ဝန်ထမ်းလက်စွဲစာအုပ်အသစ်
Vol. 24 Ch. 358
ဒီဇင်ဘာလ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်ခင်း...
ဝူပင်းတစ်ယောက် စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုများနဲ့ ရှန်းဟွာဗျူးကို ရောက်လာခဲ့သည်။ တနင်္လာနေ့တုန်းက ရလဒ်များကို သိခဲ့ရပြီး သူအင်တာဗျူးအောင်ခဲ့ပါပြီ။ ထိုအချိန်တုန်းက အလွန်ပျော်ရွှင်ခဲ့ရသည်။
လုပ်ငန်းခွင်ထဲ စဝင်ကတည်းက ဒီလောက်ထိ မပျော်ဖူးခဲ့ပါ။
ထန်းတာ့ရဲ့ စီစဉ်မှုများအရဆို ဝန်ထမ်းသစ်များက အင်တာဗျူးအောင်ပြီးနောက် အချိန်မရွေး ကုမ္ပဏီကို ဝင်ရောက်နိုင်ပါသည်။ တာဝန်လွှဲပြောင်းမှုများကို စိုးရိမ်စရာမရှိသဖြင့် ထန်းတာ့က သူတို့ကို ဘယ်နေ့ဘယ်ရက် အလုပ်စတက်ရမည်ဟု တွန်းအားပေးထားတာ မရှိပေ။
သူတို့ လုပ်ရိုးလုပ်စဉ်တွေပြီးတဲ့ ဘယ်အချိန်မဆို တရားဝင် ဝင်ရောက်နိုင်ပါသည်။
ဝူပင်းသည် ဟန်းထုဂိမ်းကိုအရင်ပြန်ပြီး အလုပ်ထွက်တော့မယ့်အကြောင်း ဘော့စ်ကို အကြောင်းကြားခဲ့ပါသည်။ သူ့ကို ဆွဲထားသေးသည်။
ကုမ္ပဏီမှာ သူ့ကို ဆွဲထားဖို့အတွက် အကြောင်းပြချက်ကောင်းကောင်းတွေလည်း ရှိပါသည်။
ဥပမာ လွှဲပြောင်းခံရမည့် တာဝန်များရှိခြင်း၊ နှစ်ပတ်လည်အစည်းအဝေးပွဲ၌ နှစ်ကုန်ဘောနပ်စ်များကို ဆွေးနွေးတော့မှာဖြစ်ကြောင်း အစရှိသည်ဖြင့် အကြောင်းရင်းမျိုးစုံ ရှိနေလေ၏။ အားလုံးက အချိန်အကြာကြီး အလုပ်တူတူလုပ်ခဲ့ကြတာကြောင့် သံယောဇဉ်တွယ်နေခြင်း၊ လစာတိုးမြင့်ပေးနိုင်ခြင်း စသည်တို့လည်း ပါသည်။
သို့သော်လည်း ဝူပင်းကတော့ ခဏတာလေးတောင် မနှောင့်နှေးဘဲ အလုပ်ထွက်ခဲ့ပါသည်။
အကြောင်းအရင်းကတော့ ရိုးရှင်းသည်။ ထန်းတာ့မှာ အလုပ် စောစော စလုပ်လေလေ ထန်းတာ့မှ လစာမြင့်မြင့်ကို ပိုစောစောရလေ ဖြစ်သည်။
ဟန်းထုဂိမ်းက သူ့ကို လစာတိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကတိပေးထားသည်။ သို့သော်လည်း ထိုလစာက ထန်းတာ့ဂိမ်းရဲ့ အခြေခံလစာကို ဘယ်တော့မှ မှီနိုင်မှာ မဟုတ်ပေ။
သူ အလုပ် စောစောဝင်လေလေ ငွေများများပိုရလေလေ ဖြစ်သည်။
ထို့ကြောင့် ဝူပင်း ၁ မိနစ်တောင် မနှောင့်နှေးတော့ပါ။ ဝန်ထမ်းသစ်အသုတ်ရဲ့ ပထမဆုံးသောလူ ဖြစ်ချင်ပါသည်။
သူမသေချာတဲ့တစ်ခုတည်းသောအရာက နှစ်ကုန်ဘောနပ်စ်များနဲ့ နှစ်ပတ်လည်အစည်းအဝေးပွဲမှ လက်ဆောင်များကို သူရနိုင်မလားဆိုတာကိုပင်။
ယခင်ကုမ္ပဏီမှာ ဆက်နေပါက ကျိန်းသေပေါက် ရနိုင်ပါလိမ့်မည်။
