အော့တို OS
Vol. 24 Ch. 351
ပေါင်ရှု သွေးလေချောက်ချားသွားလေသည်။ ဖော်မပြတတ်သည့် ကပ်ဘေးအန္တရာယ် ခံစားချက်ကြီး တစ်ခုကိုလည်း ခံစားလိုက်ရဿည်။ ချန်းခန့်ထုံကို စာတွေ အတန်းလိုက် ပို့လိုက်ပါသည်။
"မင်း ဒီနေ့ ဘာလို့ အလုပ်မလာတာလဲ"
ချန်းခန့်ထုံ စာမပြန်ခင် ဖြစ်နိုင်ခြေများစွာက ပေါင်ရှု၏ ခေါင်းထဲ ဝင်ရောက်လာပါသည်။
အလုပ်များ ထုတ်ခံလိုက်ရတာလား။ မဖြစ်နိုင်ဘူး။ ဘော့စ်ဖေး တစ်ခါမှ ဝန်ထမ်းတွေကို အလုပ်မထုတ်ဖူးပါဘူး။
အလုပ်များ ထွက်သွားတာလား။ ဒါ ပိုပြီးတောင် မဖြစ်နိုင်သေးတယ်။ ထန်းတာ့ထက် ပိုကောင်းတဲ့ ကုမ္ပဏီကို ဘယ်မှာ ရှာလို့ရမလဲ။ ဂြိုလ်သားတွေ ပြန်ပေးဆွဲသွားတာတော့ မဖြစ်နိုင်ဘူးမလား။
ထိုဖြစ်နိုင်ခြေ အားလုံးကို ပယ်ချလိုက်သောအခါ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ကျန်ခဲ့သည်...
ချန်းခန့်ထုံက စာပြန်လာ၏။ "ညီကိုပေါင်။ ငါပြောမှာကို မင်းမယုံနိုင်လောက်ဘူး"
"ငါ... ငါ ပရောဂျက်အသစ် တာဝန်ပေးခံရတယ်။ ဘော့စ်ဖေးက သရဲအိမ်ပရောဂျက်တစ်ခုမှာ ရင်းနှီး မြှုပ်နှံချင်တယ်လို့ပြောပြီး ငါ့ကို ဦးဆောင်ခိုင်းထားတယ်"
"ဖြစ်ပျက်သွားတာတွေက အရမ်းမြန်ဆန်တော့ ငါလည်း အလောတကြီး ထွက်သွားလိုက်ရတာပါ။ နှုတ်ဆက်ညစာစားပွဲက နောက်မှပဲ ကျင်းပတော့မယ်။ ဘာမှ စိတ်ပူစရာ မလိုဘူးလို့ အားလုံးကို ပြောပြပေးပါကွာ။ ငါ ဒီတိုင်း ဌာနလေးပဲ ပြောင်းသွားတာပါလို့..."
ပေါင်ရှု "ဟမ်။ သရဲအိမ် ဟုတ်လား။ မင်းကို အဲ့မှာ ဦးဆောင်ခိုင်းထားတာလား"
ချန်းခန့်ထုံ "ညီကိုပေါင်၊ ငါလည်း အရမ်းစိတ်ရှုပ်သွားတာ။ အားလပ်ရက်တွေမှာ GOG ဒီဇိုင်းပလန်ကို ပြောင်းဖို့ အချိန်ပိုလုပ်နေတာကို အခုတော့ သရဲအိမ်ဆောက်မယ့် နေရာကို စုံစမ်းနေရပြီ.."
