စာမေးပွဲမေးခွန်းတွေက... ပြဿနာရှိနေတယ်
Vol. 24 Ch. 360
ဒီဇင်ဘာလ ၂၀၊ တနင်္ဂလာနေ့...
ယခင်အပတ်တုန်းက ထန်းတာ့စီမံခန့်ခွဲရေးဌာနမှာ နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် ပြင်ဆင်ဖို့ ကြိုးစားနေကြကာ တခြား လုပ်ငန်းခွဲနဲ့ ဌာနတွေကလည်း သက်ဆိုင်ရာ ထုတ်ကုန်များကို ဆက်လက် ဖန်တီးနေကြပါသည်။
ထို့ကြောင့် ဖေးချမ့်တစ်ယောက် အချိန်တွေ ကုန်လွန်ဖို့ ဘာမှလုပ်စရာမရှိဘဲ အပျင်းထူနေရ၏။
ကုမ္ပဏီက လစဉ် ၂၀ ရက်နေ့တိုင်း မင်ယွမ်စားဖိုဆောင်မှာ ဝန်ထမ်းတွေ့ဆုံပွဲ ကျင်းပရမှာ ဖြစ်သည်။ သို့သော်လည်း ဒီနေ့က ထူးခြားပါသည်။
အဘယ့်ကြောင့်ဆိုသော် နှစ်ပတ်လည်အစည်းအဝေးပွဲကို ဒီနေ့သတ်မှတ်ထားတာကြောင့်ဖြစ်၏။ မင်ယွမ်စားဖိုဆောင်နဲ့ ယွီသရေစာလုပ်ငန်းမှ စားဖိုမှူးအားလုံးကို နှစ်ပတ်လည် အစည်းအဝေး တည်နေရာသို့ လွှတ်ထားသည်။
ထန်းတာ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးပွဲက တခြား ကုမ္ပဏီတွေနဲ့ ခြားနားပါလိမ့်မည်။
တခြားကုမ္ပဏီအများစုက ၎င်းတို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးပွဲများကို ညနေခင်းမှသာ ကျင်းပလေ့ရှိကြသည်။ ဆိုလိုတာက အားလုံး နေ့လည်ခင်းမှ ရုံးဆင်းရကာ ပွဲတော်မှာ ည ၇ နာရီ ၈ နာရီလောက်အထိ ဆက်နေရသည်။ သူတို့ရဲ့ အနားယူချိန်ကို အလွန်ထိခိုက်ပါသည်။
အမှန်ပင်။ ဒါမျိုးတော့ ဖေးချမ့် လက်မခံနိုင်ပေ။
ထို့ကြောင့် ထန်းတာ့နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် အစီအစဉ်က ဒီလိုဖြစ်ပါသည်။ အားလုံးက မနက်ခင်းမှာ ပုံမှန်အတိုင်းပဲ အလုပ်လုပ်ကြရမည်။ နေ့လည်ခင်းတွင် နှစ်ပတ်လည်အစည်းအဝေးပွဲကို ကျင်းပပြီး ပုံမှန် အလုပ်ဆင်းချိန် မတိုင်ခင် အဆုံးသတ်ဖို့ ရည်ရွယ်ထားသည်။ သူ့ဝန်ထမ်းတွေရဲ့ အနားယူချိန်ကို ဖေးချမ့် မထိခိုက်စေချင်ပေ။
ထိုအချိန်တွင် ဝူပင်းက သူ့အလုပ်ခုံမှာသူ ထိုင်နေရင်း ဘာမှ လုပ်စရာလည်း မရှိပေ။ အချိန်ဘယ်လိုဖြုန်းရမလဲဆိုတာသာ တွေးနေရပါသည်။
သူ ဘေးပတ်လည်ကို ကြည့်လိုက်သည်...