သို့သော်လည်း ဟန်းထုဂိမ်းရဲ့ နှစ်ကုန်ဘောနပ်စ်နဲ့ နှစ်ပတ်လည်အစည်းအဝေးပွဲ လက်ဆောင်များက အရမ်းကြီး ထူးခြားနေမှာ မဟုတ်မှန်း ဝူပင်း သိပါသည်။ သူတို့ရဲ့ နှစ်ကုန်ဘောနပ်စ်ဆိုတာကလည်း တစ်လတာ လစာမျှသာ ရှိလိမ့်မည်။ နှစ်ပတ်လည် အစည်းအဝေး လက်ဆောင်ကလည်း မုန့်ဖိုးသာသာ ရှိလိမ့်မည်။ ယွမ် ၂၀၀ - ၃၀၀ လောက် ရနိုင်ရင်တောင် ကံကောင်းလှပါပြီ။
ဒီအသေးစားမက်လုံးလေးနဲ့ ဝူပင်းကို ဆက်ပြီး ခေါ်ဆောင်ထားဖို့ မလုံလောက်ပါသည်။
ဝူပင်း စိတ်မကောင်းဖြစ်နေသည်။ လူတွေကို သိမ်းသွင်းနိုင်တာက HR နဲ့ ဘာမှ မဆိုင်ပါ။ အရေးကြီးဆုံးအချက်က ကိုယ့်ဝန်ထမ်းတွေကို ကုမ္ပဏီတစ်ခု ဘယ်လိုဆက်ဆံသလဲဆိုတာပင်။
ထန်းတာ့ရဲ့ ဝန်ထမ်းပေါ်လစီများကြောင့် ပါရမီရှင်များကို HR က သိမ်းသွင်းဖို့တောင် မလိုပါ။ ဒီလို အကျိုးခံစားခွင့်တွေ ပေါက်ကြားလာတာနဲ့ အလုပ်ရှာဖွေနေသူများ အုပ်လိုက် ရောက်လာကြပါလိမ့်မည်။
တစ်ဖက်မှာတော့ ဟန်းထုဂိမ်းပြောချင်တာ ပြောလို့ရသည်။ သို့သော်လည်း 'ပါရမီရှင်တွေကို ကမ်းလှမ်းချက်နိမ့်နိမ့်နဲ့ ဘယ်လို သိမ်းသွင်းသလဲ'ဆိုတဲ့ မေးခွန်းမေးခံရရင်တော့ ဘာမှ ပြောနိုင်ကြမှာ မဟုတ်ပါ။
ဝူပင်းက သူ့ရဲ့စျေးအကြီးဆုံး Suit ကြီးကို ဝတ်ပြီး ခေါင်းမော့ရင်ကော့လျက် ရှန်းဟွာဗျူးထဲကို ဝင်လာခဲ့ပါသည်။ ထို့နောက် ၁၆ ထပ်မြောက်ကို ဓာတ်လှေကားဖြင့် သွားလိုက်သည်။
ထန်းတာ့ရဲ့ အထပ်စုစုပေါင်းက အတော်လေး ကျယ်ပြန့်ပါသည်။
ဖေးဟွမ်လုပ်ငန်း၊ လေဆန်ပို့ဆောင်ရေးလုပ်ငန်း၊ ယွီအင်တာနက်ကဖေး၊ အော့တိုနည်းပညာ၊ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများနဲ့ တခြား လုပ်ငန်းတွေက ရှန်းဟွာဗျူး အဆောက်အဦးမှာ မဟုတ်ပါ။ ကိုယ်ပိုင် ရုံးအဆောက်အဦးများ ရှိကြပါသည်။
ထန်းတာ့ဂိမ်း၊ ကျုံးထျန်တရုတ်နက်ဝေါ့ခ်နဲ့ TPDb တို့သာ ရှန်းဟွာဗျူးမှာ ရှိကြပါသည်။ ၁၇ ထပ်နဲ့ ၁၈ ထပ် အသီးသီးတို့တွင် ရှိကြသည်။
ဒီတစ်ခေါက် ဝန်ထမ်းခေါ်ယူမှု ပြီးဆုံးသွားသောအခါ ထန်းတာ့ ရုံးနေရာ လုံလုံလောက်လောက် မရှိခဲ့ပြန်ပါ။
အရင်တုန်းက ထန်းတာ့ဂိမ်းရဲ့ စီမံရေးနဲ့ ဘဏ္ဍာရေး ဌာနများက ၁၇ ထပ်မှာ စုပေါင်းနေရသည်။ ထိုနေရာက အစကတော့ လုံလောက်တာထက် ပိုပါသည်။ သို့သော်လည်း ဝန်ထမ်းဦးရေ တိုးမြင့်လာတာနဲ့အမျှ အလုပ်နေရာတွေလည်း ပြည့်နှက်လာခဲ့သည်။
