သူများနဲ့ အမြဲ လိုက်ယှဉ်နေရင် ကိုယ့်ကိုယ်ကို ဒေါသထွက်စေရုံပဲရှိမယ်
Vol. 24 Ch. 352
သူ့ရဲ့ ဖန်တီးမှုပလန်အတွက် ချန်းယောင် ယုံကြည်ချက် အလွန်ရှိပါသည်။
အော့တိုနည်းပညာရဲ့ အဆုံးသတ် ပန်းတိုင်မှာ Pineapple ကို သိမ်းပိုက်ဖို့ ဖြစ်သည်ဟု ဘော့စ်ဖေး ကိုယ်တိုင် ပြောထားသဖြင့် ကျိန်းသေပေါက် Pineapple ကို ကျော်နိုင်ရလိမ့်မည်။ Pineapple ရဲ့ အားသာချက်က ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ ထည့်သွင်းမှု ဖြစ်သည်။ ၎င်းရဲ့ စနစ်ကလည်း ယှဉ်ပြိုင်မှု အားသာချက်များ၏ ဗဟို ဖြစ်နေပါသည်။
သူတို့ ကမ္ဘာတစ်ဝှမ်းလုံးမှာ အခြေခိုင်ချင်လျှင် သူတို့ ဆဲလ်ဖုန်းရဲ့ စနစ်က သူတို့ကို အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ပါ။
စနစ်က အလွန်အရေးကြီးသဖြင့် အခုကတည်းက စနစ်ကို စတင်ဖန်တီးထားသင့်သည်ဟု ချန်းယောင် ယုံကြည်သည်။ အသုံးပြုသူတွေရဲ့ အထင်အမြင်ကို စတင် တောင်းခံပြီး ပိုကောင်းတဲ့စနစ် ဖြစ်အောင် ကြိုးစား တည်ဆောက်ရမည်။
ဖေးချမ့်ကတော့ တိတ်ဆိတ်နေဆဲပင်။
ကြားရတာ... ချန်းယောင်ရဲ့ အကြံပေးချက်က တော်တော် စိတ်ချရမယ့်ပုံစံကြီး ငါ ဘာလုပ်ရမလဲ။
အလွန်ကောင်းမွန်သည့် သီးသန့်ဖန်တီးစနစ်တစ်ခုကို အောင်အောင်မြင်မြင် ပြုလုပ်လိုက်နိုင်လျှင် ချန်းယောင် သူ့ဆဲလ်ဖုန်းရဲ့ ပြိုင်ဆိုင်နိုင်စွမ်းကို ကျိန်းသေပေါက် တိုးမြှင့်နိုင်ပါလိမ့်မည်။
မဖြစ်ပါ။ ဖေးချမ့် တစ်ခုခု လုပ်ရမည်။
ဖေးချမ့် ဘာမှမပြောဘဲ ခေါင်းငုံ့ထားလျက် ဆဲလ်ဖုန်းကို ဆက်လက် စမ်းသပ်ကြည့်နေသေးသည်။ ခုလေးတင် နှံ့နှံ့စပ်စပ် စမ်းသပ်ခဲ့သော်လည်း ကြီးကြီးမားမား ပြဿနာ ဘာမှ မတွေ့ခဲ့ရပါ။
ဆက်စစ်ကြည့်ဦး။
ဖေးချမ့်တစ်ယောက် အော်ရဂျင်နယ် မဟုတ်သည့် Android လုပ်ဆောင်ချက်များကို ဆက်တိုက် စမ်းသပ်နေသည်။ နောက်ဆုံးတော့ ပြဿနာတစ်ခု ပေါ်လာခဲ့ပါပြီ။
App တစ်ခု ထဖောက်ကာ ပိတ်သွားသည်။
ဖေးချမ့် မျက်နှာထား မပြောင်းလဲသော်လည်း ရင်ထဲမှာတော့ ပန်းတွေ ဝေသွားပါသည်။
