ဂိမ်းဆက်တင်ရဲ့အပြစ်
Vol. 24 Ch. 353
ယွီအင်တာနက်ကဖေး ဟန်တုန်းတက္ကသိုလ်ဆိုင်ခွဲတွင်...
ချန်းခန့်ထုံနဲ့ ဟောက်ချုံးတို့နှစ်ယောက်သား ကော်ဖီဧရိယာတွင် ထိုင်ကာ တိတ်တိတ်ဆိတ်ဆိတ် ကော်ဖီသောက်နေကြပါသည်။ သူတို့ မှင်သက်သွားရ၏။ သူတို့နှစ်ယောက် ကြုံတွေ့ခဲ့တာက ခြားနားချက် များများစားစား မရှိပေ။
သူတို့ အလုပ်ကြိုးစားခဲ့ကြပြီး GOG နဲ့ 'တိတ်တိတ်နေ'ဂိမ်းများ၏ ဒီဇိုင်းပလန်ကို အင်္ဂါနေ့မှာ အသီးသီး ပြန်စစ်ဆေးနေခဲ့ကြသည်။ အခုတော့ ကုမ္ပဏီမှ ကန်ထုတ်ခံလိုက်ရပြီး ယွီအင်တာနက်ကဖေးတွင် တစ်ယောက်ကို တစ်ယောက် ဆွံ့အစွာ ကြည့်နေကြရပါသည်။
ဌာနကူးပြောင်းခြင်း သတင်းကို ကြားသောအခါ နှစ်ယောက်စလုံး သာတူညီမျှ အံ့အားသင့်သွားကြရသည်။ သူတို့ အမှားတစ်ခုခု လုပ်ခဲ့မိလို့လား။ မဟုတ်လောက်ပါ။
ဘယ်လိုပဲကြည့်ကြည့် ဒါ ရာထူးတိုးခံရတာပဲ မဟုတ်လား။ သူတို့ရဲ့ ရာထူးကော လစာပါ မြင့်သွားကြသည်။ သူတို့ ပျော်သင့်တာ မဟုတ်လား။
သို့သော်လည်း နှစ်ယောက်စလုံး ဘယ်လိုမှ မပျော်နိုင်ကြပေ။
ဘော့စ်ဖေးက ကျင်းကျိုးမြို့ စက်မှုလုပ်ငန်းဟောင်းဇုန်များတွင် သရဲအိမ် ဆောက်ချင်သည်ဟုသာ ပြောခဲ့သည်။ စဦး ရင်းနှီးမြှုပ်နှံမှုက ယွမ် ၁၀ သန်း ရှိမည်။
ထိုအချက်ကလွဲပြီး တခြား ဘာအချက်အလက်မှ မပေးခဲ့ပါ။
မြေနေရာ ဘယ်လောက်များများ ငှားရမ်းရမလဲ၊ ဘယ်အလုပ်ရုံတွေကို ပြန်ပြုပြင်ရမလဲ။ ဘယ်လို အစီအစဉ်မျိုးကို အသုံးပြုရမလဲ၊ ဝန်ထမ်းတွေ ဘယ်လောက်ငှားရမလဲဆိုတာ ဘာမှ လမ်းညွှန်ချက် မပေးခဲ့ပေ...
