ကြွယ်ဝမှုအား ကြွားလုံးထုတ်ခြင်း
Vol. 38 Ch. 568
ဆန်းကြယ်ကျွန်း မွေးဖွားလာသည့် အခိုက်အတန့်မှာပင် ပထမဆုံး ဆန်းကြယ်မှု ဖြစ်ပေါ်လာလေပြီ။
လူတိုင်း ထိတ်လန့်တကြား ဖြစ်နေချိန်မှာပင် ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် ငါးမန်း၏ အလောင်းကို ကမ်းစပ်သို့ ဆွဲလာ၏။
ထိုအခါတွင်မှ ရဲ့လင်းချန်က သတင်းကြားပြီး ရောက်လာသည်။ သို့သော် သူသည် အလန့်တကြား ဖြစ်မနေဘဲ အေးအေးဆေးဆေး လမ်းလျှောက်လာနေလေသည်။ အဖြစ်အပျက်ကို မြင်ပြီးနောက် သူ၏ အမူအရာက ဤသို့ ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားမိပုံ ပေါ်နေသည်။
မကြာခင်မှာပင် ရှောင်ချင်နှင့် ရှောင်ဟွေတို့က ငါးမန်းနှင့်အတူ ရောက်လာပြီး ချီးကျူးခံရရန် စိတ်အား ထက်သန် နေကြသည်။
“ဒယ်ဒီ ကြည့်ပါဦးဗျ၊ ကျွန်တော်တို့ ဒယ်ဒီအတွက် ငါးသေးသေးလေး တစ်ကောင် ဖမ်းလာတယ်”
နောက်ဆုံး၌ နေ့လယ်စာ စားချိန်သို့ ရောက်လာပြီး အလွန် ရှားသော ပင်လယ်စာကလည်း မပါမဖြစ်ပင်။
ငါးမန်းသားက အလွန် အရသာမရှိဟု ပြောရပေမည်။ ၎င်း၏ အသားက ခြောက်သွေ့ပြီး ဝါးရန် အတော်လေး အားစိုက်ရသည်။ ယင်းက မာကြောသော ကြွက်သားကို ပင်လယ်ရေထဲ၌ အလွန် ကြာမြင့်စွာ နှစ်မြှုပ်ထားသလိုပင်၊ အရသာက စိတ်ကျေနပ်စရာ မကောင်းပါ။
နေ့လယ်စာ စားပြီးနောက် ဆရာဟောင်က ဆောက်လုပ်ရေး စတင်ရန် လူအင်အားကို စတင် စီမံလေသည်။
ဆေးဝါး ထုတ်လုပ်၊ဖြန့်ချိရေး စက်ရုံ၏ လုပ်ငန်းစဉ်က တစ်နိုင်ငံလုံးမှ လူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ လက်ရှိတွင် ထိုတာဝန်က အရေးအကြီးဆုံး ဖြစ်နေ၏။ ရဲ့လင်းချန်က တစ်ခဏမျှ ဘေးရွှေ့ထားချင်လျင်တောင်မှ ချင်ပိုင်ချွမ်းက သဘောမတူချေ။
တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်က အိုးရန်ချင်း၏ လုပ်ငန်းကိုလည်း စာရင်းထဲ ထည့်လိုက်သည်။ ဝမ်ရုံ နည်းပညာသည် နောက်ဆုံးပေါ် နည်းပညာ အဖြေများကို ထောက်ပံ့ပေးမည် ဖြစ်သောကြောင့် ရဲ့လင်းချန်က နောက်ဆုံးပေါ် နည်းပညာများကို ရေးဆွဲပေးသဖြင့် အိုးရန်ချင်းအတွက် ၎င်းတို့ကို သုတေသနလုပ်၍ အဆောက်အဦး၌ မြန်နိုင်သမျှ မြန်မြန် တပ်ဆင်နိုင်မည့် အခွင့်အရေး ရသွားပေမည်။
သူသည် အဆင့်မြင့်၍ ဉာဏ်ရည်မြင့်မားသော ဌာနချုပ်များကို တည်ဆောက်ရန် ပြင်ဆင်ထားခဲ့သည်။
