ခန္ဓာကိုယ်က ရိုးသားတယ်
Vol. 45 Ch. 674
ဝိညာဉ်တော်ပြည့်မျိုးနွယ်အပေါ် ရွှီချင်း၏ ဖိနှိပ်မှုသတင်း ပျံ့နှံ့သွားသောအခါ သူ၏ ဂုဏ်သတင်းသည် အမြင့်သစ်တစ်ခုထိ တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ထိုမျှသာမက မျိုးနွယ်အသီးသီးမှ အရစ်အမြစ်များ ထောက်ပံ့ပေးမှုသည် သိသိသာသာ အဆင်ပြေချောမွေ့လာသည်။ မည်သည့်မျိုးနွယ်စုကမှ ဈေးကို အဆမတန် မတိုးမြှင့်ဝံ့ကြတော့ပေ။
မည်သို့ဖြစ်စေ လူသားမျိုးနွယ်သည် ယခုထိ မကျဆုံးသေးပေ။
ထို့အပြင် အရေးကြီးဆုံးသည် ရွှီချင်းထံမှာ မျိုးနွယ်စုတစ်စုလုံးကို အမြစ်ဖြတ်သုတ်သင်နိုင်သော အင်အား ရှိသည်။
သို့ဖြစ်၍ အရင်းအမြစ်များစုဆောင်းရာတွင် မည်သည့်အတားအဆီးမှ မရှိတော့ပေ။
“ ရွှေမင်မျိုးနွယ်က ပင်လယ်ဝိညာဉ်ဒဏ်ကြေဆေးလုံး (၁၈၀၀၀၀)နဲ့ စစ်အသုံးအဆာင်ဓမ္မရတနာသုံးခုကို ထောက်ပံ့ပေးခဲ့ပါတယ် ”
“ ဝိညာဉ်နားတော်မျိုးနွယ်က သူတို့ရဲ့ သွေး(၁၃၀၀၀၀)စက်ကို ရောင်းပေးခဲ့ပါတယ်… အဲ့ဒီသွေးစက်ထဲမှာ ဆေးအာနိသင်တွေပါဝင်ပြီး ဒဏ်ရာဆိုးတွေကို အချိန်ခဏလောက် ဖိနှိပ်ထားနိုင်ပါတယ်… သူတို့က စစ်အသုံးအဆောင်ဓမ္မရတနာတစ်ခုကို ထောက်ပံ့ပေးခဲ့ပါတယ် ”
“ ယိုလင်ရှန်းက ဆေးလုံးတွေကို အလကားထောက်ပံ့ပေးပါတယ်… သူတို့က စစ်မြေပြင်တွေဆီ တစ္ဆေရိုင်းစစ်တပ်ကို စေလွှတ်ဖို့ ဆန္ဒရှိပါတယ်… သူတို့ရဲ့ တောင်းဆိုမှုက စစ်မြေပြင်မှာ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်တွေရဲ့ ဝိညာဉ်တွေကို စုဆောင်းခွင့်ပေးဖို့ပါ ”
“ ပြီးတော့ ဝိညာဉ်တော်ပြည့်မျိုးနွယ်လည်း ရှိပါသေးတယ်… အဲ့ဒီမျိုးနွယ်က လက်ဦးမှုယူပြီး အရည်အသွေးမြင့် ဆေးလုံးတစ်သန်းကို ထုတ်ပေးလာပါတယ်… အဲ့ဒီအတွက် သူတို့က ငွေတစ်ပြားတောင် မယူပါဘူး ”
ချင်းချိုး၏ နှလုံးသားထဲတွင် ခံစားချက်များဖြင့် ဗြောင်းဆန်နေသည်။ လတ်တလောတွင် ရွှီချင်းပြုလုပ်ခဲ့သော ကိစ္စနှင့်ပတ်သက်ပြီး ဖုန်းဟိုင်ဒေသငယ်ထဲမှ မျိုးနွယ်ခြားအသီးသီးသည် စိုးရိမ်ထိတ်လန့်နေကြကြောင်း သူအာရုံခံမိသည်။
ဓားကိုင်တစ်ယောက်အနေဖြင့် ချင်းချိုးသည် ဓားကိုင်ရုံးတော်၏ အယူအဆကို သေချာရှင်းလင်းစွာ နားလည်သည်။
အထူးသဖြင့် ရွှီချင်းက သူ့ကို အတွင်းရေးမှူးဌာနတွင် နေရာချထားပေးပြီးနောက် ဖြစ်သည်။ ယင်းက အခြေအနေအရပ်ရပ်အပေါ် သူ၏ အမြင်ကို အနည်းငယ် တိုးချဲ့ပေးခဲ့သည်။ သူသည် ရှားပါးသော အတွေ့အကြုံများကို ရရှိခဲ့သည်။
ထို့ကြောင့် ယခုတစ်ကြိမ် ရွှီချင်းလုပ်ဆောင်ခဲ့သော အရာသည် အတိတ်တွင် ရုံးတော်သခင်လုပ်ဆောင်ချင်ခဲ့သော အရာဖြစ်ကြောင်း သူ့အား နားလည်စေသည်။
သို့သော်လည်း အချိန်ကာလနှင့် ခက်ခဲမှုသည် မတူညီပေ။
