← Chapters

ကြော်ငြာထည့်သွင်းခြင်း

Vol. 24 Ch. 357

ကြော်ငြာထည့်သွင်းခြင်း

Vol. 24 Ch. 357

"ဘော့စ်ဖေး"

ကျူးရှောင်စဲ ခပ်ပျာပျာဖြင့် နှုတ်ဆက်လိုက်ပါသည်။ လုကျစ်ယောင်နဲ့ ကျန်းကျုထျင်တို့အပါအဝင် ရိုက်ကွင်းကလူတွေလည်း ဘော့စ်ဖေးကို သတိထားမိသွားကြပြီး အမြန်သွားနှုတ်ဆက်လိုက်ကြပါသည်။

ဖေးချမ့်က ပြုံးကာ လက်ရမ်းလိုက်ပြီး တားလိုက်ပါသည်။ "စိတ်မပူကြပါနဲ့။ ကျွန်တော်က ဒီတိုင်းလာကြည့်တာပါ။ လုပ်စရာရှိတာ လုပ်ကြပါ။ ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ဖို့ မလိုပါဘူးဗျာ"

ဖေးချမ့် သူ့ဘေးက ရိုက်ကွင်းပစ္စည်း ခွက်တစ်ခွက်ကို စိတ်ဝင်တစား ကောက်လိုက်ပြီး လက်ထဲမှာ ကလိရင်း မိတ်ဆွေဟောင်းကြီးများကို စကားနည်းနည်းပြောလိုက်ပါသည်။

ကျန်းကျုထျင်က ကျူးရှောင်စဲကို တိုးတိုးတိတ်တိတ်ပြောလိုက်၏။ "ဒါရိုက်တာကျူး။ ဒီနေ့ ဘော့စ်ဖေး စိတ်ရွှင်နေတဲ့ပုံပဲနော်'

ကျူးရှောင်စဲလည်း ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ် ထင်တယ်။ သူ... ပီတိဖြာသွားတာဖြစ်မယ်လို့ ကျွန်တော်တော့ ထင်တယ်"

ကျန်းကျုထျင် ဇဝေဇဝါဖြစ်သွား၏။ "ပီတိဖြာတယ် ဟုတ်လား"

"ဟုတ်တယ် ပီတိဖြာနေတာ" စိတ်အေးလက်အေး ဖြစ်နေတဲ့ ဘော့စ်ဖေးကို ကျူးရှောင်စဲ ကြည့်လိုက်ပါသည်။ "အရင်တစ်ခေါက် ဘော့စ်ဖေး ရောက်လာတုန်းက စိတ်အေးလက်အေးပုံစံ ဖြစ်နေတယ်ထင်ရပေမယ့် စိုးရိမ်စိတ်တချို့တော့ ရှိခဲ့တယ်။ အရင်က ဘော့စ်ဖေး ချက်ချင်း လုကျစ်ယောင်ရဲ့ အိုဗာအိုက်တင်ကို ပြင်ပေးခဲ့တာလေ"

"ဒီတစ်ခေါက် ဘာမှဝင်မပြောဘဲ ဘော့စ်ဖေး စောင့်ကြည့်နေတာ။ ဆိုလိုတာက သရုပ်ဆောင်တွေကို ဘော့စ်ဖေး အသိအမှတ်ပြုလိုက်ပြီဆိုတာပဲ"

"အားလုံးရဲ့ သရုပ်ဆောင်စကေးတွေ အဆင်ပြေနေတာကို ဘော့စ်ဖေး ပီတိဖြာသွားတာ ဖြစ်မယ်။ သူစိတ်အေးသွားတာဖြစ်မယ်။ အဲ့တာကြောင့် ဒီလောက်အေးအေးဆေးဆေး ပုံစံမျိုးနဲ့ ရိုက်ကွင်းထဲ လျှောက်ကြည့်နေနိုင်တာပေါ့"

ကျန်းကျုထျင်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ "သြော်... ဒီလိုကိုး"

