← Chapters

တိမ်မည်းက အင်မော်တယ်ကို ဖိနှိပ်တယ်… အင်မော်တယ်ရဲ့ ထိတ်လန့်မှုနဲ့ ဒေါသ(ဃ)

Vol. 45 Ch. 672

တိမ်မည်းက အင်မော်တယ်ကို ဖိနှိပ်တယ်… အင်မော်တယ်ရဲ့ ထိတ်လန့်မှုနဲ့ ဒေါသ(ဃ)

Vol. 45 Ch. 672

ရွှီချင်းသည် ထိုအဖြစ်အပျက်အားလုံးကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူသည် သူတော်စင်တစ်ပါးမဟုတ်ချေ။ သို့ဖြစ်၍ ဝိညာဉ်တော်ပြည့်မျိုးနွယ်အပေါ် ကြင်နာသနားစိတ် သူ့မှာမရှိပေ။ သို့သော် ငှက်ကြီးချင်းချင်း၏ ဒေါသတကြီး တိုက်ခိုက်နေပုံကိုကြည့်နေရင်း ရက်စက်ကြမ်းကြုတ်သော ငှက်ကြီးဟူသည့် အဓိပ္ပာယ်ကို ကောင်းကောင်း သူနားလည်သွားသည်။

ငှက်ကြီးချင်းချင်းသည် ပိုပြီးဝါးမျိုလေ ပိုပြီးရူးသွပ်လာလေဖြစ်ကြောင်း သူအာရုံခံမိသည်။ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုသည် ၎င်း၏ စဉ်းစားဆင်ခြင်ဉာဏ်ကိုပင် ဖိနှိပ်တော့မည်ဟန် ရသည်။

မြေကြီးသည် အက်ကွဲသွားပြီး မန္တန်များသည် အပေါ်သို့ မြှောက်တတ်သွားကြသည့်အခါ ဧရာမဆေးမီးဖိုတစ်လုံးသည် ဝေဝါးစွာ ထွက်ပေါ်လာပြီး ချီလင်းတောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ယင်းသည် ဝိညာဉ်တော်ပြည့်မျိုးနွယ်မှ နောက်ထပ်တားမြစ်ဓမ္မရတနာ ဖြစ်သည်။ ဧရာမဆေးမီးဖိုသည် ၎င်းတို့မျိုးနွယ်၏ သေဆုံးသွားသော ဗလာနတ္ထိအဆင့် ကျင့်ကြံသူတစ်ဦးထံမှ ပြောင်းလဲဖြစ်ပေါ်လာခဲ့သောအရာ ဖြစ်သည်။

ထိုဆေးမီးဖိုသည် အလွန်အမင်း ကြီးမားကျယ်ပြောသည်။ ဆေးမီးဖို ထွက်ပေါ်လာသည့်အခါ ကမ္ဘာမြေသွေးကြောအောက်မှ မီးတောင်များသည် တစ်ချိန်တည်း ပေါက်ကွဲထွက်သွားကြပြီး ပြင်းထန်သော အပူကို ဖြစ်ပေါ်စေသည်။ ကီလိုမီတာငါးသောင်းဝန်းကျင်အတွင်းမှ အရာအားလုံးသည် ဆေးမီးဖို၏ သန့်စင်ခြင်းခံနေရသည်။

အထင်သေးရှုံ့ချသော အကြည့်သည် ငှက်ကြီးချင်းချင်း၏ အလယ်ဦးခေါင်းထံမှ ထွက်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်သည် တုန်လှုပ်လာပြီး နီလာခရမ်းအလင်းကို ထုတ်လွှတ်လိုက်သည်။

နီလာခရမ်းအလင်းသည် ရွှီချင်းကို ရှောင်ရှားပြီး သူ၏ အထက်တွင် စုစည်းသွားသည်။ ငှက်ကြီးချင်းချင်း၏ အလယ်ဦးခေါင်းက နားကွဲစေမည့် စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည့်အခါ နီလာခရမ်းအလင်းသည် ချက်ချင်း အရှေ့သို့ ပျံသန်းထွက်သွားသည်။