ထိုကဏ္ဍတွေမှာ တိုးတက်မှုက သုညသာ ဖြစ်သည်။
တစ်နည်းအားဖြင့် ရင်းနှီးမြှုပ်နှံငွေ ယွမ် ၁၀ သန်း၊ ချန်းခန့်ထုံ၊ ဟောက်ချုံးတို့ကလွဲပြီး တခြား ဘာဆို ဘာမှ မရှိပေ။
ထို့ကြောင့်... သူတို့ လမ်းပျောက်နေကြ၏။
ဒီပရောဂျက်မှာ သူတို့နှစ်ယောက်တည်း လုပ်ဖော်ကိုင်ဖက်ရှိတာဖြစ်ကြောင်း သိလိုက်ရသောအခါ ယွီအင်တာနက်ကဖေးမှာ တွေ့ပြီး နောက်ခြေလှမ်းတွေကို ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြပါသည်။
တစ်ယောက်ကိုတစ်ယောက် ဘော့စ်ဖေးဆီက အထူး အကြံဉာဏ် သို့မဟုတ် တခြား အချက်အလက်တွေများ ရှိမလားဟု ထင်ခဲ့ကြသည်။ သို့သော်လည်း ဆုံခါမှ နှစ်ယောက်စလုံး လမ်းပျောက်နေမှန်း သိလိုက်ရပါသည်။ ဘော့စ်ဖေး ဘာဆို ဘာမှ မပြောခဲ့ပေ။ ထို့ကြောင့် သူတို့ တိတ်တိတ်ဆိတ်ဆိတ် ကော်ဖီသာ ထိုင်သောက်နေနိုင်ခဲ့ပါသည်။
ခဏလောက်ကြာသောအခါ ချန်းခန့်ထုံတစ်ယောက် တိတ်ဆိတ်မှုကို ချိုးဖောက်ဖို့ ဆုံးဖြတ်လိုက်သည်။
ဘော့စ်ဖေးက ဒီပရောဂျက်ကို အများကြီး အရေးပေးထားတာ ဖြစ်သည်။ သူ့ကို ယွမ် ၁၀ သန်းတောင် ပေးထားတာ မဟုတ်လား။ ကျိန်းသေပေါက် ဘော့စ်ဖေးကို စိတ်ပျက်အောင် လုပ်လို့တော့ မဖြစ်ပေ။
ချန်းခန့်ထုံ ခေတ္တ စဉ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "မနက်ဖြန် အွန်လိုင်းမှာ အလုပ်ခေါ်ပို့စ်နည်းနည်း ငါတင်လိုက်မယ်။ သက်ဆိုင်ရာ အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတချို့ကို ငှားမယ်။ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ဆက်သွယ်မယ်။ ပြီးရင် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ဒီဇိုင်းပလန်ကို စဉ်းစားကြမယ်"
ဟောက်ချုံး ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပြီ။ 'တိတ်တိတ်နေ'ဂိမ်းထဲက အသင့်ပြုလုပ်ထားပြီးသား ပန်းချီရင်းမြစ်တွေနဲ့ အရင်တုန်းက ငါတို့ သရဲဂိမ်းတွေ ကစားတုန်းက စုထားတဲ့ ကုန်ကြမ်းတွေ ရှိတယ်။ သရဲအိမ်ကို ဒီဇိုင်းဆွဲတဲ့အခါ အဲ့တာတွေကို ထည့်သုံးလို့ ရလောက်တယ်..."
သူတို့နှစ်ယောက်သား ကော်ဖီသောက်ရင်း ပရောဂျက်ကို အသေးစိတ် ဆွေးနွေးနေကြသည်
ဆွေးနွေးရင်းနဲ့ သရဲအိမ်ပရောဂျက်အတွက် မူကြမ်းတော့ ထွက်လာခဲ့ပါသည်။
သို့သော်လည်း ပြဿနာတွေ အားလုံးကို ဖော်ထုတ်ပြီးတာတောင် တစ်ခုခု လိုအပ်နေသေးသလို နှစ်ယောက်စလုံး ခံစားမိသည်။ သူတို့ရဲ့ စကားဝိုင်းက သိပ်ပြီး လက်တွေ့မကျသလို ခံစားလိုက်ကြရ၏။
ချန်းခန့်ထုံ မျက်မှောင်ကြုတ်သွားပြီး ခက်ခက်ခဲခဲ စဉ်းစားလိုက်ပါသည်။ "ငါတို့ ဘာလိုအပ်နေတာလဲ"