ငါ ဘာပြောခဲ့လဲ။ bug လုံးဝ မရှိစရာ အကြောင်းလား ထန်ယီရှုသာ ရှိနေရင် bug ပေါင်းစုံ ထွက်လာမှာ သနားစရာ ချန်းယောင်လေး မင်း ဘာပြောဦးမလဲ။
ချန်းယောင်လည်း ချက်ချင်းဆိုသလို ကြက်သေ သေသွားရသည်။
ဒီမြေနိုး bug ငါ့ကို သောက်ရှက်ခွဲလိုက်တာပဲ။
ခုလေးတင် စနစ်က bug မရှိဘဲ တည်ငြိမ်ကြောင်းနဲ့ အနာဂတ် ပလန်တွေကိုပါ ပြောနေသေးသည်။ စက္ကန့်ပိုင်းလောက်ကြာသောအခါ bug တစ်ခု ပေါ်လာခဲ့ပါသည်။
သို့သော်လည်း အချိန်ခဏအတွင်း ချန်းယောင် စိတ်ပြန်လျှော့နိုင်လိုက်ပါသည်။
"ဘော့စ်ဖေး စိတ်မရှိပါနဲ့ဗျာ။ ဘာပဲဖြစ်ဖြစ် ဒါက အစမ်းဗားရှင်းပဲကို။ bug တစ်ခု နှစ်ခုလောက်တော့ မကြာမကြာ ရှိတတ်မှာပဲ"
"ဘော့စ်ဖေးတောင် ခဏခဏ လှန်ကြည့်ပြီးမှ bug တွေ့တာ မဟုတ်လား။ ဒါနဲ့တင် ဒီ ဗားရှင်းရဲ့ တည်မြဲမှုကို သက်သေပြပြီးသား ဖြစ်မှာပါ"
"လာမယ့် စမ်းသပ်ချက်တွေကတော့ ကျိန်းသေပေါက်... ယီး"
ချန်းယောင်ရဲ့ အတွေးတွေတောင် မပြီးသေးဘဲ သူ့ဆဲလ်ဖုန်းရဲ့ ပရိုဂရမ် နောက်တစ်ခု ထဖောက်ပြန်ပါသည်။ မသိစိတ်မှတဆင့် သူ့နှုတ်ခမ်းမှ ဆဲသံတောင် ထွက်လာခဲ့ပါသည်။
သူ ဘာမှ ပြောဖို့ မရှိတော့ပါ။
ချန်းယောင် အနည်းငယ် နောင်တရသွားလေသည်။ သူ အပြောစောသွားခဲ့၏။
စနစ်ရဲ့ တည်မြဲမှုကို ခုနလေးတင်မှ ကြွားထားသေးသည်။ ထို့နောက် bug တွေ တစ်ခုပြီးတစ်ခု ပေါ်လာ၏။ လာနောက်နေတာလား။
သူ ရှင်းပြဖို့တောင် မရဲတော့ပေ။ ဒီအခြေအနေထိတောင် ရောက်လာပြီဖြစ်သဖြင့် ထပ်ပြီး ရှင်းပြလိုက်ပါက တာဝန်ခံစိတ် မရှိသလို ဖြစ်သွားပါမည်။ ဘော့စ်ဖေး ဒေါသပေါက်ကွဲတော့မည့် အချိန်ကိုပဲ သူ တိတ်တိတ်ဆိတ်ဆိတ် စောင့်နေနိုင်တော့သည်။
ဖေးချမ့် bug သုံးလေးခုလောက် တွေ့ရဖို့ အလွန် ကြိုးစားခဲ့ရသည်။ ရင်ထဲမှာ သက်ပြင်းချလိုက်မိပါသည်။
ဟူး တော်သေးတာပေါ့။ Bug တစ်ခုမှ ရှာမတွေ့ရင် ငါ့မျက်နှာကြီး ဘယ်သွားထားရတော့မလဲ။ ချန်းယောင် စိတ်ကြီးဝင်လွန်းသွားရင် ဘာတွေ ဆက်လုပ်မလဲ ဘယ်သူ ပြောနိုင်မှာလဲ။