နီလာခရမ်းအလင်းနှင့် ထိတွေ့မိသည့်အခါ တောင်ကုန်းသည် ပြိုလဲပျက်စီးသွားပြီး ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်များသည် အသက်အရွယ် အိုမင်းသွားကြသည်။ ၎င်းတို့၏ အသက်ဓာတ်အားလုံးက အလင်းရောင်၏ စုပ်ယူခံလိုက်ရသည့်အလားပင်။ ဧရာမဆေးမီးဖိုသည်လည်း အပြင်းအထန် လှုပ်ယမ်းလာသည်။

ဆေးမီးဖိုသည် ၎င်း၏ သဘာဝနတ်ဘုရားအလင်းအား အမှန်တကယ် တောင့်ခံနိုင်သည်ကိုမြင်သောအခါ ငှက်ကြီးချင်းချင်းသည် အနည်းငယ် ဒေါသထွက်သွားသည်။ ၎င်းသည် နီလာခရမ်းအလင်းကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။

ဆေးမီးဖိုသည် နီလာခရမ်းအလင်းကို နောက်ထပ်မတောင့်ခံနိုင်တော့ပေ။ ဆေးမီးဖိုသည် နီလာခရမ်းရောင်သို့ ပြောင်းလဲသွားပြီး ပေါက်ကွဲထွက်သွားသည်။ ကောင်းကင်ပေါ်မှ ဧရာမတူသည်ပင် အက်ကွဲသွားသည်။ ဝိညာဉ်တော်ပြည့်ဘိုးဘေးသည် စိတ်ပျက်အားငယ်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။

“ အဲ့ဒါက နတ်ငှက်တွေပဲ ပိုင်ဆိုင်နိုင်တဲ့ သဘာဝနတ်ဘုရားအလင်း… မင်းရဲ့သွေးမျိုးစက်က နတ်ဘုရားအလင်းကို ဖွဲ့စည်းနိုင်တဲ့ မူလပြန်အဆင့်ထိ တကယ်ကြီး ရောက်နေတာပဲ ”

ငှက်ကြီးချင်းချင်း၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်သွားသည်။ နတ်ဘုရားအလင်း၏ ထွက်ပေါ်လာမှုသည် ၎င်း၏ စဉ်းစားဆင်ခြင်ဉာဏ်ကို ထပ်မံလျော့ကျသွားစေသည်။ အမှန်မှာတော့ ရွှီချင်းသည်ပင် အန္တရာယ်ကို ခံစားမိလာပြီ ဖြစ်သည်။ သူက ရွှေကျီးကန်းကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။

တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ကျောက်ရှာအလင်းနတ်နန်းတော်သည် ရောင်ဝါတောက်ပလာပြီး ရွှေကျီးကန်းနှင့် သူ့အား လွှမ်းခြုံသွားမည့် သက်တံ့အလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

သက်တံ့အလင်းသည် ငှက်ကြီးချင်းချင်း၏ နတ်ဘုရားအလင်းနှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲမျှသာဖြစ်သော်လည်း ယင်းနှင့် အလွန်ဆင်တူသည်။

သက်တံ့အလင်း ပျံ့နှံ့ထွက်လာသည်နှင့် ငှက်ကြီးချင်းချင်း၏ အလယ်ဦးခေါင်းသည် ရွှီချင်းကို ရုတ်တရက် ကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးထဲတွင် အံ့အားသင့်သော အကြည့်နှင့် ရင်းနှီးကျွမ်းဝင်သော အငွေ့အသက် ထွက်ပေါ်လာသည်။ ထိုရင်းနှီးကျွမ်းဝင်သော ခံစားမှုကြောင့် ၎င်း၏ စဉ်းစားဆင်ခြင်ဉာဏ်ကို အနည်းငယ် ပြန်ရလာသည်။

“ ဂူး ”

