← Chapters

ငါပြန်လာပြီ(က)

Vol. 45 Ch. 675

ငါပြန်လာပြီ(က)

Vol. 45 Ch. 675

ချင်းချိုးသည် အလုပ်ကြိုးစားပြီး ရွှီကျောက်ပြည်နယ်နှင့် ယင်ဟွမ်ပြည်နယ်မှ သတင်းအချက်အလက်အားလုံးကို စုဆောင်းလိုက်သည်။ သူက သတင်းအချက်အလက်များကို ကျောက်စိမ်းပြားနှစ်ခုထဲသို့ပင် ခွဲထည့်လိုက်သည်။

ထို့နောက် သူက အတွင်းရေးမှူးဌာနတွင် အနားယူနေသော ရွှီချင်းထံသို့ ယင်းတို့ကို ကမ်းပေးလိုက်သည်။

ဤကိစ္စကို သူတစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ သူ့ကို အကူအညီပေးခဲ့သော တခြားဓားကိုင်များလည်း ရှိသည်။ မည်သည့်အမှားအယွင်းမှမရှိကြောင်း သေချာအတည်ပြုပြီးနောက် သူသည် အမှတ်ထဲ ထည့်ပေါင်းရမည်။

ဤသည်မှာ ဌာနအတွင်း၌ မည်သည့်လစ်ဟင်းမှုမှမရှိစေရန်နှင့် တာဝန်ခံမှုရှိစေရန် ချမှတ်ထားသော စီမံချက်ဖြစ်သည်။

ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး ကျောက်စိမ်းပြားများကို ယူလိုက်သည်။

ယခုအချိန်တွင် မျိုးနွယ်ခြားများထံမှ တပ်ကူစစ်သည်တော်များရရှိရန် မည်သို့မှမဖြစ်နိုင်ပေ။ သို့ဖြစ်၍ ရွှီချင်းသည် သူ၏ အတွေးကို ရွှီကျောက်ပြည်နယ်နှင် ယင်ဟွမ်ပြည်နယ်သို့ ပြောင်းရွှေ့လိုက်ရတော့သည်။

ဝတ်ရုံတားမြစ်နယ်မြေနှင့် အလောင်းကောင်တားမြစ်နယ်မြေ၏ ရုန်းရင်းဆန်ခတ်မှုကြောင့် ထိုပြည်နယ်နှစ်ခုမှ ပညာရှင်ကျင့်ကြံသူများသည် ရုံးတော်သခင်၏ အမိန့်တော်ကြောင့် အနောက်တွင် ကျန်ရစ်နေခဲ့ကြပြီး တားမြစ်နယ်မြေနှစ်ခုကို ဖိနှိပ်နေကြသည်။ စစ်ပွဲကာလအတွင်း ထိုတားမြစ်နယ်မြေနှစ်ခုကြောင့် ဒေသငယ်ထဲ၌ ဖရိုဖရဲမဖြစ်ရလေအောင် သူတို့သည် တားဆီးကာကွယ်နေကြသည်။

ဖုန်းဟိုင်ဒေသငယ်တွင် စုစုပေါင်း ပြည်နယ်ဆယ့်သုံးခု ရှိသည်။

အကယ်၍ ထိုပြည်နယ်နှစ်ခုမှ ပညာရှင်ကျင့်ကြံသူများကို စစ်မြေပြင်ဆီ စေလွှတ်နိုင်မည်ဆိုလျှင် ရှေ့တန်းစစ်အင်အား၏ (၂၀)ရာခိုင်နှုန်းနီးပါးကို ထောက်ပံ့ပေးနိုင်လိမ့်မည်။

ဤသည်မှာ ရှေ့တန်းစစ်မြေပြင်အတွက် အလွန်ကြီးမားသော စစ်ရေးအကူအညီဖြစ်သည်။

သို့သော် ဤကိစ္စသည် အလွန်တရာ ခက်ခဲသည်။ ရွှီချင်းက ငှက်ကြီးချင်းချင်းကို အကူအညီတောင်းမည်ဆိုလျှင်ပင် ဤကိစ္စသည် ဖြေရှင်းရန် အတော်လေး ခက်ခဲနေဆဲ ဖြစ်သည်။