အခု bug တွေရှိနေတာ ကောင်းပါသည်။ ဒါမှ ပြဿနာကို အခွင့်ကောင်းယူပြီး ချန်းယောင်ကို လမ်းမှားရောက်အောင် ဦးဆောင်ပေးနိုင်မှာ ဖြစ်သည်။
ဖေးချမ့်က ခပ်ပါးပါး ချောင်းဟပ်လိုက်သည်။ "စနစ်နဲ့ ပတ်သတ်ပြီး မင်းအမြင်တွေကိုတော့ လုံးဝ သဘောတူပါတယ်"
"နောက်ပိုင်း ဆဲလ်ဖုန်းတွေ ပုံစံ ပိုတူလာကြတဲ့အခါ ဆဲလ်ဖုန်းတွေရဲ့ အဓိက ယှဉ်ပြိုင်မှုက သူတို့ရဲ့ အသုံးပြုရလွယ်တဲ့ စနစ်တွေပဲ ဖြစ်လာလိမ့်မယ်"
"ဒါပေမယ့် လမ်းမလျှောက်တတ်သေးခင် ပျံဖို့တော့ မကြိုးစားနဲ့ဦး"
"စနစ်တစ်ခုမှာ လုပ်ဆောင်ချက်တွေက အများကြီး ရှိတယ်။ မတည်မြဲဘူးဆိုရင် ဘာအသုံးဝင်မှာလဲ"
"အရင်ဆုံး တည်မြဲမှုပြဿနာကို ရှင်းလိုက်။ မင်းခုနက ပြောတဲ့ တခြားကိစ္စတွေကို မစဉ်းစားခင် အခြေခံအကျဆုံး လုပ်ဆောင်ချက်တွေ ကောင်းကောင်း အလုပ်လုပ်အောင် အတည်ပြုလိုက်ဦး"
"ဆဲလ်ဖုန်း ထွက်မလာခင် အော့တို OS အတွက် နောက်ထပ် စနစ်လုပ်ဆောင်ချက်တွေ ထပ်မထုတ်နဲ့တော့။ အခုလက်ရှိ အခြေခံ လုပ်ဆောင်ချက်တွေကိုပဲ ထိန်းသိမ်းထားလိုက်"
"ပိုနေတဲ့အချိန်တွေမှာ bug တွေပြင်တာ၊ စနစ်တည်မြဲမှု အဆင့်မြှင့်တင်တာ၊ ဒါမှမဟုတ် အသေးစိတ်တချို့ကို ချိန်ညှိတာ ဘာညာ လုပ်လိုက်ကွာ"
ချန်းယောင်မှာ ပြန်ချေပဖို့ ဘာမှမရှိပါ။ တိုးတိုးတိတ်တိတ်ဖြင့် ခေါင်းငြိမ့်ဖို့သာ ရှိပါသည်။ "ဟုတ်ကဲ့ ဘော့စ်ဖေး ကျွန်တော် နားလည်ပါပြီ"
ချန်းယောင်ရဲ့ အမြင်မှာတော့ bug ပြုပြင်ဖို့နဲ့ အသေးစိတ် အချက်တွေ ချိန်ညှိဖို့အတွက် ဒီလောက် အချိန်အများကြီး သုံးရမှာ နှမြောဖို့ကောင်းလွန်းပါသည်။ စနစ်လုပ်ဆောင်ချက် တချို့ကို ဖန်တီးဖို့ အချိန်ကို အသုံးချတာ သူ့အတွက် ပိုကောင်းပါသည်။
သို့သော်လည်း ဘော့စ်ဖေးက ခိုင်းသဖြင့် လိုက်နာဖို့သာ ရှိသည်။
ဒီသရုပ်ပြမှုက အောင်မြင်သည်ဟု သတ်မှတ်လို့ မရခဲ့ပါ။ စနစ်မှာ bug တွေအများကြီး ပေါ်လာသဖြင့် ချန်းယောင် ဘာမှပြောခွင့်မရှိတော့ဘူးဟု ခံစားမိပါသည်။
ဇန်နဝါရီလ ၉ ရက်နေ့၊ ကြာသပတေးနေ့...