စစ်ပွဲမစခင် သူတို့သည် အခြေအနေကို ဘက်ပေါင်းစုံမှ စဉ်းစားတွေးတောပြီး ထိန်းချုပ်ခဲ့ရသည်။ အကယ်၍ အတိတ်တုန်းက သူတို့ကြိုးစားခဲ့မည်ဆိုလျှင် နောက်ဆက်တွဲအကျိုးဆက်က သေချာပေါက် ရှိလာလိမ့်မည်။ ထို့အပြင် သန့်စင်ရေလှိုင်းမျိုးနွယ်သည် ဒေသငယ်မြို့တော်ကို မျက်စိကျနေသည်။ ထို့ကြောင့် အလျင်စလိုလုပ်ဆောင်ခြင်းသည် ပညာမဲ့ရာကျပေလိမ့်မည်။
စစ်ပွဲစတင်သည့်အခါ အခြေအနေသည် သာတူညီမျှစွာ ပြောင်းလဲသွားသည်။ စစ်ပွဲတွင် ဟန်ချက်ညီမှုရှိရန် အရေးကြီးသည်။ ယင်းသည် ဝင်္ကပါတစ်ခု သို့မဟုတ် ကျောက်ဂူကြီးတစ်ခုထဲသို့ ဖြတ်သွားသကဲ့သို့ပင်။ အကယ်၍ တစ်စုံတစ်ယောက်က အလျင်စလို အထဲဝင်သွားမည်ဆိုလျှင် အခြေအနေအားလုံးကို အနှောင့်အယှက်ဖြစ်စေပြီး စစ်ပွဲတွင် ဆိုးဝါးသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်။
ရှေ့တန်းစစ်မြေပြင်သည် အရေးကြီးအခြေအနေကို ကျရောက်နေပြီး မျိုးနွယ်အများစုမှ ပညာရှင်ကျင့်ကြံသူများက တစ်ယောက်မကျန် စစ်ထွက်တိုက်နေကြရသည့် အခြေအနေမျိုးမှသာလျှင် သူတို့သည် မျိုးနွယ်စုများနှင့် ညှိနှိုင်းဆွေးနွေးနိုင်လိမ့်မည်။
သို့သော်လည်း အစွမ်းထက်မျိုးနွယ်စုကြီးများနှင့် တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးနိုင်ရန် အင်အားအလုံအလောက် ရှိထားရပေမည်။
‘ လူ့ဘီလူးတွေရဲ့ ပခုံးပေါ်မှာ မတ်တတ်ရပ်ရတဲ့ ကစားနည်းက အပြင်ပန်းကကြည့်ရင် ရိုးရှင်းပေမဲ့ ကစားနည်းထဲမှာ ပါဝင်နိုင်မယ့်လူရဲ့ လိုအပ်ချက်တွေက အရမ်းမြင့်တယ်… သူတို့က ခန္ဓာကိုယ်သန်မာရုံတင်မကဘူး ဆုံးဖြတ်ချက်ပြတ်သားရမယ်… အကြင်နာမဲ့ရမယ် ခေါင်းမာရမယ်… သူတို့က စဉ်းစားဆင်ခြင်ဉာဏ်ကို ဆုံးရှုံးသွားရလောက်အောင် ရူးသွပ်ရမယ်… သူတို့က တခြားလူတွေအတွက် ပါးပါးနပ်နပ် လွတ်လမ်းပေးတတ်ရမယ်… ခံစစ်ကို တိုက်စစ်လို အသုံးပြုတတ်ရမယ်… ရှေ့တတ်ဖို့အတွက် နောက်ဆုတ်ရမယ်… ’
ချင်းချိုးသည် ရွှီချင်းကိုကြည့်လိုက်သည်။ သူသည် ရွှီချင်းကို မုန်းတီးသော်လည်း သူ၏ နှလုံးသားထဲမှ သူ့အပေါ် ရိုသေလေးစားမှုသည် အမြဲမြင့်တတ်သွားနေသည်။
‘ သာမန်လူတစ်ယောက်က ဒီအချက်တွေအားလုံးကို မပိုင်ဆိုင်နိုင်ဘူး… တကယ်လို့ ငါဆိုရင် ဆုံးဖြတ်ချက်ပြတ်သားနိုင်မယ် အကြင်နာမဲ့နိုင်မယ် ရူးသွပ်နိုင်မယ်… ဒါပေမဲ့ တစ်ယောက်တည်း ဆုံးဖြတ်ချက်ချရတော့မယ့်အချိန် တည်တည်ငြိမ်ငြိမ် စဉ်းစားချင့်ချိန်ရတော့မယ့်အချိန် ထိထိရောက်ရောက် ညှိနှိုင်းဆွေးနွေးရတော့မယ့်အချိန်တွေဆို ငါက သူ့လောက် အရည်အချင်းမရှိဘူး ”
ရွှီချင်းသည် ချင်းချိုး၏ အတွေးများကို မသိပေ။ သူက တစ်ခဏကြာ တွေးတောပြီးနောက် ဖြည်းညင်းစွာ ပြောသည်။
“ ဝိညာဉ်တော်ပြည့်မျိုးနွယ်ပေးတဲ့ ဆေးလုံးတွေက မလုံလောက်သေးဘူး… သူတို့မျိုးနွယ်ဆီ ငါသွားခဲ့တုန်းက မြင်ခဲ့တာက အဲ့လောက်မနည်းဘူး… သူတို့ကို ထပ်ပြီးပိုပေးဖို့ ပြောပါ… ဒါပေမဲ့ သူတို့အပေါ် အလွန်အကျွံ အမြတ်မထုတ်နဲ့ဦး… အခုချိန်က အဲ့လိုလုပ်ဖို့ မသင့်တော်ဘူး… ဒီတော့ ကျန်တာတွေကို သူတို့ဆီကနေ ငါတို့ဝယ်မယ် ”