ဘာဖြစ်လို့ လူတိုင်း အလုပ်တွေ ကြိုးစားပမ်းစား လုပ်နေကြတာလဲ။
ဟန်းထုဂိမ်းမှာသာဆို မကြာခင် နှစ်ပတ်လည် အစည်းအဝေးပွဲ စတင်တော့မည်ဟု ကြားလိုက်ရတာနဲ့ အားလုံး အားအားယားယား ရေသာခိုကာ အချိန်ဖြုန်းနေကြလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမှာ အလုပ်ကို အာရုံစိုက်ထားဖို့က အလွန်ခက်ခဲပါသည်။ သို့သော် ထန်းတာ့မှာတော့ လုံးဝ ခြားနားလျက်ရှိသည်။ အားလုံးက လုပ်စရာရှိတာကို ဆက်လုပ်နေကြပြီး အရင်ကထက်တောင် ပိုအာရုံစိုက်ထားကြပုံပေါက်နေသည်။
ဝူပင်း ကြောင်စီစီဖြစ်သွားရ၏။
ငါတို့ဒီနေ့ နှစ်ပတ်လည် အစည်းအဝေးပွဲ ကျင်းပရမှာလေ။ မင်းတို့ကောင်တွေ ဒီနေ့ညအတွက် စိတ်လှုပ်ရှား မနေသင့်ဘူးလား။ အလုပ်တွေ အာရုံစိုက်ဖို့ အခက်တွေ့နေကြရမှာ မဟုတ်ဘူးလား။
ဘာလို့ ကီးဘုတ်တွေ တစ်တောက်တောက် နှိပ်ရင်း အလုပ်ရှုပ်နေကြတာလဲ။
သရုပ်ဆောင်နေကြတာလား။
မဖြစ်နိုင်ပါ။ ဝူပင်းက သူ့ဘေးကလူကို တစ်ချက် လှမ်းကြည့်လိုက်ရာ တကယ် အလုပ်လုပ်နေတာဖြစ်မှန်း မြင်လိုက်ရသည်။ တခြားသူတွေနဲ့ စာပို့နေတာ မဟုတ်သလို ကျပန်း ဝက်ဘ်ဆိုက်တွေ လျှောက်ကြည့်နေတာလည်း မဟုတ်ပေ။
ဝူပင်း တိုးတိုးလေး မေးလိုက်၏။ "ခဏနေရင် နှစ်ပတ်လည် အစည်းအဝေးပွဲ စတော့မှာလေ။ ဘာလို့ အားလုံး ဒီလောက် အလုပ်များနေကြတာလဲ"
ထိုလူက ကော်ဖီတစ်ငုံသောက်လိုက်ရင်း ဖြေလလိုက်သည်။ "အဲ့တာ ပုံမှန်ပဲ မဟုတ်ဘူးလား"
"နှစ်ပတ်လည် အစည်းအဝေးပွဲက နေ့လည်ခင်းမှာ ကျင်းပမှာလေ။ အဲ့တာကြောင့် ဒီနေ့ အလုပ်တွေ အကုန်ပြီးအောင် မနက်ခင်းကတည်းက စုပြုံပြီး လုပ်ထားရတာပေါ့ဗျာ"
"လုပ်စရာကလည်း သိပ်မရှိပါဘူး။ စောစောပြီးလေလေ၊ စောစော နားရလေလေပဲ။ ကျွန်တော်တို့ ထပ်ပြီး အချိန်ဆွဲနေရင် အချိန်ပိုလုပ်ခွင့် ရဖို့ကလည်း ခက်တယ်ဗျ"
ဝူပင်း ဆွံ့အသွားသည်။
အချိန်ပိုလုပ်ခွင့်ရဖို့ခက်တယ်ဆိုတာ ဘာကို ပြောတာလဲ။
ဝန်ထမ်းတွေ လွတ်လွတ်လပ်လပ် အချိန်ပိုလုပ်ခွင့် မရှိကြောင်း ဝူပင်း ပထမဆုံးအကြိမ်အဖြစ် ကြားဖူးတာ ဖြစ်သည်။ တကယ်တော့ အကန့်အသတ်တောင် ရှိနေသည်။ ထို့ကြောင့်လည်း အားလုံးက အလွန်ကြိုးစားနေကြတာ ဖြစ်သည်။ သူတို့မှာ သတ်မှတ်ထားတဲ့ ပုံသေတာဝန်တွေ ရှိနေကြပါသည်။