ငှက်ကြီးချင်းချင်းသည် ဝမ်းသာပျော်ရွှင်သော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ငှက်မွှေးများသည် ထောင်မတ်သွားကြပြီး ရွှီချင်း၏ ဘေးပတ်ပတ်လည်တွင် အကာအကွယ်အလွှာတစ်ခုကို ဖြစ်ပေါ်စေသည်။ ဦးခေါင်းသုံးလုံးသည် ရက်စက်ကြမ်းကြုတ်သော စိတ်အာရုံအသစ်ကို ထုတ်ဖော်လိုက်ကြပြီး ဝိညာဉ်တော်ပြည့်ဘိုးဘေးကို စိုက်ကြည့်လိုက်ကြသည်။

၎င်း၏ ပုံစံသည် သရေစာများကို စားသုံးပြီးနောက် အဓိကဟင်းလျာကို စားသုံးတော့မည့်ဟန် တူသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ငှက်ကြီးချင်းချင်း၏ ဦးခေါင်းသုံးလုံးသည် ရုတ်တရက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ဝိညာဉ်တော်ပြည့်ဘိုးဘေးသည်လည်း အမြန်အနောက်ဆုတ်သွားသည်။ ၎င်းသည် အလွန်စိတ်လှုပ်ရှားသော အမူအရာကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်ထံသို့ အရိုအသေပေးလိုက်သည်။

ကြီးမားသော အက်ကွဲကြောင်းတစ်ခု ပွင့်ဟသွားသောအခါ ကောင်းကင်သည် လှုပ်ခါသွားသည်။ ထိုအက်ကွဲကြောင်းထဲမှ ဧရာမပုံရိပ်သုံးခု ဆင်းသက်လာသည်။

သူတို့၏ အနောက်တွင် ပေတစ်သိန်းရှည်လျားသော ပုံရိပ်ကြီးတစ်ခုစီကို ဖွဲ့စည်းထားကြသည်။ သူတို့သည် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားကြပြီး တစ်ကိုယ်လုံးလည်း နှင်းကဲ့သို့အဖြူရောင် ဖြစ်သည်။ သူတို့၏ မျက်ခုံးနှင့် ဆံပင်သည် အဖြူရောင်ဖြစ်ပြီး သူတို့၏ ကျောအနောက်တွင် အတောင်ပံဖြူများ ရှိကြသည်။

သူတို့၏ အသွင်အပြင်သည် ပြစ်မျိုးမှဲ့မထင်အောင် အလွန်အမင်း ချောမောလှပကြသည်။

ယင်းသည် ကျွင်းရွှင်းမျိုးနွယ် ဖြစ်သည်။

ထို့အပြင် သူတို့၏ အရှိန်အဝါသည် ငှက်ကြီးချင်းချင်းထက် မနိမ့်ကျပေ။

ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီးနောက် အလယ်မှ အမျိုးသမီးသည် ငှက်ကြီးချင်းချင်းကို အေးစက်စက် ကြည့်လိုက်ပြီး ပြောသည်။

“ ချင်းချင်း… နင်ဘာလို့ ငါတို့လက်အောက်က မျိုးနွယ်ကို ဝါးမျိုပစ်တာလဲ ”

ငှက်ကြီးချင်းချင်း၏ ရက်စက်ကြမ်းကြုတ်သော အကြည့်က သူတို့သုံးယောက်ထံသို့ ကျရောက်သွားပြီးနောက် ၎င်း၏ ကျောပေါ်မှ အတောင်ပံသည် ဖြန့်ကားထွက်သွားပြီး ရွှီချင်း၏ ပုံရိပ် ထွက်ပေါ်လာသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ထွက်လျှောက်လာသည်။ သူသည် ငှက်ကြီးချင်းချင်း၏ ဇက်ပိုးမှတဆင့် ၎င်း၏ ညာဘက်ဦးခေါင်းပေါ်သို့ ဆက်လက်လျှောက်သွားသည်။ ထို့နောက် သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

ထိုအခိုက်အတန့်မှာ ငှက်ကြီးချင်းချင်း၏ နတ်ဘုရားအလင်းက ရွှီချင်းကို လွှမ်းခြုံပေးထားသောကြောင့် ကောင်းကင်ပေါ်မှ ဖိအားကို သူမခံစားရပေ။