မကြာခဏ 'ရာထူးတိုး'တာတွေ ရှိသော်လည်း သိပ်ပြီး မမြန်ဆန်ပါ။ ထို့ကြောင့် အခြေအနေအတွက် အကူအညီ မဖြစ်ပေ။
ထို့ကြောင့် ဒီတစ်ခေါက် ဝန်ထမ်းသစ်အမြောက်အများ ခေါ်ယူပြီးနောက် မူလ ရုံးနေရာမှာ လုံးဝ မလုံမလောက် ဖြစ်လာခဲ့ပါသည်။ သူတို့ နောက်တစ်ထပ် ငှားဖို့ လိုလာခဲ့ပါသည်။
ထန်းတာ့က ၁၆ ထပ် တစ်ထပ်လုံးကိုပါ ငှားလိုက်ပြီး ဝန်ထမ်းသစ်တွေကို ကြိုဆိုဖို့အတွက် အားလုံးကို ပုံစံတူအတိုင်းပဲ ပြင်ဆင်ထားခဲ့ပါသည်။ ဒီတိုင်းသာ ဆက်တိုးချဲ့နေရမည်ဆိုရင် အနည်းငယ် ပင်ပန်းလာရလိမ့်မည်။ ရှန်းဟွာဗျူးရဲ့ ငှားခက စျေးကြီးသည်။ သို့သော်လည်း အဆင့်မြင့် ရုံးအဆောက်အဦးဖြစ်တာကြောင့်သာ။ နေရာလွတ်ရှိတဲ့ အထပ်ဆိုတာ များများစားစား မရှိပါ။
နောက်ဆို ရုံးနေရာချဲ့ထွင်ဖို့အတွက် အထပ်ချင်း ခြားသော အထပ်များကို ငှားရမ်းခြင်း သို့မဟုတ် ပိုကျယ်ပြန့်တဲ့ တခြား ရုံးအဆောက်အဦးများကို ရွှေ့ပြောင်းခြင်းတို့သာ လုပ်နိုင်တော့မည်။
သို့သော်လည်း ဒါက အနာဂတ်မှာဖြစ်လာမယ့် ကိစ္စတွေသာဖြစ်သည်။ အခုချိန်ကစပြီး သင့်တော်တဲ့ နေရာတစ်ခုကို စတင်ရှာဖွေထားနိုင်ပါပြီ။ သို့သော်လည်း လောလောဆယ်တော့ ဒီရုံးနေရာက လုံလောက်ပါလိမ့်မည်။
ဒီတစ်ခေါက် ဝန်ထမ်းခေါ်ယူမှုပြီးဆုံးသွားသောအခါ ဂိမ်းဌာနကို စီမံခန့်ခွဲရေးဌာနနဲ့ ဘဏ္ဍာရေးဌာနတိုနဲ့ ခွဲထုတ်လိုက်ပါသည်။
ဂိမ်းဌာနက ၁၇ ထပ်မှာပဲ ဆက်ရှိနေကာ စီမံခန့်ခွဲရေးဌာန၊ ဘဏ္ဍာရေးဌာနနဲ့ ဥပဒေရေးရာဌာနတို့က ၁၆ ထပ်ကို ရွှေ့ပြောင်းကြရ၏။
၁၆ ထပ်က လူပိုနည်းတာကြောင့် ပိုကျယ်သည်။
ဖေးချမ့်လည်း ၁၆ ထပ်မှာ ရှိနေပါသည်။ ထိုအထပ်မှာ အစည်းအဝေးခန်း အကြီးကြီးတစ်ခုကို ဖန်တီးထားပြီး သူ့ရုံးခန်းကိုပါ ပြောင်းရွှေ့ခဲ့သည်။
ထန်ယီရှုကိုလည်း ထိုအထပ်ကို ခေါ်လာပါသည်။ ဒါမှ ဌာနတွေ အစီရင်လာခံတဲ့အခါ အနည်းနဲ့ အများ သက်ရောက်မှုရှိမှာ ဖြစ်သည်။
သို့သော်လည်း ထန်ယီရှုကို တစ်နှစ်ပတ်လုံး ၁၆ ထပ်မှာ ခေါ်ထားပါက ၁၇ ထပ်မှာ ပေါ်နေတဲ့ Bug တွေ အနည်းငယ် နည်းပါးသွားနိုင်သည်ဟု ဖေးချမ့် ခံစားမိသည်။
ထို့ကြောင့် ဖေးချမ့်လည်း လေလွင့်ကြောင်တချို့ကို ထပ်မွေးကာ ၁၆ ထပ်၊ ၁၇ ထပ်၊ ၁၈ ထပ် အသီးသီးတွင် ခွဲမွေးဖို့ ဆုံးဖြတ်လိုက်ပါသည်။
အိမ်မွေးတိရစ္ဆာန်တွေ ဒီလောက်အများကြီးနဲ့ဆို အကြီးစား ကြောင်တက်ခုံစသည့် အသုံးအဆောင် ပစ္စည်းများကိုလည်း စီစဉ်ပေးနိုင်ပါသည်။ ဒီလိုဆို ငွေပိုဖြုန်းနိုင်မည်။
