← Chapters

ရှင်က သူ့ကလေးကိုတောင် ပျိုးထောင်ဖို့ မထိုက်တန်ဘူး

Vol. 24 Ch. 356

ရှင်က သူ့ကလေးကိုတောင် ပျိုးထောင်ဖို့ မထိုက်တန်ဘူး

Vol. 24 Ch. 356

ဒီဇင်ဘာလ ၁၄ ရက်၊ အင်္ဂါနေ့...

မနက်စောစော ဖေးချမ့် လှပတဲ့ မနက်ဖြန် ရိုက်ကွင်းကို လာကြည့်ခဲ့ပါသည်။ သူ မသွားတာ အတော်ကြာပြီဖြစ်သဖြင့် စိုးရိမ်နေခဲ့ပါသည်။

နောက်ဆုံးလည်ပတ်ခဲ့တာက အရင် ၂ ပတ်လောက်ကဖြစ်သည်။ လုကျစ်ယောင်ကို အသုံးမကျလို့ ဝေဖန်ခဲ့သော်လည်း လုကျစ်ယောင် သရုပ်ဆောင်စွမ်းရည်တွေ ပွင့်ထွက်လာပြီး ရိုက်ကူးရေးအဖွဲ့သားများရဲ့ ချီးကျူးမှုပေါင်း မြောက်များစွာကို ခံရလိမ့်မည်ဟု မထင်ခဲ့ပေ။

ထို့ကြောင့် ဒီကာလအတွင်း ဖေးချမ့် စိုးရိမ်ပူပန်မှုများကို ဖိနှိပ်လျက် စတူဒီယိုကို ထပ်မသွားဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့ရဲ့ ရည်ရွယ်ချက်မပါတဲ့ စကားလုံးတွေက လုကျစ်ယောင်ကို အဆင့်ထပ်တက်သွားစေပြီး အခြေအနေတွေ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်သွားမှာကို စိုးရိမ်တာကြောင့် ဖြစ်ပါသည်။

စောစောစီးစီး ပြစ်ချက်တွေ့ပြီး ပြင်ဆင်ဖို့ကတော့ လိုအပ်သေးသည်။ အခြေအနေက နောက်ပြန်လှည့်လို့ မရတော့ဘူးဆိုရင်တောင် ငွေများများပိုသုံးပြီး အရှုံးပေါ်စေဖို့ ပြင်ဆင်ထားရမည်။

ထို့ကြောင့် ဒီနေ့လည်း အားလပ်သဖြင့် ရိုက်ကွင်းကို လာခဲ့ခြင်း ဖြစ်သည်။

ရိုက်ကွင်းကတော့ ဝန်ထမ်းတွေ့ ရှေ့ပြေးလိုက် နောက်ပြေးလိုက်နဲ့ အလုပ်များနေသည်။ အားလုံးရဲ့ အလုပ်ကိုလည်း ဖေးချမ့် မနှောင့်ယှက်ချင်ပါ။ ဘေးမှာ အေးအေးဆေးဆေးပဲ ရပ်ကြည့်နေလိုက်ပါသည်။

ပတ်ဝန်းကျင်ရှုင်းက ကျဉ်းကျဉ်းကြုတ်ကြုတ် အာကာသယာဉ်လုံးခန်းထဲ မဟုတ်တော့ဘဲ အနာဂတ်ဆန်သည့် မြို့နေ အိမ်ပြင်မြင်ကွင်းတစ်ခု ဖြစ်သည်။ အပြင်ဘက် ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်ရမှာ ဖြစ်သော်လည်း အစိမ်းရောင် ပိတ်ကားများကို ချိတ်ပြီး စတူဒီယိုထဲမှာသာ ရိုက်ကူးကြသည်။

ခပ်လန်းလန်း အနာဂတ်ဆန်သည့် ဇာတ်ဝင်ခန်းများကို ကွန်ပျူတာ အထူးပြုလုပ်ချက်များဖြင့် ထည့်သွင်းသွားမှာ ဖြစ်ပါသည်။

အနီးကပ် ဇာတ်ဝင်ခန်းများကို ပစ္စည်းအစစ်များသုံးကာ ရိုက်ကူးမည်ဖြစ်သည်။ ဥပမာအားဖြင့် ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့က ဒီဇာတ်ဝင်ခန်းမှာ လမ်းဘေးဆိုင်လေး တစ်ဆိုင်ထဲတွင် စားသောက်နေကြမှာ ဖြစ်သည်။ ထိုဆိုင်ကိုတော့ တည်ဆောက်ထား၏။ စားပွဲများ၊ ထိုင်ခုံများ၊ အလှဆင်ပစ္စည်းများ စသည်ဖြင့် အထဲက ပစ္စည်းတိုင်းက ပစ္စည်းအစစ်များ ဖြစ်ကြသည်။