စောစောက သူ၏ ထွက်ပေါ်လာမှုသည် ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ယခုအခါ ကောင်းကင်ပေါ်မှ ပုဂ္ဂိုလ်သုံးယောက်သည် သူ့ကို တစ်ချက်လေးပင် မကြည့်ကြချေ။ သူတို့၏ မျက်လုံးထဲတွင် ရွှီချင်း၏ တည်ရှိမှုသည် ပုရွက်ဆိတ်တစ်ကောင်နှင့်မခြားပေ။

“ ချင်းချင်း… ငါတို့ ဒီကိစ္စကို ဆက်မလိုက်တော့ဘူး… နင်လည်း စားပြီးပြီမလား… အခုချက်ချင်း ပြန်ထွက်သွားတော့ ”

အမျိုးသမီးသည် ငှက်ကြီးချင်းချင်း၏ အလယ်ဦးခေါင်းကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောသည်။

ငှက်ကြီးချင်းချင်း၏ အလယ်ဦးခေါင်းနှင့် ဘယ်ဘက်ဦးခေါင်းသည် သူတို့ကို လျစ်လျူရှုထားသည်။ ထိုအခိုက်အတန့်မှာ ၎င်းတို့သည် အချင်းချင်း ရစ်ပတ်သွားကြပြီး ၎င်းတို့၏ ဇက်ပိုးပေါ်မှ ငှက်မွှေးများကို အပြန်အလှန် ထိုးဆိတ်နေကြသည်။ သို့သော်လည်း ညာဘက်ဦးခေါင်းသည် အပေါ်သို့ မြှောက်တတ်သွားပြီး အာရုံကို ဖမ်းစားသွားသည်။

၎င်းသည် အခြားဦးခေါင်းနှစ်လုံးနှင့် ဘာမှမပတ်သက်သည့်အတိုင်းပင်။

ထိုမြင်ကွင်းကြောင့် ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်သည် ရွှီချင်းထံသို့ မဖြစ်မနေ ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့သည် ရွှီချင်းကို လုံးဝအရေးမထားကြပေ။

အလယ်မှ အမျိုးသမီးသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။

“ ဖုန်းဟိုင်ဒေသငယ်ရဲ့ လက်ထောက်ဒေသအကြီးအကဲ… နင်တို့ရဲ့ ဓားကိုင်ရုံးတော်က ငါတို့လက်အောက်ကမျိုးနွယ်ကို ကျူးကျော်ဝင်ရောက်လာပြီး နှစ်ပေါင်းရှစ်ရာတည်တံ့ခဲ့တဲ့ ငါတို့ကြားက မဟာမိတ်သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်… နင်တို့ဓားကိုင်ရုံးတော်က ရုံးတော်သခင်ရဲ့ နယ်မြေပိတ်ဆို့ထားရမယ့် တောင်းဆိုမှုကို ငါတို့ကျွင်းရွှင်းမျိုးနွယ်က ဆက်ပြီးမလိုက်လျောနိုင်တော့ဘူး… ငါတို့ အခုချက်ချင်း အကာအကွယ်ကို ဖယ်ရှားပစ်မယ် ”

“ ဒီကိစ္စမှာ အမှားလုပ်တဲ့သူက နင်တို့လူသားမျိုးနွယ် ငါတို့မျိုးနွယ်မဟုတ်ဘူး… နင် ငါတို့မျိုးနွယ်ကို ဖြေရှင်းချက်ပေးရမယ့်အပြင် တရားခံကိုပါ လက်လွှဲပေးရမယ်… ပြီးတော့ ဓားကိုင်ရုံးတော်ရဲ့ ရုံးတော်သခင်ကိုယ်တိုင် ငါတို့မျိုးနွယ်ကို ဖြေရှင်းချက်ပေးရမယ် ”