နေ့လည်ခင်း...
ဟန်းထု ဂိမ်းတွင်...
ဝူပင်းတစ်ယောက် လုပ်လက်စ အလုပ်များကို ပြီးဆုံးသွားပြီဖြစ်ကာ အီးမေးလ်အသစ်များ ဝင်နေမလား ကြည့်ဖို့အတွက် mailbox ကိုဖွင့်လိုက်သည်။ အီးမေးလ်စာရင်းကို ခပ်မြန်မြန် စစ်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေ ရုတ်တရက် အရောင်လင်းလက်သွားရ၏။
ထန်းတာ့ထံမှ အီးမေးလ်တစ်စောင် ရောက်နေပါသည်။
မြန်မြန်ဖွင့်ကြည့်လိုက်သောအခါ အင်တာဗျူးအတွက် အသိပေးစာ ဖြစ်နေပါသည်။ ဆိုလိုတာက သူ ရေးဖြေစာမေးပွဲကို အောင်သွားလေပြီ။
ဖော်မပြနိုင်သည့် ပျော်ရွှင်မှုများကို ဝူပင်းချက်ချင်း ခံစားလိုက်ရ၏။ ပျော်လွန်းသဖြင့် ထိုင်ခုံပေါ်မှ ထခုန်မိမလိုတောင် ဖြစ်သွားပါသည်။
သူတကယ် အောင်သွားမည်ဟု ထင်မထားခဲ့ပါ။
အဘယ့်ကြောင့်ဆိုသော် မနက်ခင်းစာမေးပွဲ မေးခွန်းများက ခက်ခဲလွန်းတာကြောင့် ဖြစ်သည်။ မေမးခွန်းများကို ဖြေဆိုပြီးနောက် ဝူပင်း တုန်လှုပ်သွားရပြီး နေ့လည်ခင်းမေးခွန်းကို ဆက်မဖြေဖို့ပါ ဆုံးဖြတ်လုနီးပါး ဖြစ်ခဲ့သည်။
သို့သော်လည်း သူက နှစ်ပေါင်းများစွာ လုပ်ငန်းခွင် ဝင်ခဲ့သည့် ဉာဏ်များသော မြေခွေးကြီး ဖြစ်သည်။ စိတ်လျှော့ချပြီးနောက် နေ့လည်ခင်းမှာလည်း ဆက်လက် တိုက်ခိုက်ခဲ့ပါသည်။
တကယ်တော့ နေ့လည်ခင်းရဲ့ ပရော်ဖက်ရှင်နယ် မေးခွန်းများက ထင်မထားလောက်အောင် ရိုးရှင်းလွန်းနေပါသည်...။
ထို့ကြောင့် ဝူပင်း ဇဝေဇဝါဖြစ်သွားခဲ့ရပြီး စာမေးပွဲအတွက် မျှော်လင့်ချက် မဲ့သွားရပါသည်။
မနက်ခင်းမေးခွန်းလွှာ အလွန်ခက်ခဲလွန်းသဖြင့် တက္ကသိုလ်ကျောင်းသားတွေလောက် မဖြေနိုင်လောက်ဘူး တွေးမိခဲ့သည်။ နေ့လည်ခင်း ပရော်ဖက်ရှင်နယ် ဗဟုသုတ မေးခွန်းလွှာများက ရိုးရှင်းလွန်းသဖြင့် တက္ကသိုလ်ကျောင်းသားတွေနဲ့ သူ့အကြားက ကွာဟချက်ကို တံတားထိုးဖို့ ခက်ခဲပါသည်။
ထိုနည်းလမ်းအတိုင်း စဉ်းစားကြည့်ပါက ရေးဖြေစာမေးပွဲ ရလဒ်များက သိပ်ပြီး အခြေအနေ မကောင်းလှပါ။