"ဒီနေ့ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့ရဲ့ သရုပ်ဆောင်တင်ဆက်မှုတွေကလည်း အရမ်းကို ကောင်းတယ်။ ဘော့စ်ဖေးရဲ့ အသိအမှတ််ပြုတာကို ခံရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ဒီကို မကြာခဏ မလာတတ်ဘူးဆိုပေမယ့် ဘော့စ်ဖေးက ဒီရုပ်ရှင်ကို အလေးထားတဲ့ ပုံစံပဲနော်"

ကျူးရှောင်စဲက ပြုံးလိုက်၏။ "ဒါပေါ့ဗျ။ တိတိကျကျ ပြောရမယ်ဆိုရင် ဘော့စ်ဖေးက ပရောဂျက်အားလုံးကို အလေးထားတယ်။ မဟုတ်ရင် ဒီနေ့ဒီအချိန်အောင်မြင်မှုမျိုးကို သူ ရနိုင်မှာ မဟုတ်ဘူး..."

"ဘော့စ်ဖေးလည်း ဒီရောက်နေပြီဆိုတော့ ကြော်ငြာကိစ္စ ရှင်းလိုက်မယ်"

ကျူးရှောင်စဲ ရိုက်ကွင်းထဲ လျှောက်ကြည့်နေသည့် ဘော့စ်ဖေးရဲ့ နံဘေးကို သွားလိုက်ပါသည်။ ရိုက်ကွင်း ပြင်ဆင်ချိန်ကို အခွင့်ကောင်းယူပြီး အလွန် အရေးကြီးသည့် ပြဿနာတစ်ခုကို အချောသပ်ဖို့ စီစဉ်ထား၏။

"ဘော့စ်ဖေး ကျွန်တော် အချိန်ခဏလောက် ငှားလို့ရမလားဗျ။ ဒီရုပ်ရှင်နဲ့ပတ်သတ်ပြီး လက်ရှိ ကြော်ငြာကိစ္စလေးအကြောင်း အစီရင်ခံချင်လို့ပါ"

ပထမတော့ ဖေးချမ့် တွန့်ဆုတ်သွား၏။ သို့သော် ခေါင်းငြိမ့်လိုက်ပါသည်။ "ရပါတယ်။ နားထောင်ကြည့်ရအောင်"

'ကြော်ငြာ'ဆိုတဲ့ စကားလုံးကြောင့် သူ ထိတ်လန့်သွားတာ ဖြစ်မှန်း သိသာပါသည်။

ကျူးရှောင်စဲက ဖေးချမ့်နဲ့အတူတူ ရိုက်ကွင်းမှာ လမ်းလျှောက်ရင်း အစီရင်ခံလိုက်သည်။ "ဘော့စ်ဖေး ဒီရုပ်ရှင်ထဲမှာ ကြော်ညာတွေ အများကြီး ပါမှာနော်။ ဆက်တင်အရဆိုရင် ဒီအနာဂတ််ကမ္ဘာက ကြော်ငြာတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခုပဲ။ ဇာတ်လိုက်မင်းသား အာကာသယာဉ်လုံးထဲမှာ နေနေတုန်း ကြော်ငြာတွေ ဝန်းရံထားတာကို ခံထားရသလိုမျိုးပေါ့"

"အဲ့ဒီကြော်ငြာတွေကို ဘယ်လိုထည့်သွင်းရမလဲဆိုတာကို အကြာဆုံး ကျွန်တော် စဉ်းစားခဲ့ရတာပဲ။ ကုမ္ပဏီတချို့ကို ရှာဖွေပြီး သူတို့နဲ့ အတူတူ ပူးပေါင်းပြီးတော့ ကြော်ငြာထည့်သွင်းဖို့ ဆောင်ရွက်ကြမယ်"

"ဒီနည်းလမ်းအတွက် အားသာချက် ၃ ခု ရှိတယ်"

"ပထမတစ်ခုက အဲ့ဒီကုမ္ပဏီတွေ ကိုယ်ပိုင်ကြော်ငြာကို ရိုက်ကူးနိုင်မှာပဲ။ ဒီလိုဆို အများကြီး စီးပွားရေးအရ ပိုကောင်းတယ်။ ပြီးတော့ အဲ့ဒီကြော်ငြာတွေရဲ့ အရည်အသွေးတွေအတွက်လည်း အာမခံချက်ရှိတယ်"