ထို့နောက် ပေါင်ရှုကို ဓာတ်ပုံများ ပို့ပေးလိုက်သည်။
ချန်းခန့်ထုံ ပို့ပေးလိုက်သည့် ဓာတ်ပုံများကို ပေါင်ရှု ကြည့်လိုက်ပါသည်။ အတော်လေး ချောင်ကျသည့် စက်မှုလုပ်ငန်းဟောင်းဇုန်ကြီးတစ်ခု ဖြစ်သည်။ လူနေ နည်းပါးပြီး ပေါင်းပင်တွေ ဖုံးလွှမ်းနေသည်။ ပုံကိုကြည့်လိုက်တာနဲ့ ဝမ်းနည်းသလိုလို၊ စိတ်ဓာတ်ကျသလိုလိုကြီး ဖြစ်လာပါသည်
ချန်းခန့်ထုံ အခု ဘယ်လိုခံစားနေရမလဲဆိုတာကို ခန့်မှန်းရ မခက်ပါ။
ပေါင်ရှု ခေတ္တ တိတ်ဆိတ်သွားပြီး ပြန်စာကို ရိုက်လိုက်သည်။ "ဘာလို့ ဘော့စ်ဖေးက မင်းကို ရွေးသွားတာလဲ"
ချန်းခန့်ထုံ "ငါ ဘယ်လိုလုပ်သိမှာလဲ.. ငါ့အလားအလာကောင်းမှုကို အများကြီး မျှော်လင့်ထားပြီး ဒီ့ထက် ပိုမြင့်တဲ့ အဆင့်မှာ ငါ့ပါရမီကို ထုတ်ပြနိုင်ဖို့ မျှော်လင့်ထားတယ်လို့ပဲ ဘော့စ်ဖေးက ပြောတယ်..."
ပေါင်ရှု အတွေးနက်ရှိုင်းသွား၏။ သေချာပါသည်။ နောက်ထပ် 'ဘော့စ်ဖေး-စတိုင်' ရာထူးတိုးပေးခြင်း တစ်ခုသာ ဖြစ်သည်။ အရင်တုန်းကလည်း ဟွမ်စစ်ပေါ် ဖြစ်ဖြစ်၊ လုမင်လျန်ဖြစ်ဖြစ်၊ လီယာ့တာဖြစ်ဖြစ် ရာထူးတိုးလုပ်ငန်းစဉ်တစ်ခုလုံးက ကျပန်းရွေးချယ်သလို ဖြစ်နေသည်။
ပရောဂျက်အဖွဲ့ထဲက စီနီယာအကျဆုံးတွေနဲ့ အကောင်းဆုံးဆိုသူတွေကို ရာထူးတိုးပေးတာ မဟုတ်ပါ။ အများစုက ရာထူးမတိုးပေးခင်တုန်းက လူသိနည်းသူများသာ ဖြစ်သည်။ သို့သော်လည်း ရာထူးတိုးပေးပြီးခံရပြီးနောက် ရာထူးအသစ်နဲ့ အလွန်လျင်မြန်စွာ အသားကျသွားကြပြီး အလားအလာကောင်းမှုတွေ ပေါက်ထွက်လာကြသည်။
ဘော့စ်ဖေးမှာ ထူးခြားတဲ့ အမြော်အမြင်ရှိနေမှန်း သိသာပါသည်။ သူ့ဝန်ထမ်းတွေရဲ့ လျှို့ဝှက် ပါရမီတွေနဲ့ အဆုံးမဲ့ ဖြစ်နိုင်ခြေပေါင်းများစွာကို ကြိုမြင်နိုင်စွမ်း ရှိသည်။
ဒီတစ်ခေါက်လည်း ချန်းခန့်ထုံကို ရာထူးတိုးပေးတာ ထိုနည်းလည်းကောင်း ဖြစ်သည်။
ပေါင်ရှုက ဒီဇိုင်းစာဖိုင်များကို ဒီဇိုင်းအဖွဲ့ရဲ့ အဖွဲ့ဝင် ဟန်ဆောင်ပြီး အမြဲတမ်း ကြည့်ခဲ့တာ ဖြစ်သည်။ ဒီဇိုင်းအဖွဲ့အကြောင်းကိုလည်း လီယာ့တာနဲ့ မကြာခဏ ဆွေးနွေးသည်။ ချန်းခန့်ထုံက အပေါ်ယံမှာ အနေအေးသော်လည်း တိုးတက်ချင်စိတ် မြင့်မားပါသည်။