“ ယိုလင်ရှန်းရဲ့ တောင်းဆိုမှုကတော့ သဘောတရားအားဖြင့် အဲ့ဒါကို ငါသဘောတူနိုင်တယ်… ဒါပေမဲ့ ရုံးတော်သခင်ရဲ့ ခွင့်ပြုမိန့်လိုသေးတယ်လို့ သူတို့ကို ပြန်အကြောင်းကြားလိုက်ပါ… တစ္ဆေရိုင်းစစ်တပ်ကို စစ်မြေပြင်ဆီ အရင်စေလွှတ်ပြီး ရုံးတော်သခင်နဲ့ ဆက်သွယ်ကြည့်ဖို့ သူတို့ကို မေးကြည့်ပါ ”
“ သုံးရက်အတွင်း အထောက်အပံ့ပစ္စည်းတွေအားလုံး ဒီကို ရောက်လာရမယ်… ငါတို့ အဲ့ဒါတွေအားလုံးကို တစ်ခေါက်တည်းနဲ့ စစ်မြေပြင်ဆီ ပို့မယ် ”
ချင်းချိုးသည် သဘောတူညီစွာ ခေါင်းညိတ်သည်။ သူက ထွက်သွားတော့မည့်အချိန် နင်ယန်သည် အတွင်းရေးမှူးဌာန၏ အပြင်ဘက်သို့ ရောက်ချလာသည်။
“ သံတော်ဆင့်ရွှီကို အစီအရင်ခံပါတယ် ”
ရွှီချင်းသည် နင်ယန်ကိုကြည့်သည်။ ရွှီချင်း၏ အကြည့်ကိုရင်ဆိုင်ရသောအခါ နင်ယန်သည် မသိလိုက်မသိဘာသာ အသားတဆတ်ဆတ် တုန်သွားသည်။ သူက ခါးကို မတ်မတ်ထားလိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ သစ်ဝိညာဉ်မျိုးနွယ်ရဲ့ သံတမန်တွေရောက်လာကြပြီး အရှင်နဲ့တွေ့ဖို့ ခွင့်တောင်းနေကြပါတယ် ”
နင်ယန်စကားပြောလိုက်သည်နှင့် တစ်ချိန်တည်းမှာ ရွှီချင်း၏ အသံပို့လွှတ်ကျောက်စိမ်းပြားသည် တုန်ယင်လာသည်။ ရွှီချင်းသည် သူ၏ နတ်ဘုရားအသိစိတ်ကို အထဲသို့ ပို့လွှတ်ပြီး စစ်ဆေးလိုက်သည်။ အဖိုးအို၏ စကားသံသည် သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
“ ရွှီချင်း… လူသားမျိုးနွယ်ရဲ့ စစ်ပွဲမှာပါဝင်ဖို့ သစ်ဝိညာဉ်မျိုးနွယ်ရဲ့ ဒုတိယအသုတ်ကို ငါခေါ်လာတယ် ”
ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး သူတို့ကို ကိုယ်တိုင်ကြိုဆိုရန် အပြင်သို့ ထွက်သွားသည်။
သစ်ဝိညာဉ်မျိုးနွယ်သည် လူသားမျိုးနွယ်၏ မဟာမိတ်ဖြစ်သည်။ ယခင်တစ်ခေါက်က ရုံးတော်သခင်က စစ်သည်တော်များကို ခေါ်ယူစုဆောင်းရာတွင် သူတို့သည် မျိုးနွယ်ထဲမှ ပထမအသုတ်ကို အမတ်ယောင်ဖွဲ့စည်းထားသော မဟာမိတ်စစ်တပ်နှင့်အတူ မြောက်ဘက်စစ်မြေပြင်ဆီသို့ သွားရောက်ခဲ့ကြသည်။
သူတို့သည် မျိုးနွယ်စုကြီးတစ်စုမဟုတ်သော်လည်း ဒုတိယအသုတ် စစ်ကူများကို အမှန်တကယ် စေလွှတ်ခဲ့သည်။ ယင်းသည် ဤစစ်ပွဲတွင် မည်သည့်မျိုးနွယ်စုမှ မလုပ်ဆောင်ရသေးသော ပထမဆုံးအကြိမ် စစ်ကူစေလွှတ်ခြင်း ဖြစ်သည်။
မကြာမီ ရွှီချင်းသည် ဓားကိုင်ရုံးတော်၏ အပြင်ဘက်တွင် မတ်တတ်ရပ်နေသော ဖန်ချွန်းလမ်းအဖိုးအိုနှင့် သူ၏ အနောက်တွင် မျောလွင့်နေကြသော သစ်ဝိညာဉ်မျိုးနွယ်ဝင် အယောက်တစ်ထောင်ကျော်ကို မြင်သွားသည်။
သူတို့၏ အသွင်အပြင်သည် သစ်ပင်ကြီးတစ်ပင်နှင့် ဆင်တူပြီး အလွန်ထွားကြိုင်းသန်မာသည်။ သူတို့၏ ခန္ဓာကိုယ်မှ အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သိသာစွာပင် သူတို့အားလုံးသည် မျိုးနွယ်ထဲမှ လက်ရွေးစင်စစ်သည်တော်များ ဖြစ်ကြသည်။