တခြားကုမ္ပဏီတွေဆို ကိုယ့်ဝန်ထမ်းတွေ အချိန်ပိုလုပ်အောင် ကြံစည်ရတာကို သဘောကျကြသည်။ ဝန်ထမ်းတွေကို အလုပ်တစ်ခုလုပ်ဖို့ အချိန် ၁၀ နာရီပေးပြီး ဝန်ထမ်းတွေက စောစောပြီးသွားပါက နောက်ထပ် အလုပ်တွေ ထပ်ပေးကြလိမ့်မည်။
ထို့ကြောင့် ထိုဝန်ထမ်းတွေကလည်း အချိန်ကို အေးဆေးယူကာ နောက်ဆုံးမိနစ်ကျမှ အလုပ်ကို တင်ပြလိုက်တာ အကောင်းဆုံးဖြစ်မည်ဟု ထင်ကြသည်။
ထန်းတာ့ကတော့ ထူးခြား၏။ အလုပ်တွေလည်း အများကြီး ရှိသည်။ သို့သော် ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ အလုပ်ချိန်ကို တတ်နိုင်သမျှ လျှော့ချဖို့ ကြိုးစားနေသည်။
ဒီကဝန်ထမ်းတွေကို အလုပ်ချိန် ၈ နာရီသာ တင်းတင်းကြပ်ကြပ် သတ်မှတ်ပေးထားသည်။ သူတို့ ၁ နာရီလောက် အချိန်ပိုလုပ်ချင်တောင် လုပ်ခွင့်ရမလား မရဘူးလားဆိုတာက ဘော့စ်ဖေးရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်ပါသည်။
ထို့အပြင် တာဝန်တွေကို ပုံသေသတ်မှတ်ထားသည်။ သူတို့ စောစောပြီးရင်တောင် တာဝန်အသစ် ထပ်မံ ပေးအပ်ခံရမှာ မဟုတ်ပေ။
ထို့ကြောင့် လူပေါင်းများစွာက အလုပ် သေသေချာချာ လုပ်ကိုင်ဖို့ အသားကျလာကြပါသည်။
တစ်ဖက်မှာတော့ အလုပ်ကိုစောစောပြီးမြောက်ခြင်းဖြင့် စောစောအနားယူနိုင်လိမ့်မည်။ နောက်တစ်ဖက်မှာတော့ သူတို့ အလုပ်ကို မပြီးမြောက်ဘဲ နောက်ပိုင်း အချိန်ပိုလည်း လုပ်ခွင့်မရပါက Deadline မတိုင်ခင် အလုပ်တွေ အပြီးသပ်နိုင်မှာ မဟုတ်ပါ။
ဒီနေ့ အားလုံးရဲ့နေ့လည်ခင်းက နှစ်ပတ်လည်အစည်းအဝေးပွဲကြောင့် အချိန်ကုန်ဆုံးလိမ့်မည်။ ထို့ကြောင့် မနက်ခင်းမှာ တတ်နိုင်သမျှ အလုပ်များများပြီးမြောက်အောင် ကြိုးစားကြရပါမည်။
အမှန်ပင်။ သူတို့တွေက အလွန့်အလွန် ဖန်တီးနိုင်စွမ်း ရှိကြပါသည်။
ဝူပင်းလည်း အနည်းငယ် စိတ်ခံစားချက်ဖြစ်သွားမိ၏။ ထန်းတာ့က တကယ်ကြောက်ဖို့ကောင်းပါသည်။ ဘာလို့ တခြားကုမ္ပဏီတွေရဲ့ လုံးဝဆန့်ကျင်ဘက်တွေကိုပဲလိုက်လုပ်နေကြတာလဲ။ ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုကို ထွန်းညှိပေးဖို့အတွက် ကုမ္ပဏီမှာ အထူးနည်းလမ်းတစ်ခုခုရှိနေတာဖြစ်မည်။
ဒီလိုဆို...