ဒါမှ ထန်ယီရှုလည်း အထပ် ၃ ထပ်စလုံးက ကြောင်တွေကို ဂရုစိုက်နိုင်ပြီး ကူးစက်အာနိသင်ကို ဖြန့်ကျက်နိုင်မှာ ဖြစ်သည်။
ထို့အပြင် ဖေးချမ့်က ဂိမ်းဌာနကို ၁၇ ထပ်မှာထားပြီး သူ့ရုံးခန်းကိုတော့ ၁၆ ထပ်ကို ရွှေ့ပြောင်းလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဂိမ်းဌာနက သူ့ဝန်ထမ်းတွေကို ဒီလို အရိပ်အမြွက်ပေးချင်တာကြောင့် ဖြစ်သည်။
ဘော့စ်နဲ့ အထပ်ချင်း မတူတော့လို့ များများ ရေသာခိုကြစမ်းပါ။
ဝူပင်းရဲ့ အလုပ်နေရာက ၁၆ ထပ်မှာ ဖြစ်သည်။
ဘော့စ်ဖေးရဲ့ ရုံးနဲတစ်ထပ်တည်းဖြစ်ကြောင်း သိလိုက်ရချိန်တွင် ဝူပင်း အနည်းငယ် စိုးရိမ်သွား၏။ ဘော့စ်ဖေးရဲ့ မျက်စိရှေ့တည့်တည့်မှာ အလုပ်လုပ်ရမှာကြောင့် ရေသာခိုလို့တော့ မရနိုင်ပါ။
အခုချိန်ထိ ထန်းတာ့က ဝူပင်းရဲ့ အမြင်မှာ ဆန်းကြယ်မှုတစ်ခုအဖြစ် ရှိနေဆဲပင်။ ဘယ်လို ဆန်းကြယ်မှုမျိုးလဲဆိုတာကို ခန့်မှန်းဖို့ မဖြစ်နိုင်ပေ။
ထန်းတာ့နဲ့ ပတ်သတ်ပြီး ဝူပင်း သိခဲ့ရတဲ့ အချက်အလက်တွေက တစ်ဆင့်စကားများသာ ဖြစ်ကြသည်။ တရားလွန်သုံးသပ်ချက်များစွာလည်း ရှိနေတာကြောင့် သိပ်မယုံရပါ။ ရေးဖြေစာမေးပွဲနဲ့ အင်တာဗျူးတွေကလည်း သိပ်ပြီး မသိခဲ့ရပါ။
သို့သော်လည်း ထန်းတာ့က စိတ်ဓာတ်ရေးရာ တည်ဆောက်မှုကို ပိုပြီး အာရုံစိုက်ထားသည်ဟု ဝူပင်း ခန့်မှန်းမိ၏။ မဟုတ်ရင် ဘာကြောင့် ထန်းတာ့ခံယူချက် ကိုက်ညီမှုစာမေးပွဲဆိုတာ ရှိနေရဦးမှာလဲ။။
ဝူပင်းက ရေးဖြေစာမေးပွဲနဲ့ အင်တာဗျူးတို့ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့ပြီး တရားဝင် အလုပ်ဝင်နိုင်ခဲ့ပါပြီ။ သို့သော်လည်း လုပ်ငန်းစဉ်အရဆို တစ်လအတွင်း ထန်းတာ့ခံယူချက် ကိုက်ညီမှု စာမေးပွဲ ၃ ခုကို ဖြေဆိုရဦးမည်။
ထို စာမေးပွဲတွေကို အောင်မြင်နိုင်မှ အချိန်ပြည့် ဝန်ထမ်းတစ်ယောက် ဖြစ်လာနိုင်ပါသည်။ မဟုတ်ပါက အားလုံး သဲထဲရေသွန် ဖြစ်သွားပါလိမ့်မည်။
ထို့ကြောင့် ဘော့စ်ဖေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် အလုပ်ကြိုးစားရမည့်အပြင် အလုပ်စဝင်တဲ့ ပထမအတွင်း ထန်းတာ့ခံယူချက်ဆိုတဲ့ အဓိပ္ပာယ်ကို တကယ်တမ်း နားလည်အောင်လည်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရလိမ့်မည်။
လှလှပပ ဧည့်ကြိုကောင်မလေးက ဝူပင်းကို ဝန်ထမ်းလက်စွဲစာအုပ်သစ် တစ်အုပ်ကို ပေးခဲ့ပါသည်။ ထို့နောက် ဟောက်ယွင်ကို အစီရင်ခံဖို့ HR ဌာနဆီ ခေါ်သွားပေးလိုက်ပါသည်။