“ဥက္ကဋ္ဌရဲ့၊ ဒီလိုဆိုရင် အသုံးစရိတ်က အများကြီး ကျော်သွားမှာကို စိုးရိမ်မိပါတယ်”
အိုးရန်ချင်းက အသာ မျက်မှောင်ကြုတ်၍ ပြောလာသည်။
ရဲ့လင်းချန် ပြောခဲ့သော နည်းပညာမြင့် ပစ္စည်းများအားလုံးက အလွန် ထူးခြားသည်။ ဆောက်လုပ်ရေး စရိတ်နှင့် အချိန်တိုအတွင်း အလုပ်ကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ရန် လိုအပ်ခြင်းတို့ကိုပါ ပေါင်းလိုက်လျင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခု လိုအပ်ပေလိမ့်မည်။
ဦးစားပေးလုပ်ငန်းက ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံ ဆောက်လုပ်ရေး ဖြစ်သော်လည်း ကျွန်း၏ အခြား အပိုင်းများကို လုံးဝ လျစ်လျူရှုထား၍ မဖြစ်ပေ။ အနည်းဆုံး အခြေခံ ဆောက်လုပ်ရေးများနှင့် မြစ်ဘေး ပတ်ဝန်းကျင်ကိုပါ တွဲ၍ လုပ်ဆောင်ရပေမည်။
လက်ရှိတွင် ရဲ့လင်းချန်၏ ရန်ပုံငွေက သန်းခြောက်ဆယ်သာ ရှိသေးသည်။ နိုင်ငံက ကုန်ကျစရိတ်ကို တစ်ဝက် လျှော့ပေးလျင်တောင်မှ မလုံလောက်သေးပေ။
“အဆင်ပြေတယ်၊ မင်းရဲ့ အလုပ်က ဆောက်လုပ်ဖို့ပဲ၊ ငွေက မကြာခင် ရလာလိမ့်မယ် …”
ရဲ့လင်းချန် ပြုံးလိုက်ပြီးနောက် တီးတိုး ရေရွတ်လေသည်။
“… အဲ့လူတွေသာ မတုံးဘူးဆိုရင်ပေါ့”
ညနေခင်းတွင် လူတိုင်း ကျွန်းပေါ်၌ လှည့်ပတ်သွားလာနေစဉ်တွင် ရဟတ်ယာဉ်တစ်စင်းက အရှိန်ဖြင့် မောင်းနှင် လာသည်။ ၎င်းက ကျွန်းပေါ် တည့်တည့်၌ ရပ်သွားပြီးမှ အောက်သို့ ဆင်းလာ၏။
ထို့နောက် အနက်ရောင် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည်။
သူမက ဘေးပတ်လည်မှ လူများကို တစ်ချက်ဝေ့ကြည့်၍ နေကာမျက်မှန်ကို ချွတ်လိုက်သည်။ ထိုအခါ ထက်မြက်၍ ကြောက်လန့်စိတ် မရှိသော လှပသည့် မျက်နှာတစ်ခု ပေါ်လာလေသည်။
သူမက အသာအယာ ပြောလာသည်။
“ကျွန်မအမျိုးသားအတွက် နတ်ဆေးဆရာဝိုင်ကို အကူအညီ တောင်းချင်လို့ လာတာပါ၊ ရှင်တို့ နတ်ဆေးဆရာဝိုင်ကို ခေါ်ပေးလို့ ရနိုင်မလား”
“ဒါ ဟောင်ကောင်က ရိုဆာပဲ”
တစ်စုံတစ်ယောက်က ရေရွတ်လာသည်။
“တကယ်ကြီးလား၊ ဟောင်ကောင်က အဲ့ဒီ မတရားချမ်းသာတဲ့ အမျိုးသမီးလား”
“မြတ်စွာဘုရား၊ သူက ဒီအထိ လိုက်လာတာပဲ၊ တော်တော် ဆုံးဖြတ်ချက် ခိုင်မာတာပဲ”