ဟောက်ချုံး အကြာကြီးစဉ်းစားပြီးမှ ရုတ်တရက် တွေးမိကာ သူ့ခေါင်းနောက်ကို ရိုက်လိုက်ပါသည်။ "ငါသိပြီ။ ငါတို့ ဘော့စ်ဖေးရဲ့ လမ်းညွှန်မှုကို လိုအပ်နေတာပဲ။"
"ကျန်တာ အားလုံးကို ဖယ်ချင်ဖယ်ထားလို့ရတယ်။ ဒါပေမယ့် ဘော့စ်ဖေးရဲ့ လမ်းညွှန်မှုကတော့ ကျိန်းသေပေါက် မရှိမဖြစ်ပဲ။ မင်းမှတ်မိမလားတော့ မသိဘူး။ ဒါပေမယ့် ထန်းတာ့ရဲ့ ပရောဂျက်တော်တော်များများ အောင်မြင်တာက ဘော့စ်ဖေးရဲ့ စီစဉ်မှုကြောင့်ပဲ။ ဘော့စ်ဖေးက အချိန်တော်တော်များများမှာ ရိုးရိုးရှင်းရှင်း လမ်းညွှန်ချက်လေးတွေပဲ ပေးသွားတာပါ။ ဒါပေမယ့် သူ့လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ရင် ငါတို့ ကျိန်းသေပေါက် လမ်းမှန်ကို ရောက်မှာပဲ"
"ဘော့စ်ဖေးက အခုချိန်ထိ သရဲအိမ်နဲ့ ပတ်သတ်တဲ့ လမ်းညွှန်ချက် ငါတို့ကို မပေးရသေးဘူး။ ငါတို့ အသေးစိတ် ပလန် တစ်ခု မစဉ်းစားခင် ဒီပရောဂျက်အပေါ် ဘော့စ်ဖေးရဲ့ သဘောထားကို အရင်ဆုံး နားလည်အောင် လုပ်ရမယ်"
ချန်းခန့်ထုံ နားလည်သဘောပေါက်သွားခဲ့ပါသည်။ "ဟုတ်တာပေါ့"
အရင်တုန်းက တစ်ခါမှ သူ တာဝန်ရှိသူ မလုပ်ခဲ့ဖူးပေ။ ဘော့စ်ဖေးက တာဝန်တွေကို လီယာ့တာမှ တဆင့်သာ ပေးလေ့ ရှိသည်။ ထို့ကြောင့် ချန်းခန့်ထုံက ထိုကိစ္စကို တစ်ခါမှ မတွေးခဲ့ဖူးခြင်း ဖြစ်ပါသည်။
ကံကောင်းစွာဖြင့် ဟောက်ချုံးက ဘော့စ်ဖေးရဲ့ သဘောထားကို နားလည်ဖို့ စံပြုလုပ်ငန်းစဉ်အကြောင်း ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ထံမှ ဟောက်ချုံး ကြားထားသည်။ ထိုအခါမှ အားနည်းချက်ကို မြင်နိုင်ခဲ့တာ ဖြစ်သည်။
"အတိုချုံးပြောရရင် ကြိုတင်ပြင်ဆင်မှုတွေ၊ လူငှားတာတွေ၊ ဒါမှမဟုတ် ဘော့စ်ဖေးဆီက လူထပ်တောင်းတာတွေ လုပ်ကြရအောင်။ ပြီးရင် အချိန်တစ်ခုယူပြီး ဒီပရောဂျက်အပေါ် ဘော့စ်ဖေးရဲ့ အမြင်ကို မေးကြည့်လိုက်မယ်"
"ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို ငါတို့နားလည်နိုင်ရင် ဒီပရောဂျက် အောင်မြင်နိုင်ချေက အများကြီး ပိုမြင့်သွားမှာ"
နဂိုက စိတ်ရှုပ်ထွေးဖို့ကောင်းလှသည့် ပရောဂျက်မှာ သူတို့အချင်းချင်း ဆွေးနွေးလိုက်ကြပြီးနောက် မသဲမကွဲ ဦးတည်ချက်လေးတစ်ခု ပေါ်လာခဲ့ပါပြီ။
ထိုယေဘုယျ ဦးတည်ချက်က ဘော့စ်ဖေးရဲ့ လမ်းညွှန်မှုပဲ ဖြစ်သည်။
ဘော့စ်ဖေးထံက လမ်းညွှန်မှုကို ရတာနဲ့ ဒီပြဿနာတွေအားလုံး ပြေလည်သွားလိမ့်မည်ဟု နှစ်ယောက်စလုံး ယုံကြည်ထားပါသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့၊ သောကြာနေ့...