ဝူပင်းလည်း အလုပ်များ အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ကာ ကုမ္ပဏီထဲ ဝင်ဆံ့နိုင်အောင် လုပ်ရပါမည်။
ခပ်မြန်မြန်ပဲ ထိုအချက်တွေအားလုံးကို စိတ်ထဲမှတ်သားလိုက်၏။
အဘယ့်ကြောင့်ဆိုသော် ဒီမနက်မှာပဲ ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲကို ဖြေဆိုရမှာ ဖြစ်တာကြောင့်ပင်။
သူ့အတွက် ပထမဆုံးအကြိမ် ဖြေဆိုခြင်း ဖြစ်၏။ အောင်မြင်သွားပါက ရာထူးတစ်ခုခုရပြီး ထန်းတာ့ရဲ့ ဝန်ထမ်း ဖြစ်လာပါတော့မည်။
ကျသွားပါက အခွင့်အရေး ၃ ခါ ရှိဦးမည်။
ကုမ္ပဏီတစ်ခုက ပိုထူးခြားလေလေ ခံယူချက်ကို နားလည်ဖို့ပိုခက်လေလေပဲဆိုတာ ဝူပင်းကောင်းကောင်းကြီး သိနေပါသည်။
ထို့ကြောင့် ဘယ်လိုမေးခွန်းမျိုးတွေ မကြာခင် မေးလာမလဲဆိုတာ ဝူပင်း မသိပါ။ မကြာမီ အချိန်ကျလာခဲ့သည်။
မနက် ၁၁ နာရီတွင် ဝူပင်း အစည်းအဝေးခန်းထဲသို့ ဝင်လာ၏။ အခန်းထဲမှာ လက်ပ်တော့များစွာ ရှိနေပါသည်။ ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲ ပရိုဂရမ်ကို လက်ပ်တော့တိုင်းမှာ ဖွင့်ထားပါသည်။
ဖြေဆိုသူက ဝင်းဒိုးပြောင်းလဲလို့မရသလို ပရိုဂရမ်ထဲက ထွက်လို့လည်း မရပါ။ မေးခွန်းအားလုံးကို ဖြေဆိုပြီးခါမှ အဖြေလွှာကို တင်ခွင့်ရပါမည်။
ထို့အပြင် စီမံခန့်ခွဲရေးဌာနက လူတွေက စာမေးပွဲခန်းစောင့်ဖို့ ရှိနေကြသည်။ အချင်းချင်း စကားပြောလို့မရသလို ဖုန်းတွေလည်း သုံးလို့ မရပေ။
ဝူပင်း ပတ်ကြည့်လိုက်ရာ ဒီတစ်ခေါက် စာမေးပွဲအတွက် လူ ၂၀ ကျော် ဖြေဆိုမှာကို မြင်လိုက်ရပါသည်။
ဒီလူတွေအားလုံးက အရင်တစ်ခေါက် ဝန်ထမ်းခေါ်ယူမှုအသုတ်မှာ ရွေးချယ်ခံထားရသူတွေတော့ မဟုတ်ပေ။ တချို့က အရင်အလုပ်များကို ထွက်ဖို့ လုပ်နေရင်း တန်းလန်းဖြစ်ကာ ကုမ္ပဏီကိုလည်း မဝင်ရောက်ရသေးပါ။
အခန်းထဲက ဝန်ထမ်း ၂၀ ဝန်းကျင်စလုံးက ဝူပင်းလိုပင်။ ရွေးချယ်ခံရပြီးနောက် အရင်အလုပ်များကို ချက်ချင်း ထွက်ခဲ့ကြသည်။ ထို့ကြောင့် ဒီတစ်သုတ်ကို အချိန်မှီ ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါသည်။
အစည်းအဝေးခန်းထဲက သွင်ပြင်အနေအထားက အနည်းငယ် အေးချမ်းနေမှန်း ဝူပင်းသတိထားမိသည်။ လူတွေက ရယ်မော စကားပြောနေကြတာ မဟုတ်သော်လည်း ဘယ်သူကမှ ဆူပုတ်ပြီး စစ်ဖြစ်တော့မယ့်မျက်နှာမျိုးတွေ ဖြစ်မနေကြပေ။
အစိုးရလုပ်များအတွက် လူတွေ့စာမေးပွဲ သို့မဟုတ် တချို့ တက္ကသိုလ်တွေက ကျင်းပလေ့ရှိသည့် စိတ်ဓာတ်ရေးရာ စမ်းသပ်ချက်များနဲ့ တူညီကာ မအောင်တဲ့သူ အနည်းငယ်သာ ရှိလိမ့်မည်ဟု ထင်ထားကြမှန်း သိသာပါသည်။