ဟောက်ယွင်က ဝူပင်းကို သူ့အလုပ်နေရာဆီ ခေါ်သွားပေးလိုက်ပြီး ကြိုဆိုလိုက်ပါသည်။ ထို့နောက် ဝူပင်းကို ကုမ္ပဏီတွင်း နက်ဝေါ့ခ်ဝင်ရောက် ကြည့်ရှုခွင့်ပေးဖို့၊ TPDb ဝက်ဘ်ဆိုက်အကောင့် လုပ်ပေးဖို့ စသဖြင့် စီစဉ်ပေးဖို့အတွက် စီမံခန့်ခွဲရေးဌာနကို သွားလိုက်ပါသည်။ ထိုအချိန်တွင် ဝူပင်းကတော့ ရုံးထိုင်ခုံမှာ ထိုင်နေပြီး ထန်းတာ့ခံယူချက်နဲ့ ပတ်သတ်တဲ့ အချက်အလက်တချို့ တွေ့နိုင်မလား မျှော်လင့်ချက်ဖြင့် ဝန်ထမ်းလက်စွဲ စာအုပ်သစ်ကို စတင်ဖတ်ရှုလေသည်။
ထိုလက်စွဲစာအုပ်သစ်ကို မကြာသေးခင်ကမှ စီမံခန့်ခွဲရေးဌာနက အထူးသီးသန့် ထုတ်လုပ်ထားခြင်း ဖြစ်၏။ ဘော့စ်ဖေးလည်း စီစစ်ပြီးသွားပါပြီ။ အရင်တုန်းက ထန်းတာ့မှာ အသေးစားကုမ္ပဏီတစ်ခုအဖြစ်သာ ရှိနေသေးတာကြောင့် ဒီလိုစာအုပ်မျိုး မလိုခဲ့တာ ဖြစ်သည်။ ဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ်များက အတော်လေး ရိုးရှင်းသဖြင့် ဒီလို ခမ်းခမ်းနားနား ပစ္စည်းတွေ မလိုသေးပါ။
အခုတော့ မတူတော့ပေ။ ဝန်ထမ်းတွေကို အသုတ်လိုက် ခန့်အပ်နေပြီဖြစ်တာကြောင့် ဂရုစိုက်ရမယ့်အရာတွေ အများကြီး ရှိလာခဲ့ပါပြီ။ အားလုံးကို ဝန်ထမ်းလက်ဆွဲစာအုပ်ထဲ ထည့်ရေးလိုက်ခြင်းအားဖြင့် လူသစ်တွေ အလုပ်ပတ်ဝန်းကျင်နဲ့ အသားကျဖို့ ပိုမိုမြန်ဆန်စေပါသည်။
ဝူပင်းလည်း ဝန်ထမ်းလက်စွဲစာအုပ်ကို ဖတ်ကြည့်လိုက်ရင်း အမျိုးအစားများစွာ ခွဲထားတာကို သတိထားလိုက်မိပါသည်။ အလုပ်ဝင်ရောက်ပြီးနောက် ကြိုတင် သတိထားဖွယ်ရာများကိုပါ ဖော်ပြပေးထားသည်။
ပထမ အကြီးစားအမျိုးအစားက နေပုံထိုင်ပုံနဲ့ သက်ဆိုင်သည်။ နေ့စဉ်ဘဝ၊ အဝတ်အစား၊ အစားအသောက်၊ နေရာထိုင်ခင်း၊ ပို့ဆောင်ရေး စသည်တို့ ပါဝင်သည်။
ဥပမာအားဖြင့် ကုမ္ပဏီက နေ့စဉ်စားသောက်ဖို့အတွက် ယွီသရေစာလုပ်ငန်းမှ အမြဲတမ်း မှာယူပေးလိမ့်မည်။ အထဲမှာ ဟင်းလျာတွေအတွက် သုံးသပ်ချက်လည်း ပါဝင်သည်။ အတိုချုံးအားဖြင့် ကိုယ့်အကြိုက်ပေါ် မူတည်ပြီး အားလုံး အရသာရှိနိုင်ပါသည်။
အိမ်ငှားရမ်းမှုနဲ့ နေ့စဉ်ခရီးသွားလာမှုတို့အတွက် ထောက်ပံ့ငွေလည်းရှိသည်။ ထောက်ပံ့ငွေတွေက အလွန် မြင့်မားပါသည်။ ပမာဏတိတိကျကျ၊ ထောက်ပံ့မှုနည်းလမ်းနဲ့ ရင်းစားမှုလုပ်ငန်းစဉ် စသည်တို့အားလုံးကို ရှင်းရှင်းလင်းလင်း ရေးသားထားပါသည်။
ဝူပင်းက လက်စွဲစာအုပ်ထဲတွင် ဖော်ပြထားသည့် Work Meal ကို ကြည့်ရင်း သွားရည်တွေ ကျနေပါပြီ။