ထန်းတာ့နက်ဝေါ့ခ် နည်းပညာ ကုမ္ပဏီလီမိတက်...
"အစ်ကိုပေါင်၊ GOG ဗားရှင်းတစ်ခုကို ထုတ်လိုက်ပြီ။ ကျေးဇူးပြုပြီး စစ်ကြည့်ပါဦး"
လီယာ့တာပို့လိုက်သည့် မက်ဆေ့ကိုကြည့်ရင်း ပေါင်ရှု သက်ပြင်းချလိုက်မိပါသည်။
ဟူး... ခက်ခဲလိုက်တဲ့ ပရောဂျက်ပါလား။
GOG က ကဏ္ဍပေါင်းစုံတွင် ရှုပ်ထွေးနေသေးသော်လည်း ပုံကြမ်းတစ်ခုတော့ ပေါ်လာပါပြီ။ သို့သော်လည်း ကစားလို့ ရသည်ဆိုရုံလောက်သာ ရှိသည်။
သူတို့မှီငြမ်းဖို့အတွက် ပြီးမြောက်ထားပြီးသာား Gods Rising ဂိမ်းရှိနေသည်။ ထို့ကြောင့် အချိန်တိုအတွင်း GOG ကိုပုံကြမ်းဆွဲဖို့က မခက်ခဲပါ။
သို့သော်လည်း ပြီးမြောက်မှုအရဆိုရင်တော့ အဝေးကြီး လိုပါသေးသည်။
ဘယ်သူမှ ကြည့်မနေသည့်အခါ ပေါင်ရှု GOG ကို ခိုးကစားကြည့်လိုက်ပြီး ပြစ်ချက်များစွာကို တွေ့လိုက်ရပါသည်။
Bug တွေအများကြီး...
ဟန်ချက်လည်း မညီ...
ဂိမ်းကစားပုံကစားနည်းက ဘာမှ အသစ်အဆန်း မရှိ...
ဟီးရိုးတွေကလည်းနည်း...
အတိုချုံးအားဖြင့် Gods Rising နဲ့ ကမ္ဘာခြားနေဆဲ ဖြစ်သည်။
ပေါင်ရှု အကြပ်ရိုက်သွား၏။ သူသာ မကူညီလျှင် လီယာ့တာတစ်ယောက်တည်း ဒီပြဿနာတွေကို ရှင်းနိုင်မှာ မဟုတ်ပေ။ သူကူညီရမယ်ဆိုရင်လည်း အာဖရိက ဆာဗားနားဒေသနဲ့ ဆာဟာရာ ကန္တာရကြီးတို့ကို မြင်ယောင်နေပါပြီ။
ပေါင်ရှု ထပ်ခါထပ်ခါ ချင့်ချိန်ပြီးနောက် ပေါင်ရှု သက်ပြင်းချလိုက်ပါသည်။ ဂိမ်းအယ်ဒီတာကို ဖွင့်လိုက်ပြီး စတင်ခိုးဝှက်ကာ ပြင်ဆင်တော့သည်။
"ထားလိုက်ပါတော့ကွာ။ ငါဒီတိုင်း ရပ်ကြည့်နေလို့ မရဘူး။ နောက်ဆုံးတစ်ခေါက်လောက် ကူညီပေးလိုက်ရမလား"
"ဒါပေမယ့် ဒီတိုင်းဆက်လုပ်နေလို့မဖြစ်ဘူး။ ဒီတိုင်း ဆင်တူတဲ့ ပြဿနာတွေကို လိုက်ရှင်းပေးနေလို့ မဖြစ်ဘူးမဟုတ်လား"
ပေါင်ရှုလည်း စိတ်ပျက်လက်ပျက်ဖြစ်နေပါသည်။ ဒီဇိုင်းအဖွဲ့တစ်ဖွဲ့လုံးက ဂိမ်းအတွေ့အကြုံကို တိုးမြှင့်ဖို့ ဂိမ်းတွေ ကစားနေလောက်သည်။ သို့သော်လည်း ဂိမ်း IQ ဆိုတာက ညတွင်းချင်း ကျင့်ကြံလို့ရတဲ့ အရာ မဟုတ်ပေ။
အကြမ်းစား ဂိမ်မာကြီးတစ်ယောက်ဖြစ်တဲ့ ပေါင်ရှုရဲ့ ဂိမ်းတွေအပေါ် နားလည်နိုင်စွမ်းကို တခြားသူတွေ မယှဉ်နိုင်ပါ။