အများစုက မေးခွန်းတွေကို စိတ်ထဲမှန်တာ ဖြေလိုက်ရင် အောင်မြင်လိမ့်မည်ဟု ထင်ထားကြသည်။ သူတို့အတွက် ဒါက လုပ်ရိုးလုပ်စဉ်တစ်ခုပင်။
မကြာခင် အားလုံး ထိုင်ခုံမှာ ထိုင်လိုက်ကြပြီး စာမေးပွဲ စတင်ခဲ့ပါသည်။
ဝူပင်းလည်း အသက်ဝဝရှူသွင်းလိုက်ပြီး မောက်စ်ကိုကိုင်ကာ ပထမမေးခွန်းကို ဖတ်ကြည့်လိုက်လေသည်။
'အလုပ်ဆင်းဖို့အချိန်ဖြစ်ကာ မပြီးမြောက်သေးတဲ့ အလုပ်တစ်ခု လက်ထဲမှာ ရှိနေလျှင် သင်လုပ်သင့်တာက:'
ရွေးချယ်နိုင်သည့် အဖြေများကိုကြည့်ရင်း ဝူပင်း ချက်ချင်း မျက်မှောင်ကြုတ်သွားရသည်။
"အဲ့လောက်တောင် ရိုးရှင်းတာလားဟ။ ဒါပေါ့ အလုပ်မပြီးမှတော့ အချိန်ပိုလုပ်ရမှာပေါ့။ ဘယ်သူမှ 'မနက်ဖြန်မှလုပ်မည်' ဆိုတာကို မရွေးလောက်ဘူး ဟုတ်တယ်မလား"
"လခွမ်း။ အထက်လူကြီးကို ပြန်ခံပြောမယ်ဆိုတဲ့ အဖြေတောင် ပါသေးတယ်ဟ။ အဲ့အဖြေကို ရွေးတဲ့လူတိုင်း ချက်ချင်း အလုပ်ဖြုတ်ခံရနိုင်တယ်မလား"
ဝူပင်း ဒီစာမေးပွဲကို ထူးဆန်းသည်ဟု ထင်စပြုလာပါပြီ။ ရယ်တောင် ရယ်ချင်သွား၏။
ဒီမေးခွန်းတွေက သူမျှော်လင့်ထားတာနဲ့ အလွန်ခြားနားနေပါသည်။ စာမေးပွဲ မေးခွန်းတွေက ရှုပ်ထွေးပြီး ခက်ခဲကာ အဖြေတွေက အလွန်ရွေးရခက်လိမ့်မည်ဟု ဝူပင်းထင်ထားခဲ့ပါသည်။ 'မိန်းမနဲ့ အမေပင်လယ်ထဲပြုတ်ကျသွားရင် ဘယ်သူ့ကို အရင်ကယ်မလဲ' ဟူသည့် မေးခွန်းတွေ နီးပါး ခက်ခဲလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။
သို့သော်လည်း လက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့် စာမေးပွဲက အတော် ရိုးရှင်းပါသည်။
အမှန်ပင်။ သာမန်လုပ်ရိုးလုပ်စဉ်လေးတစ်ခုသာ ဖြစ်သည်။
EQ နိမ့်တဲ့ လူသစ်လေးတွေဆိုရင်တောင် ဒီလိုမေးခွန်းတွေအတွက် အဖြေကို သိနိုင်တာပဲမဟုတ်လား။ ဝူပင်းလည်း ခပ်မြန်မြန်ပဲ အချိန်ပိုလုပ်မည်ဟူသည့် အဖြေကို ရွေးလိုက်ပြီး အဆုံးသတ်ဖို့ ပြင်လိုက်၏။ သို့သော် အဖြေကို တင်သွင်းဖို့ ကြံစည်လိုက်စဉ် တစ်ခုခုလွဲနေတာကို သတိထားလိုက်မိပါသည်။
တကယ်ပဲ ဒီလောက်ထိ ရိုးရှင်းတာလား။ ဒါလေးအတွက်နဲ့ စာမေးပွဲကျင်းပခဲ့တာလား။
သူ့အတွေ့အကြုံကို ချက်ချင်း ပြန်စဉ်းစားကြည့်လိုက်ပါသည်။
ထန်းတာ့ဝန်ထမ်းအများစုက အလွန်ထူးချွန်ကြသည်။ ထို့ကြောင့် အလုပ်ကို မပြီးမြောက်တဲ့ ဖြစ်ရပ်မျိုး လုံးဝ မဖြစ်နိုင်ပါ။ ဖြစ်လာခဲ့ရင် အလုပ်မှာ မကျွမ်းကျင်တဲ့သဘောကို ဆောင်ပြီး ဒါဆို...