မကြာခင်မှာပင် ရဲ့လင်းချန်နှင့် အခြားသူများ ရောက်လာပြီး ရိုဆာကို မြင်သောအခါ ရဲ့လင်းချန်၏ နှုတ်ခမ်းက အနည်းငယ် ကော့တက်သွားသည်။
ထိုလူချမ်းသာများ၏ နောက်ခံအရ သူတို့ ကျွန်းကို ရှာနိုင်သည့်ကိစ္စကို ရဲ့လင်းချန် မအံ့ဩမိပါ။ သူသည် မနေ့ကတည်းက လုံလုံလောက်လောက် အရိပ်အမြွက် ပြခဲ့ပြီ ဖြစ်ကာ ထိုလူချမ်းသာများအား မသွားခင် တစ်ချက်ကြည့်ခဲ့သည်။ သူတို့က အရူးမဟုတ်သရွေ့ ရဲ့လင်းချန် ဘာကို အချက်ပြသလဲ ရိပ်မိကြမှာပင်။
ရိုဆာကလည်း ရဲ့လင်းချန်ကို သတိထားမိပြီး သူမစိတ်ထဲ၌ စ၍ ခန့်မှန်းနေလေသည်။ သူမက အနားသို့ လျှောက်သွားပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။
“ရှင်က နတ်ဆေးဆရာဝိုင်လား၊ ကျွန်မယောက်ျားက အိပ်ရာပေါ် လဲနေတာ ငါးနှစ် ရှိပါပြီ၊ တစ်ခါမှ မထနိုင်ခဲ့ဘူး၊ ရှင် သူ့ကို ကုပေးနိုင်ပါသလား”
ရဲ့လင်းချန်က လက်တစ်ချောင်း ထောင်ပြလိုက်သည်။
“ကုနိုင်တယ်၊ ဒါပေမဲ့ ဆေးကုသစရိတ်က ယွမ်သန်းတစ်ရာ”
“ကိစ္စမရှိဘူး”
ထိုစဉ် နောက်ထပ် ရဟတ်ယာဉ်တစ်စင်းက ကောင်းကင်၌ ပေါ်လာပြီး သင်္ဘောတစ်စင်းက အရှိန်ဖြင့် လာနေသည်။
ထိုလူချမ်းသာများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာလေပြီ။
ဟောင်ကောင်၏ အချမ်းသာဆုံးလူ လီကျားဟွာနှင့် မြို့တော်မှ အချမ်းသာဆုံး ဝမ်ကျန်းလည်း အပြေး ရောက်လာသည်။
“နတ်ဆေးဆရာဝိုင်”
လီကျားစွာက လျင်မြန်စွာ လျှောက်လာသည်။
“ဒီနေရာက ဖုန်းရွှေ ကောင်းတဲ့ နေရာပဲ၊ မင်း ဆောက်လုပ်ရေး ပစ္စည်းတွေ လိုအပ်တယ်ဆိုရင် ငါ့ဆီ လာလို့ ရပါတယ်၊ ကျုပ် မင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ ထောက်ပံ့ပါ့မယ်”
“နတ်ဆေးဆရာဝိုင်၊ ကျုပ်တို့မှာ လူအင်အား အများကြီး ရှိတယ်၊ မင်း လူလိုနေတယ်ဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ငါ့ကို ပြောပါ”
ဝမ်ကျန်းကလည်း အလျင်စလို ဝင်ပြောသည်။
ဤသူဌေးကြီးများသည် ခြေတစ်ချက် ဆောင့်လိုက်ရုံနှင့် သူတို့နေရာ၏ စီးပွားရေးအား လှိုင်းများစွာ ထအောင် ပြုလုပ်နိုင်သည်။ သို့သော် သူတို့အားလုံးသည် အကြောင်းရင်း နှစ်ခုကြောင့် ပြုံးနေကြသည်။ ပထမတစ်ချက်မှာ သူတို့ ရောဂါကို ကုသနိုင်ရန် ဖြစ်ပြီး ဒုတိယအချက်မှာ ရဲ့လင်းချန်၏ အဆင့်အတန်းကြောင့် မျက်နှာ လုပ်လိုခြင်း ဖြစ်သည်။
