← Chapters

နှစ်ပတ်လည်အစည်းအဝေးပွဲရဲ့ Theme

Vol. 24 Ch. 359

နှစ်ပတ်လည်အစည်းအဝေးပွဲရဲ့ Theme

Vol. 24 Ch. 359

မကြာခင် စီမံရေးဌာနက ကောင်လေးလည်း ဝူပင်းကို ကုမ္ပဏီတွင်းကိစ္စများနဲ့ပတ်သတ်ပြီး ကူညီ၍ ပြီးဆုံးသွားပါပြီ။ ကုမ္ပဏီတွင်း နက်ဝေါ့ခ်ဝင်ရောက်ခွင့်၊ TPDb ကုမ္ပဏီတွင်း Forum မှာ ဝူပင်အသုံးပြုဖို့အတွက် ဝန်ထမ်းအကောင့်ဖွင့်ပေးခြင်း စသည်တို့ အပါအဝင် ဖြစ်သည်။

ထိုကောင်လေးဆီမှ ဝူပင်း သူ့မောက်စ်ကို ရရှိခဲ့ပါသည်။

ဟမ်...

ဒီမောက်စ်... ဒီကီးဘုတ်.... ဒီဖန်သားပြင်...

အရမ်း မိုက်တာပဲ။

ဝူပင်းက သူ့ရုံးမှာ ခြိုးခြံခြွေတာခြစ်ကုတ်ရတာကို အသားကျနေသူဖြစ်သည်။ အခု ဒီလိုကွန်ပျူတာမျိုးကို မြင်လိုက်ရသဖြင့် မျက်ရည်တွေတောင် ဝဲလာသလို ခံစားမိပါသည်။ နောက်ပိုင်း ဒီလို သက်တောင့်သက်သာ ရှိတဲ့ ကီးဘုတ်မျိုးနဲ့ ရိုက်နိုင်တော့မည််ဟူသည့်အတွေးက သူ့ကို စိတ်လှုပ်ရှားသွားစေသည်။

ဟောက်ယွင်ဘက်ကို လှည့်ကြည့်လိုက်ပြီး သူမကို သွားနှုတ်ဆက်ရင် ကောင်းမလား မကောင်းဘူးလား ခေတ္တ တွေဝေသွားခဲ့ရသည်။

ဟောက်ယွင်က ယခု HR ဌာနရဲ့ ခေါင်းဆောင် ဖြစ်သည်။ ပိုကောင်းအောင် ခေါ်ရမည်ဆိုလျှင် 'ဌာနခေါင်းဆောင်'ဟုပင် ခေါ်ဆိုနိုင်သည်။ အလွန် အလုပ်သဘောဆန်ပြီး တောင့်တောင့်ကြီး ဖြစ်နေနိုင်သဖြင့် သူမကို 'အစ်မကြီးဟောက်' သို့မဟုတ် 'အစ်မကြီးယွင်' စသည်ဖြင့် ခေါ်ဆိုလို့ ရပါသည်။

အနည်းဆုံးတော့ သူမကို 'စီနီယာကြီး'ဟု ခေါ်ဆိုသင့်တယ် မဟုတ်လား။

သို့သော်လည်း ဝူပင်းက ဟောက်ယွင်ထက် အသက်ပိုကြီးနေသည်။ သူမထက်တောင် အလုပ်အတွေ့အကြုံ ပိုများပါသည်။

ထို့ကြောင့် ဝူပင်း ဇဝေဇဝါဖြစ်သွားသည်။ တခြား လုပ်ဖော်ကိုင်ဖက်တွေ သူမကို ဘယ်လို ခေါ်မလဲဆိုတာကို စောင့်ကြည့်ဖို့ စဉ်းစားထားသည်။

နောက်ဆုံးတော့ အားလုံးက တစ်ယောက်ကို တစ်ယောက် နာမည်အတိုင်းသာ ခေါ်ကြမှန်း သိလိုက်ရသည်။

ကြောင်တောင်တောင်နဲ့ ဝူပင်းတစ်ယောက် ဘေးက လုပ်ဖော်ကိုင်ဖက် ကောင်လေး တစ်ယောက်ကို ထိုအကြောင်း လှည့်မေးလိုက်ပါသည်။

"ဒီဌာနထဲမှာ အားလုံးကို နာမည်အတိုင်းပဲ ခေါ်ကြတာလားဗျ"