အလုပ်ပြီးမြောက်အောင် အချိန်ပိုလုပ်ရမှာပဲ ဟုတ်တယ်မလား။
ဝူပင်း ဒီမေးခွန်းတွေကို နက်နက်ရှိုင်းရှိုင်း ထပ်စဉ်းစားဖို့ ကြိုးစားသည်။ သို့သော် အဖြေကတော့ မပြောင်းလဲပါ။
"...ဧကန္တ ငါအတွေးလွန်နေတာပဲဖြစ်မှာပါ"
"ပထမမေးခွန်းပဲ ရှိပါသေးတယ်။ အဲ့လောက်ကြီး ဇဝေဇဝါဖြစ်နေဖို့ မလိုဘူး။ ဆက်ဖတ်လိုက်ဦးမယ်"
ဝူပင်း မေးခွန်းတွေကို ခပ်မြန်မြန် ဖြေဆိုလိုက်သည်။
မေးခွန်းတွေကို လေးလေးနက်နက် တွေးကြည့်ချင်သော်လည်း... ဘာမှ တွေးစရာ ရှိမနေပါ။
ဘယ်ရှုထောင့်ကကြည့်ကြည့် ဒီမေးခွန်းတွေအတွက် အဖြေက သိသာနေတာချည်းပင်။
မေးခွန်းတွေကို ဆက်ဖြေရင်း ဝူပင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားရသည်။
"ဟမ်။ ဒီမေးခွန်းကို ခုနကဖြေပြီးသား မဟုတ်ဘူးလား။ မေးခွန်းတွေ အရမ်းများနေတာလား။ မေးခွန်းဘဏ်က သေးလွန်းလို့လား"
ဝူပင်း မေးခွန်းကို သေသေချာချာ ဖတ်ကြည့်လိုက်ရာ အရင်ကတစ်ခုနဲ့ တော်တော်လေးကို ဆင်တူနေမှန်း မြင်လိုက်ရသည်။ နှစ်ခုစလုံးက အချိန်ပိုလုပ်တာနဲ့ ပတ်သတ်နေသည်။ သို့သော် ဒီမှာ စာလုံးအပိုတချို့ ပါလာသည်။ 'ဘော့စ်ဖေးက ခိုင်းရင်' ဟူသည့် စကားလုံး ဖြစ်သည်။
"ဟမ်... မေးခွန်းထပ်တာတော့ မဖြစ်နိုင်ပါဘူး"
"ဆိုလိုတာက အဲ့ဒီမေးခွန်း ၂ ခုအကြားမှာ ငါ့အဖြေက ခြားနားသင့်တယ်ဆိုတဲ့သဘောလား"
"ဘော့စ်ဖေးက ခိုင်းရင် ငါအချိန်ပိုလုပ်သင့်လား"
"အဲ... ဒီမေးခွန်းက ခုနကဟာနဲ့ မတူလောက်ဘူး"
"ဘော့စ်ဖေးက ငါတို့ကို အချိန်ပို မလုပ်ဖို့ လေးလေးနက်နက် ပြောထားတာ။ သူက အဲ့ဒီတာဝန်ကို စောင့်ကြည့်နေမှာဆိုတော့ ငါအချိန်ပိုမလုပ်သင့်ဘူး"
"ဆိုလိုတာက 'အချိန်ပိုလုပ်မယ်'ဆိုတဲ့ အဖြေကို မရွေးသင့်ဘူး"
"အနှစ်ချုပ်ပြောရရင် ငါ့အလုပ်ကို မပြီးရင် ငါအလုပ်လုပ်တာ သွက်လက်မှု မရှိလို့ပေါ့။ အဲ့တာကြောင့် အလုပ်ပြီးအောင် အချိန်ပိုလုပ်ရမယ်၊။ ဒါပေမယ့် ခိုးကြောင်ခိုးဝှက်ပဲ လုပ်လို့ ရတယ်။ ဘော့စ်ဖေးသာ သိသွားရင် ငါအချိန်ပိုလုပ်ခွင့်ရှိမှာ မဟုတ်တော့ဘူး။
"ဟုတ်တယ်။ အဲ့လိုပဲဖြစ်မယ်"
ဝူပင်းက အဖြေကို အလွန် ကျိန်းသေနေပါသည်။ သို့သော်လည်း စာမေးပွဲမှာ မေးခွန်းပေါင်းများစွာ ပါဝင်သဖြင့် ဒီမေးခွန်းလေးတစ်ခုကို မှားရင်တောင် ခြားနားမှု သိပ်မရှိလောက်ဘူးဟု တွေးလိုက်ပါသည်။ ထို့ကြောင့် ခပ်မြန်မြန်ပဲ ကျော်လိုက်ပါသည်။