"ဒုတိယအနေနဲ့ ရုပ်ရှင်ကို ထုတ်လုပ်ပြီးတာနဲ့ ရေပန်းစား အကြောင်းအရာတစ်ခု အလွယ်တကူ ဖြစ်လာနိုင်တယ်။ ရုပ်ရှင်ကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားစေလိမ့်မယ်"

"တတိယအနေနဲ့က ရိုးရိုးသာမန်ရုပ်ရှင်တွေမှာ ကြော်ငြာတွေကို ထည့်ရင် ပရိတ်သတ်က အလွယ်တကူ အထင်သေး ရွံရှာသွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ရုပ်ရှင်တွေထဲမှာ ကြော်ငြာ ထည့်တာကတော့ အဲ့လိုပြဿနာမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး။ မကောင်းတဲ့ သက်ရောက်မှုတွေက အရမ်းသေးငယ်လိမ့်မယ်"

"အဲ့တာကြောင့် ထုတ်လုပ်သူတချို့နဲ့ ကုမ္ပဏီတချို့ကို ဆက်သွယ်ပြီး လုပ်ငန်းပူးတွဲချင်မလားလို့ မေးထားပါတယ်..."

ဖေးချမ့် ချက်ချင်းပဲ စိတ်ဖိစီးသွားသည်။ "အခြေအနေက ဘယ်လိုလဲ"

ကျူးရှောင်စဲမျက်နှာ အနည်းငယ် အနေခက်လာသည်။ "အာ... ကျွန်တော်တို့ဘက်က ဆက်သွယ်ထားတဲ့ ကုမ္ပဏီအကြီးစားတွေကတော့ လျစ်လျူရှုကြတယ်။ ဒါပေမယ့် အသေးစား ကုမ္ပဏီတချို့က ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ ဒါပေမယ့် သူတို့ရဲ့ ကြော်ငြာတွေက ဒိတ်အောက်နေပြီး အနာဂတ်ဆန်တဲ့ ကမ္ဘာနဲ့ မလိုက်ဖက်ဖူးဖြစ်နေတယ်။ အဲ့တာကြောင့် သူတို့ကို ငြင်းဆန်လိုက်ပါတယ်"

ရိုးရိုးရှင်းရှင်းပြောရရင် ဘာမှ အခြေအနေ မတိုးတက်သေးတဲ့ ပုံစံမျိုးပင်...

ဖေးချမ့် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်ပါသည်။ "ကောင်းတာပေါ့"

ကျူးရှောင်စဲ ကြက်သေသေသွား၏။ "?"

ဖေးချမ့် ရင်ထဲမှာ ခိုးပျော်လိုက်သည်။ ကြော်ငြာတွေသာ ထည့်သွင်းနိုင်လိုက်ပါက သူ ဖြုန်းတီးနိုင်မယ့်ငွေ ဘယ်လောက်နည်းပါးသွားနိုင်မလဲ။

ကုမ္ပဏီအကြီးစားတချို့က ကြော်ငြာကြေးအတွက် ယွမ် သန်းနဲ့ ချီပြီး ပေးလာရင် ဘော့စ်ဖေး သွေးချောင်းဆိုးသွားနိုင်ပါသည်။

ထို့ကြောင့် ကျိန်းသေပေါက် ဒီလို လုပ်လို့ မရပါ။

ကံကောင်းစွာဖြင့် ဖေးဟွမ်လုပ်ငန်းက ရုပ်ရှင်အသိုင်းအဝိုင်းမှာ နာမည်လည်း အများကြီး မရှိသေးပေ။ ဒီတစ်ခေါက် သူတို့ ကုမ္ပဏီအကြီးစားတွေကို သွားရှာတာကြောင့် မအောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်လည်း ပေါ့သေးသေး ယူဆလို့ရတဲ့ ပြဿနာတော့ မဟုတ်သေးပေ။ လက္ခဏာတွေကို အချိန်မှီ တားဆီးထားရပါမည်။