ထို့အပြင် ဆိုင်ရဲ့ ဆိုင်းဘုတ်၊ လမ်းဘေးက အမှိုက်ပုံးများ၊ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့ရဲ့ အဝတ်အစားများ အားလုံးက သီးသန့်ပြုလုပ်ထားခြင်း ဖြစ်သည်။။ ဂရုတစိုက် ဖန်တီးထားတဲ့ ပစ္စည်းများ ဖြစ်ကြသည်။ ထိုပစ္စည်း အတုများကတော့ စေတနာပါပါ ဖန်တီးထားသည်ဟု ဆိုနိုင်ပါသည်။

ထိုဆက်တင်များကို ကြည့်ခြင်းအားဖြင့် ဒီပတ်ဝန်းကျင်မှာ ဆင်းဆင်းရဲရဲ အနာဂတ်လူသားများနဲ့ ပြည့်နှက်နေကြောင်း အဓိပ္ပာယ်ကောက်လို့ ရပါသည်။

ဒါရိုက်တာကျူးရှောင်စဲရဲ့ အစီအစဉ်အရဆို ရုပ်ရှင်ထဲက အဆောက်အဦးများကို မတူညီသည့် အဓိက စတိုင် ၄မျိုးအဖြစ် ပိုင်းခြားသွားမည်ဖြစ်သည်။

ပထမတစ်ခု၊ ဇာတ်လိုက်မင်းသားက အလွန်အဆင့်မြင့်သော်လည်း အလွန်ပြည့်ကြပ်၊ ကျဉ်းကြုတ်ပြီး ရှုပ်ပွနေသည့် အာကာသ ယာဉ်လုံးထဲမှာ နေထိုင်ရသည်။ ဒါက ပုံစံတူ တည်ဆောက်ထားကြသည့် လူမှုဖူလုံရေး သာမန်အဆောက်အဦးများ ဖြစ်သည်။

ဒုတိယတစ်ခုက ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့ ချိန်းတွေ့ကြသော အပြင်လောကမှ ဆင်းရဲသားရပ်ကွက်များ ဖြစ်ကြသည်။ ထိုနေရာမှ ဆိုင်အများအပြားက Steampunk စတိုင် ဖြစ်၏။ စည်ကားသော်လည်း ဗြောင်းဆန်ကာ ဗရုသုက္ခများပါသည်။

တတိယတစ်ခုမှာ တဲလန့်ရှိုးမှ ဇာတ်ဝင်ခန်းများပါဝင်သည့် တောက်ပ ကျော့ရှင်းနေသော အပြင်ဘက် လောကကြီး ဖြစ်သည်။ အလွန်နည်းပညာမြင့်မားပြီး ကျယ်ဝန်းကာ ပတ်ဝန်းကျင်ကလည်း သန့်ရှင်းသည်။ သာမန်ခံစားချက်မျိုး ရစေသည့် သိပ္ပံနည်းပညာ ဆက်တင်စတိုင်လည်း ပါဝင်သည်။

စတုတ္ထအနေနဲ့ အထက်တန်းလွှာများ၏ အိမ်များက လှပတဲ့ မီးလင်းဖိုများ၊ ဆီဆေးပန်းချီကားချပ်ကြီးများ၊ စျေးကြီးကြီး သစ်သားပရိဘောဂများနဲ့ အလွန် အဆင့်မြင့်သည့် စံအိမ်ကြီးများ ပုံစံ ဖြစ်သည်။ လက်တွေ့ကမ္ဘာက စံအိမ်များနဲ့ ကွဲပြားစေဖို့ အဆင့်မြင့် နည်းပညာများကို ထည့်သွင်းထားသည်။

အဘယ့်ကြောင့်ဆိုသော် ဇာတ်ညွှန်းထဲက အထက်တန်းလွှာများကသာ 'ဂန္တဝင် ဆီဆေးပန်းချီကားများ'နဲ့ ဂီတတူရိယာများကို တတ်နိုင်ခြင်း ဖြစ်သည်။ သူတို့ အသိုင်းအဝိုင်းထဲမှာ 'retro' ဗိဿုကာစတိုင်က ချမ်းသာသူတွေနဲ့ မချမ်းသာသူတွေအကြားက အကြိုက်ကို ခွဲခြားဖို့အတွက်သာ ဖြစ်ပါသည်။

လက်ရှိဇာတ်ဝင်ခန်းကို 'အနာဂတ်ဆန်သည့် ဆင်းရဲသားရပ်ကွက်'ထဲရှိ 'Cyberpunk' ပုံစံမျိုးနဲ့ ရိုက်ကူးထားခြင်း ဖြစ်သည်။

ဒီရုပ်ရှင်ရဲ့ မင်းသမီးကို ဖေးချမ့် ပထမဆုံး မြင်ဖူးတာလည်း ဖြစ်သည်။

မင်းသမီးရဲ့ နာမည်က လင်းရုယီ ဖြစ်သည်။ မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးကျယ်ကျယ်နဲ့ ပြုံးလိုက်ရင် လှလှပပ ပါးချိုင့် ၂ ဖက်ပေါ်ကာ ကိုယ့်ရဲ့ အချစ်ဦးကို ပြန်အမှတ်ရစေမည့် ပုံစံမျိုး ဖြစ်သည်။