ထိုကောင်လေးက မုန့်ပဲသရေစာခန်းမှ ခုလေးတင် ပြန်လာတာ ဖြစ်သည်။ လက်ထဲမှာ အာလူးကြော်တစ်ထုပ်ကို ကိုင်ထားပြီး ပါးစပ်ထဲ သွပ်ထည့်နေ၏။ ကော်ဖီတစ်ငုံ သောက်လိုက်ပြီးနောက် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"ဟုတ်တယ်။ တိတိကျကျပြောရရင် ကျွန်တော်တို့ ဌာနတစ်ခုတည်းပဲ မဟုတ်ဘူး။ ဌာနတိုင်းက အတူတူပဲဗျ"

"နည်းနည်း ပိုရင်းနှီးတဲ့လူတွေက တစ်ယောက်ကို တစ်ယောက် အစ်ကိုတို့ အစ်မတို့ ခေါ်တတ်ကြတယ်"

"လူတိုင်းကို ခေါ်ဖို့ အသင့်တော်ဆုံးကတော့ နာမည်အတို င်းခေါ်တာပဲ။ ဘယ်သူမှ ထူးဆန်းတယ် မထင်ကြဘူး။ တကယ်တော့ သူတို့ကို ရာထူးနဲ့ တပ်ခေါ်မှ ခင်ဗျားကို ထူးဆန်းတယ် ထင်သွားကြမယ်"

ဝူပင်း ပိုပြီးစိတ်ဝင်စားသွားရသည်။ "အမှန်ပဲလား။ ဘာလို့လဲဗျ"

ထိုလူက အာလူးကြော်ကို ဆက်ဝါးနေပြီး ခေါင်းခါလိုက်ပါသည်။ "ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်က ထန်းတာ့ရဲ့ ဝန်ထမ်းပထမဆုံးအသုတ်က မဟုတ်ဘူးလေ။ လွန်ခဲ့တဲ့ ၃ လ ၄ လလောက်ကမှ ကုမ္ပဏီထဲ ရောက်တာဗျ။ အဲ့ကတည်းက ရုံးပတ်ဝန်းကျင် အနေအထားက ဒီလိုပဲ"

"သြော် ဟုတ်သား။ ခင်ဗျား မုန့်စားချင်ရင် စားသာ စားနော်။ အကန့်အသတ် မရှိဘူး"

ကောင်လေးက ဝူပင်းရဲ့ မျက်နှာရှေ့ အာလူးကြော်ကို လှုပ်ပြလိုက်ပြီး စားချင်တဲ့မုန့်မှန်သမျှ လွတ်လွတ်လပ်လပ် စားနိုင်ကြောင်း ပြောလိုက်ပါသည်။

ဝူပင်းလည်း အားလူးကြော်နံ့သင်းသင်းလေး ရသွားသည်။ တော်တော် မွှေးပါသည်။ သို့သော်လည်း အလုပ်ဝင်တဲ့ ပထမဆုံးနေ့ဖြစ်ပြီး ရာထူးလည်းရေရေရာရာ မရသေးသဖြင့် အခုချိန် မုန့်သွားယူစားတာ မသင့်တော်ဘူးဟု ဆုံးဖြတ်လိုက်ပါသည်။ ထို့ကြောင့် ခေါင်းခါကာ ပြောလိုက်၏။ "ရပါတယ်ဗျာ။ ကျွန်တော် ဗိုက်မဆာပါဘူး"

သူ့ဘေးက ကောင်လေးက ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ "သြော် ဟုတ်သားပဲ။ တစ်ခုတည်းသော ခြွင်းချက်က ဘော့စ်ဖေးနော်"

"လေးစားသမှုနဲ့ ဘယ်သူမှ သူ့ကို နာမည်အတိုင်းမခေါ်ကြဘူး"

"ဟုတ်ပါတယ်။ ဘော့စ်ဖေးကတော့ အေးအေးဆေးဆေးသမားပဲ။ သူ့ကို နာမည်နဲ့ တပ်ခေါ်ရင်တောင် စိတ်ဆိုးမယ် မထင်ဘူး"

"အားလုံးက သူ့ကို ရင်ထဲမှာ နှစ်နှစ်ကာကာ လေးစားကြလို့သာ သူ့ကို 'ဘော့စ်ဖေး'လို့ ခေါ်ကြတာ။ ကုမ္ပဏီတစ်ခုလုံးမှာ သူတစ်ယောက်တည်းပဲရှိတယ်"

"အနှစ်ချုပ်ပြောရရင်တော့ ဘော့စ်ဖေးကလွဲပြီး ခင်ဗျား လူတိုင်းကို ပြဿနာ မရှိဘဲ နာမည်တပ်ခေါ်လို့ ရပါတယ်ဗျာ"