ကျူးရှောင်စဲ စပွန်ဆာရရှိသွားပြီး ထိုကြွယ်ဝတဲ့ ကုမ္ပဏီအကြီးစားများကို အယုံသွင်းနိုင်ခဲ့ပါက ကုန်ကျစရိတ် အများစုကို ရုပ်ရှင်မထုတ်လုပ်ရသေးခင်မှာပဲ ပြန်ရသွားလိမ့်မည်။

ဒါဆို အရာအားလုံးကို ဖျက်ဆီးပြီးသား ဖြစ်သွားပါလိမ့်မည်။

ဖေးချမ့် ထိုအကြောင်းကို စဉ်းစားမိသောအခါ အလွန် လေးနက်သွားသည်။ "ပထမနှစ်ချက်တော့ မှန်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတစ်ချက်က ပြဿနာ နည်းနည်း ရှိတယ်"

"လက်တွေ့ကမ္ဘာမှာရှိနေတဲ့ ဘရန်းကြော်ငြာကြီးတွေကို ရုပ်ရှင်ထဲထည့်လိုက်ရင် ဘာပဲဖြစ်ဖြစ် ပရိတ်သတ်က လက်တွေ့ဆန်မှုကြီးကို ခံစားရမှာပဲ။ ငါတို့ရုပ်ရှင်ရဲ့ ရည်ရွယ်ချက်က ထူးခြားပေမယ့် ပရိတ်သတ်ရဲ့ ကြည့်ရှုမှု ရသအပေါ် သက်ရောက်မှု ရှိစေလိမ့်မယ်"

"ပြီးတော့လည်း ငါတို့ရုပ်ရှင်ထဲမှာက အရွဲ့တိုက်တဲ့ ပုံစံမျိုးတွေ ခပ်များများပါတယ်။ ငါတို့ကြော်ငြာနေရာတွေကို ဝယ်သွားတဲ့ ကုမ္ပဏီတွေက အနည်းနဲ့အများ သရော်ခံရမှာပဲ"

"သူတို့ဘရန်းရဲ့ ဂုဏ်သိက္ခာအပေါ် သက်ရောက်မှုကောင်းတော့ မရှိနိုင်ဘူး။ အဲ့တာကြောင့် ဒီလို ကြော်ငြာ ထည့်သွင်းမှုမျိုး လုပ်ချင်ကြမှာ မဟုတ်ဘူး"

"အတိုချုံးအားဖြင့် ဒီလိုလုပ်ရပ်မျိုးကို ဘယ်သူမှ မလိုချင်ကြဘူး"

ကျူးရှောင်စဲ ဂရုတစိုက် ပြန်စဉ်းစားကြည့်လိုက်ပြီး ခေါင်းကို ခပ်မြန်မြန်ငြိမ့်လိုက်ပါသည်။ "ဟုတ်တယ် ဘော့စ်ဖေး။ ကျွန်တော် အခု နားလည်သွားပြီ"

ဘော့စ်ဖေးရဲ့ ခပ်မှိုင်းမှိုင်းမျက်နှာကို မြင်ရတာ ကျူးရှောင်စဲ အနည်းငယ် ကြောက်ရွံ့မိပါသည်။ အခြေအနေ တစ်ခုလုံးကို သူ ဖျက်ဆီးမိတော့မလို ဖြစ်သွား၏။

သေချာစဉ်းစားကြည့်မှ ဘော့စ်ဖေးပြောတာ မှန်ပါသည်။ သူတို့ဘာပဲပြောပြော ကြော်ငြာထည့်သွင်းတာက ကြော်ငြာထည့်သွင်းတာပဲဖြစ်သည်။ ပရိတ်သတ်က ရုပ်ရှင်ကြည့်ဖို့ လက်မှတ်ဝယ်ထားတာ ဖြစ်သည်။ သူတို့ကို ကြော်ငြာတွေ ထိုင်ကြည့်ခိုင်းရမှာ မဟုတ်သေးပါ။

ကောင်းကောင်းမစီမံပါက ပျက်စီးရာပျက်စီးကြောင်း တစ်ခုပင် ဖြစ်လာနိုင်ပါသည်။

သူတို့ ငွေရနိုင်ချေရှိသော်လည်း သူတို့ နာမည်သာ ပျက်လျှင် ဘော့စ်ဖေးရဲ့ လိုအပ်ချက်တွေကို ပြည့်မှီစေမှာ မဟုတ်ပါ။