"ဒီလောက်ကောင်းတဲ့ Work Meal တွေက အကုန် အခမဲ့ ဟုတ်လား"
"တက္ကစီခတွေအတွက် ငွေပြန်ထောက်ပံ့ပေးမှုလည်း ရှိတယ်။ အထွေထွေ အသုံးပြုဖို့အတွက် ထောက်ပံ့ငွေလည်း ရှိသေးတယ်။ အဲ့ဒီပိုက်ဆံကိုသုံးပြီး အလုပ်နဲ့ ပတ်သတ်တာ မှန်သမျှ ဝယ်လို့ ရတာလား"
"ဝန်ထမ်းအားလုံးအတွက် Gym အကျိုးခံစားခွင့်နဲ့ သီးသန့် လေ့ကျင့်ခန်း ဆက်ရှင်တွေပါ ရှိသေးတယ်ပေါ့"
"ဒီ...ဒီအကျိုးခံစားခွင့်တွေက ကောင်းလိုက်တာ..."
ဝူပင်း အလွန်ပျော်ရွှင်သွားကာ ဆက်လှန်ကြည့်လိုက်ပါသည်။
ဒုတိယအမျိုးအစားက ကုမ္ပဏီဘက်က ထောက်ပံ့ပေးထားသည့် အပန်းဖြေမှုများ၊ ဖျော်ဖြေမှုများ အများဆုံး ပါဝင်သည့် ဖျော်ဖြေရေးကဏ္ဍ ဖြစ်သည်။
ဥပမာအားဖြင့် မီးဖိုဆောင်ထဲတွင် ကော်ဖီနဲ့ အဖျော်ယမကာမျိုးစုံ ရှိသည်။ မုန့်ပဲသရေစာနေရာမှာလည်း မုန့်ပဲသရေစာများစွာ ရှိသည်။ ကိုယ်ကာယ လေ့ကျင့်ရေးပစ္စည်းများ၊ အပန်းဖြေအခန်းများကိုလည်း အကန့်အသတ် မရှိဘဲ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပါသည်။
ဝူပင်း သက်ပြင်းချလိုက်မိပါသည်။ "ဒါက တမင် မက်လုံးပေးတာ ဖြစ်နိုင်တယ်။ အဲ့လောက်ကြီး ဂရုစိုက်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ကုမ္ပဏီတွေထဲက Gym တွေနဲ့ အပန်းဖြေခန်းတွေမှာ ဝန်ထမ်းတွေကို အချိန်ပိုလုပ်ဖို့ ဆွဲဆောင်သည့် နည်းလမ်းတွေကလွဲပြီး ဘာမှမဟုတ်ဘူးဟု ဝူပင်း အမြဲတမ်း ခံစားခဲ့ရသသည်။
ဒီတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် ပိုကောင်းသည်။
'ကျွန်တော်တို့ကုမ္ပဏီက ဝန်ထမ်းတွေအတွက် Gym တစ်ခုနဲ့ အပန်းဖြေအခန်းတွေ ပြင်ဆင်ပေးထားပါတယ်' ဟူသည့် ကြွားလုံးများက အလုပ်ပတ်ဝန်းကျင်မှာ မကျင်လည်သေးတဲ့ ဘွဲ့ရခါစလေးတွေကို လှည့်စားဖို့ အလွန် အသုံးဝင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် Gym နဲ့ အပန်းဖြေအခန်း အများစုက အလုပ်ချိန်ပြီးခါမှ အသုံးပြုနိုင်တာကြောင့် ဖြစ်သည်။
အလုပ်ပြီးမှ အသုံးပြုရမယ်ဆို အချိန်ပိုလုပ်ခိုင်းတဲ့ လှည့်ကွက်တစ်ခုပဲ မဟုတ်ဘူးလား။
ထို့အပြင် အချိန်ပိုလုပ်တဲ့ကိစ္စနဲ့ပတ်သတ်လာရင် ပရောဂျက်အဖွဲ့တစ်ခုလုံးက အလုပ်ထဲ စိတ်နှစ်ထားချိန် ကိုယ်တစ်ယောက်တည်းက ဂိမ်းအခန်းထဲမှာ သွားကစားနေတာ ရှက်ဖို့ မကောင်းဘူးလား။