ဝူပင်း တိုးတိတ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။ ဝန်ထမ်းဟောင်းတွေဆီက ကုမ္ပဏီတွင်း အလေ့အထများကို သူသင်ယူရမည့်ပုံပင်။ သူတို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောကြရင်း ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ကြပါသည်။

ထို့နောက် ဝူပင်းက တစ်နေ့တာ လုပ်ငန်းကိစ္စများအကြောင်း စတင်မေးမြန်းလေသည်။ ဥပမာ ဝန်ထမ်းလက်စွဲစာအုပ်ထဲက အကြောင်းအရာတွေက မှန်သလား မမှန်ဘူးလား စသည်ဖြင့် ဖြစ်သည်။

ထိုကောင်လေးက ခေတ္တ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ "ရာနှုန်းပြည့်တော့ မမှန်ပါဘူး"

ဝူပင်း နားလည်စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။

အမှန်ပင်။ ကုမ္ပဏီအများစုကတော့ မိတ်ဆက်စာတွေထဲမှာ ပြစ်ချက်တွေကိုဖုံးပြီး အားသာချက်တွေကိုသာ ဝံ့ကြွားတတ်ကြတာပဲ မဟုတ်လား။ မှားသည်ဟု မပြောနိုင်ပေ။ နားလည်ပေးလို့သာ ရပါသည်။

သူ့ဘေးက ကောင်လေး ဆက်ပြောလိုက်သည်။ "ဒီလက်စွဲစာအုပ်ထဲမှာ ရေးမထားတာတွေ အများကြီး ရှိသေးတယ်"

"ထူးချွန်ဝန်ထမ်းရွေချယ်ပွဲဆိုတာ ရှိတယ်။ ၁ နှစ်ကို နှစ်ခေါက် ထင်တယ်။ ပထမဆုရတဲ့လူက အိပ်မက်ရန်ပုံငွေ ယွမ် ၁သန်းကို ပိုင်ဆိုင်လိမ့်မယ်။ ဒုတိယဆုကတော့ တစ်လတာ လစာမပြတ်ခွင့်ရက်ရှည်ကို ရတယ်"

"ပြီးတော့ ပုံမှန် ဆေးစစ်ချက်နဲ့ ပြန်တောင်းဆိုလို့ရတဲ့ ဆေးကုသမှု ကုန်ကျစရိတ်တွေလည်း ရှိသေးတယ်..."

"ပြီးတော့...."

ထိုကောင်လေးက ထန်းတာ့မှာ အလုပ်လုပ်ကိုင်ရခြင်း၏ တခြား အကျိုးခံစားခွင့်များကို စတင်ရှင်းပြလေသည်။ တစ်ခုခုကျန်ခဲ့မှာကို စိုးရိမ်သဖြင့် အရင်းအမြစ်များကို ပြန်စစ်ဆေးပြီး ဟာကွက်များကိုပါ ဖြည့်ပြောခဲ့ပါသည်။ သူ့မှာ ရွေးချယ်စရာ မရှိပါ။ မှတ်စရာ အကျိုးခံစားခွင့်တွေက များပြားလွန်းတာကြောင့် ဖြစ်ပါသည်။

ဝူပင်း ဆွံ့အသွားသည်။

ဒီကောင်လေး ဝန်ထမ်းလက်စွဲစာအုပ်ထဲမှာ ရေးမထားတဲ့ ကုမ္ပဏီတွင်းကဟာကွက်တွေကို ဖော်ထုတ်လိမ့်မည်ဟု သူထင်ခဲ့၏။ ဥပမာ ဒီကုမ္ပဏီအတွက် အလုပ် ဘယ်လောက်တောင် လုပ်ပေးရသလဲ၊ လစာတွေ ဘယ်လို မကြာခဏ လျှော့ချခံရသလဲ စသည်တို့ ဖြစ်သည်။

သို့သော်လည်း ဝူပင်း လုံးဝ နားလည်မှုလွဲသွားခဲ့ပါသည်။

ဝန်ထမ်းလက်စွဲစာအုပ်ထဲမှာ ဝန်ထမ်းအကျိုးခံစားခွင့်တွေ အားလုံး မပါဝင်ပါ။ နေရာအကန့်အသတ်ကြောင့် ထည့်ရေးလို့ မရလိုက်တဲ့ အကျိုးခံစားခွင့်တွေ အများကြီး ကျန်နေပါသေးသည်။