ရက်ပေါင်းများစွာ စိတ်ဖိစီးစွာဖြင့် စောင့်နေခဲ့ရပြီးနောက် အင်တာဗျူး အသိပေးစာ နောက်ဆုံးတော့ ရောက်လာခဲ့ပါပြီ။
သူ့ဆဲလ်ဖုန်းလည်း အနည်းငယ် တုန်ခါလာ၏။ ဝူပင်း လှမ်းကြည့်လိုက်သည်။ အင်တာဗျူးအတွက် မက်ဆေ့ ရောက်လာပါပြီ။ အီးမေးလ်နဲ့ မက်ဆေ့တို့၏ အကြောင်းအရာများက အတူတူပဲ ဖြစ်သည်။ အီးမေးလ်ကို လျှောက်ထားသူတွေ မမြင်မှာ စိုးတာကြောင့် ဖြစ်ပါသည်။
အင်တာဗျူးအချိန်ကို အတည်ပြုဖို့အတွက် ဝူပင်း ချက်ချင်းပဲ ထန်းတာ့၏ ဝန်ထမ်းခေါ်ယူမှု ဝက်ဘ်ဆိုက်ဆီသွားခဲ့ပါသည်။ အတည်ပြုပြီးနောက် ဝူပင်းရင်ထဲ ပဋိပက္ခ စတင်ဖြစ်လာခဲ့ပြန်သည်။
ရေးဖြေစာမေးပွဲကို အများကြီးမျှော်လင့်မထားသဖြင့်... အင်တာဗျူးအတွက်လည်း များများစားစား မတွေးထားခဲ့ပေ။
သို့သော်လည်း အခုတော့ ဝူပင်း စတင်စိုးရိမ်လာပါပြီ။
ရိုးရိုးအင်တာဗျူးတစ်ခုသာဆို သူ့မှာ ကိုယ်ရေးအကျဉ်းကောင်းကောင်းရှိတာကြောင့် ဝူပင်း အလွန် ယုံကြည်ချက် ပြည့်ဝနေပါလိမ့်မည်။ တခြား တက္ကသိုလ်ကျောင်းသားတွေထက် သူ အားသာချက် ပိုရှိလိမ့်မည်။
သို့သော်လည်း ထန်းတာ့ရဲ့ အင်တာဗျူးက တခြား ကုမ္ပဏီတွေရဲ့ အင်တာဗျူးနဲ့ လုံးဝ ခြားနားနေလိမ့်မည်ဟု ထန်းတာ့ဝန်ထမ်းခေါ်ယူမှု ဝက်ဘ်ဆိုက်ပေါ်မှာ ရှင်းရှင်းလင်းလင်း ရေးသား ဖော်ပြထားပါသည်။ စံပြ အဖြေများ ရှိသည့် ပုံသေမေးခွန်းများ ရှိသည်။ ထို့အပြင် ဌာနပေါင်းစုံမှ ခေါင်းဆောင်များနဲ့ ကြက်ခြေခတ် အင်တာဗျူး တစ်ခုလည်း ဖြစ်ပါသည်။
ကျိန်းသေပေါက် အောင်မည်ဟု အာမမခံနိုင်ပါ။
ဝူပင်း တကယ်ပဲ ထန်းတာ့မှာ အလုပ်လုပ်ချင်ပါသည်။
ဖြစ်နိုင်မယ်ဆို ထန်းတာ့ဝန်ထမ်းတစ်ယောက်ကို သွားတွေ့ပြီး အင်တာဗျူးသူတွေ ကြိုက်နှစ်သက်မည့် စတိုင်မျိုးနဲ့ အင်တာဗျူးအတွက် ဘယ်လို ပြင်ဆင်ရမလဲ စတာတွေကို မေးကြည့်ချင်ပါသည်။