အရင်တစ်ပတ်တုန်းက အချိန်ပိုလုပ်ခွင့် တောင်းဆိုနိုင်သည့် ကန့်သတ်ချက် နည်းသည်။ လီယာ့တာက စီနီယာကျသည့် လုပ်ဖော်ကိုင်ဖက်များနဲ့ အရေးကြီးသည့် ရာထူးများကို ကိုင်ဆောင်ထားရသည့် လူတွေရဲ့ နာမည်ကိုသာ ထည့်သွင်း လျှောက်ထားပေးခဲ့သည်။ သူတို့မှာ ကန့်သတ်ချက် ရှိသဖြင့် ဆိုလိုရင်းက အချိန်ပိုလုပ်ဖို့တောင် ယှဉ်ပြိုင်လုယူရပါသည်။
အရင်တစ်ခေါက်က ချန်းခန့်ထုံ အချိန်ပိုလုပ်ခွင့် မရခဲ့သော်လည်း သူ့ပလန်တွေကို ပြည့်မှီဖို့အတွက် အချိန်ပို ခိုးလုပ်ခဲ့တာ ဖြစ်မည်။
ဒါနဲ့တင် ချန်းခန့်ထုံက ကိုယ့်ကိုယ်ကို တိုးတက်စေချင်သည့် လူမျိုးဆိုတာ သိသာပါသည်။
ထို့ကြောင့် ပေါင်ရှု ရုတ်တရက်ကြီး လန့်သွားရသည်။
လူတိုင်းရဲ့ အလုပ်ကြိုးစားမှု၊ အလားအလာကောင်းမှုနဲ့၊ ကြိုးစားချင်စိတ်တွေအကြောင်း ဘော့စ်ဖေးက ရှင်းရှင်းလင်းလင်း သိထားပြီးသားများလား။
ထို့အပြင် ဘော့စ်ဖေးက ထိုအချက်တွေပေါ် အခြေခံပြီးတော့သာ ပါရမီရှင်များကို ရွေးချယ်နိုင်ပြီး ပရောဂျက်အသစ်များအတွက် ပိုအားတက်စေကာ ကြိုးစားချင်စိတ်များ ပေါ်လာအောင် လုပ်ပေးနိုင်သည်။
အရင်က နိမိတ်မကောင်းတဲ့ ခံစားချက်ကြီးနဲ့ပါ ပေါင်းလိုက်ပါက...
ပေါင်ရှု နှလုံးသား ချိုင့်ဝင်သွားပြီး အလွန် အန္တရာယ်များတဲ့ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပါသည်။
သူ့ရဲ့ ပုံမှန် အလုပ်ကြိုးစားပုံကိုသာ ဖုံးကွယ်မထားခဲ့ရင် အခုလောက်ဆို ချန်းခဲ့ထုံနဲ့ သရဲအိမ်ဆောက်မယ့် နေရာကို သွားစစ်ဆေးနေရလောက်ပြီလား။
ပေါင်ရှု သရဲအိမ်ပရောဂျက်ဆီ မသွားချင်ပါ။
ထန်းတာ့ဂိမ်းအတွက် သာမန် ဒီဇိုင်နာ တစ်ယောက်သာ ဖြစ်ချင်သည်။ စာဖိုင်များ ရေးသားပြီး ဂိမ်းရဲ့ အသေးစိတ် အချက်များကို ချိန်ညှိကာ ဒီဇိုင်းပလန်ကို ပြောင်းလဲတာမျိုးတွေသာ လုပ်ချင်ပါသည်။ ထို့အပြင် ဂိမ်းကစားဖို့ပဲ စိတ်ဝင်စားကာ တခြား ပရောဂျက်တွေ လုပ်ဖို့ အပြင်ထွက်ဖို့ စိတ်မဝင်စားပါ။