အရင်က ဖေးချမ့် သူမရဲ့ အချက်အလက်တွေအကြောင်း ရှာကြည့်ဖို့ ကြိုးစားသော်လည်း နာမည်ကျော် လက်ရာ ဘာမှ မတွေ့ခဲ့ပေ။ သူမက ရုပ်ရှင်ကျောင်းမှ ဘွဲ့မရသေးတဲ့ တက်သစ်စတစ်ယောက်ဖြစ်မှန်းသာ ဖေးချမ့် သိပါသည်။

ပုံစံအရဆိုရင်တော့ လင်းရုယီက မျက်နှာဝိုင်းဝိုင်းရှိသဖြင့် အရမ်းကြီးတော့ ကြည့်မလှပေ။ ထို့ကြောင့် သူမက ဓာတ်ပုံ မစားပါ။

သို့သော်လည်း ဒီဇာတ်ညွှန်းရဲ့ ဆက်တင်နဲ့ လိုက်ဖက်မှု ရှိ၏။

ဇာတ်လိုက်မင်းသမီးအတွက် ဖေးချမ့်ရဲ့ တောင်းဆိုချက်က တစ်ခုသာ ရှိသည်။ သူမ၏ ရုပ်ရည်က သာမာန်ဆန်နေဖို့သာ ဖြစ်ပါသည်။

အခုခေတ်ကြီးက ပုံပန်းသဏ္ဌာန်ကို အမှီပြုနေတဲ့ ခေတ်ကြီး ဖြစ်သည်။

ဇာတ်လိုက်မင်းသမီးသာ အရမ်းကြီး ကြည့်ကောင်းနေပါက ရေပန်းစားသည့် အကြောင်းအရာတစ်ခု ဖြစ်လာနိုင်သည်။ သူမရဲ့ သရုပ်ဆောင်စွမ်းရည်သာ အရမ်း ကောင်းမွန်နေပါက အကျိုးဆက်က ပိုကပ်ဆိုက်သွားလိမ့်မည်။

ဇာတ်လိုက်မင်းသမီးက မကောင်းတဲ့မိန်းမနေရာက သရုပ်ဆောင်ရင်တောင် ကြည့်ကောင်းနေတာကြောင့် ပရိတ်သတ်က မမုန်းတဲ့အပြင် အလွန် ချစ်သွားကြရင် မဆိုးရွားနိုင်ဘူးလား။ အမှန်ပင်။ ဇာတ်လိုက်မင်းသမီး လုပ်ဖို့အတွက် ရုပ်ဆိုးတဲ့လူကို ရှာဖို့ကလည်း လက်တွေ့မဆန်မှန်း ဖေးချမ့် သိပါသည်။

နောက်ဆုံးမှာတော့ ပုံစံအားဖြင့် အရမ်းကြီး ထူးထူးချွန်ချွန် မရှိလှသည့် ဒီတက်သစ်စမင်းသမီးကို ရွေးလိုက်တာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်သည်ဟု ဖေးချမ့် ခံစားလိုက်ရပါသည်။

ဒီဇာတ်ဝင်ခန်းရဲ့ ဇာတ်ညွှန်းကို အချိန်တိုအတွင်း ဖေးချမ့် မှတ်မိသွား၏။ ဇာတ်လိုက်မင်းသမီး တဲလန့်ရှိုးမှာ သွားပြိုင်ပြီး အရွေးမခံခဲ့ရတဲ့ ဇာတ်ဝင်ခန်း ဖြစ်၏။

လုကျစ်ယောင် သရုပ်ဆောင်တဲ့ ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီးတို့က ယခု လမ်းဘေးဆိုင်လေး တစ်ဆိုင်မှာ အနားယူကာ သောက်စားနေကြသည်။ လုကျစ်ယောင်က လင်းရုယီကို ပျော်အောင် လုပ်ပေးဖို့ ကြိုးစားသော်လည်း လင်းရုယီက သူ့ကို ဂရုမစိုက်ပါ။

လူ ၂ ယောက် နေထိုင်နိုင်သည့် အာကာသယာဉ်လုံးကို ဝယ်ယူပြီးကြောင်း လုကျစ်ယောင် ပြောသောအခါ လင်းရုယီ ရုတ်တရက်ကြီး စိတ်ခံစားချက်များ ပေါက်ကွဲထွက်သွားလေသည်။ ဒီဇာတ်ဝင်ခန်းက ဇာတ်လမ်းတစ်ခုလုံးရဲ့ အချိုးအကွေ့အမှတ်ဟု ပြောနိုင်သည်။ စာကြောင်းတစ်ကြောင်းတည်းနဲ့ ဖော်ပြလို့ ရပါသည်။ ဇာတ်လိုက်မင်းသား ဖောက်ပြန်ခံလိုက်ရသည်။