မကြာမီ မေးခွန်းတွေ အားလုံးကို ဖြေဆိုလို့ ပြီးသွားခဲ့သည်။
အစကတော့ အဖြေမှန်တွေကို သိရဖို့ အချိန်ခဏလောက်ကြာလိမ့်မည်ဟု ဝူပင်း ထင်ခဲ့သည်။ သို့သော်လည်း သူ့အဖြေလွှာကိုတင်လိုက်တာနဲ့ 'စာမေးပွဲရလဒ်ကြည့်ရှုရန်' ဟူသည့် ခလုတ်တစ်ခုကို ဖန်သားပြင်ပေါ်မှာ မြင်လိုက်ရပါသည်။
ဝူပင်း ရပ်တန့်သွားသည်။ "ချက်ချင်း ရလဒ်တွေကို ကြည့်လို့ရတာလား"
ချက်ချင်းပဲ ရင်ထဲ ဂယောက်ဂယက်ဖြစ်သွားရသည်။
သို့သော်လည်း ခဏလောက်တွေးကြည့်ပြီးနောက် ဘာမှဂယောင်ချောက်ချားဖြစ်စရာမလိုမှန်း နားလည်လိုက်ရပါသည်။ ဒီစာမေးပွဲက သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်သည်။
မေးခွန်း ၁ ခု ၂ ခုလောက် မှားရင်တောင် အောင်မြင်မှာပဲ မဟုတ်လား။
ခလုတ်ကို နှိပ်ဖို့ကြံလိုက်စဉ် သူ့မျက်နှာချင်းဆိုင်ကလူက တုန်လှုပ်ချောက်ချားစွာဖြင့် ခပ်စူးစူး အော်ဟစ်လိုက်သည်။
"ဘာလဲဟ"
ဝူပင်းလည်း မော့ကြည့်လိုက်ရာ ထိုလူက ကွန်ပျူတာ ဖန်သားပြင်ကို မယုံကြည်နိုင်စွာ ကြည့်နေမှန်း မြင်လိုက်ရပါသည်။ မကြာမီ အခန်းတစ်ခန်းလုံးမှာ အံ့သြတုန်လှုပ်သွားသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာကြသည်။
မေးခွန်းတွေက ရိုးရှင်းပြီး နားလည်ရလွယ်ကူတာကြောင့် လူအများစုက ဖြေဆိုဖို့ အချိန်အများကြီးတောင် မယူရပါ။ ထို့ကြောင့် လူတိုင်း တစ်ပြိုင်တည်းလိုလို ပြီးသွားကြခြင်း ဖြစ်သည်။
ထိုအံ့သြတုန်လှုပ်သံများက မကြာမီအခန်းထဲမှာ ပျံ့နှံ့သွားလေသည်။ လူအများစုကတော့ အော်လည်းမအော် အသံလည်း မထွက်ကြပါ။ သို့သော် သူတို့မျက်နှာပေါ်က ထူးဆန်း အံ့သြမှင်သက်နေတဲ့ မျက်နှာတွေကို ကြည့်ခြင်းအားဖြင့် ဝူပင်း သိချင်တာ အကုန် သိလိုက်ရပါသည်။
တစ်ခုခုလွဲနေတာကို ဝူပင်း ရုတ်တရက် သိလိုက်ရသည်။ မေးခွန်းတွေက အရမ်း လွယ်တာ မဟုတ်ဘူးလား။ လူတွေအများကြီး စာမေးပွဲကို ကျစရာလား။
ခပ်မြန်မြန်ပဲ သူ့မောက်စ်ကို ရွှေ့ကာ 'စာမေးပွဲရလဒ်ကြည့်ရှုရန်' ခလုတ်ကို နှိပ်လိုက်သည်။
ဖန်သားပြင်ပေါ်မှာ စာကြောင်းတစ်ကြောင်းသာ ပေါ်လာသည်။ 'စိတ်မကောင်းပါဘူး... ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲကို သင် မအောင်မြင်ပါ။ ကျေးဇူးပြုပြီး ထပ်ကြိုးစားပေးပါ"
ဝူပင်း ဆွံ့အသွားသည်။
သွားပြီ...
