရောဂျက်က ကျရှုံးမှာ သေချာနေတာကြောင့်ပင်။ ဆိုလိုတာက သူတို့ ဘယ်လောက်ပဲ အလုပ်ကြိုးစားနေကြပါစေ ဖေးချမ့် စိတ်ပူစရာ လိုတော့မှာ မဟုတ်ပါ။

ဖေးချမ့် ပိုတွေးမိလေလေ အားပိုရလာလေလေ ဖြစ်သည်။ ကံကြမ္မာ စီရင်ရာ ဟုသာ ဆိုနိုင်သည်။ ထန်ယီရှုကို မတော်တဆ မတွေ့ခဲ့မိပါက အချိန်ပို ခိုးလုပ်နေသူတွေကို ဖေးချမ့် ဖော်ထုတ်နိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် ချန်းခန့်ထုံအကြောင်းကိုလည်း သိလာမှာ မဟုတ်ပါ။

ကံကြမ္မာက တကယ့်ကို အံ့သြဖို့ကောင်းသည့် အရာတစ်ခုပင်။

သို့သော်လည်း ဒီပရောဂျက်အတွက် ချန်းခန့်ထုံ တစ်ယောက်တည်း အထီးကျန်သွားမလား။ သူ့ကို ကူညီပေးဖို့ လူတွေ စီစဉ်ပေးလိုက်ရမလား။ သရဲအိမ် လုပ်ငန်းကို ကူညီပေးဖို့အတွက် ရှန်းယန်ဂိမ်းက အလုပ်ကြိုးစားသူတွေကိုလည်း ရှာနိုင်ပါသည်။

ဟုတ်တယ်။ အကြံကောင်းပဲ။

ရှန်းယန်ဂိမ်းဝန်ထမ်းတွေက အချိန် တစ်လကျော်လောက်ထိ ထိတ်လန့်ဖွယ်ဂိမ်းတွေ ကစားခဲ့ကြတာ ဖြစ်သည်။ ထိုအတွေ့အကြုံမှ တန်ဖိုးရှိသည့် သင်ခန်းစာများ ရထားလောက်သည်။

ပရော်ဖက်ရှင်နယ် ပိုကျသည့် ဝန်ထမ်းများကို သရဲအိမ်ဆီလွှတ်ရပါမည်။ ဒါမှ ရွမ်ကွမ်းကျန့်ကို ချေးထွက်လောက်တဲ့အထိ ကြောက်စရာကောင်းအောင် လုပ်နိုင်ကြပါလိမ့်မည်။

ထိုအတွေးဖြင့် လင်းဝမ်ကို ဖေးချမ့် မက်ဆေ့ပို့လိုက်သည်။

"ရှန်းယန်ဂိမ်းမှာ အလုပ်ကြိုးစားတဲ့ သာမန် ဝန်ထမ်း တစ်ယောက်လောက် ရှာပေး။ ငါ့မှာ ပရောဂျက် အသစ်တစ်ခု ရှိတယ်"

နောက်တစ်နေ့ နေ့လည်ခင်း...

အရင်တုန်းကလိုပဲ ပေါင်ရှု ရုံးကို အချိန်မှန် ရောက်လာခဲ့ပြီး ကိုယ့်စားပွဲမှာကိုယ် ထိုင်လိုက်သည်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်ထဲ ဝင်ကြည့်လိုက်ပြီး သူ့စာဖိုင်ကိုဖွင့်ကာ ပြင်ဆင်မှုတချို့ ဂရုတစိုက် လုပ်ဆောင်လေသည်။ မိနစ်အနည်းငယ်ကြာ ပြုပြင်နေပြီးနောက် တစ်ခုခု လွဲနေသလို ခံစားလိုက်ရလေသည်။

ဘာက သူ့ကို သက်တောင့်သက်သာ မရှိအောင် လုပ်နေတာလဲဆိုတာကို ရှာဖို့ ပေါင်ရှု ရုံးကို ဝေ့ဝိုက် ကြည့်လိုက်ပါသည်။ နောက်ဆုံးတော့ အလုပ်ခုံ နေရာလွတ်တစ်ခုပေါ် သူ့မျက်လုံး ကျရောက်သွားလေသည်။

ချန်းခန့်ထုံ ဒီနေ့ အလုပ်မလာပါ့လား။

ဒါတင်မကသေးပါ။ သူ့အလုပ်ခုံပေါ်က ကိုယ်ရေးကိုယ်တာ ပစ္စည်းအားလုံးပါ ပျောက်ကွယ်သွားပါသည်။

ဒီတိုင်း နေမကောင်းလို့ ခွင့်ယူတာဆိုရင် ကိုယ်ပိုင် ပစ္စည်းတွေပါ ရှင်းသွားဖို့ လိုလို့လား။

ပေါင်ရှု ရုတ်တရက်ကြီး ကျောရိုးထဲ အေးစိမ့်သွားခဲ့သည်။

ဒီကောင် ဘာဖြစ်သွားတာလဲ။ ကမ္ဘာကြီးပေါ်က ပျောက်ကွယ်သွားပြီလား။

All Chapters