“ခင်ဗျားတို့ ကုသချင်တဲ့ ရောဂါက ဘာဖြစ်ဖြစ် ကုသစရိတ်က ယွမ်သန်းငါးဆယ်က စပါတယ်၊ ဒါက ဦးသူစနစ်ပါပဲ”
ရဲ့လင်းချန်က တိုတိုတုတ်တုတ် ပြောလိုက်သည်။
“မင်း … ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
ဤလူတစ်စုက သူ၏ နောက်ခံအစစ်အား ထုတ်ဖော်မည်ကို သူ မကြောက်ရွံ့ပါ။ ထိုအတွက် သူ လုံးဝ ဂရုမစိုက်သလို ဤလူများက ထိုသို့ ပြုလုပ်သည်အထိ မိုက်မဲလိမ့်မည်ဟုလည်း သူ မထင်ပေ။
ဟောင်ကောင်မှ သူဌေးမက သူမ၏ အမျိုးသားကို ရဟတ်ယာဉ်ပေါ်မှ အလျင်အမြန်ချ၍ ရဲ့လင်းချန်ထံသို့ တွန်းလာသည်။
သတိလစ်နေသော လူအား သတိရလာအောင် ပြုလုပ်ခြင်းက ရဲ့လင်းချန်အတွက် မခက်ပါ။ လူနာ၏ စိတ်ထဲမှ အသိစိတ်အား နိုးထလာစေရန် သူ၏ စိတ်ဝိညာဉ် စွမ်းအင်ကို ထိန်းချုပ်၍ ပို့လွှတ်ရန်သာ လိုပေသည်။ သန်းတစ်ရာ ရရှိရန် သူ့အတွက် ငါးမိနစ်ပင် မကြာလိုက်ချေ။
ဤလူများသည် ပြင်းထန်သော သေစေနိုင်လောက်သည့် ရောဂါမျိုး ခံစားနေရသည် မဟုတ်ဘဲ ညှဉ်းပန်း နှိပ်စက်ခံနေရခြင်း ဖြစ်သည်။ ရဲ့လင်းချန်သည် သူတို့ကို ကုသရန် သိပ်အားမစိုက်လိုက်ရသလို အောင်မြင်မှု နှုန်းကလည်း မြင့်မားပေသည်။
လက်ရှိသည်ကား ရဲ့လင်းချန်၏ တစ်ကိုယ်တော်ပြပွဲအချိန် ဖြစ်လေသည်။
သူသည် ဖုန်းကို အသံပိတ်မထားသဖြင့် အချက်ပေးသံများက လူတိုင်းကို ရင်တုန်သွားစေသည်။
“ဒင် … ယွမ်သန်းငါးဆယ် လွှဲပြောင်းမှု အောင်မြင်ပါသည်”
“ဒင် … ယွမ်တစ်ဘီလီယံ လွှဲပြောင်းမှု အောင်မြင်ပါသည်”
…
“ဒီကောင်လေးကတော့ …”
ချင်ပိုင်ချွမ်း၏ နှုတ်ခမ်းထောင့်များ မသိမသာ လှုပ်ခတ်နေပြီး မှင်တက် အံ့အားသင့်နေမိသည်။ သူ့ဘဝက ဘာအဓိပ္ပာယ်မှ မရှိသလို ခံစားမိနေသည်။
*သူ့ကြွယ်ဝမှုကို ဒီလို ပြရတာ ကောင်းတယ်လို့များ ထင်နေတာလား*
“ဒီပိုက်ဆံတွေကို အဲ့လောက် လွယ်လွယ်လေးနဲ့ ရတာလား …”
ကျန်းယွင်ရှီနှင့် အခြား မိန်းကလေးများအားလုံး အံ့ဩမှုကြောင့် ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ သူတို့ မြင်တွေ့နေရသည့် အရာအား မယုံကြည်နိုင် ဖြစ်နေလေသည်။
အသက်ကို ပိုက်ဆံနှင့် လဲလှယ်ခြင်းက လူအများစုအတွက် တကယ်ကို တန်ဖိုးကြီးလှသည်။
အထူးသဖြင့် အတိုင်းအတာတစ်ခုအထိ ကြွယ်ဝပြီး ပိုက်ဆံက ဘာမှမဟုတ်သလောက် ဖြစ်နေသည့် လူများ အတွက်ပင်။ သို့သော် သူတို့၏ အသက်ကို ကြွယ်ဝမှုနှင့် ဆွဲဆန့်နိုင်သည်က ကံကောင်းမှုတစ်ခုပင်တည်း။