"ကပ်သီးလေးကွာ"
"ဘော့စ်ဖေးက ကုမ္ပဏီကို ခဏခဏ မလာပေမယ့် ကုမ္ပဏီကို အမြဲတမ်း စောင့်ကြည့်နေတာပါလား။ တကယ် အစွမ်းအစ ရှိပြီး ကုမ္ပဏီအတွက် အထောက်အကူ ပြုပေးနိုင်တဲ့ ဘယ်သူမဆို သူ့စောင့်ကြည့်မှုက မလွတ်မြောက်နိုင်ဘူး"
"အမြော်အမြင်က အံ့သြဖို့ကောင်းလိုက်တာ"
"လောလောဆယ်တော့ ငါပေါ်မသွားတာ ကံကောင်းတယ်။ ငါထပ်ပြီး စွန့်စားလို့ မရတော့ဘူး။ အနည်းဆုံးတော့ နောက်လာမယ့် ထူးချွန်ဝန်ထမ်း ရွေးချယ်ပွဲပြီးတဲ့အထိ တောင့်ခံထားရမယ်"
ပေါင်ရှု တိုးတိုးတိတ်တိတ် Save လိုက်ပြီး ပြုပြင်ထားသည့် ဖိုင်ကို ပိတ်လိုက်ကာ ကိုယ့်ကိုယ်ကို ဂိမ်းထဲ အာရုံနှစ်ထားလိုက်တော့သည်။
ဒီတစ်ခေါက်တော့ မဟာရေသာခိုသူကြီး ဖြစ်ဖို့ စိတ်ဆုံးဖြတ်ချက် ချလိုက်ပါပြီ။
နေ့လည်ခင်းတွင်....
ချန်းယောင်က ထန်းတာ့ထံသို့ အစမ်းပစ္စည်းတစ်ခု ယူလာခဲ့သည်။ ထိုအစမ်းပစ္စည်းက တခြား ဘရန်း တစ်ခု၏ ပင်မဖုန်းတစ်လုံး ဖြစ်သည်။ အော့တို နည်းပညာ၏ ဆဲလ်ဖုန်းများအတွက် သီးသန့် ဖန်တီးထားသည့် စနစ်၏ နောက်ဆုံးထွက် ထုတ်ကုန်များဖြင့် တပ်ဆင်ထားသည်။
အော့တို OS ဟု ခေါ်၏။
ချန်းယောင်က လတ်တလော အဓိက အားဖြင့် လုပ်ငန်း ၂ ခုကြောင့် အလုပ်များနေရပါသည်။ ပထ တစ်ခုက OEM နဲ့ ထောက်ပံ့မည့် လမ်းကြောင်းတို့ကို အတည်ပြုရင်း ဆဲလ်ဖုန်းထုတ်လုပ်ရေး ပလန်ကို အပြီးသပ်ခြင်း ဖြစ်သည်။ ဒုတိယတစ်ခုက အော့တို OS ကို ဖန်တီးဖို့အတွက် အဖွဲ့ကို ဦးဆောင်တာပဲ ဖြစ်ပါသည်။
စမတ်ဖုန်းခေတ်မှာ ဆဲလ်ဖုန်းများက ပိုပိုပြီး ပုံစံ ဆင်တူလာကြသည်။ ဒါက ရှောင်လွှဲလို့ မရသည့် ခေတ်စားမှုပုံစံ တစ်ခု ဖြစ်၏။
စမတ်ဖုန်းများ မတိုင်ခင် ဆဲလ်ဖုန်းများက ပုံသဏ္ဌာန် ပေါင်းစုံဖြင့် လာကြသည်။ စက်တုံးဖုန်းများ၊ ခေါက်ဖုန်းများ၊ တွန်းဖုန်းများ၊ ကီးဘုတ်အပြည့် ဖုန်းများ၊ ဒီဇိုင်းအမျိုးမျိုးဖြင့် လာတတ်ကြသည်။