ကျူးရှောင်စဲ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိသည်။ ကြော်ငြာထည့်သွင်းမှုတွေက ထန်းတာ့ရဲ့ ခံယူချက်နဲ့ ဆန့်ကျင်နေတာ လုံးဝ သိသာပါသည်။

ဒီသင်ခန်းစာကို ကောင်းကောင်းမှတ်ထားရမည်။

ပထမပလန်ကို ဘော့စ်ဖေးက ငြင်းလိုက်တာကြောင့် ဒုတိယပလန်တော့ ရှိလိမ့်ဦးမည်။

ကျူးရှောင်စဲ ခေတ္တတွန့်ဆုတ်သွားပြီး ဆက်ပြောလိုက်ပါသည်။ "ဘော့စ်ဖေး။ တခြား ကုမ္ပဏီတွေရဲ့ ကြော်ငြာကို သုံးလို့ မရဘူးဆိုရင် ကျွန်တော်တို့ဖာသာ ရိုက်မှ ရလိမ့်မယ်"

ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ "ဒါပေါ့ ကိုယ့်ဟာကိုယ် ရိုက်ရမှာပေါ့"

ငွေဖြုန်းနိုင်ဖို့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို သူ လက်လွှတ်စရာလား။

ဖေးချမ့် စဉ်းစားပြီး ထပ်ပြောလိုက်သည်။ "ငါ့အမြင်မှာတော့ ကြော်ငြာကဏ္ဍက တော်တော်လေး အရေးကြီးတယ်။ အဆင့်မြင့်မြင့်၊ ဇာတ်နိမ့်နိမ့် တန်ဖိုးရှိပေမယ့် အမျိုးအစားနဲ့ ဖြစ်ရမယ်"

"ငါ တွေးထားတာက.... အာ... မင်း ဘယ်လို ရိုက်ချင်လဲ အရင်ပြောပါလား"

ဖေးချမ့် ပထမတော့ ယေဘုယျဦးတည်ချက် တစ်ခုကို စဉ်းစားမိထားသည်။ သို့သော်လည်း ရုတ်တရက် ကိုယ့်ကိုယ်ကို တားဆီးလိုက်၏။ 'ကျောက်တုံးကိုရွှေဖြစ်သွားစေခဲ့တဲ့ သူ့သမိုင်းဟောင်းတွေကို ပြန်စဉ်းစားမိပြီး ကျူးရှောင်စဲရဲ့ အကြံတွေကို ဝင်မနှောင့်ယှက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ဖေးချမ့်ထက်ပိုကောင်းတဲ့ အိုင်ဒီယာရှိနိုင်တာပဲ မဟုတ်လား။ ကျူးရှောင်စဲရဲ့ အိုင်ဒီယာတွေက ငွေများများ ရနိုင်ချေရှိနေမှ ဖေးချမ့် ဝင်ပါပါလိမ့်မည်။

ကျူးရှောင်စဲ ခေတ္တစဉ်းစားကြည့်လိုက်သည်။ "ဘော့စ်ဖေး ကျွန်တော် တွေးထားတာက...."

"ဦးနှောက်ကျင်းတဲ့ ကြော်ငြာမျိုး ရိုက်ရအောင် ဆိုလိုတာက ကြော်ငြာတစ်ခုကို သုံးလေးခါ ဒါမှမဟုတ် အဲ့ထက် ပိုများအောင် ထပ်ခါထပ်ခါ ပြပေးလိုက်မယ်။ ဒါမှ လူတွေ ဘယ်တော့မှ မမေ့နိုင်မှာ"

"အဲ့လိုကြော်ငြာမျိုးတွေက လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ပေါ်လာဖူးတယ်လေ။ လတ်တလောမှာ နည်းပါးသွားတယ်ဆိုပေမယ့် ရှိနေကြတုန်းပဲ"