ထို့ကြောင့် ကုမ္ပဏီအများစုက ထိုအရာတွေကို ပြင်ဆင်ထားရခြင်းက သူတို့ရဲ့ ဂုဏ်သတင်းကို တည်ဆောက်ဖို့သာ ဖြစ်ပါသည်။ လှည့်စားမှု အဓိပ္ပာယ်က တကယ့်လက်တွေ့တန်ဖိုးထက် ပိုပြီး ကြီးမားနေသည်။
ဝူပင်း နောက်တစ်မျက်နှာကို လှန်ကြည့်လိုက်၏။ ဒီစာမျက်နှာက အရင်စာမျက်နှာအတွက် မှတ်စုတစ်စု ဖြစ်သည်။
အစကတော့ 'ကျေးဇူးပြုပြီး အလုပ်ချိန်အတွင်း အပန်းဖြေခန်းများကို အသုံးမပြုပါနှင့်' ဟု ရေးသားထားမည်ဟု ဝူပင်း ထင်ခဲ့သည်။ သို့သော်လည်း လုံးဝ မဟုတ်ပေ။
ရှင်းရှင်းလင်းလင်း ရေးထားတာက 'ဝန်ထမ်းတိုင်း အပတ်စဉ် ကိုယ်ကာယလေ့ကျင့်ခန်း သို့မဟုတ် အပန်းဖြေခန်းများအတွက် အချိန် ၄ နာရီ ပေးရမည်။ အလုပ်နဲ့ နေထိုင်မှုဘဝတို့ကို ဟန်ချက်ညီညီ ထိန်းသိမ်းတတ်ရပါမည်။'
'မှတ်ချက်: အလုပ်ချိန်မဟုတ်သည့် အချိန်တွေမှာ Gym နဲ့ အပန်းဖြေအခန်းများကို ကျေးဇူးပြုပြီး မသုံးစွဲပါနှင့်။ အလုပ်ဆင်းတာနဲ့ ကျေးဇူးပြုပြီး အိမ်ချက်ချင်းတန်းပြန်ပေးပါ'
ဝူပင်း အနည်းငယ် ခေါင်းမူးသွား၏။ သူထင်ထားတာနဲ့ စကားလုံးတွေက ဆင်တူမှုတော့ ရှိပါသည်။ သို့သော် 'အလုပ်ချိန်မဟုတ်သည့်အချိန်'ဟူ၍ ရေးသားထားသည်။
အဓိပ္ပာယ်က လုံးဝပြောင်းလဲသွားပါသည်။ တခြား ကုမ္ပဏီတွေသာဆို အလုပ်ချိန်အတွင်း ၎င်းတို့ရဲ့ Gym တွေနဲ့ အပန်းဖြေအခန်းများကို မသုံးဖို့သာ အစွမ်းကုန် တားမြစ်ကြလိမ့်မည်။ သို့သော်လည်း ထန်းတာ့ကတော့ လုံးဝ ပြောင်းပြန် ဖြစ်နေပါသည်။
ဆိုလိုတာက အလုပ်ချိန်အတွင်းမှာပဲ ကစားလို့ရတယ်ဆိုတဲ့ သဘောလား။
ဝန်ထမ်းလက်စွဲစာအုပ်ထဲ ရိုက်နှိပ်ထားတာ မှားနေသည်ဟုပင် ဝူပင်း ထင်မိသွားသည်။ သို့သော် သေချာစဉ်းစားကြည့်ပြီးမှ ဒီလောက် အဆင့်နိမ့်တဲ့ အမှားမျိုးတော့ လုပ်မိကြမည် မထင်ပါ။
သူအနည်းငယ် ဇဝေဇဝါဖြစ်သွားရသည်။ ဇဝေဇဝါ ဖြစ်နေရင်းနဲ့ပဲ ဆက်ဖတ်လိုက်ရပါသည်။
တတိယအမျိုးအစားက အလုပ်နဲ့ ပတ်သတ်သည်။
တခြားကုမ္ပဏီတွေဆို ဒီအမျိုးအစားကို ပထမ စာမျက်နှာမှာ ထည့်ထားတတ်ကြသည်။ သို့သော် ထန်းတာ့ကတော့ ဆန့်ကျင်ဘက်ပင်။
နောက်ဆုံးမှထည့်သွင်းကာ ဝန်ထမ်းလက်စွဲစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာတွေကို နေရာယူထားပါသည်။ ဖော်ပြချက်များက အကြမ်းဖျင်းဆန်လွန်းပါသည်။
နေ့စဉ်ဘဝအမျိုးအစားမှာ Work Meal ပေါင်းစုရဲ့ လှပသည့် အရောင်စုံဓာတ်ပုံများကို ထည့်သွင်းထားရုံတင်မကဘဲ ဟင်းလျာတိုင်းရဲ့ အရသာတွေကိုပါ အသေးစိတ် ဖော်ပြထားသည်။ ဒီ့ထက်ပိုပြီး အသေးစိတ် မကျနိုင်တော့ပေ။