ကျွင်းရွှင်းမျိုးနွယ်ဝင် အမျိုးသမီးထံမှ နတ်ဘုရားအာရုံ ပျံ့လွင့်သွားသောအခါ ကမ္ဘာ၏ အရောင်သည် ပြောင်းလဲသွားသည်။ ရွှီချင်း၏ အသံပို့လွှတ်ကျောက်စိမ်းပြားသည်လည်း တုန်ခါလာသည်။

ရွှီချင်းသည် ကျောက်စိမ်းပြားကို လျစ်လျူရှုထားသည်။ ဤသို့လာသည့် လမ်းတစ်လျှောက်တွင် သူသည် အခြေအနေအရပ်ရပ်ကို စဉ်းစားထားခဲ့ပြီး ဖြစ်သည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ ငါမင်းကို ဖြေရှင်းချက်ပေးနိုင်တယ် ”

“ တကယ်လို့ ငါတို့က အကျဉ်းထောင်ဌာနထဲမှာ အကျဉ်းချခံထားရတဲ့ နတ်ဘုရားကို ဖြေလွှတ်ပေးလိုက်မယ်ဆိုရင် ဒီဖြေရှင်းချက်က လုံလောက်မလား ”

“ ဒေသငယ်မြို့တော်ကို ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးမှာရှိတဲ့ မရေမတွက်နိုင်တဲ့ တားမြစ်ဓမ္မရတနာတွေရဲ့ ပေါင်းစပ်စွမ်းအားနဲ့ အကာအကွယ်စည်းချထားတယ်… အကာအကွယ်စည်းကို အလွယ်တကူ မချိုးဖောက်နိုင်ဘူး… ဒါ့အပြင် သူတို့အားလုံးက သေမျိုးတွေ… နတ်ဘုရားအတွက် သူတို့က ဘာအရသာမှမရှိဘူး ”

“ ဒါပေမဲ့ မင်းတို့ကျွင်းရွှင်းမျိုးနွယ်ရဲ့ ပိုင်နက်ထဲမှာတော့ ပညာရှင်ကျင့်ကြံသူတွေ အများကြီးရှိတယ်… အဲ့ဒါက ဆာလောင်မွတ်သိပ်နေတဲ့ နတ်ဘုရားအတွက် ပိုပြီးအရသာရှိလိမ့်မယ်လို့ ငါယုံကြည်တယ် ”

“ ဒီဖြေရှင်းချက်က လုံလောက်လား ”

ရွှီချင်း၏ စကားဆုံးသွားသောအခါ ကောင်းကင်ပေါ်မှ ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်၏ အမူအရာသည် ချက်ချင်း မည်းမှောင်သွားကြသည်။ ဘယ်ဘက်မှ ကျင့်ကြံသူသည် အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။

“ မင်းကများ ”

ဒေါသတကြီးအော်သံသည် မိုးထစ်ချုန်းသံအလား ပေါ်ထွက်လာသောအခါ ကျွင်းရွှင်းမျိုးနွယ်ဝင် အမျိုးသမီး၏ အကြည့်သည် ရွှီချင်းထံသို့ ပထမဆုံးအကြိမ် ကျရောက်သွားသည်။

“ စိတ်ဝင်စားစရာပဲ… နင်က ဒီလိုနိမ့်ကျတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ငါတို့ကို ဒီလိုစကားမျိုးပြောရဲတယ်ပေါ့… နင်ဘာကိုပြောနေတယ်ဆိုတာရော သိရဲ့လား ”

“ ဒါပေါ့… ငါသိတယ် ”

ရွှီချင်း၏ မျက်လုံးထဲတွင် ရူးသွပ်မှုအရိပ်အယောင် ထွက်ပေါ်လာသည်။

“ အနောက်ဘက်နဲ့ မြောက်ဘက် စစ်မြေပြင်တွေမှာ အထောက်အပံ့တွေ အရေးတကြီးလိုအပ်နေတယ်ဆိုတာကိုလည်း ငါသိတယ်… နေ့တိုင်း ရှေ့တန်းမှာ လူတွေရာထောင်ချီ သေဆုံးနေကြတာကို ငါသိတယ်… စစ်ပွဲက အရေးကြီးအခြေအနေကို ရောက်နေပြီ… ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးက ပြိုလဲပျက်စီးတော့မယ့် အခြေအနေမှာရှိတယ်… တကယ်လို့ သူတို့တွေသာ အထောက်အပံ့တွေ အမြန်ဆုံးမရဘူးဆိုရင် သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ စစ်တပ်က ခံစစ်ကြောင်းကို ချိုးဖောက်နိုင်သွားလိမ့်မယ်… ဒီလိုအခြေအနေမျိုးမှာ ငါတို့မလုပ်ရဲတာ ဘာရှိမလဲ ”