"အရင်တုန်းကလည်း ကျွန်တော်တို့ အဲ့လို ကြော်ငြာမျိုးတွေ ရိုက်ဖူးတယ်။ ဒီလိုဆို ပရိတ်သတ်က ရွံရှာသွားပြီး အဲ့တာတွေကို ကြည့်နေရတဲ့ ဇာတ်လိုက်မင်းသားကိုပါ ဂရုဏာသက်သွားလိမ့်မယ်။ အဲ့တာဆို ဒီရုပ်ရှင်ရဲ့ အရွဲ့တိုက်မှုကို ပိုပြီး လေးနက်သွားစေလိမ့်မယ်"

ကျူးရှောင်စဲရဲ့ အတွေးကို နားထောင်ပြီးနောက် ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွားရသည်။ မဟုတ်သေးဘူး... ကျူးရှောင်စဲရဲ့ နည်းးလမ်းအတိုင်းသာ လိုက်လုပ်ရရင် Jackpot ထိနိုင်နေဆဲဖြစ်သည်ဟု ခံစားနေရသည်။

အရင်တုန်းကလည်း ဦးနှောက်ကျင်းကြော်ငြာတွေရဲ့ စွမ်းပကားကို ဖေးချမ့် ခံစားဖူးပါသည်။

ထိုကဲ့သို့ ကြော်ငြာတွေရဲ့ ဝိသေသလက္ခဏာများက ကြွားလုံးထုတ်ဖို့သက်သက် ဖြစ်သည်။ မှန်မှန်ကန်ကန် သုံးစွဲပါက ဘရန်းတစ်ခုမှာ အမျိုးအစားတစ်ခုလုံးရဲ့ မျက်နှာစာဖြစ်လာပြီး ထို'ဘရန်း'က ထို'ထုတ်ကုန် အမျိုးအစား'ရဲ့ ထိပ်တန်းမှာ ရှိနေသည်ဟူသော အထင်အမြင်မှားမျိုးကို ပေးစွမ်းနိုင်သည်။

အတိုချုံးအားဖြင့် ထိုကဲ့သို့ ကြော်ငြာများ ရေပန်းစားရခြင်းမှာ ၎င်းရဲ့ ပြောင်မြောက်တဲ့ အာနိသင်ကြောင့်သာ ဖြစ်သည်။

ရုပ်ရှင်တစ်ခုမှာသာ ဒီလိုဦးနှောက်ကျင်းကြော်ငြာတွေနဲ့ ပြည့်နှက်သွားပါက ပရိတ်သတ်တွေအကြား ပြောဆိုမှု များပြားလာနိုင်သည်။ မလိုအပ်တဲ့ ရေပန်းစားမှုတွေပါ ဖြစ်လာနိုင်သည်။

ဖေးချမ့် တိုးတိုးတိတ်တိတ်သက်ပြင်းချလိုက်မိ၏။ မဖြစ်သေးဘူး။ ဒီလက်အောက်ငယ်သားတွေက အားကိုးဖို့ အရမ်းတော်လွန်းနေကြတယ်။ ကျူးရှောင်စဲ အရှုံးပေါ်မယ့် အိုင်ဒီယာရဖို့က အရမ်း ခက်လွန်းနေတယ်။

သူကိုယ်တိုင်လုပ်မှ ဖြစ်ပါမည်။

ဖေးချမ့် စဉ်းစားပြီးပြောလိုက်ပါသည်။ "ဦးနှောက်ကျင်း ကြော်ငြာတွေကလည်း အရမ်းကြီး ရေပန်းမစားဘူး"

"ပထမဆုံး နည်းပညာက တိုးတက်နေတာ။ အချိန်တွေကလည်း တရွေ့ရွေ့ကုန်လွန်နေတာ။ ဦးနှောက်ကျင်းကြော်ငြာတွေရဲ့ အာနိသင်က ထင်ရှားပေမယ့် လူပေါင်းများစွာရဲ့ ရွံရှာမှုကိုလည်း ခံလာရတယ်။ အရေအတွက်အားဖြင့်လည်း လျော့နည်းလာကြပြီ"