ဖျော်ဖြေရေးအမျိုးအစားထဲမှာလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ ဂိမ်းအခန်းထဲက ဂိမ်းပေါင်းများစွာကိုပင် ရိုးရိုးရှင်းရှင်း သုံးသပ်ချက်တချို့နဲ့ မိတ်ဆက်ပေးထားသည်။
သို့သော်လည်း အလုပ်အမျိုးအစားမှာတော့ စတိုင်က လုံးဝ ပြောင်းလဲသွားခဲ့ပါသည်။
ရိုးရိုးရှင်းရှင်း မှတ်စုတချို့သာ ရေးထားသည်။
'အလုပ်တာဝန်ကြောင့် အချိန်ပိုလုပ်ဆောင်ဖို့ လိုအပ်ပါက ဌာနရဲ့တာဝန်ရှိသူကို အစီရင်ခံရမည်။ တာဝန်ရှိသူက အချိန်ပိုလုပ်ခွင့် လျှောက်ထားချက်တစ်ခု တင်သွင်းကာ ထိုလျှောက်ထားချက်ကို အတည်ပြုပေးပြီးမှ အချိန်ပို လုပ်ဆောင်နိုင်ပါသည်'။
'အလုပ်ဖိအားများကို ခံစားလာရပါက ဌာန တာဝန်ရှိသူကို ချက်ချင်း အကြောင်းကြားပါ။ အမြန်ဆုံး ဝန်ထမ်းသစ်တွေ ခန့်အပ်ပေးပါလိမ့်မည်'
'အလုပ်ချိန်ပြင်ပမှာ လုပ်ဖော်ကိုင်ဖက်တွေအား အလုပ်အကြောင်းအရင်းကြောင့် ဆက်သွယ်တာမျိုးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါသည်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ဒုက္ခရောက်စေတာကြောင့် ဖြစ်ပါသည်'။
တခြား ဖော်ပြချက်များကလည်း အထက်ပါတိုင်းပဲ ဖြစ်ပါသည်။
ဝူပင်း ခေါင်းတွေ ချာချာလည်နေပါပြီ။
အကြောင်းအရာများက အမှတ်တစ်ခုတည်းကိုသာ ညွှန်ပြနေကြသည်။ အချိန်ပို မလုပ်ရဘူးဆိုတာပင်။
မြင်ရဖို့ ဝူပင်းမျှော်လင့်ထားတဲ့ အကြောင်းအရာတွေက လုံးဝ မပေါ်မလာပါ။ ဥပမာအားဖြင့် တာဝန်ရှိသူတွေက စီစဉ်ပေးထားတဲ့ အလုပ်တာဝန်များကို အချိန်မှီ ပြီးမြောက်အောင် ဆောင်ရွက်ရမည်၊ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များက ကိုယ့်တာဝန်ကိုယ် ရေသာခိုလို့ မရကြောင်း စသည်တို့ ဖြစ်သည်။
ထိုကဲ့သို့ အကြောင်းအရာများ လုံးဝ ပါမလာပါ။
အနောက်ဘက်မှာ ရှိနေဦးမည်ဟု ဝူပင်းတွေးကာ စာမျက်နှာကို လှန်လိုက်ချိန်တွင် ဝန်ထမ်းလက်စွဲစာအုပ်သစ် ပြီးဆုံးသွားပြီဖြစ်မှန်း မြင်လိုက်ရပါသည်။
သူ မျှော်လင့်ထားတဲ့ ထန်းတာ့ခံယူချက် ရှင်းလင်းမှုကကော ဘယ်မှာလဲ။
ဝန်ထမ်းကျင့်ဝတ်စည်းကမ်း အခု ၁၀၀ လောက်ကကော ဘယ်မှာလဲ။
ဘာမှ မရှိပါ။
လက်စွဲစာအုပ်ကို ပိတ်လိုက်သောအခါ အရသာရှိမယ့် အစားအသောက်တွေ၊ အကျိုးခံစားခွင့်ပေါင်းစုံကလွဲပြီး ဘာမှ မှတ်မိမနေပါ။
ဝူပင်း လမ်းပျောက်သွား၏။ တစ်နေရာရာများ မှားသွားသလား မသဲမကွဲ ခံစားလိုက်ရပါသည်။