ဖန်ချွန်းလမ်းအဖိုးအို၏ ဘေးတွင် အသက်အရွယ်အိုမင်းသော အကြီးအကဲတစ်ဦး ရပ်နေသည်။
ထိုအဖိုးအိုသည်လည်း သစ်ပင်လူသားဖြစ်သည်။ သူ၏ မျက်နှာသည် ရှေးဆန်ပြီး ဉာဏ်ပညာကြီးမားပုံပေါ်လွင်သည်။ သူ၏ ခန္ဓာကိုယ်မှ အလွန်အားကောင်းသော စွမ်းအင်အတတ်အကျများ ထုတ်လွှတ်နေသည်။ သူ၏ မျက်လုံးထဲတွင် တာအိုအမျှင်တန်းတစ်ထောင်ရှိလေရာ သူက ဗလာနတ္ထိပထမအဆင့်မှာဖြစ်ကြောင်း ဖော်ပြနေသည်။
“ ရွှီချင်း… သူက သစ်ဝိညာဉ်မျိုးနွယ်ရဲ့ မဟာအကြီးအကဲ ”
ဖန်ချွန်းလမ်းအဖိုးအိုသည် ရွှီချင်းကိုမြင်သောအခါ အလျှင်စလို မိတ်ဆက်ပေးသည်။
ရွှီချင်း၏ အကြည့်သည် အေးခဲသွားသည်။ ထို့နောက် သူက အလျှင်အမြန် လက်သီးနှစ်ဖက်ဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
“ နှုတ်ဆက်ပါတယ် အကြီးအကဲ… အခုလို အကူအညီပေးတဲ့အတွက် အကြီးအကဲကို ကျေဇူးတင်ပါတယ် ”
“ သံတော်ဆင့်ရွှီ အဲ့လောက်ယဉ်ကျေးနေဖို့ မလိုပါဘူး… မင်းက အစကတည်းက ကျုပ်တို့မျိုးနွယ်ရဲ့ ဝိညာဉ်အရှင်ပါ… အဆင့်အတန်းအရဆို မင်းက ကျုပ်တို့မျိုးနွယ်စုခေါင်းဆောင်နဲ့ တစ်တန်းတည်းမှာ ရှိပါတယ်… ဒါ့အပြင် မင်းရဲ့လူသားမျိုးနွယ်က ကျုပ်တို့မျိုးနွယ်ကို နှစ်တွေအကြာကြီး ကာကွယ်ပေးခဲ့ပါတယ်… ကျုပ်တို့သစ်ဝိညာဉ်မျိုးနွယ်က ဒီကြင်နာမှုကို ပြန်ပေးဆပ်ရမယ်မလား ”
“ အရင်က အဆင့်ချိုးဖြတ်ဖို့ ကျုပ်က တရားပိတ်ကျင့်ကြံနေတာ… ဓားကိုင်ရုံးတော်သခင်က စစ်ထွက်ရမယ့်လူတွေထဲမှာ ကျုပ်ကို ချန်လှပ်ထားခဲ့တဲ့အတွက် ရုံးတော်သခင်ကို ကျေးဇူးကြွေးတင်နေတာ… အခု ကျုပ်က အဆင့်ချိုးဖြတ်သွားခဲ့ပြီဆိုတော့ ဘယ်လိုလုပ် အနောက်မှာ ကျန်နေခဲ့နိုင်မှာလဲ ”
ရွှီချင်းသည် ဝိညာဉ်အရှင်၏ အဓိပ္ပာယ်ကို မသိပေ။ သို့သော်လည်း ယင်းက လင်းအာနှင့်ပတ်သက်နေလိမ့်မည်ဟု သူခန့်မှန်းမိသည်။ ထို့ကြောင့် သူက နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြီး သူတို့ကို နေရာစီစဉ်ပေးရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
ရွှီချင်းသည် တစ်ခဏကြာစဉ်းစားပြီးနောက် သူတို့ကို အနောက်ဘက် စစ်မြေပြင်ဆီပို့ဆောင်မည့် မျိုးနွယ်အသီးသီးထံမှ အထောက်အပံ့ပစ္စည်းများအား စောင့်ကြပ်ပေးရန် စီစဉ်လိုက်သည်။ ထိုမှတဆင့် သူတို့ကို ရုံးတော်သခင်ဆီ လက်လွှဲပေးမည် ဖြစ်သည်။
သစ်ဝိညာဉ်မျိုးနွယ်သည် သဘာဝအားဖြင့် သိမ်မွေ့ညင်သာသည်။ မဟာအကြီးအကဲသည် ရွှီချင်းကို သူ၏ နိမ့်ကျသော ကျင့်ကြံခြင်းကြောင့် အထင်မသေးချေ။ တစ်ဖက်တွင် ရွှီချင်းနှင့် လင်းအာ၏ ပတ်သက်မှုကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင် ဓားကိုင်ရုံးတော်ထဲမှ ရွှီချင်း၏ လက်ရှိရာထူးကြောင့် ဖြစ်သည်။
ပိုပြီးအရေးကြီးသည်မှာ သူ၏ အရှေ့မှ လူငယ်သည် မိတ်ဆွေသာဖြစ်သင့်ကြောင်းနှင့် သူ့အား မဆန့်ကျင်သင့်ကြောင်း ရှင်းလင်းစွာ သူနားလည်သည်။