အနိုင်ရမည်ဟု ယုံကြည်ချက်မရှိသည့် တိုက်ပွဲကို မတိုက်ပါနဲ့ ဟူသည့် ဆိုရိုးစကားအတိုင်းပင်။ ထိုကဲ့သို့ အချက်အလက်များကို ပိုမို ပိုင်ဆိုင်ထားပါက အောင်မြင်နိုင်ခြေ ပိုမြင့်ပါသည်။
သို့သော်လည်း ထန်းတာ့ဝန်ထမ်းတစ်ယောက်တစ်လေမှ ဝူပင်း မသိပါ။
အနည်းငယ် စဉ်းစားပြီးနောက် နောက်ဆုံးတော့ တစ်ယောက်ကို စဉ်းစားမိသွားသည်။ သူ သိမ်းသွင်းဖို့ ကြိုးစားခဲ့တဲ့ ဟောက်ချုံးကလည်း ထန်းတာ့ကပဲ မဟုတ်လား။
သူက ရှန်းယန်ဂိမ်းဝန်ထမ်းဖြစ်သော်လည်း ထန်းတာ့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တချို့တော့ သိမှာပါ ဟုတ်တယ်မလား။
ဟောက်ချုံးရဲ့ ဆက်သွယ်ရန် အချက်အလက်ကို အမြန် ရှာလိုက်ပြီး ချက်ချင်း Friend Request ပို့လိုက်ပါသည်။
ဝူပင်း အငြင်းခံရမှာကို စိုးရိမ်နေစဉ် သူ့ Friend Request အား လက်ခံလိုက်ပြီ ဟူသည့် အသိပေးစာရောက်လာခဲ့ပါသည်။
ဝူပင်း ကိုယ့်ကိုယ်ကို ရိုးရိုးရှင်းရှင်း နှုတ်ဆက်လိုက်ပြီး မေးခွန်းကို အလွန် လေးနက်စွာ မေးလိုက်ပါသည်။
ဟောက်ချုံးကလည်း အချိန်တိုအတွင်း စာပြန်လာ၏။ "... အင်တာဗျူးဘယ်လို ကျင်းပမလဲ ဆိုတာ ကျွန်တော်လည်း လုံးဝ မသိပါဘူး"
"ကျွန်တော် ကုမ္ပဏီကို ဝင်ခဲ့တုန်းက အဲ့လောက် လုပ်ငန်းစဉ်မများဘူး။ ဌာနခေါင်းဆောင်နဲ့ စကားနည်းနည်းပြောပြီးတာနဲ့ အလုပ်ရခဲ့တာ"
ဝူပင်း ဆွံ့အသွားသည်။
ဘယ်လိုကြီးလဲ။
ဒီသောက်ကလေးက စကားလေး နည်းနည်း ပြောလိုက်ရုံနဲ့ အလုပ်ခန့်ခံခဲ့ရပြီး လစာတွေ ထိုးတက်သွားသော်လည်း သူ့အလှည့်ကျမှ ဘာလို့ အရမ်းခက်နေရတာလဲ။ အင်တာဗျူးတွေ၊ ရေးဖြေစာမေးပွဲတွေ၊ ထန်းတာ့ခံယူချက် ကိုက်ညီမှု စာမေးပွဲတွေကိုပါ ဖြေရမှာလား။
ဒီကမ္ဘာကြီးက တရားမျှတမှု မဲ့လွန်းပါသည်။
သို့သော်လည်း သူ့ကိုယ်သူ အကူအညီတောင်းနေရမှန်း သိသဖြင့် ရင်ထဲက အပြစ်တင်မှုကို ဖိနှိပ်ကာ လမ်းညွှန်ချက်များ ဆက်တောင်းလိုက်ပါသည်။
"ဘရို ဒီတိုင်း ကူညီပေးစမ်းပါ။ နောက်ပိုင်းကျရင် ငါတို့ ညီကိုတွေတောင် ဖြစ်လာနိုင်တယ်"