ဝူပင်းတစ်ယောက် အခုတော့ ပြောစရာစကား လုံးဝ ပျောက်ဆုံးနေပါသည်။ သူ လူလည်ကျခံရပြီး ဒီကုမ္ပဏီက သူ့ကို လိမ်လည်ဖို့များ ကြိုးစားနေတာလားဟု စတင် သံသယ ဖြစ်လာခဲ့မိသည်။

ဒီလောက်ကောင်းတဲ့ အကျိုးခံစားခွင့်တွေ ဘယ်မှာရှိလို့လဲ။

သို့သော်လည်း ထန်းတာ့က နာမည်ကောင်း ပိုင်ဆိုင်ထားသည်။ သူ့မျက်စိနဲ့ ကိုယ်တိုင် အမှန်တရားကို မြင်နေရသည်။ ထို့ကြောင့် ရွေးချယ်စရာ မရှိဘဲ ယုံကြည်လိုက်ရတော့သည်။

ကိုယ့်ကိုယ်ကို စိတ်လျှော့ခိုင်းပြီးနောက် ဝူပင်း မေးလိုက်ပါသည်။ "ညီကို၊ ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲမှာ ဘာတွေကို စမ်းသပ်မှာလဲ သိလား"

သူ့ဘေးက ကောင်လေးက အာလူးကြော် နောက်ဆုံးတစ်ချပ်ကို စားလိုက်ပြီး အခွံကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ ခေါင်းခါလျက် ပြန်ပြောလိုက်ပါသည်။ "ကျွန်တော်လည်း မသိဘူး။ ခင်ဗျားတို့ ဝန်ထမ်းအသုတ်က အဲ့ဒီစာမေးပွဲကို ပထမဆုံးဖြေရမယ့်လူတွေပဲ။ ကျွန်တော်တစ်ခါမှ မဖြေဖူးဘူး။ စာမေးပွဲထဲက အကြောင်းအရာတွေကိုလည်း သေချာ လျှို့ဝှက်ထားကြတယ်။ ကျွန်တော်လည်း သတင်းနည်းနည်းပဲ ကြားဖူးတယ်"

"မေးခွန်းတွေကို ဘော့စ်ဖေးကိုယ်တိုင် ထုတ်တာလေ။ သူကလွဲပြီး စာမေးပွဲကို ဘယ်သူမှ ပြင်ဆင်ခွင့် မရှိဘူး"

"စိတ်မပူပါနဲ့။ အဲ့လောက်ကြီး ခက်မယ် မထင်ဘူး။ တချို့ကျောင်းတွေမှာ ကျင်းပတဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးချက်တွေလိုမျိုးပဲလို့ ကျွန်တော်တော့ ထင်တယ်။ လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ။ ပြဿနာ ကြီးကြီးမားမား မရှိရင် ခင်ဗျား အောင်မှာပါ"

ထိုအခါ ဝူပင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်း ချလိုက်မိပါသည်။ စာမေးပွဲ လွယ်ကူမည်ဆိုသဖြင့် တော်ပါသေးသည်။

ဟုတ်ပြီ။ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ ရင်ဘတ်ကြီးနဲ့ အလုပ်လုပ်ပစ်လိုက်မယ်။

ဝူပင်း မတ်တပ်ရပ်ကာ လီယာ့တာဆီ လျှောက်သွားလိုက်ပြီး သူ့ကို တာဝန်တချို့ ပေးဖို့ တောင်းဆိုလိုက်ပါသည်။

လီယာ့တာက သူ့ကို မော့ကြည့်ကာ မေးလိုက်သည်။ "အလုပ်လား....အာ... အလုပ်သင်ကာလအတွင်းမှာ ရှင့်ကို ကျွန်မ အလုပ်တာဝန်ပေးလို့ မရဘူး"

"ပြီးတော့ လောလောဆယ် ကျွန်မတို့ လူအင်အား လုံလောက်နေသေးတယ်။ ရှင့်ရဲ့ အလုပ်က ဒီတိုင်း စောင့်ကြည့် သင်ယူဖို့ပဲ။ ရာထူးမြန်မြန်ရအောင် ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲကို တစ်ခါတည်း အောင်မြင်အောင် အကောင်းဆုံး ကြိုးစားပေါ့"

ထိုင်ခုံမှာ ပြန်သွားထိုင်လိုက်ရင်း သူ့နဖူးပေါ် ချွေးသီးများထွက်လာသည်။

အလုပ်သွားတောင်းတာတောင် လုပ်စရာအလုပ် ရမလာသည့် အဖြစ်အပျက်မျိုး ဒီတစ်ခါပဲ ကြုံဖူးသေးသည်။

ရုံးခန်းထဲတွင်...