ထို့ကြောင့် ဂိမ်းရဲ့ ဟန်ချက်ကို ချိန်ညှိခြင်းစသည့် အလွန်ပရော်ဖက်ရှင်နယ်ကျသော တာဝန်များကို ပေါင်ရှုကသာ ဆောင်ရွက်နိုင်လိမ့်မည်။
အမှန်ပင်။ စနစ်ဒီဇိုင်နာတွေလည်း ဆောင်ရွက်လို့ ရပါသည်။ သို့သော်လည်း ပေါင်ရှုက အဆုံးသတ် ဂိတ်ပေါက်ကြီး ဖြစ်ရမည်။ သီးသန့်ဂိမ်းတွေက ဟန်ချက်ညီဖို့ သိပ်မလိုအပ်သော်လည်း GOG က အများနဲ့ ကစားရသည့် ဂိမ်း ဖြစ်သည်။ ဟန်ချက်ညီဖို့က အလွန်အရေးကြီးပါသည်။
ပေါင်ရှု စဉ်းစားပြီး ဒီတိုင်းပဲ ဆက်လုပ်လိုက်မည်ဟု တွေးမိလိုက်ပါသည်။
ကပ်သီးလေးကွာ။
အလုပ်ဝန်ကို စောစောခွဲဝေပေးဖို့နဲ့ တခြားသူတွေကိုပါ တာဝန်ယူခိုင်းဖို့ သူ နည်းလမ်းတစ်ခု စဉ်းစားရမည်။ ကုမ္ပဏီထဲမှာ ဒီလိုလူမျိုး မရှိပါ။ သူ ဘယ်မှာ သွားရှာရမှာလဲ။
ရုတ်တရက် အကြံတစ်ခု ရသွားခဲ့သည်။
ယွီအင်တာနက်ကဖေးက ထန်းတာ့ရဲ့ ကိုယ်ပိုင်လုပ်ငန်း မဟုတ်လား။ အဲ့တာကို အသုံးချလို့ ရမလား။
ယွီအင်တာနက်ကဖေးထဲတွင် GOG အစမ်းဗားရှင်းကို ထည့်သွင်းထားလိုက်မည်။ ဒါမှ ယွီအင်တာနက်ကဖေး ကတ်စတမ်မာတွေက ဂိမ်းရဲ့ အစမ်းကစားသမားတွေ ဖြစ်လာနိုင်ပြီး ဂိမ်းကို ကစားကြည့်ပြီးနောက် သူတို့ရဲ့ အထင်အမြင်နဲ့ အကြံပြုချက်များကို ပေးခဲ့လို့ရသည်။
အမှန်ပင်။ ဒီအကြံတစ်ခုတည်းသာဆို ပြဿနာ အများကြီး တက်လာနိုင်သေးသည်။ ဥပမာ ဂိမ်းနဲ့ ပက်သက်တဲ့ အချက်အလက်တွေ စောစောစီးစီး ပေါက်ကြားသွားနိုင်ပြီး စပွိုင်လာတွေ ပေါ်လာနိုင်သည်။
သို့သော်လည်း GOG ဂိမ်းလို ဂိမ်းမျိုးအတွက်တော့ ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။ ရှင်းရှင်းပြောရလျှင် သူတို့ ယွီအင်တာနက်ကဖေးတွင် အထူးဂိမ်းစမ်းသပ်ဆာဗာတစ်ခု ထည့်သွင်းလိုက်မည် ဖြစ်ပြီး ကစားသမားတွေရဲ့ ဒေတာကို စုစည်းကာ ဒေတာ အချက်အလက်တွေအပေါ် အခြေခံပြီး ဂိမ်းကို ပြုပြင်သွားမှာ ဖြစ်သည်။
ချက်ချင်းပဲ လီယာ့တာကို ပေါင်ရှု မက်ဆေ့ ပို့လိုက်ပါသည်။
ယွီအင်တာနက်ကဖေးက ကစားသမားတွေကိုပါ ပါခိုင်းလိုက်မည်။ အနည်းဆုံးတော့ အကူအညီတချို့ ဖြစ်နိုင်လိမ့်မည်ဟု ပေါင်ရှု ခံစားမိပါသည်။
အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများ ၌...