ရဲ့လင်းချန် အဘယ်ကြောင့် မစိုးရိမ်ရသလဲ ဆိုသည်ကို အိုးရန်ချင်း နားလည်သွားလေသည်။ သူ၏ အဆင့်နှင့်ဆိုလျင် ပိုက်ဆံက လျင်မြန်စွာ ရောက်လာနိုင်ပေသည်။
ရိုးရှင်းသော အပြုအမူလေး တစ်ခုတည်းနှင့် ငါးဘီလီယံကျော် ရလာခဲ့လေပြီ။
ယင်းက ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံနှင့် အချို့သော အခြေခံ အဆောက်အဦးများ တည်ဆောက်ရန် လုံလောက်သည်။
ထိုလူချမ်းသာများကို ဈေးမြင့်မြင့်ဖြင့် ကုသပြီး ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေး တည်ဆောက်ရန် ပိုက်ဆံရှာကာ ထိုဆေးများကို မရှိဆင်းရဲသားများအား ဈေးနည်းနည်းဖြင့် ရောင်းချပေမည်။ ယင်းက ရော်ဘင်ဟုဒ်က ရုပ်ဖျက်၍ ကူညီပေးနေသလိုပင်။
သူ၏ အကောင့်ထဲမှ ပိုက်ဆံများနှင့်ဆိုလျင် ဆောက်လုပ်ရေးအတွက် ပြင်ဆင်မှုများအားလုံး အစီစဉ်တကျ ဖြစ်သွားပေမည်။ ဆရာဟောင်၏ ခန့်မှန်းချက်အရ ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံအား လေး၊ ငါးလအတွင်း ဆောက်နိုင်ပြီး အသုံးပြုနိုင်ပေလိမ့်မည်။
ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ရဲ့လင်းချန်နှင့် အခြားသူများက သင်္ဘောပေါ် ပြန်တက်ကြသည်။
သို့သော် ဆရာဟောင်၊ ဆောက်လုပ်ရေး တာဝန်ခံအချို့နှင့် စစ်သည်တော်အချို့က နေခဲ့လေသည်။ တစ်ချိန်တည်းမှာပင် အိုးရန်ချင်းကလည်း ဝမ်ရုံ နည်းပညာမှ လူအချို့ကို လှမ်းခေါ်ပြီး ကူညီရန်နှင့် စီမံကြီးကြပ်ရန် တာဝန် ပေးလေသည်။
ထို့အပြင် ရှောင်ချင်၊ ရှောင်ဟွေနှင့် လိပ်အိုကြီးတို့အားလုံး နေခဲ့လေသည်။ သူတို့ သုံးကောင်သည် သဘာဝကို ပြန်ရောက်သွားသကဲ့သို့ ဖြစ်သွားပြီး ကျွန်း၌ စိတ်လှုပ်ရှားစွာ သွားလာနေကြသည်။ သူတို့ ရှိနေသဖြင့် ဆန်းကြယ်ကျွန်း၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်စရာ မလိုတော့ချေ။
သင်္ဘော ထွက်ခွာလာသည်နှင့် ရဲ့လင်းချန်သည် ဝေးသထက် ဝေး၍ ကျန်ခဲ့သော ဆန်းကြယ်ကျွန်းအား လှမ်းကြည့် နေမိသည်။ သူ၏ အမြင်အာရုံက မှုန်ဝါးဝါး ဖြစ်လာပြီး သူ၏ ကိုယ်ပိုင် နိုင်ငံတစ်ခုကို တည်ဆောက်နိုင်တော့မည့် ခံစားချက်က အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။