"ဘော့စ်ဖေး ကုမ္ပဏီရဲ့ နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် စီမံရေးဌာနက ဒီပလန်ကို စီစဉ်ထားပါတယ်။ တစ်ချက်လောက် ကြည့်လိုက်ပါဦး"

ဖေးချမ့်က လက်ထောက်ရှင်းထံမှ ဖိုင်ကို ယူလိုက်ပြီး ပါဝင်သည့်အကြောင်းအရာများကို ဖတ်ကြည့်လိုက်ပါသည်။ အတော်လေး အသေးစိတ်ကျသည်။ ထိပ်မှာက နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် ကုန်ကျစရိတ်များ၊ ကမ်းလှမ်းထားသည့် ဆုပစ္စည်းများ ပါဝင်သည်။

အားလုံးကို ပေးအပ်မည့် လက်ဆောင် ၁,၀၀၀၊ ယွမ် ၁,၀၀၀ ပါဝင်သည့် စာအိတ်နီတစ်စောင်စီ။

၇၉၉ ယွမ်တန် နားကြပ် အခု ၃၀၀၊ ၈၉၉ ယွမ်တန် မက်ဂနစ်ကယ် ကီးဘုတ် အခု ၃၀၀။

ယွမ် ၅၀၀ မှ ၁,၀၀၀ ဝန်းကျင် ပါသည့် ကျပန်း စာအိတ်နီ အစောင် ၂၀၀။

၁,၂၉၉ ယွမ်တန် လေသန့်စက် အလုံး ၂၀၀။

၂,၁၉၉ ယွမ်တန် ဖုန်စုပ်စက် အလုံး ၇၀။

၃,၅၉၉ ယွမ်တန် ဂိမ်းစက် အလုံး ၈၀။

၄,၅၉၉ ယွမ်တန် တက်ဘ်လက် ကွန်ပျူတာ အလုံး ၈၀။

၅,၆၉၉ ယွမ်တန် Pineapple နဲ့ ရှန်းဟွာ ပင်မဖုန်း အလုံး ၄၀ စီ။

၅,၉၉၉ ယွမ်တန် တီဗီ set အခု ၇၀။

၁၁,၉၉၉ ယွမတန် ဒစ်ဂျစ်တယ် ကင်မရာ အလုံး ၂၀။

၁၈,၈၈၈ ယွမ်တန် ငွေသားလက်ဆောင် ၁၀ ခု။

ကမ္ဘာပေါ်က ဘယ်မြို့တော်မဆို သွားရောက်ဖို့ လက်မှတ် ၃ စောင် (လေယာဉ်လက်မှတ်များ၊ ကြယ် ၅ ပွင့်ဟိုတယ်မှာ တည်းခိုခွင့်များ၊ သုံးစွဲဖို့ မုန့်ဖိုး ယွမ် ၃၀,၀၀၀ တို့ ပါဝင်သည်)။

ထိုလက်ဆောင်တွေအားလုံးကို ပေါင်းလိုက်သောအခါ ယွမ် ၄ သန်းလောက် ကုန်ကျပါသည်။

ဒါက စနစ်မှ အများဆုံး ခွင့်ပြုပေးနိုင်တဲ့ ပမာဏပဲ ဖြစ်သည်။

နှစ်ပတ်လည်အစည်းအဝေးပွဲကို တက်ရောက်မယ့် ဝန်ထမ်း အယောက် ၁,၀၀၀ နီးပါး ရှိသည်။ အမှန်ပင်။ အများစုက လေဆန်ပို့ဆောင်ရေးလုပ်ငန်း၏ ဒလီဘာရီသမားများ ဖြစ်ကြပါသည်။

ထိုဒလီဘာရီသမားများက အလုပ်ကြမ်းသမားများ ဖြစ်ကြသော်လည်း ဖေးချမ့်က သူတို့ကို အထင်မသေးပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့ကိုလည်း ထန်းတာ့ရဲ့ဝန်ထမ်းဟု သတ်မှတ်နိုင်တာကြောင့် ဖြစ်သည်။ နေ့တိုင်း ပါဆယ်တွေ ပို့ဆောင်ရင်း ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်နေကြသည်။ ထို့ကြောင့် ကုမ္ပဏီ နှစ်ပတ်လည် အစည်းအဝေးပွဲကဲ့သို့ အထူးပွဲတော်မျိုးကို သူတို့ကိုပါ ဖိတ်ကြားသင့်ပါသည်။