သို့သော်လည်း စမတ်မုန်းခေတ်၏ တိုးတက်မှုနဲ့အတူ ဆဲလ်ဖုန်းများ၏ ပုံစံကလည်း ပိုဆင်တူလာကြပါသည်။ ဖန်သားပြင်နဲ့ ခလုတ်အချိုးကို တိုးမြှင့်ဖို့အတွက် ခလုတ် အနည်းငယ်သာ ထည့်သွင်းတော့သည်။ ဖန်သားပြင်အပြည့်ဖုန်းတွေအတွက် ဒီဇိုင်း အမျိုးမျိုး ရှိကြသော်လည်း ၎င်းတို့လည်း မကြာခင်မှာ ဆင်တူ သွားကြပါသည်။
မိုဘိုင်းလ်ဖုန်းများ၏ ဆင်တူမှုက ပိုပိုပြီး မြင့်မားလာပြီဖြစ်သဖြင့် ဖုန်းရဲ့ အပြင်ပိုင်းဒီဇိုင်း ဖန်တီးနိုင်ခြေများက ပိုပိုပြီး ခက်ခဲလာပါသည်။
ဒီလိုအခြေအနေမျိုးမှာ ဟာ့ဒ်ဝဲနဲ့ ဒီဇိုင်းအပြင် OS ကလည်း ဆဲလ်ဖုန်းဘရန်းများကို ခွဲခြားဖို့အတွက် အဓိက အချက် ဖြစ်သည်။
ဆဲလ်ဖုန်း ဘရန်း ၂ ခုက ဟာ့ဒ်ဝဲများ ဆင်တူပြီး စျေးနှုန်းလည်း အများကြီး ကွဲပြားမှု မရှိပါက အသုံးပြုသူတွေက အသုံးပြုရပိုလွယ်သည့် စနစ်ပါသော ဖုန်းကိုပဲ ဦးစားပေးရွေးချယ်ကြလိမ့်မည်။
ချန်းယောင်လည်း ဒါကို ကောင်းကောင်းနားလည်ပါသည်။ ထို့ကြောင့် အော့တို နည်းပညာကို စတင် တည်ထောင်ကတည်းက ဆဲလ်ဖုန်း OS ဖန်တီးမှုကို အလေးပေးခဲ့ခြင်း ဖြစ်သည်။ Pineapple က လွဲပြီး တခြား ဆဲလ်ဖုန်း ဘရန်းများက ချိန်ညှိမှုအတွက် Android စနစ်ကိုသာ အသုံးပြုနေကြတာ များပါသည်။
မူရင်း Android စနစ်က ပေါ့ပါးပြီး ရှင်းလင်းသည်။ သို့သော် ပြည်တွင်း အသုံးပြုသူတွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှု မရှိသည့် လုပ်ဆောင်မှု ကန့်သတ်ချက်များ ရှိနေပါသည်။
ထို့ကြောင့် ပြည်တွင်းဆဲလ်ဖုန်းထုတ်လုပ်သူ အများစုက သုံးစွဲသူတွေရဲ့ အကြိုက်ကို ဖန်တီးနိုင်ဖို့ မျှော်လင့်ချက်ဖြင့် ၎င်းတို့ရဲ့ ကိုယ်ပိုင်စနစ်များကို ပိုမို ကြွယ်ဝပြီး ချောမွေ့အောင် လုပ်ဖို့သာ ပိုပြီး အားသန်ကြပါသည်။
ချန်းယောင်လည်း ထိုနည်းလည်းကောင်း ဖြစ်၏။
ဒီကိုလာနေစဉ်မှာလည်း အော့တို OS စနစ်၏ အခြေခံ လုပ်ဆောင်ချက်များကို စမ်းကြည့်ပြီးပါပြီ။ ကြီးကြီးမားမား ပြဿနာဟူ၍ မရှိပါ။ သူ ဒီတစ်ခေါက် ပြသချင်သည့် အကြောင်းအရင်းများက အောက်ပါတို့ ဖြစ်သည်။