ဤသို့လမ်းတစ်လျှောက်တွင် ဝိညာဉ်တော်ပြည့်မျိုးနွယ်၏ အကြောင်းနှင့် ကျွင်းရွှင်းမျိုးနွယ်ဖြင့် ရွှီချင်း၏ ညှိနှိုင်းဆွေးနွေးမှုသတင်းကို သူကြားသိခဲ့သည်။ ထို့ကြောင့် ရွှီချင်းသည် ရှေ့တန်းအတွက် လိုအပ်သော အထောက်အပံ့ပစ္စည်းများကို ဖြေရှင်းပေးခဲ့သူဖြစ်ကြောင်း ရှင်းလင်းစွာ သူမြင်နိုင်သည်။
ဤသည်မှာ ကြီးမားသော တိုက်ပွဲအကျိုးပြုမှုဖြစ်သည်။
အကယ်၍ ရွှီချင်းသာ ရှေ့တန်းအတွက် တပ်ကူလိုအပ်နေသော ပြဿနာကိုပါ ဖြေရှင်းနိုင်ခဲ့မည်ဆိုလျှင် ထိုတိုက်ပွဲအကျိုးပြုမှုနှစ်ခုသည် စုပေါင်းသွားလိမ့်မည်။ ထိုအခါ ရွှီချင်းသည် ဖုန်းဟိုင်ဒေသငယ်၏ ဓားကိုင်ရုံးတော်တွင် မြင့်မားသော အခွင့်အာဏာကို ပိုင်ဆိုင်သွားလိမ့်မည်။
သို့သော်လည်း ထိုသို့ဖြစ်လာရန် အရေးကြီးဆုံး လိုအပ်ချက်သည် ဤတိုက်ပွဲတွင် လူသားမျိုးနွယ် အနိုင်ရရှိရမည် ဖြစ်သည်။
သစ်ဝိညာဉ်မျိုးနွယ်မှ ပထမအသုတ်နှင့် ဒုတိယအသုတ် စစ်သည်တော်များကို စေလွှတ်ခြင်းသည် မျိုးနွယ်တစ်ခုလုံး၏ အင်အားကို ကုန်ဆုံးစေသည်။ ဤကိစ္စသည် အလောင်းအစားတစ်ခု ဖြစ်သည်။ သူတို့က ဤတိုက်ပွဲတွင် လူသားမျိုးနွယ်အနိုင်ရပြီး နောင်အနာဂတ်တွင် ဖုန်းဟိုင်ဒေသငယ်က လူသားမျိုးနွယ်၏ လက်ထဲ၌ ဆက်လက် တည်ရှိနေဦးမည့်အပေါ် အလောင်းအစားပြုလုပ်ထားခြင်း ဖြစ်သည်။
အကယ်၍ အလောင်းအစားသာ အနိုင်ရမည်ဆိုလျှင် ယင်းက သူတို့၏ သစ်ဝိညာဉ်မျိုးနွယ်ကို နောင်အနှစ်တစ်ထောင်အထိ ကာကွယ်ပေးနိုင်လိမ့်မည်။
ထို့အပြင် ရွှီချင်းနှင့် သူတို့မျိုးနွယ်၏ ဆက်နွယ်မှုကြောင့် သူတို့၏ အဆင့်အတန်းသည် ယခင်ထက် အဆင့်တစ်ဆင့် ပိုမြင့်တတ်သွားနိုင်ခြေပင် ရှိသည်။
ထို့ကြောင့် သစ်ဝိညာဉ်မျိုးနွယ်၏ မဟာအကြီးအကဲသည် ရွှီချင်း၏ စီစဉ်ပေးမှုအပေါ် ကန့်ကွက်ခြင်းမရှိပေ။ မွန်မြတ်ဝိညာဉ်အစောင့်အရှောက်သည် ဝိညာဉ်အရှင်နှင့် တစ်စုံတစ်ရာ ဆွေးနွေးချင်နေကြောင်း သူသိသောကြောင့် မဟာအကြီးအကဲသည် နှုတ်ဆက်စကားဆိုပြီး မြန်မြန်ထွက်သွားသည်။
မဟာအကြီးအကဲထွက်ခွာသွားပြီးနောက် ဖန်ချွန်းလမ်းအဖိုးအိုသည် ရွှီချင်းကို အကြိမ်ရေအနည်းငယ် စုန်ချည်ဆန်ချည် အကဲခတ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သို့သော်လည်း အဖိုးအိုက သူ၏ တကယ့်အတွေးများကို ထုတ်ဖော်မပြချင်ဟန် ရသည်။ သူက စိတ်ကျေနပ်မှုကို အလျှင်အမြန် ဖုံးကွယ်လိုက်ပြီး ချောင်းဟန့်လိုက်သည်။
“ သစ်ဝိညာဉ်မျိုးနွယ် ဒီကိုရောက်လာတာက အလောင်းအစားလုပ်ချင်လို့ဆိုပေမဲ့ ဒီကိစ္စမှာ လင်းအာရဲ့ ကြိုးစားအားထုတ်မှု အများကြီးပါတယ် ”
“ လင်းအာက တံခါးပိတ်ကျင့်ကြံနေတုန်းလား ”
ရွှီချင်းသည် ခေါင်းညိတ်သည်။ သူက ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး သစ်ဝိညာဉ်မျိုးနွယ်ကို ကြိုဆိုဧည့်ခံရန် သူ၏ လူများကို ညွှန်ကြားလိုက်သည်။ တစ်ချိန်တည်းမှာ မျိုးနွယ်စုအသီးသီးမှ ပေးပို့လာသော အရင်းအမြစ်များကို စစ်ဆေးကြည့်လိုက်သည်။