"ဘရို အခုဘယ်ဌာနမှာလဲ။ ရှန်းယန်ဂိမ်းမှာပဲလား။ ဧကန္တ မင်းဌာနရဲ့ တာဝန်ရှိသူကို မေးကြည့်လို့ရမယ် ထင်တယ်။ ဧကန္တ မင်းလည်း အင်တာဗျူးအတွက် တာဝန်ရှိသူ ဖြစ်လာလောက်တယ်"
"ငါ အများကြီး မတောင်းဆိုပါဘူး။ အရိပ်အမြွက်လေး နည်းနည်းလေးပဲ ပေးပါကွာ"
ဟောက်ချုံးအချိန်တိုအတွင်း စာပြန်လာပါသည်။
"ရိုးရိုးသားသားပြောရရင် အခုလက်ရှိ ကျွန်တော့် ဌာနမှာ တာဝန်ရှိသူက ကျွန်တော်ပါပဲ။ ဒါပေမယ့် အင်တာဗျူးအတွက် ဘာတာဝန်မှ ရမထားလို့ ခင်ဗျားကို တကယ် မကူညီနိုင်တာပါ..."
ဝူပင်းဆွံ့အသွားသည်။
ဟောက်ချုံးပို့ထားတာကို ၂ ခေါက်လောက် ပြန်ဖတ်လိုက်ပြီး ဒေါသကြောင့် သတိလစ်မလိုတောင် ဖြစ်သွားပါသည်။ အရင်တုန်းက ဟောက်ချုံးနဲ့ စကားပြောခဲ့စဉ် သူ့လုပ်ငန်းအလားအလာအကြောင်း ပြောခဲ့သေးတာ မှတ်မိပါသည်။
ထန်းတာ့မှာ ပါရမီရှိတဲ့လူတွေနဲ့ ပြည့်နှက်နေတာဟု ဟောက်ချုံးပြောခဲ့သည်။ ဟောက်ချုံးက သူတို့ထဲက ထူးချွန်တဲ့ လူတစ်ယောက် မဟုတ်လောက်ဘူးဟု သူကိုယ်တိုင် ပြောခဲ့တာပဲ မဟုတ်လား။
ဒါတောင် သိပ်မကြာသေးပါ။ အခုတော့ ဟောက်ချုံးက သူ့ဌာနမှာ တာဝန်ရှိသူကြီးတောင် ဖြစ်သွားပြီလား။
တရားလွန်လွန်းပါသည်။
သူ အလွန် ဒေါသထွက်သွားသော်လည်း စိတ်ထိန်းဖို့ လိုသည်။
လီမွန်သီးများစွာ စားလိုက်ရသလို ဝူပင်း ခံစားနေရသည်။ သူ့ရင်ထဲမှာ အချဉ်ပေါက်မှုများနဲ့ ပြည့်နှက်နေ၏။ "ဘရို မင်းအခု ဘယ်ဌာန တာဝန်ရှိသူ ဖြစ်နေတာလဲ။ ရှန်းယန်ဂိမ်းမှာလား"
ဒီတစ်ခေါက်တော့ စာပြန်တာ ကြာသည်။ ၁ မိနစ်လောက်ကြာမှ ဟောက်ချုံး စာပြန်လာ၏။
"ဘယ်လိုရှင်းပြရမှန်း မသိတော့ဘူး"
"ကျွန်တော့်ပါတနာနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံး ခုထိ ကြောင်တောင်တောင် ဖြစ်နေကြတုန်းပဲ။ ရိုးရိုးသားသားပြောရရင် ကျွန်တော် အခု ရှန်းယန်ဂိမ်းမှာ မဟုတ်တော့ဘူး။ အခု သရဲအိမ် ပရောဂျက်တစ်ခုအတွက် တာဝန်ယူထားရတယ်။ မှော်မဆန်ဘူးလား..."