စနစ်ဖောင့်များ၊ Theme များ စသည့် Interface စတိုင်ဖြစ်သည်။ စနစ်ရဲ့ လှပမှုကို ကြွားဝါဖို့ သက်သက် ဖြစ်ပါသည်။
-1 ဖန်သားပြင်ဒီဇိုင်းနဲ့ တချို့ စနစ်လုပ်ဆောင်ချက်များ၏ ချိန်ညှိမှု အာနိသင် အစရှိသည့် အသေးစိတ် ချိန်ညှိမှု လုပ်ငန်းစဉ်များ ရှိလေ၏။
ဘော့စ်ဖေး တောင်းဆိုထားသည့် ဒေတာ လွှဲပြောင်းခြင်းကဲ့သို့ အသေးစား ပရိုဂရမ်တချို့ စသည့် အထူးလုပ်ဆောင်ချက်များလည်း ပါရှိသည်။
ပထမ ဗားရှင်းသာ ရှိသေးသော်လည်း အားလုံးကို သုညက စခဲ့သည်ဟု ပြောလို့တော့ မရပေ။
ပထမဆုံးအနေဖြင့် စနစ်ကို ရိုးရိုးသာမန် Android စနစ်ပေါ် အခြေခံပြီး ပြုပြင်ထားတာ ဖြစ်သည်။ ဒုတိယ အနေဖြင့် ချန်းယောင်ရဲ့ အဖွဲ့က စနစ် ဖန်တီးမှုမှာ အတွေ့အကြုံရှိကြသည်။ ထို့ကြောင့် ချန်းယောင်က ဒီစနစ်အတွက် ယုံကြည်ချက်များ ပြည့်ဝနေပါသည်။
Bug တွေ အများကြီးရှိမှာ မဟုတ်ပေ။
စနစ်တစ်ခုကို ဖန်တီးခြင်းက ကတ်စတမ်မာတွေရဲ့ လိုအပ်ချက်တွေဆိုတာ ဘယ်တော့မှ မပြည့်နိုင်တာကြောင့် အလွန်ကြာမြင့်သည့် လုပ်ငန်းစဉ်ကြီး တစ်ခု ဖြစ်သည်။
စနစ်တွေကို update တင်လိုက်တိုင်း ကျိန်းသေပေါက် Bug တွေ အများကြီး ရှိလိမ့်မည်။ သို့သော်လည်း ဒီတစ်ခေါက် စနစ်က အရင် စနစ်ကို ပြုပြင်ထားခြင်းသာ ဖြစ်သည်။ သူတို့ ရင်းနှီးပြီးသား အရာတွေကိုသာ ဆောင်ရွက်ခဲ့သဖြင့် Bug တွေ အများကြီး မရှိလောက်ပါ။ တည်ငြိမ်မှုလည်း မြင့်သည်။ ချန်းယောင် ဖေးချမ့်၏ ရုံးတံခါးဆီ ရောက်လာခဲ့ပြီး သိမ်သိမ်မွေ့မွေ့ တံခါး ခေါက်လိုက်ပါသည်။
"ဘော့စ်ဖေး ဒါ အော့တို OS ရဲ့ ပထမ ဗားရှင်းပါ။ စမ်းကြည့်ပါဦး။ စိတ်တိုင်းမကျတာရှိရင် ကျွန်တော်တို့ကို အသိပေးလို့ ရပါတယ်။ ကျွန်တော်တို့ အမြန်ဆုံး ပြင်လိုက်ပါ့မယ်"
ချန်းယောင်က ဆဲလ်ဖုန်းကို ဖေးချမ့်အား ပေးလိုက်ပါသည်။
ဖေးချမ့်က လက်ကမ်းကာ ယူလိုက်သည်။ ချန်းယောင်ရဲ့ ယုံကြည်ချက် ပြည့်ဝနေသော မျက်နှာထားကို ကြည့်ပြီး ရင်ထဲမှာ သက်ပြင်းချမိပါသည်။