“ အချိန်နည်းနည်းလိုသေးတယ်… လင်းအာအတွက် ဒီတစ်ခေါက် ကံကောင်းမှုကို ခြေဖျက်ဖို့ အချိန်အတော်ကြာလိမ့်မယ် ”
အဖိုးအို၏ စကားဆုံးသည်နှင့် ရွှီချင်းသည် မည်သို့ဆက်ပြောရမည်မှန်း မသိချေ။ သူသည် တခြားလူများနှင့် ပြောဆိုဆက်ဆံရာတွင် မထူးချွန်ပေ။ ထို့ကြောင့် အလုပ်ကိစ္စများကိုသာ ဆက်လက်လုပ်ဆောင်လိုက်သည်။
အချိန်တစ်ခဏကြာပြီးနောက် အဖိုးအိုသည် ချောင်းဟန့်လိုက်ပြီး ပြောသည်။
“ အဟန့်… မင်းမှာ မေးစရာတစ်ခုခု မရှိဘူးလား ”
ရွှီချင်းသည် အံ့ဩသွားပြီး အဖိုးအိုကို ကြည့်လိုက်သည်။
“ ဥပမာ လင်းအာရဲ့ အတိတ်က အကြောင်းတွေပေါ့ သူ ဘယ်လိုကံကောင်းမှုတွေ ရခဲ့သလဲ… ဒါမှမဟုတ် ဒီအတောအတွင်း သူဘယ်အချိန်တွေမှာ ရံဖန်ရံခါ နိုးလာတတ်သလဲ… အဲဒါတွေ မင်းမမေးတော့ဘူးလား ”
အဖိုးအိုသည် အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။
“ ကျုပ်က ဘာလို့ အဲဒီကိစ္စတွေ ခင်ဗျားကိုမေးရမှာလဲ… ကျုပ်မေးချင်ရင် လင်းအာကိုပဲ မေးမှာပေါ့ ”
“ အမ်… ”
အဖိုးအိုသည် ရွှီချင်း၏ စကားကို ငြင်းချင်သောကြောင့် ပါးစပ်ဟလိုက်သည်။ သို့သော် အသေအချာ သူစဉ်းစားကြည့်လိုက်သည့်အခါ ရွှီချင်းပြောသည်က အဓိပ္ပာယ်ရှိကြောင်း ခံစားမိသည်။ သို့သော်လည်း သူသည် အနည်းငယ် မကျေမနပ်ဖြစ်နေဆဲပင်။
ရွှီချင်း၏ အကြည့်က အဖိုးအိုထံသို့ ကျရောက်သွားသောအခါ တစ်ဖက်လူ၏ စိတ်ခံစားမှုကို အာရုံခံမိသည်။
ထိုသို့အရာမျိုးနှင့် သူသည် လွန်စွာမှ ရင်းနှီးကျွမ်းဝင်သည်။ ခေါင်းဆောင်သည် ထိုသို့အမြဲလုပ်လေ့ရှိသည်။ သူက အဖိုးအို၏ မျက်လုံးကို ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောသည်။
“ တကယ်တော့ သစ်ဝိညာဉ်မျိုးနွယ်ကို ကျုပ် အပြည့်အဝ မယုံနိုင်ဘူး… ရှေ့တန်းကို အထောက်အပံ့ပစ္စည်း ပေးပို့မယ့်ကိစ္စက အရမ်းအရေးကြီးတယ်… စီနီယာက ဒီကိစ္စမှာ ပိုအာရုံစိုက်ပြီး ဘာအမှားအယွင်းမှမဖြစ်ရအောင် ကြီးကြပ်ပေးဖို့ ကျုပ်မျှော်လင့်ပါတယ်… အခု မြို့တော်ထဲမှာ ကျုပ်ယုံကြည်နိုင်တဲ့လူက စီနီယာတစ်ယောက်တည်း ရှိတယ် ”
ဤသည်ကို အဖိုးအိုကြားသောအခါ သူက ချက်ချင်း စိတ်ကျေနပ်သွားသည်။ သူက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ ဘာမှစိတ်မပူနဲ့… အထောက်အပံ့ပစ္စည်းတွေ ရောက်လာတဲ့အခါကျရင် ငါကိုယ်တိုင် ငါ့ရဲ့မွေးရာပါစွမ်းရည်ကို အသက်သွင်းပြီး သူတို့ကို ချိတ်ပိတ်ပစ်မယ်… သူတို့အပေါ် စောင့်ကြည့်ဖို့ ငါအကောင်းဆုံးကြိုးစားမယ်… ငါရှိနေရင် ဘာအမှားမှ မဖြစ်စေရဘူး ”
ရွှီချင်းသည် လက်သီးနှစ်ဖက်ဆုပ်လိုက်ပြီး တလေးတစား အရိုအသေပေးလိုက်သည်။
ရွှီချင်း၏ ထိုပုံစံကိုမြင်သောအခါ အဖိုးအိုသည် အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားသည်။ ဤကောင်စုတ်လေးသည် သူ့အား ရိုသေလေးစားရမည်ကို သိသေးသည်ဟု ခံစားမိသည်။ ထို့ကြောင့် သူ့အပေါ် ဆက်ပြီးမမုန်းတော့ပေ။