“ တကယ်လို့ ရှေ့တန်းစစ်မြေပြင်တွေသာ ကျရှုံးသွားမယ်ဆိုရင် သန့်စင်ရေလှိုင်းမျိုးနွယ်က လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်လိမ့်မယ်… သူတို့က ငါတို့ကို ခွေးတွေ ဝက်တွေထက် ပိုဆိုးဝါးတဲ့ ဘဝမျိုးရောက်အောင် ကျွန်ပြုကြလိမ့်မယ်… ငါတို့အားလုံးက သေရတော့မယ့်ဟာ ဘာကြောင့် ငါတို့ဓားကိုင်ရုံးတော်က ဖုန်းဟိုင်ဒေသငယ်ထဲက မျိုးနွယ်ခြားတွေ ကောင်းစားရေးအတွက် နတ်ဘုရားကို ဆက်ပြီးချိပ်ပိတ်ထားရဦးမှာလဲ… သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ လက်ထဲမှာပဲသေသေ နတ်ဘုရားရဲ့ လက်ထဲမှာပဲသေသေ ငါတို့အတွက် ဘာမှမထူးခြားဘူး ”

“ ဒါပေမဲ့ နတ်ဘုရားသာ လွတ်မြောက်သွားမယ်ဆိုရင် မင်းတို့မျိုးနွယ်ခြားတွေလည်း ငါတို့နဲ့အတူ သေဆုံးသွားကြရလိမ့်မယ်… အဲ့လိုလုပ်တာ မတန်ဘူးလား ”

“ ဒီတော့ ငါမလုပ်ရဲဘူးလို့ မင်းထင်နေသေးလား ”

ရွှီချင်းသည် စကားဆုံးသည်နှင့် တုံကင်ကိုင်ထားသော သူ၏ ညာလက်ကို မြှောက်လိုက်သည်။ ရွှေရောင်အလင်းသည် သူ၏ လက်ထဲရှိ တုံကင်ထံမှ ထွန်လင်းလာသည်။

ယင်းသည် ရုံးတော်သခင်၏ တုံကင်ဖြစ်သည်။

ထိုတုံကင်ထဲကို ရုံးတော်သခင်၏ အခွင့်အာဏာအပြည့် ပေးအပ်နှင်းထားသည်။

ရွှီချင်းသည် တုံကင်ကို ကိုင်ထားလျက် ကောင်းကင်ပေါ်မှ ကျွင်းရွှင်းမျိုးနွယ်ဝင်များကို ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောသည်။

“ ငါ့မှာ လုပ်ရဲတဲ့သတ္တိ ရှိရုံတင်မကဘူး အဲ့လိုလုပ်လို့ရတဲ့ အခွင့်အာဏာလည်း ရှိတယ် ”

“ မင်းတို့ကောင်တွေ… စမ်းချင်လား ”

ရွှီချင်း၏ စကားဆုံးသည်နှင့် ငှက်ကြီးချင်းချင်းသည် တသိမ့်သိမ့်တုန်သွားသည်။ တစ်ယောက်ငှက်မွှေးကိုတစ်ယောက်က ထိုးဆိတ်နေသော ဦးခေါင်းနှစ်လုံးသည် အလျှင်အမြန် ကောင်းကင်ပေါ်သို့ ခေါင်းမော့လိုက်ကြပြီး ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်ကို မောက်မာထောင်လွှားစွာ ကြည့်လိုက်ကြသည်။

“ ဂူး ”

All Chapters