ဟူး... တော်တော် စွဲမြဲပြီး ဂန္တဝင်ဆန်သည့် အဆိပ်အတောက်ဖြစ်ချက်ပင်။ ဖေးချမ့် စိတ်မကောင်း ဖြစ်သွားရသည်။

ထိုအချိန်တွင်... လုကျစ်ယောင်က အနာဂတ်အကြောင်းကို စဉ်းစားကာ ကပ်ဖားလျက်ဖား လုပ်နေသည်။ သူက ကပ်ဖားလျက်ဖား လုပ်နေသော်လည်း တခြားသူတွေကို အနေမခက်စေပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ရုပ်ချောသဖြင့် အနည်းငယ် ဂရုဏာတောင် သက်သွားကြပါသည်။

တစ်ဖက်မှာတော့ လင်းရုယီက စားပွဲပေါ်ရှိ သောက်စရာကို ခံစားချက်မဲ့စွာ ကြည့်နေပါသည်။ မကြာခဏ ခေါင်းငြိမ့်ကာ သို့မဟုတ် သူ ပြောတဲ့ စကားတွေကို စိတ်မပါလက်မပါ နားထောင်ရင်း တခြားအရာတွေကိုသာ စဉ်းစားနေမှန်း သိသာပါသည်။

"ဒီနားမှာ အရသာရှိတဲ့ အသားတုတွေ၊ ရေသန့်တွေ၊ ဝိုင်နီတွေ ရောင်းချတဲ့ စားသောက်ဆိုင်ကောင်းကောင်း တစ်ဆိုင် ရှိတယ်လို့ ကိုယ်ကြားမိတယ်"

"အရင်တစ်ခေါက် ကိုတို့ စားတဲ့ အသားတုက တကယ့်အသားအစစ်ရဲ့ အရသာ ၆၀ ရာခိုင်နှုန်းပဲ ပါတယ်။ အရမ်း အရသာရှိတယ်။ ဒါပေမယ့် ဒီစားသောက်ဆိုင်က အသားစစ်ရဲ့ အရသာကို ၈၀ ရာခိုင်နှုန်းအထိ တုပထုတ်လုပ်နိုင်တယ်လို့ ပြောထားတယ်။ အမဲသားအရသာ၊ ကြက်သားအရသာဆိုပြီး အရသာတွေလည်း အများကြီး ရှိသေးတယ်"

"သောက်ရေသန့်လည်း ရှိသေးတယ်။ ကိုတို့သောက်တဲ့ ရေက သံချေးတက်တဲ့ အရသာကြီး ရတယ်။ ဒါပေမယ့် အဲ့ဒီဆိုင်က သောက်ရေသန့်က ဘာအနံ့မှမရှိဘူးလို့ ပြောကြတယ်။ ကိုတို့ အာကာသယာဉ်လုံးထဲမှာ သောက်ရတာထက် အဆ ၁၀၀ လောက် သာလွန်တဲ့ အနံ့ဖျော့ဖျော့လေး ရှိတယ်"

"ဝိုင်နီလည်း ရှိတယ်။ အာကာသယာဉ်လုံးထဲမှာ ရောင်းတဲ့ ဝိုင်နီပုလင်းတွေက အရမ်းစျေးကြီးတာ။ အဲ့က ဝိုင်နီပုလင်းစျေးက အာကာသယာဉ်လုံးထဲမှာရှိတဲ့ အကြွေစေ့စက်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ပဲ ရှိတာ။ အရသာက မခြားနားသလောက်ပဲလို့ ပြောကြတယ်။ သန်ဘက်ခါလောက်ကျရင် ကိုတို့ သွားစားကြည့်ကြမလား"

လုကျစ်ယောင်က မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် လင်းရုယီကို ကြည့်လိုက်ပါသည်။

လင်းရုယီက ယဉ်ယဉ်ကျေးကျေးအပြုံးဖြင့် ပြန်ပြုံးပြလိုက်သည်။ "အင်း သွားမယ်လေ"

သူမ ပြုံးလိုက်သောအခါ သူမရဲ့ ပါးပြင်ပေါ်မှာ ခပ်ပါးပါး ပါးချိုင့်နှစ်ခုပေါ်လာပြီး အလွန်ဆွဲဆောင်မှုရှိပါသည်။

သို့သော် အချိန်တိုအတွင်းမှာ ထိုအပြုံး ပြန်ပျောက်ကွယ်သွား၏။ သူမ စိတ်မကပ်စွာနဲ့ စားပွဲပေါ်က ဖန်ခွက်ကို ဆက်စိုက်ကြည့်နေပြီး စိတ်မပါလက်မပါ တစ်ငုံသောက်လိုက်ပါသည်။ သူမရဲ့ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ရေခွက်ထဲက ရေက အရသာကင်းမဲ့မှန်း မြင်သာသည်။