ဒီရလဒ်ကို သူလုံးဝ မျှော်လင့်မထားပေ။ မေးခွန်းတွေက အရမ်းရိုးရှင်းတာ မဟုတ်ဘူးလား။ ဘာလို့ အကုန်လုံးကို မှားသွားရတာလဲ။
ထို့အပြင် မေးခွန်း ၁ ခုလည်းမဟုတ် ၂ ခုလည်းမဟုတ် အများကြီး မှားခဲ့တာ ဖြစ်သည်။
ဝူပင်း အလွန် စိတ်ရှုပ်ထွေးသွား၏။ မေးခွန်းတွေကို ပြန်စဉ်းစားကြည့်ဖို့ ကြိုးစားသေးသည်။ သို့သော်လည်း သူ့အဖြေတွေမှာ ဘာပြဿနာမှ ရှာမရပေ။ သူဘယ်နား မှားသွားခဲ့တာလဲ။ ဘေးပတ်လည်ကို ကြည့်လိုက်ရာတွင်လည်း လူတိုင်းက မတူညီစွာ တုန့်ပြန်နေကြတာကို မြင်လိုက်ရပါသည်။ သို့သော်လည်း အားလုံးရဲ့ မျက်နှာတွေကတော့ အံ့သြတုန်လှုပ်မှုများနဲ့ ပြည့်နှက်နေသည်။
"ဝိုး ငါ တကယ်ကြီး အောင်သွားပြီဟ"
"ဘယ်လိုဖြစ်လို့ ငါကျသွားတာလဲ။ ဘာဖြစ်တာလဲဟ"
"ဆိုးရွားလိုက်တာ"
လူအများစုက မှင်သက်ကာ ဇဝေဇဝါဖြစ်သွားကြသည်။ သို့သော်လည်း တချို့ကတော့ အံ့အားသင့် ပျော်ရွှင်သွားရ၏။။ သို့သော်လည်း အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ အားလုံးက မေးခွန်းတွေကြောင့် ဇဝေဇဝါတော့ ဖြစ်နေကြပါသည်။
အောင်သွားတဲ့လူတွေကို ဘယ်လိုဖြေလိုက်တာလဲဟု ဝူပင်း တကယ်မေးချင်မိသည်။ သို့သော်လည်း စာမေးပွဲစောင့်နေသည့် စီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းတွေက လူတွေကို အခန်းထဲမှ မောင်းထုတ်လေသည်။
"စာမေးပွဲဖြေဆိုပြီးရင် ကျေးဇူးပြုပြီး အခန်းထဲက ချက်ချင်း ထွက်ခွာပေးကြပါရှင်။ မေးခွန်းတွေအကြောင်း ဆွေးနွေးခွင့် မရှိပါဘူး။ ဒီတစ်ခေါက် မအောင်မြင်လည်း ကိစ္စမရှိပါဘူး။ နောက်ထပ် အခွင့်အရေး ၃ ခါ ရှိပါသေးတယ်"
"ကျေးဇူးပြုပြီး ထန်းတာ့ခံယူချက်အကြောင်း လေ့လာဖို့ ကျန်တဲ့အချိန်တွေကို အသုံးချလိုက်ပါ။ နောက်တစ်ခေါက်မှာ အောင်မြင်ကြပါစေ "
အူကြောင်ကြောင်ဖြစ်စွာ ဝူပင်း ကိုယ့်အလုပ်နေရာကိုကိုယ်ပြန်လာခဲ့သည်။
"ဘယ်လိုလဲ။ အောင်သွားလား" ဘေးက လူက ကီးဘုတ်ရိုက်ကာ အလုပ်လုပ်နေရင်း လှမ်းမေးလို်ကပါသည်။
ဝူပင်းက မှင်သက်နေဆဲဖြစ်ကာ ခေါင်းခါလိုက်ပါသည်။ "မအောင်ဘူး'
ထိုလူရဲ့ ခေါင်းထဲမှာ မေးခွန်းသင်္ကေတတွေနဲ့ ပြည့်နှက်သွားတာ သိသာပါသည်။ သို့သော်လည်း ဝူပင်းကိုတော့ နှစ်သိမ့်ပေးလိုက်သေး၏။ "စိတ်မပူပါနဲ့။ ကျွန်တော်တို့ဆီ ရောက်တာ မကြာသေးလို့ ထန်းတာ့ခံယူချက်အကြောင်း သိပ်မသိသေးတာဖြစ်မှာပါ။ ဆက်ကြိုးစား။ နောက်ပိုင်း အခွင့်အရေးတွေ ရှိသေးတာပဲကို"
ဝူပင်း ".... ထန်းတာ့ခံယူချက်ဆိုတာ ဘာလဲ"
ထိုလူလည်း အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလိုက်သည်။ "ခင်ဗျားပြောမှပဲ... ကျွန်တော်လည်း မသိဘူး..."
ဝူပင်းဆွံ့အသွားသည်။
ကြည့်ရတာ စာမေးပွဲက သူ ထင်ထားသလောက် မရိုးရှင်းတော့သည့်ပုံပင်။