ပထမတော့ အားလုံးအတွက် ပိုပြီး တန်ဖိုးကြီးတဲ့ လက်ဆောင်တွေကို ဖေးချမ့် ဝေပေးချင်ခဲ့သည်။ ဥပမာ ပင်မဆဲလ်ဖုန်း တစ်ခုခု ကဲ့သို့ ဖြစ်သည်။ သို့သော်လည်း နှစ်ပတ်လည် အစည်းအဝေးပွဲတွင် ဝေမျှပေးရမည့် လက်ဆောင်အားလုံး၏ ဘက်ဂျက်ကို တွက်ချက်ကြည့်သောအခါ တခြား လက်ဆောင်တွေကို တန်ဖိုး ပိုလျှော့ရမည့်ကိန်းပေါ်လာနိုင်ပါသည်။

ထိုအခါ ကံစမ်းမဲနှိုက်တာက စိတ်လှုပ်ရှားဖို့ ကောင်းမှာ မဟုတ်တော့ပေ။

ထို့ကြောင့် အားလုံးအတွက် ယွမ် ၁,၀၀၀ ပါဝင်သည့် စာအိတ်နီတွေကိုသာ မျှဝေပေးနိုင်ပါသည်။

သို့သော်လည်း လက်ဆောင်အများစုက အခု ၂၀၀ - ၃၀၀ လောက် ပြင်ဆင်ပေးထားတာ ဖြစ်သည်။ စာအိတ်နီတွေအပြင် မျှဝေပေးရမယ့် လက်ဆောင် ပစ္စည်းစုစုပေါင်း ၁,၄၈၃ ခု ရှိပါသည်။

ထို့အပြင် ကံစမ်းမဲနှိုက်မှုမှာလည်း ကန့်သတ်ချက် ရှိပါသည် လူတစ်ယောက်က ဆုတစ်ခုတည်းကို ၂ ကြိမ် ပြန်ကျလို့ မရပါ။ ထို့အပြင် အလွန်ဆုံး မတူညီတဲ့ ဆု ၂ ဆုသာ ရနိုင်ပါမည်။

အစောပိုင်းမှာ မပေါက်ခဲ့တဲ့လူတွေက နောက်ပိုင်း ပေါက်ဖို့ အခွင့်အရေး ပိုများသည်။

တစ်နည်းအားဖြင့် ကံအဆိုးဆုံးလူတွေကတောင် တစ်ခုခုပေါက်နိုင်ချေရှိပါသည်။ ဘယ်သူမှ လက်ချည်းဗလာ ပြန်မသွားရနိုင်ပါ။

ဖေးချမ့် ထိုလက်ဆောင်များကို အတော်လေး ကျေနပ်မှုရှိပါသည်။ သူ ဆက်ဖတ်ကြည့်လိုက်သည်။

နောက်တစ်ခုက နှစ်ပတ်လည်အစည်းအဝေးပွဲရဲ့ ပရိုဂရမ် စာရွက်ဖြစ်သည်။ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများ၊ အစားအသောက်များ စသည်တို့ ပါဝင်သည်။

မင်ယွမ်စားဖိုဆောင်နဲ့ ယွီသရေစာလုပ်ငန်းမှ စားဖိုမှူးများကို အစည်းအဝေးပွဲ ကျင်းပမည့် ဟိုတယ်သို့ ဖိတ်ကြားမည်ဖြစ်သည်။ အားလုံးအတွက် သူတို့ ချက်ပြုတ်ပေးလိမ့်မည်။ ဟင်းချက်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ပေးထားမည်ဖြစ်ပြီး လင်းခန်ရုံက မီနူးကို စီစဉ်ပေးပါလိမ့်မည်။

အနှစ်ချုပ်အားဖြင့် အစားအသောက်နဲ့ပတ်သတ်ပြီး ဘာမှ စိတ်ပူဖို့ မလိုပါ။

ဖေးချမ့်က ပရိုဂရမ်တွေအတွက် စိတ်အပူဆုံးဖြစ်သည်။ တခြား ကုမ္ပဏီအများစုက ကျင်းပလေ့ရှိသည့် နှစ်ပတ်လည်အစည်းအဝေးပွဲများကို စကားတစ်ခွန်းတည်းနဲ့ ဖော်ပြလို့ရသည်။ ခွကျလွန်းခြင်းပင်။