လုချစ်ယောင်အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။ သူ့စကားအရှည်ကြီးကို သူမက စကားလုံး ၂လုံးတည်းနဲ့သာ တုန့်ပြန်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့စိတ်ခံစားချက်ကို အမြန်ဆုံး ချိန်ညှိလိုက်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီနေ့ သူ ကြီးကြီးမားမား Surprise တစ်ခု ပြင်ဆင်ထားတာကြောင့် ဖြစ်ပါသည်။

သူတို့ အချိန်ခဏလောက် တိတ်ဆိတ်သွားကြ၏။ လင်းရုယီက တစ်ခုခုကို စဉ်းစားနေပုံပေါ်ပြီး လုကျစ်ယောင်ကတော့ စကားပြောဖို့ စိတ်ဆုံးဖြတ်ချက် ချနေသည်။

"ခုနက တဲလန့်ရှိုးမှာ အရွေးမခံလိုက်ရတာက သဲအတွက် စိတ်ထိခိုက်စရာ ကြီးကြီးမားမား ဖြစ်သွားမယ်ဆိုတာ ကိုသိပါတယ်။ ဘာမှ မဖြစ်ပါဘူး။ အဆင်ပြေသွားမှာပါ"

"စိတ်မပူနဲ့ ကိုတို့ရဲ့ အနာဂတ်အတွက် ကို့မှာ အစီအစဉ်တွေရှိပြီးသားပါ။”

လင်းရုယီ ခေါင်းမော့လိုက်ပြီး သူ့ဆိုလိုရင်းကို နားမလည်သလို စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် လုကျစ်ယောင်ကို စိုက်ကြည့်လိုက်ပါသည်။ "ဟင်"

လုကျစ်ယောင် အပြုံးကို မထိန်းချုပ်နိုင်တော့ပါ။ "လူ ၂ ယောက်နေထိုင်နိုင်တဲ့ အာကာသယာဉ်လုံး တစ်လုံး ဝယ်ဖို့ ငါပိုက်ဆံစုလို့ ပြည့်သွားပြီ"

"မနက်ဖြန် သင့်တော်တဲ့နေရာတစ်ခု သွားရွေးကြမယ်။ အဲ့ကျရင် သဲပြောင်းနေလို့ရပြီ လူ ၂ ယောက်စာ အာကာသ ယာဉ်လုံးတစ်လုံးက မကြီးပေမယ့် နောက်ပိုင်းကျရင် ကိုတို့ ပိုကြီးတဲ့ နေရာတွေဆီ တဖြည်းဖြည်း ပြောင်းသွားလို့ ရတာပဲလေ"

"တစ်နေ့ကျရင် မီးဖိုချောင်တစ်ခန်းပါတဲ့ ၆၀ စတုရန်းမီတာကျယ်တဲ့ ဇိမ်ခံတိုက်ခန်း တစ်ခန်းလောက်ကို တတ်နိုင်မှာပါ။ ကိုတို့ကလေးတွေလည်း ညနေ ၆ နာရီမှာ အပြင်ထွက်နိုင်လိမ့်မယ်။ ကံကောင်းရင် နေဝင်ဆည်းဆာကိုတောင် ကြည့်နိုင်လိမ့်မယ်..."

လုကျစ်ယောင်က သူ့စိတ်ကူးထဲရှိ စိတ်ကူးယဉ်ပုံရိပ်များကို ပုံဖော်ပြလိုက်သည်။ သို့သော်လည်း လင်းရုယီရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှု ပေါ်မလာပေ။ သူမက ပိုပိုပြီး စိတ်မရှည် လက်မရှည် ဖြစ်လာခဲ့ပါသည်။

"ရှင့်ပိုက်ဆံတွေကို စုထားပါ။ ကျွန်မ လူ ၂ ယောက်စာ အာကာသယာဉ်လုံးထဲမှာ မနေချင်ဘူး။ ရှင်နဲ့ လက်ထပ်ပြီး ကလေးတွေလည်း မယူချင်ဘူး"

"လမ်းခွဲကြစို့"

လုကျစ်ယောင်ရဲ့ အပြုံး မျက်နှာပေါ်မှာ အေးခဲသွားပါသည်။

"ဘာလို့လဲ မင်းဘာဖြစ်နေတာလဲ။ အဲ့ဒီ တဲလန့်ရှိုး ပြီးသွားကတည်းက မင်းပုံစံထူးဆန်းနေတာ... ဒီတိုင်း တဲလန့်ရှိုးလေးတစ်ခုပဲကို... အရေးကြီးတာမှ မဟုတ်တာ..."