ဟူး... ဒုဥက္ကဌချန်း။ မင်း တော်တော် ယုံကြည်ချက် ပြည့်ဝနေပါလား။ အော့တို နည်းပညာမှာ စမ်းခဲ့တုန်းက bug များများစားစား မတွေ့ခဲ့လို့ ဖြစ်မယ်။
ဒါပေမယ့် ဒီမှာဆိုရင်တော့.... ဒုဥက္ကဌချန်းအတွက် တစ်မိနစ်လောက် ငြိမ်သက်ပေးရလိမ့်မယ်။
ဖေးချမ့် အော့တို OS ၏ အခြေခံ လုပ်ဆောင်ချက်များကို စတင် စမ်းသပ်လေသည်။
စနစ်အပေါ် သူ့ပထမဆုံး အမြင်က ပြည်တွင်းထုတ် ဆဲလ်ဖုန်းများနဲ့ အလွန်ဆင်တူနေသည် ဆိုတာပင်။ စတိုင်ပြောင်းလဲမှု အနည်းငယ် ရှိသော်လည်း အနှစ်ချုပ် အသုံးပြုသူ Experience အတွက်တော့ အများကြီး ခြားနားမှာ မဟုတ်ပေ။
ရှန်းဟွာဆဲလ်ဖုန်းတွေလို ပြီးပြည့်စုံတဲ့ စနစ်တွေနဲ့ ယှဉ်လိုက်ပါက ဒီဆဲလ်ဖုန်း၏ နေရာအများစုမှာ လိုအပ်ချက် ရှိနေဆဲ ဖြစ်ပါသည်။
သို့သော်လည်း... သုံးလို့တော့ ရသည်။
ထိုအချက် တစ်ချက်တည်းနဲ့ ဖေးချမ့်ကို တုန်လှုပ်သွားစေ၏။ ၅ မိနစ်လောက် စမ်းကြည့်ပြီးနောက် ဖေးချမ့်ရဲ့ မျက်နှာပေါ်မှာ ဇဝေဇဝါ ဖြစ်မှု အရိပ်အယောင်များနဲ့ ပြည့်နှက်သွားခဲ့ရပါသည်။
တကယ်ကြီး ဆိုးကျိုးပေးတဲ့ bug တွေ မရှိဘူးပဲ။
မဖြစ်နိုင်တာ။
ထန်ယီရှု အပြင်မှာ ရှိနေသေးမှန်း ဖေးချမ့် သေချာပါသည်။ ကူးစက်အာနိသင်က သက်ရောက်မှု ရှိနေရမှာ ဖြစ်သည်။
အသေးစား ပြစ်ချက်တချို့တော့ ရှိ၏။ သို့သော် နားလည်ပေးလို့ရသည်။ မနေ့က ယဲ့ကျစ်ကျိုး demo လာပြတုန်းကလို လုံးလုံး ပျက်စီးသွားတာမျိုး မဟုတ်ပါ။
ဖေးချမ့် မှင်သက်သွားရ၏။ ချန်းယောင်တို့ အဖွဲ့က ဆဲလ်ဖုန်းစနစ် တည်ဆောက်တဲ့နေရာမှာ ဒီလောက်တောင် ယုံကြည်အားကိုးရတာလား။
မဖြစ်သင့်ဘူး။ ဒါဆို ဟုံချန်းနည်းပညာရဲ့ အိပ်မက်အဖွဲ့ကို ဖျက်ဆီးလိုက်သလိုပဲ မဟုတ်ဘူးလား။
ဖေးချမ့် ဇဝေဇဝါဖြစ်မှုမှ ခပ်မြန်မြန် ရုန်းထွက်လိုက်ပြီး အခြေအနေကို နားလည်သွားသည်။
ဟုံချန်းနည်းပညာမှာ အလုပ်လုပ်ခဲ့စဉ်တုန်းက ချန်းယောင်တို့ အဖွဲ့ ဆင်တူ ဆဲလ်ဖုန်းစနစ်ကို ဖန်တီးခဲ့ကြတာ ဖြစ်မည်။ ထို့ကြောင့် လှမ်းပြီးသား လမ်းကို ပြန်လျှောက်ရလို့ ကျွမ်းကျင်မှု ရှိနေကြတာ ဖြစ်မည်။