တချို့က ယောက်ျားလေးဝန်ထမ်းများကို ကိုယ်ကျပ်ဝတ်စုံများ အတင်းဝတ်ခိုင်းကာ ဘဲလေးအက ကခိုင်းကြသည်။ တချို့က အွန်လိုင်းခေတ်ပေါ် သီချင်းများဖွင့်ကာ ဝန်ထမ်းများကို ခွကျကျ ကခိုင်းကြသည်။ တချို့ကတော့ သည်းခံစိတ် ကုန်လွန်စေမည့် အရှက်ကွဲစရာ ဂိမ်းများကို အတင်းကစားခိုင်းကြသည်။

အနှစ်ချုပ်အားဖြင့် စတိတ်စင်ပေါ်မှာ ဝန်ထမ်းတွေ ဖျော်ဖြေတင်ဆက်တာ ပုံမှန်လိုဖြစ်လာလေပြီ။ သို့သော်လည်း အလွန်တရာ ရှက်ဖို့ကောင်းပါသည်။ ဒါက လူသားဆန်စိတ်ပျက်သုဉ်းခြင်းလား၊ ဂုဏ်သိက္ခာများ ကျဆင်းခြင်းလားဆိုတာ ဖေးချမ့် မသေချာတော့ပါ။

လက်ထောက်ရှင်းလာပေးတဲ့ ပရိုဂရမ်တွေမှာတော့ ထိုကဲ့သို့ အမှားအယွင်းမျိုး မရှိကြပါ။ အနှစ်ချုပ်အားဖြင့် ကြည့်လိုက်ရင် အတော်လေး ကောင်းမွန်သည်။ ဌာနခေါင်းဆောင်တွေကို မိန်းကလေးတွေလို ဝတ်ခိုင်းပြီး စတိတ်စင်ပေါ်မှာ ကခိုင်းတာမျိုးလည်း မပါဝင်ပေ။

ဒါကို ဖေးချမ့် အလွန်ဝမ်းသာမိပါသည်။ ဆိုရိုးစကားတစ်ခုရှိသည်။ ကိုယ်တိုင်မလုပ်ချင်တဲ့အရာကို သူများတွေကိုလည်း လုပ်ခိုင်းလို့ မရပါ။

သူလည်း ထူးထူးဆန်းဆန်း အဝတ်အစားတွေ ဝတ်ပြီး စင်ပေါ်မှာ မျောက်လို ကခုန်မနေချင်ပါ။

နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် ဒီပလန်မှာ စတိတ်စင်ပေါ်တွင် သီချင်းဆို၊ ကခုန်၊ ထူးခြားတဲ့ ပြကွက်များ ပြသခြင်း အစရှိသည်တို့ကို တင်ဆက်ဖို့အတွက် ပရော်ဖက်ရှင်နယ်များကိုသာ ဖိတ်ကြားဖို့ ပါဝင်သည်။ ထို့အပြင် ပျော်စရာ ကစားနည်းများကိုလည်း စီစဉ်ပေးထားသေးသည်။

အမှန်ပင်။ ပရော်ဖက်ရှင်နယ်များ ဖိတ်ကြားဖို့နဲ့ ဝန်ထမ်းတွေကို ကစားနည်း ကစားရန် ဖိတ်ကြားဖို့အတွက် အပိုထပ်ဆောင်း ဘက်ဂျက်ကိုလည်း ပြင်ဆင်ပေးထားပါသေးသညသ်။ ဘာပဲဖြစ်ဖြစ် ဂိမ်းက ဘယ်လောက်ပဲ အသေးအဖွဲဆန်ပါစေ ဝန်ထမ်းတွေကို ကောင်းမွန်စွာ ကစားနိုင်သည့်အတွက် ဆုချရမည်။

ခဏလောက်စဉ်းစားပြိးနောက် ဖေးချမ့် စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုမှ မတွေ့ရသေးပါ။ သီချင်းဆိုခြင်း၊ ကခုန်ခြင်းနဲ့ တင်ဆက်ခြင်းတို့က မဆိုးလှပါ။ သို့သော်လည်း ထင်သလောက် စိတ်ဝင်စားဖို့လည်း မကောင်းပေ။

ထိုတင်ဆက်မှုများကို နှစ်ပတ်လည်အစည်းအဝေးပွဲမှာ မဟုတ်ဘဲ ညစာစားပွဲတစ်ခုမှာ ပြုလုပ်ပေးလိုက်လျှင် ကြိုက်နှစ်သက်တဲ့လူ ဘယ်နှယောက်များ ရှိနိုင်မှာ မို့လို့လဲ။