"ရှင်က ကျွန်မခံစားချက်တွေကိုမှ နားမလည်တာ။ အရေးမကြီးဘူးလို့ ထင်မှာပေါ့" လင်းရုယီ ခက်ထန်စွာ ပြောလိုက်သည်။

လုကျစ်ယောင်ဆွံ့အသွား၏။ "သဲ ဘယ်လိုခံစားရလဲ ကိုသိတာပေါ့။ တဲလန့်ရှိုးအတွက် စာရင်းသွင်းကြေးကိုတောင် ကိုအားထုတ်ကြိုးပမ်းပြီး စုခဲ့ရတာ။ ကိုတို့နှစ်ယောက်စလုံးအတွက် ကြီးကြီးမားမား အရှုံးပဲလေ"

လင်းရုယီ ပို၍ပင် ဒေါသထွက်သွားလေသည်။ "အဲ့တာက ရှင့်အတွက် ကြီးကြီးမားမား အရှုံးလား။ ရှင်က ပိုက်ဆံပဲ ဆုံးရှုံးသွားတာ။ ကျွန်မက အိပ်မက်ကို ဆုံးရှုံးသွားရတာရှင့်"

လုကျစ်ယောင် ခေတ္တ ပြောစရာ စကားမဲ့သွား၏။ ရုတ်တရက် ဒီကိစ္စကြီးက ထူးဆန်းလွန်းနေသည်ဟု ခံစားလာရပြီး ဆက်မေးလိုက်ပါသည်။ "အချစ်၊ မင်းဘာတွေဖြစ်နေတာလဲကွာ"

"ကိုဘာမှလည်း အမှားလုပ်မိတယ်လို့ မထင်ဘူး မင်းနဲ့အတူနေဖို့ ၂ ယောက်နေ အာကာသယာဉ်လုံးတစ်ခုဝယ်ဖို့ပဲ အစီအစဉ်ချထားရုံလေးပါ။ ဘာလို့ အဲ့လောက်ဒေါသထွက်နေရတာလဲ"

"ကျွန်မဘာလို့ ဒေါသထွက်နေရတာလဲဟုတ်လား" လင်းရုယီရဲ့ စိတ်အခြေအနေ ပို၍ပင် ဆိုးရွားလာပုံရသည်။

"အားလုံးကိုပဲ" နှစ်ယောက်စလုံးက အင်္ဂလိပ်လိုပြောနေတာဖြစ်သဖြင့် ထို'အဲဗရီးသင်း'ဆိုတာကြီးက တော်တော် ကြောက်ဖို့ကောင်းပါသည်။

"လမ်းဘေးဆိုင်က ရေရောထားတဲ့ ခပ်ပေါပေါ သောက်စရာတွေကို ဒေါသထွက်တယ်၊ အန်ချင်စရာ ဆီတွေရွှဲနေတဲ့ အစားအစာတွေ စားရတာ၊ ဆင်းရဲသားရပ်ကွက်ထဲမှာ ကြွက်တွေနဲ့ အတူတူ တစ်ရက် ၃ နာရီပဲ လမ်းလျှောက်ခွင့်ရတာကို ဒေါသထွက်တယ်..."

လုကျစ်ယောင် ကြက်သေသေသွားရ၏။ "ဒါပေမယ့် ကိုတို့ အစကတည်းက ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတာ မဟုတ်ဘူးလား။ မင်း ဘာတွေပြော... မဟုတ်မှလွဲရော မင်း..."

လင်းရုယီ ဝတ်ထားတဲ့ လက်ဝတ်တန်ဆာတွေက ပိုများနေပြီး အနည်းငယ် ပူလာတဲ့ သူမရဲ့ ဗိုက်ကို လုကျစ်ယောင် မြင်သွား၏။ သူ့စိတ်ထဲမှာ ဆိုးဆိုးရွားရွား အတွေးတစ်ခု ပေါ်လာခဲ့သည်။

လင်းရုယီလည်း ပြိုလဲခါနီးဆဲဆဲ။ သူမမျက်နှာကို လက်ဖြင့်အုပ်ပြီး အလွန်စိတ်ဆုံးဖြတ်ချက် ခိုင်မာပြီးမှ မျက်ရည်တွေနဲ့ ခေါင်းပြန်မော့လိုက်ပါသည်။

"တောင်းပန်ပါတယ်။ ကျွန်မရှင့်ကို မလိမ်ချင်တော့ဘူး။ ကျွန်မ အဲ့ဒီ အကဲဖြတ်ဒိုင်နဲ့ ချစ်သူတွေ ဖြစ်သွားပြီ။ သူ့ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီ"

"အဲ့တာကြောင့် လမ်းခွဲကြစို့။ ကျွန်မတို့ ပြတ်ပြီ"

လုကျစ်ယောင်ရဲ့ မျက်နှာထားများက သံသယမှ ရှော့ခ်ရမှု၊ ထို့နောက် နောက်ဆုံးတော့ စိတ်ဓာတ်ပြိုလဲမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အစ အရှေ့ကိုနည်းနည်းကုန်းကာ စကားပြောနေခဲ့သည့် သူ့ခန္ဓာကိုယ်လည်း ရုတ်တရက်ကြီး ခိုကိုးရာမဲ့စွာ အနောက်ကို ပြိုလဲသွားတော့သည်။

လင်းရုယီက မတ်တပ်ရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်၏။ သို့သော်လည်း လုကျစ်ယောင်က သူမရဲ့ လက်ကောက်ဝတ်ကို ချက်ချင်း လှမ်းဆွဲလိုက်၏။