သုံးရက်ကုန်ဆုံးသွားသည်။
မျိုးနွယ်ခြားများမှ အထောက်အပံ့ပစ္စည်းများသည် သတ်မှတ်ထားသော ရက်ချိန်းအတိုင်း ရောက်လာကြသည်။ နောက်ဆုံးမှာတော့ ရွှီချင်း၏ အကြည့်အောက်တွင် သစ်ဝိညာဉ်မျိုးနွယ်၊ ဖန်ချွန်းလမ်းအဖိုးအိုနှင့် တခြားလူများ၏ စောင့်ကြပ်မှုနှင့်အတူ အထောက်အပံ့ပစ္စည်းများကို အနောက်ဘက် စစ်မြေပြင်ဆီသို့ ပို့ဆောင်စေသည်။
အနောက်ဘက် စစ်မြေပြင်ဆီသို့ခရီးတွင် တည်နေရာပြောင်းရွှေ့အစီအရင်များ ရှိသည်။ သို့သော်လည်း တချို့နယ်မြေများတွင် တည်နေရာပြောင်းရွှေ့အစီအရင်ကို အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်ပေ။ ထို့ကြောင့် ဤခရီးစဉ်သည် ငါးရက်မှ ခြောက်ရက်အထိ ကြာမြင့်နိုင်သည်။
သစ်ဝိညာဉ်မျိုးနွယ်ကို ပို့ဆောင်ပြီးနောက် ရွှီချင်းသည် ဓားကိုင်ရုံးတော် အစွန်းဖျားရှိ ကျောက်ပြားပေါ်တွင် မတ်တတ်ရပ်နေလျက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
သူ၏ အနောက်တွင် နင်ယန်၊ ချင်းချိုးနှင့် အတွင်းရေးမှူးဌာနမှ ဓားကိုင်အုပ်စုတစ်စု ရှိသည်။ သူတို့သည် ရွှီချင်းကို ရိုသေလေးစားသော အကြည့်ဖြင့် ကြည့်နေကြသည်။
အထူးသဖြင့် သူတို့ထဲမှ ချင်းချိုးဖြစ်သည်။ ချင်းချိုးသည် ရွှီချင်းအပေါ် သူ၏ ရိုသေလေးစားမှုကို ဖိနှိပ်ရန် ကြိုးစားနေစဉ် ခံစားမှုအမျိုးမျိုးသည် သူ၏ နှလုံးသားထဲမှာ ရောပြွန်ထွက်ပေါ်လာသည်။ သူ၏ ပခုံးပေါ်မှ တံစဉ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။
‘ ချိုး ခုခံနေတာရပ်လိုက်ပါတော့… နင့်ရဲ့နှလုံးသားထဲမှာ ခံစားချက်တွေ ယှဉ်ပြိုင်နေတာကို ငါအာရုံခံမိတယ်… မယုံနိုင်စရာ ဘာရှိလို့လဲ… ဩဇာရှိပြီး ရုပ်ချောတဲ့ သံတော်ဆင့်ရွှီလိုလူကို နင်ဦးညွတ်တာက သာမန်ကိစ္စပဲမဟုတ်လား ’
‘ နင့်ပါးစပ်ပိတ်ထား… နင်က အဖမ်းခံရပြီး ရွှီချင်းရဲ့ဘေးမှာ လက်နက်ဝိညာဉ်တစ်ခုရှိတာကို သိပြီးကတည်းက ဒီလိုမျိုးစပြောလာတယ်… ရွံ့စရာကောင်းလိုက်တာ ’
‘ အတိတ်မှာတုန်းက ရန်သူနဲ့အတူ အသက်အသေခံမယ်လို့ နင်ပဲ တဖွဖွမပြောခဲ့ဘူးလား… ဒါဆို နင်ဘာလို့ မသေသေးတာလဲ ’
ချင်းချိုးသည် စိတ်ထဲမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
‘ နင့်လို ရွံစရာကောင်းတဲ့လူက ငါ့အတွေးတွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ… ငါချင်းချိုးက နင့်လို ဘယ်တော့မှ တခြားလူကို အလွယ်တကူ ဦးမညွတ်ဘူးဆိုတာ မှတ်ထား ’
‘ ရွှီချင်းပေါ်လည်း အတူတူပဲ ’
ရွှီချင်းသည် ချင်းချိုးစဉ်းစားနေသောအရာကို မသိပေ။
ဤအခိုက်အတန့်သည် နံနက်စောစောအချိန်အခါ ဖြစ်သည်။ သန့်ရှင်းလတ်ဆတ်သော လေပြေသည် ရွှီချင်း၏ ရှည်လျားသော ဆံနွယ်ကို တိုးဝှေ့သွားသည်။ သူက ကောင်းကင်နှင့် မြေပြင်ကို အချိန်အတော်ကြာ ကြည့်နေလေရာ အလေးအနက် စဉ်းစားနေကြောင်း ပေါ်လွင်သည်။