ဒီနေ့ မာယန်အတန်းရှိသဖြင့် ကုမ္ပဏီကိုမလာခဲ့ပေ။ ထို့အပြင် မာယန်က လက်ချောင်းဂိမ်းအတွက် ငွေတွေအားလုံးကို လောင်းထည့်လိုက်သဖြင့် တခြားပရောဂျက်များကို ရင်းနှီးမြှုပ်နှံဖို့ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများတွင် အရင်းအနှီး မကျန်တော့ပါ။
အားလုံးလုပ်စရာရှိတော့တာဆိုလို့ ဘော့စ်မာကို ဂိမ်းတူတူ တွဲဆော့ပေးဖို့သာ ရှိသည်။
ဘော့စ်မာက သူတို့ကို ပွဲစဉ်တိုင်းမှာ ကူကစားပေးပြီး စူပါစကေးပေါင်းစုံကို ထုတ်ပြလောက်သည်။ သို့သော်လည်း ထိုကဲ့သို့ 'ပရော်ဖက်ရှင်နယ်ပွဲ' များစွာ ကစားရပြန်ရင်လည်း ပျင်းဖို့ကောင်းပါသည်။
မာယန်က ထိုပွဲများကစားရတာ ပျင်းလာပြီဖြစ်သဖြင့် အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကုမ္ပဏီကို သိပ်မသွားတော့ပေ။
ဟဲထယ်ရှန်းနဲံ တခြား ပရော်ဖက်ရှင်နယ်များ စုစည်းလိုက်ကြပြီး ဒီပြဿနာကို လေးလေးနက်နက် ဆွေးနွေးကြပါသည်။
"ဘော့စ်မာရဲ့ ပျော်ရွှင်မှု ကန့်သတ်ချက်ကြီးက များလွန်းတယ်။ ခဏလောက်နေရင် ငါတို့ရဲ့ လုပ်ပွဲတွေကို သူ စိတ်ဝင်စားမှု လျော့သွားလောက်တယ်"
"ငါတို့ဘာလုပ်ကြမလဲ"
ဟဲထယ်ရှန်းက အလွန် ခက်ခဲသည့် မေးခွန်းကို မေးလိုက်သည်။
ဒီပရော်ဖက်ရှင်နယ်တွေအတွက် အရေးအကြီးဆုံး အလုပ်တစ်ခုက ဘော့စ်မာကို ဂိမ်းအတူတူ ကစားပေးဖို့ ဖြစ်သည်။ ဒါမှ သူ့ကို ပျော်ရွှင်အေးချမ်းကာ အလုပ်ကောင်းကောင်း လုပ်စေနိုင်မှာ ဖြစ်ပါသည်။
အစောပိုင်းတော့ကတော့ ဘော့စ်မာက ပရော်ဖက်ရှင်နယ် ဆယ်ဂဏန်းကျော်လောက်တောင် သတ်နိုင်ပြီး ကိုယ့်ကိုယ်ကို ကူကစားနိုင်သည်။ ထို့ကြောင့် အလွန် ပျော်ရွှင်ခဲ့တာတော့ အမှန်ပင်။
သို့သော်လည်း ထိုပျော်ရွှင်မှုအတိုင်းအတာက အချိန်တွေကုန်လွန်လာတာနဲ့အမျှ ပိုမြင့်တက်သွားခဲ့သည်။ ကစားသမားတွေကို လိုက်သတ်နေရုံလောက်နဲ့ ဘော့စ်မာကို စိတ်မကျေနပ်စေတော့ပါ။ ခဏခဏ နိုင်နေတာတွေက ပျင်းဖို့ကောင်းလာသည်
ဂိမ်းပွဲတိုင်းရဲ့ ရသက မာယန်အတွက် ဆင်တူလို ဖြစ်လာသည်။
ကျန် ၉ ယောက်က ဇာတ်ညွှန်းတစ်ခု ကြိုပြင်ဆင်ထားကြပြီး ဘော့စ်မာအတွက် မတူညီတဲ့ ဂိမ်းရသမျိုး ပေးစွမ်းနိုင်ဖို့ ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင် ကစားကြသော်လည်း...