ထို့ကြောင့် အော့တို OS ပထမဗားရှင်း ဖန်တီးမှုက သူတို့အတွက် ပန်းခြံထဲ လမ်းလျှောက်နေရသလောက်ကို လွယ်ကူပါသည်။ ဖေးချမ့် ထိုအကြောင်း စဉ်းစားမိသောအခါ စိတ်အေးစွာ သက်ပြင်းချလိုက်မိပါသည်။ တော်ပါသေးတယ်။ ဒီတိုင်း မဟုတ်တာ တွေးမိတာပါ။
ချန်းယောင်တို့အဖွဲ့အတွက် ဖြေပြီးသား စာမေးပွဲ မေးခွန်းလွှာကို ပြန်ဖြေရတာနဲ့ တူပါသည်။ သူတို့ အမှတ်ကောင်းကောင်းရကြသော်လည်း တန်ဖိုးမြင့်မြင့်တော့ မရှိကြပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီစနစ်ပြီးဆုံးသွားခြင်းက ဖေးချမ့်ရဲ့ မျှော်လင့်ချက်ထက် သာလွန်နေပါသည်။
ချန်းယောင်က ဖေးချမ့်ကို စနစ်ဖန်တီးမှုပလန်အား စတင်ရှင်းပြသည်။ "ဘော့စ်ဖေး စိတ်ချထားပါ။ လက်ရှိ စနစ်က အခြေခံသဘောပဲ ရှိပါသေးတယ်။ ဒါပေမယ့် တည်ငြိမ်မှုကတော့ လုံးဝ ပြဿနာ မရှိဘူး"
"ဆဲလ်ဖုန်းတစ်လုံးရဲ့ စနစ်က သုံးစွဲသူတွေရဲ့ ရသအတွက် အရမ်းအရေးပါတယ်လို့ ကျွန်တော် အမြဲတမ်း မှတ်ယူထားတယ်"
"အဲ့တာကြောင့် အကြီးစား ဆဲလ်ဖုန်းထုတ်လုပ်သူတွေရဲ့ ဦးဆောင်မှုနောက်ကို ကျွန်တော်တို့ လိုက်ကြပြီး ပိုမြန်ဆန်၊ ပိုချောမွေ့တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းဖန်တီးကြမယ်"
"ဥပမာအားဖြင့် ဂိမ်း mode ဖွင့်ဖို့ တစ်ချက်၊ စခရင် တစ်ခုထက် ပိုသုံးနိုင်တာ၊ ဒေတာ လွှဲပြောင်းမှု မြန်ဆန်တာ၊ ငွေပေးချေမှု မြန်ဆန်တာ၊ ဘက်ထရီကုန် သက်သာစေတဲ့ mode စတာတွေပေါ့"
"အဲ့တာတွေအပြင် အော့တို OS နဲ့ပတ်သတ်ပြီး သုံးစွဲသူတွေ လွတ်လွတ်လပ်လပ် ထင်ကြေးပေး အကြံပြုနိုင်မယ့် ဖိုရမ်တစ်ခုကိုလည်း ဖန်တီးဖို့ ကျွန်တော် အကြံပေးချင်တယ်။ ဒါမှ အသုံးပြုတွေနဲ့ ဆက်တိုက် ထိတွေ့နေပြီး ပိုကောင်းတဲ့ အော့တို OS တစ်ခု ဖြစ်အောင် ဆက်တိုက် အဆင့်မြှင့်တင်နိုင်မှာ။ ဒါဆို ကျွန်တော်တို့ ဆဲလ်ဖုန်းတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်း အများကြီး ပိုမြင့်သွားလိမ့်မယ်"