ဝန်ထမ်းတွေကို စတိတ်စင်ပေါ်မှာ ဂိမ်းအသေးစားလေးတွေ ကစားဖို့ ဖိတ်ကြားတာက အရှက်ရစရာ ကစားနည်းတွေ ကစားခိုင်းထားထက်တော့ ပိုကောင်းပါသည်။ သို့သော် ခွကျတာတော့ ကျနေဆဲပင်။

ဘာပဲဖြစ်ဖြစ် ဘယ်သူကမှ ကစားနည်း လာကစားကြတာ မဟုတ်ပါ။ ဆုတွေရဖို့ လာကြခြင်းသာ။

ဝန်ထမ်းတွေက ယူနိုင်သမျှယူဖို့ ရောက်လာတာဖြစ်ပြီး ဘော့စ်ဖေးကလည်း ပေးနိုင်သလောက် ပေးချင်တာမို့ ခွကျတဲ့ ပရိုဂရမ်တွေ အကုန်လုံးကို ဖယ်ရှားမပစ်လိုက်သင့်ဘူးလား။

ခဏလောက်စဉ်းစားပြီးနောက် ဖေးချမ့် ပြောလိုက်သည်။

"ငါတို့ ပရိုဂရမ်တွေနဲ့ ကစားနည်းတွေကို ဖယ်လိုက်လို့ ရတယ်။ ကျင်းပမယ့်နေရာကို ဆေးလုံးကောက်စက်နဲ့ အရုပ်ကောက်စက်တွေ ပို့ထားလိုက်။ ကွင်းပစ် ကစားနည်း၊ ထိကပြန်ကစားနည်းနဲ့ အရုပ်သေနတ် ကစားနည်းတွေအတွက် နေရာတွေပါ ဆောက်ထားလိုက်ပါ"

"ပြီးရင် တစ်နေရာလုံးကို အပန်းဖြေလို့ရမယ့် ကစားနည်းတွေ၊ ဆေးလုံးတောင့်တွေ၊ အမွေးပွ အရုပ်တွေ၊ အလှထားအရုပ်တွေ ပေါင်းစုံနဲ့ ဖြည့်ထားလိုက်"

"လူတစ်ယောက်စီကို တိုကင် နည်းနည်းစီ ပေးမယ်။ အဲ့တိုကင်တွေနဲ့ ဂိမ်းကစားလို့ ရတယ်"

"ဟုတ်သားပဲ။ အရုပ်ကောက်စက်လို လှည့်ကွက်များတဲ့ ကစားနည်းတွေကိုလည်း လူတွေ တစ်ခုခု ကောက်လို့ ရနိုင်ချေ အမြင့်ဆုံး ဖြစ်အောင် ချိန်ညှိလိုက်။ နှစ်ပတ်လည်အစည်းအဝေးပွဲမှာ လူတွေ လုပ်ဖို့ လိုတဲ့ အရာ ၂ ခုပဲ ရှိတယ်။ ကစားဖို့နဲ့ စားဖို့ပဲ"

"ငါတို့ ကံစမ်းမဲတွေကို ဆက်တိုက် နှိုက်သွားပေးမယ်။ အားလုံး ဗိုက်အပြည့်စားပြီးတာနဲ့ တိုကင်တွေ ယူပြီး ဆေးလုံးကောက်စက်တွေ၊ အရုပ်ကောက်စက်တွေသွားကစားလို့ရတယ်။ ဆုတွေ အားလုံးကုန်၊ လူတိုင်း ဗိုက်တင်းသွားအောင် စားသောက်ပြီး တိုကင်တွေအားလုံး သုံးပြီးသွားပြီဆိုမှ နှစ်ပတ်လည် အစည်းအဝေးပွဲ တရားဝင် အဆုံးသတ်မယ်"

"ထန်းတာ့က လုပ်ရိုးလုပ်ထုံးတွေနဲ့ အားပေးစကားတွေ ဘာတွေပြောနေမှာမဟုတ်ဘူး။ စတိတ်စင်ပေါ်မှလည်း ဘယ်သူ့ကိုမှ အရူးတက်လုပ်ခိုင်းမှာ မဟုတ်ဘူး"

"စားဖို့ သောက်ဖို့ ပျော်ပါးဖို့ဆိုတာ ငါတို့ နှစ်ပတ်လည် အစည်းအဝေးပွဲရဲ့ Theme ပဲ"

All Chapters