ခဏလောက်ကြာသည့်အခါ ပျင်းဖို့ကောင်းလာမှာ အမှန်ပဲ ဖြစ်ပါသည်။
အခု ဒီပြဿနာကို ဆွေးနွေးဖို့ အားလုံး စုစည်းလိုက်ကြခြင်း ဖြစ်သည်။
"ငါတို့ကိုယ်ငါတို့ စိတ်ကူးစိတ်သန်းမကောင်းဘူးလို့တော့ အပြစ်တင်လို့ မရဘူးထင်တယ်။ ဘော့စ်မာ အဆင့်နိမ့်လို့လည်း အပြစ်တင်လို့ မရဘူး"
"ဂိမ်းရဲ့ ဆက်တင်ကိုပဲ အပြစ်တင်ရမှာ ဂိမ်းဆက်တင်က နည်းနည်းရှုပ်ထွေးလွန်းလို့ လူသစ် ကစားသမားလေးတွေအတွက် သိပ်ပြီး မလွယ်ကူဘူး။ ဘော့စ်မာကို ဂိမ်းက ပစ်မှတ်ထားထားလို့ ခွန်အား ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ ကစားဖို့ ခက်ခဲနေတာ"
"ဘော့စ်မာနဲ့ အဆင်ပြေဖို့အတွက် ငါတို့အဆင့်ကို ငါတို့ နှိမ့်ချလိုက်ရတယ်။ တော်တော် အတုအယောင်ဆန်မှာတော့ သိသာတယ်လေ။ ဘော့စ်မာ အနှေးနဲ့ အမြန် သတိထားမိသွားမှာပဲ"
"ထောက်ခံတယ်။ ဘော့စ်မာကို ဂိမ်းက ပစ်မှတ်ထားထားတယ်လို့ ငါလည်း ခံစားမိတယ်"
တခြားသူတွေလည်း ခေါင်းငြိမ့်ကာ သဘောတူလိုက်ပါသည်။ "ငါတို့ ဂိမ်းဆက်တင်ကိုသာ ပြောင်းလဲနိုင်ရင် ဘော့စ်မာရဲ့ အစွမ်းအစသစ် တကယ်ထွက်လာမှာပဲ"
"ဒါဆို ငါတို့ဘာလုပ်ရမလဲ။ ငါတို့က ဂိမ်းဒီဇိုင်နာတွေမှ မဟုတ်တာ။ ဂိမ်းဆက်တင်တွေကိုတော့ ပြောင်းလဲလို့ မရဘူး" တစ်ယောက်က ထောက်ပြလိုက်သည်။
နောက်တစ်ယောက်ကလည်း လက်မြှောက်ကာ အကြုံပြုလိုက်သည်။ "Gods Rising ကိုတော့ ပြောင်းလို့ မရပေမယ့်... ငါတို့ IOI ကို ပြောင်းလို့တော့ ရမယ်ထင်တယ်နော်"
ဟဲထယ်ရှန်း ခေတ္တတွေးကြည့်လိုက်သည်။ "ပြောရခက်တယ်။ ငါတို့က လက်ချောင်းဂိမ်း မှာ ရှယ်ယာပဲဝယ်ထားတာ။ သူတို့ရဲ့ အော်ပရေးရှင်းတွေ၊ ဖန်တီးမှုတွေကို ဝင်စွက်ဖက်လို့ မရဘူး။ ရှယ်ယာဝင်နဲ့ ပြည်တွင်းအေးဂျင့်အနေနဲ့ အကြံပေးချက်တော့ တင်ပြလို့ရတယ်။ နားထောင်ကြမှာ မဟုတ်လောက်ဘူး"
"စမ်းကြည့်ကြတာပေါ့"