"ဒီရုပ်ရှင်ထဲက ဆက်တင်က အနာဂတ်ကာလမှာနော်။ အဲ့ကာလမှာ ကြော်ငြာလုပ်ငန်းက ပိုဖွံ့ဖြိုးတိုးတက်နေပြီး ဆန်းသစ်တဲ့ ဦးတည်ချက်တွေ ရှိနေလောက်ပြီ။ ပရိတ်သတ်တွေကို ဦးနှောက်ကျင်းတဲ့ ကြော်ငြာတွေသာ ပြလိုက်ရင် အနာဂတ်ကာလရဲ့ ကြော်ငြာတွေက ဒီလိုကြီးတွေလား ဆိုပြီး တွေးသွားကြလိမ့်မယ်။ အခုခေတ်လူတွေ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ကြော်ငြာတွေ ကြည့်နေရသလိုမျိုး ဖြစ်သွားမယ်။ တော်တော် ထူးဆန်းပြီး ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ မလိုက်ဖက်ရာ ကျတယ်"

ကျူးရှောင်စဲ လက်ခံသယောင်ယောင်နဲ့ ခေါင်းငြိမ့်လိုက်ပါသည်။

ဖေးချမ့် ဆက်ပြောလိုက်သည်။

"ဒုတိယတစ်ခုက အဲ့လိုကြော်ငြာမျိုးတွေက အရမ်းအာနိသင်ကောင်းလွန်းလို့ ရုပ်ရှင်ထက်တောင် ပိုတောက်ပသွားနိုင်တယ်။ ပရိတ်သတ်က ကြော်ငြာတွေကိုပဲ အာရုံပိုစိုက်နေကြရင် သရုပ်ဆောင်တွေရဲ့ စွမ်းရည်တွေ ဒါမှမဟုတ် ရုပ်ရှင်ဇာတ်လမ်းရဲ့နောက်ကွယ်က ကြွယ်ဝဲ့ အဓိပ္ပာယ်ကို မြင်ဖို့ အချိန်ရှိမှာ မဟုတ်တော့ဘူး"

"အဲ့တာကြောင့် ငါအကြံပေးချင်တာကတော့ ခပ်ကြီးကြီး၊ ခပ်လန်းလန်း ဆက်တင်တွေနဲ့ နားလည်ရခက်တဲ့ ကြော်ငြာတချို့ ရိုက်ဖို့ပဲ"

"အဲ့ဒီကြော်ငြာတွေကို ထပ်ခါ ထပ်ခါ ဖွင့်ပြလိုက်။ ဒါမှ ပရိတ်သတ်က ဆက်တိုက် ကြည့်နေပေမယ့် လမ်းပျောက်ပြီး ဘာမှ နားလည်ကြမှာ မဟုတ်ဘူး။ ဒါဆို အနာဂတ်ကာလရဲ့ ကြော်ငြာဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ကိုက်ညီသွားလိမ့်မယ်"

"အဲ့ကြော်ငြာတွေထဲက ဘရန်းတွေအတွက်က... စိတ်ကူးယဉ်ဘရန်းတွေပဲ ဖန်တီးလိုက်။ ကြော်ငြာတွေက အဆင့်အတန်းကော အရည်အသွေးကော မြင့်နေရမယ်နော်။ နားလည်လား"

ကြော်ငြာတွေကို ရိုက်ကူးတာတော့ ရိုက်ကူးရမည်။ သို့သော် ဘယ်လိုပုံစံမျိုးဖြစ်ရမလဲဆိုတာကို ဖေးချမ့် တိတိကျကျ ပြောပြမှာ မဟုတ်ပါ။ လမ်းမှားရောက်နိုင်ချေရှိတဲ့ ဦးတည်ချက်တစ်ခုကိုသာ လမ်းညွှန်ပေးလိုက်နိုင်ပြီး ကျူးရှောင်စဲရဲ့ ဆောင်ရွက်ပုံကို စောင့်ကြည့်နေနိုင်မည်။

ကျူးရှောင်စဲ အကြာကြီး တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။ "ဘော့စ်ဖေး အရမ်းခက်ခဲတဲ့ တာဝန်ဆိုပေမယ့်... ကျွန်...ကျွန်တော်ယုံကြည်ချက် ရှိပါတယ်"

All Chapters