"သူမင်းကို လက်မထပ်ဘူးမလား။ ဒါမှမဟုတ် ပိုက်ဆံတွေအများကြီး ပေးသွားတာလား။ ဒီကလေးကိုတောင် သူဂရုမစိုက်ဘူးမလား။ မဟုတ်ရင် မင်း ဒီလောက် လမ်းပျောက်နေပြီး စိတ်ဓာတ်ပြိုလဲနေမှာ မဟုတ်ဘူးမလား"

"ဧကန္တ... မင်းကိုယ်ဝန်ရှိနေမှန်း သိတော့ သူ မင်းကို စွန့်တောင် စွန့်ပစ်သွားတာ မဟုတ်လား"

လင်းရုယီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွား၏။

လုကျစ်ယောင် သူ့ခန့်မှန်းချက် မှန်ကန်မှန်း နားလည်သွားကာ သူ့မှာ အခွင့်အရေး ရှိသေးမှန်း သိလိုက်ရသည်။ သူ ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်ပါသည်။

"ဘာမှ မဖြစ်ဘူး ဘာမှမဖြစ်ပါဘူး...."

"မင်းတစ်ယောက်တည်းဆိုရင် အရမ်းခက်ခဲမှာ။ ကိုယ်ဝန်ရှိိနေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်သူမှ လက်ခံချင်မှာ မဟုတ်ဘူး။ မင်း ကို့ကို လိုအပ်တယ်။ ဒီကလေးကို မင်းနဲ့ အတူတူ ကိုတာဝန်ယူပေးပါ့မယ်"

"ကို့ကို ယုံပါ၊ ကို ဘာမှ စိတ်ထဲမရှိပါဘူး။ ကိုသေချာပေါက်...."

သူ့အသံက တောင်းတောင်းပန်ပန် လေသံမျိုး ဖြစ်နေသည်။

လင်းယုရီ ခေတ္တ တိတ်ဆိတ်သွားပြီး လုကျစ်ယောင်ရဲ့ လက်ကို ခွာပစ်လိုက်သည်။ "ဒီကလေးက အထက်တန်းစားတစ်ယောက်ရဲ့ သွေးပါနေတာ။ သူ့ကို ရှင့်လိုမျိုး အသုံးမကျတဲ့ လူဆင်းရဲတစ်ယောက် ဖြစ်မလာစေချင်ဘူး"

လင်းရုယီ ဆုံးဖြတ်ချက် ပြတ်သားစွာ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားတော့သည်။

သူမထွက်သွားတာကို လုကျစ်ယောင် ငေးကြည့်နေရသည်။ ပါးစပ်ကို ဟလိုက်ပြီး သူမကို အော်ခေါ်ဖို့ ကြိုးစားသည်။ သို့သော် ဘာမှ ထွက်မလာပေ။ သူ့အားအင်တွေအကုန်လုံး ခမ်းခြောက်သွားသည့်အလား။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မြေပေါ်ကို ယိုင်လဲသွားတော့သည်။

"ကတ်"

"မဆိုးဘူး။ တော်တော်ကောင်းတယ်"

"၇ ခါ ၈ ခါလောက် ပြန်ရိုက်လိုက်ရပြီး နောက်ဆုံးတော့ စိတ်ကျေနပ်ဖို့ ပိုကောင်းတာကို ရသွားပြီ။ အားလုံး ပင်ပန်းသွားကြပြီ"

ဒါရိုက်တာကျူးရှောင်စဲက ဦးဆောင်စွာ အားပေး လက်ခုပ်ချီးမြှင့်လိုက်ကြပါသည်။ ထိုအချိန်တွင် ဇာတ်လိုက်မင်းသမီး သရုပ်ဆောင် လင်းရုယီက ခပ်ပျာပျာဖြင့် ဒါရိုက်တာကျူးရှောင်စဲနဲ့ ရိုက်ကူးရေး အဖွဲ့သားများ၊ ထို့နောက် လုကျစ်ယောင်တို့ကို ဦးညွှတ်လိုက်ပါသည်။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာကြီး။ စီနီယာကြီးရဲ့ သရုပ်ဆောင် ကောင်းမွန်မှုကြောင့်သာ မဟုတ်ရင် ကျွန်မ ဒီလောက် စိတ်နှစ်ထားနိုင်မှာ မဟုတ်ဘူး"

လုကျစ်ယောင် ပြုံးလိုက်ပါသည်။ "ခင်ဗျားရဲ့ သရုပ်ဆောင်စွမ်းရည်က အစကတည်းက ကောင်းတာပါ။ ကျွန်တော်နာမည်မယူရဲပါဘူး။ ပြီးတော့ ကျွန်တော်က 'ရုံတင်ငွေအဆိပ်အတောက်' တစ်ယောက်ပဲဟာ။ သရုပ်ဆောင်တာနဲ့ ပတ်သတ်ရင် ဘယ်သူက ဘယ်သူ့ကို လမ်းညွှန်ပေးတာလဲ အားလုံး သိကြမှာပါ"