ဝူပင်း ရပ်တန့်သွားပြီး စိတ်အေးစွာ သက်ပြင်းချလိုက်ပါသည်။
ဘယ်လောက်ကောင်းတဲ့ ပရောဂျက်များလဲလို့ကွာ။
ယခု ဟောက်ချုံး ရှန်းယန်ဂိမ်းမှာ ထိပ်ဆုံးအထိ တက်လာတာဆိုရင် ငိုကြွေးဖို့ကောင်းသည်။ သို့သော်လည်း အခုတော့ သရဲအိမ်ပရောဂျက် တစ်ခုအတွက် တာဝန်ရှိသူသာ ဖြစ်နေပါသည်။ ရိုးရိုးရှင်းရှင်းပြောရရင် သရဲအိမ်လေးတစ်အိမ်ရဲ့ ဘော့စ်ပဲ မဟုတ်လား။ ဘာတွေ ထူးခြားလို့လဲ။
စတုရန်းမီတာ ၁၀၀ - ၂၀၀ ဝန်းကျင်ရှိတဲ့ သရဲအိမ်လေး တစ်အိမ်က အကျိုးအမြတ်တောင် မရနိုင်လောက်ပါ။
ဝူပင်း နေလို့ အများကြီး ပိုကောင်းသွားပါသည်။ သို့သော်လည်း ယဉ်ယဉ်ကျေးကျေးတော့ ဆက်ပြောရပါမည်။
ဝူပင်း စာရိုက်လိုက်၏။ "ကောင်းတာပေါ့။ သရဲအိမ်က ဘယ်မှာလဲ။ ရင်းနှီးမြှုပ်နှံမှုက ဘယ်လောက်လဲ။ မင်းကို ငါလာအားပေးမယ်လေ"
"မင်းရဲ့ ပါရမီကို ထုတ်ပြဖို့ နေရာက အရင်တုန်းက ဂိမ်းဌာနတုန်းကနဲ့ မတူလောက်ပေမယ့် မင်းရဲ့ တွေးခေါ်ပုံကို မှန်မှန်ထားရမယ်။ ဒါ မင်း လေ့ကျင့်နိုင်တဲ့ အခွင့်အရေးပဲ..."
သူ စာရိုက်လို့ မပြီးသေးခင်မှာပဲ ဟောက်ချုံးက သူ့ကို စာပြန်လာပါသည်။ "စဦးရင်းနှီးမြှုပ်နှံမှုက ဘော့စ်ဖေးပြောပုံအရဆို ယွမ် ၁၀သန်းဝန်းကျင်လောက် ရှိတယ်။ နောက်ပိုင်းလည်း အခြေအနေပေါ် မူတည်ပြီး ဆက်တိုးချဲ့သွားဖို့ ရှိတယ်တဲ့"
"ဟူး။ အဲ့ ယွမ် ၁၀ သန်းကို ခုထိ ဘယ်လိုကုန်အောင် သုံးရမလဲ မသိသေးဘူး။ စိတ်ရှုပ်လိုက်တာ"
ဝူပင်း ဆွံ့အသွားရသည်။
သူ့နှလုံးသား ပြိုလဲသွား၏။ အင်တာဗျူးနဲ့ ပတ်သတ်ပြီး ဘာအကူအညီမှ မရခဲ့သည့်အပြင် သူများ ကြွားတာကိုပါ ခံလိုက်ရသည်။ သူ ဘယ်လို အသက်ဆက်ရှင်ရတော့မလဲ။