ထိုအချိန်အတွင်း သူက မေးခွန်းတစ်ခုအတွက် အဖြေကို စဉ်းစားနေခြင်း ဖြစ်သည်။
ရှေ့တန်းအတွက် တပ်ကူများကို မည်သို့ထောက်ပံ့ပေးရမည်နည်း။
သစ်ဝိညာဉ်မျိုးနွယ်၏ စစ်သည်တော်တစ်ထောင်သည် ရှေ့တန်းအတွက် မလုံလောက်သေးပေ။
ဤသည်မှာ တိုက်ပွဲရှည်ကြီး ဖြစ်သည်။ ဖုန်းဟိုင်ဒေသငယ်ထက် အစစအရာရာ သာလွန်သော သန့်စင်ရေလှိုင်းမျိုးနွယ်နှင့် ရင်ဆိုင်ရသည့်အခါ ဒေသငယ်တစ်ခုလုံး၏ တားမြစ်ဓမ္မရတနာများဖြင့် ခုခံတားဆီးထားသည့်တိုင် သေကြေပျက်စီးမှုသည် အချိန်နှင့်အမျှ ဖြစ်ပေါ်လာနေသည်။
အထောက်အပံ့ပစ္စည်းများသည် ရှေ့တန်းစစ်မြေပြင်မှ တင်းမာသော အခြေအနေကို အနည်းငယ် ကောင်းမွန်စေရုံမျှသာ တတ်စွမ်းနိုင်၏။ သို့သော်လည်း အကယ်၍ သူတို့သည် တိုက်ပွဲကို ရေရှည်ဆက်လက်ဆင်နွှဲချင်လျှင် တပ်ကူမည့် စစ်သည်တော်အများအပြားကို လိုအပ်ပေသည်။
အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းသည် ရုတ်တရက် ပြောသည်။
“ ချင်းချိုး ”
“ အာ… ဒီမှာရှိပါတယ် ”
ချင်းချိုးသည် တံစဉ်ကို စိတ်ထဲမှ သတိပေးနေသည်။ သူ၏ နှလုံးသားထဲတွင် ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေသည်။ သို့သော် ရွှီချင်း၏ အော်ခေါ်သံကိုကြားသောအခါ သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ယင်လာသည်။ သူက အလျှင်စလို အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ခါးမတ်မတ်ထားလိုက်သည်။
“ ရွှီကျောက်ပြည်နယ်က ဝတ်ရုံတားမြစ်နယ်မြေနဲ့ ယင်ဟွမ်ပြည်နယ်က အလောင်းကောင်တားမြစ်နယ်မြေအကြောင်းကို ဆယ့်ငါးမိနစ်အတွင်း ငါအကုန်သိချင်တယ် ”
ရွှီချင်းသည် ယင်ဟွမ်ပြည်နယ်၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်သည်။ သူ၏ အမူအရာသည် တည်ငြိမ်နေသည်။
“ အမိန့်နာခံပါတယ်… ဆယ့်ငါးမိနစ်အတွင်း သတင်းအချက်အလက်အားလုံးကို ယူဆောင်လာပေးဖို့ ငါအာမခံပါတယ် ”
ချင်းချိုးသည် ရင်ဘက်ကို ပုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူက ရုံးတော်သခင်နှင့် တွေ့ဆုံနေရသည့်အလား သူ၏ အသံထဲတွင် ရိုသေကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။
‘ စောစောက ဦးမညွတ်ဘူးလို့ပြောခဲ့တာ ဘယ်ကောင်မလေးပါလိမ့် ’
တံစဉ်၏ ထေ့ငေါ့သော စကားသံသည် ချင်းချိုး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
‘ နင့်ပါးစပ်ပိတ်ထား… ငါက တာဝန်သိပြည်သူလို ဟန်ဆောင်နေတာ… ငါဒီလိုလုပ်တာ စစ်ပွဲရဲ့ အကျိုးအတွက်ပဲ ’
ချင်းချိုးသည် ချက်ချင်း ပြန်အော်ငေါက်လိုက်သည်။
“ မင်းမသွားသေးဘူးလား ”
ချင်းချိုးသည် နေရာတွင် မတ်တတ်ရပ်လျက်ရှိနေသေးကြောင်း မြင်သောအခါ ရွှီချင်းသည် အော်ပြောလိုက်သည်။
“ အခုပဲသွားပါမယ် ”
ချင်းချိုးသည် ခါးကို မတ်မတ်ဆန့်လိုက်သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး မြန်မြန်သွက်သွက် ထွက်သွားသည်။