တိုးတိုးတိတ်တိတ် စောင့်ကြည့်နေသည့် ဖေးချမ့် ရင်ထဲမှာ လက်မထောင်ပြလိုက်ပါသည်။

တော်လိုက်တာ ခုနက ဇာတ်ဝင်ခန်းကြောင့် သူ ကြက်သီးများပင် ထသွားရသည်။ တစ်ယောက်ယောက်ကိုတောင် ရိုက်ချင်လာသလို ခံစားမိစေ၏။

လုကျစ်ယောင်က ကပ်ဖားလျက်ဖားလူတစ်ယောက်ဖြစ်ဖို့ လမ်းသွယ်ခံရသည်။ နောက်ဆုံးစကားလုံးတချို့က ကပ်ဖားလျက်ဖားလူတွေ ဇာတ်သိမ်းမလှတတ်ကြောင်းကို သိသိသာသာ ရှင်းပြထား၏။ ထို့အပြင် လင်းရုယီကလည်း မုန်းစရာ မိန်းမနေရာကို တိတိကျကျ သရုပ်ဆောင်သွားနိုင်သည်။

အစောပိုင်းက မျက်နှာထားအသေးစိတ်များနဲ့ စိတ်ခံစားချက်များက အလွန်ကောင်းမွန်ကြသည်။ နောက်ဆုံး စကား ၂ခွန်းက ရွှေမှုန်ကြဲလိုက်သလို။

ရိုက်ကွင်းကိုကြည့်တာနဲ့တင် ဖေးချမ့် အတော်လေး အနေခက်လာသည်။ အလွန် အဆိပ်အတောက် ဆန်လွန်းပါသည်။ ယောက်ျားလေးတွေဆို ပါးစပ် ပိတ်သွားနိုင်ပြီး မိန်းကလေးတွေဆို ကြည့်ရင်းနဲ့ ငိုသွားနိုင်သည်။

သူသာ ဒီရုပ်ရှင်ကို ရုပ်ရှင်ရုံတစ်ခုမှ ကြည့်ရမည် ဆိုပါက ဖေးချမ့် ဒေါသကြောင့် သတိလစ်သွားနိုင်သည်ဟု ခံစားမိသည်။ ထို့အပြင် သတင်းကောင်း ကြီးကြီးမားမား တချို့ကိုလည်း ဖေးချမ့် မြင်လိုက်ရပါသည်။ လုကျစ်ယောင်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေ တိုးတက်သွားတာ ကောင်းတဲ့အရာများလား။

လုကျစ်ယောင်သာ ကောင်းကောင်း သရုပ်မဆောင်နိုင်ပါက လူတိုင်း ဂရုဏာသက်မိမှာ မဟုတ်ပါ။ ဇာတ်ကားထဲက လုကျစ်ယောင်ရဲ့ ပျက်စီးရာပျစ်စီးကြောင်းကိုပါ ဝမ်းသာသွားနိုင်သေးသည်။ ပရိတ်သတ်အတွက် သိပ်ပြီး သံယောဇဉ် ဖြစ်စရာ မဟုတ်လောက်ပေ။

သို့သော်လည်း လုကျစ်ယောင်က သရုပ်ဆောင် အလွန်ကောင်းနေသဖြင့် သူ့ဆီက ကပ်ဖားလျက်ဖား တစ်ယောက်ရဲ့ အရှိန်အဝါတွေကို လူတချို့ ခံစားမိနိုင်ကာ အနေခက်မှုတွေလည်း ဖြစ်လာနိုင်သည်။

လုကျစ်ယောင်ရဲ့ ပရိတ်သတ်တွေကတော့ ကျိန်းသေပေါက် ဒေါသထွက်မှာပဲ မဟုတ်လား။

ထိုအခါ ဒီရုပ်ရှင်ကို ဝေဖန်တဲ့လူပိုများလာမည်။

ဖေးချမ့်ရုတ်တရက် စိတ်အေးသွားရသည်။ ကြည့်ရတာ လုကျစ်ယောင်ကို သရုပ်ဆောင်စွမ်းရည် တိုးတက်သွားအောင် နည်းနည်းကူညီပေးခဲ့တာ ပြဿနာကြီးကြီးမားမား မဟုတ်တော့သည့်ပုံပင်။

ဇာတ်ညွှန်းက အဆိပ်အတောက်ဆန်နေပါက အကောင်းဆုံး သရုပ်ဆောင်တောင် ကယ်နိုင်မှာ မဟုတ်ပေ။

ဖေးချမ့်ရဲ့ မျက်နှာပေါ်မှာ ကိုယ်တိုင် သတိမထားမိတဲ့ အပြုံးတစ်ခုပေါ်လာခဲ့ပြီး ဒါရိုက်တာကျူးရှောင်စဲနဲ့ ဆွေးနွေးဖို့အတွက် ရှေ့ကို ထွက်လာခဲ့ပါတော့သည်။

All Chapters