သူသည် ပြည်နယ်နှစ်ခုနှင့်သက်ဆိုင်သော အချက်အလက်များကို စတင်လေ့လာလိုက်သည်။

“ ဝတ်ရုံတားမြစ်နယ်မြေရဲ့ ကဒ်ဘေးက အခြေခံအားဖြင့် ဖိနှိပ်ခံထားရတယ်… ဒါပေမဲ့ အဲ့ဒါက အရေးကြီးဆုံးအချိန်ဆိုလည်း ဟုတ်တယ်… အခု ဓားကိုင်ရုံးတော်နဲ့ ရွှီကျောက်ပြည်နယ်တစ်ခုလုံးက အတူပူးပေါင်းပြီး နောက်ဆုံးချိပ်ပိတ်စည်းကို စည်းချဖို့ အကောင်းဆုံး ကြိုးစားနေကြတယ်… ဝတ်ရုံတားမြစ်နယ်မြေ တန်ပြန်တိုက်ခိုက်မှာကို တားဆီးဖို့ အဲ့ဒီကနေ ငါတို့အင်အားတောင်းလို့မဖြစ်နိုင်ဘူး… အဲ့ဒါက နောက်ထပ်တစ်လ ကြာလိမ့်မယ် ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

တစ်လဟူသော အချိန်သည် အလွန်ကြာညောင်းသည်။ စစ်ပွဲ၏ တိုးတတ်မှုအခြေအနေကို ကြည့်ခြင်းအားဖြင့် တစ်လကြာပြီးမှ စစ်ကူထောက်ပံ့ပေးမည်ဆိုလျှင် အလွန်နောက်ကျသွားလိမ့်မည်။

သို့သော်လည်း အကယ်၍ တားမြစ်နယ်မြေကို သူတို့ချိပ်မပိတ်ပစ်လျှင် ပြည်နယ်သည် ပထမဆုံး ပရမ်းပတာဖြစ်သွားလိမ့်မည်။ ပြည်နယ်ထဲမှ လူသားမျိုးနွယ်ဂိုဏ်းအားလုံး၏ အခြေခံအုတ်မြစ်သည် ဖျက်ဆီးခံရလိမ့်မည်။ မရေမတွက်နိုင်သော လူသားများသည် သန္ဓေပြောင်းလဲသွားကြပြီး တားမြစ်နယ်မြေအတွက် အစားအစာ ဖြစ်လာကြလိမ့်မည်။

အကယ်၍ တားမြစ်နယ်မြေသာ ပျံ့နှံ့သွားမည်ဆိုလျှင် ဖုန်းဟိုင်ဒေသငယ်၏ ပြည်တွင်းရေးသည် သေချာပေါက် ပိုပြီးပရမ်းပတာ ဖြစ်သွားလိမ့်မည်။

ထို့အပြင် ထိုပြည်နယ်နှစ်ခုမှ မျိုးနွယ်ခြားအများစုသည်လည်း တားမြစ်နယ်မြေကို ချိပ်ပိတ်ရာတွင် ပူးပေါင်းပါဝင်ကြသည်။ မည်သို့ဆိုသော် သူတို့၏ အခြေအနေသည် တခြားပြည်နယ်များနှင့် ခြားနားသောကြောင့် ဖြစ်သည်။ အန္တရာယ်က သူတို့၏ အိမ်ရှေ့တံခါးဝတွင် ရှိနေခြင်းသည် ထိုပြည်နယ်နှစ်ခုမှ မျိုးနွယ်ခြားများကို မဖြစ်မနေ ပူးပေါင်းပါဝင်စေသည်။

ထို့ကြောင့် သူတို့ထံမှ အင်အားတချို့ကို တောင်းဆိုရန် ရွှီချင်းအတွက် အလွန်ခက်ခဲပေသည်။

ယင်ဟွမ်ပြည်နယ်မှ အခြေအနေသည် ထိုထက် ပိုပြီးဆိုးဝါးပေသည်။ ယင်ဟွမ်ပြည်နယ်၏ အင်အားစု အများအပြားနှင့် တားမြစ်ပင်လယ်မှ မျိုးနွယ်ပေါင်း(၉၀)ကျော်တို့ အတူပူးပေါင်းလုပ်ဆောင်သည့်တိုင် သူတို့သည် အလောင်းကောင်တားမြစ်နယ်မြေကို ပရမ်းပတာမဖြစ်စေရုံမျှသာ ဖိနှိပ်ထားနိုင်သည်။

ယခု သူတို့သည် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေမှာ ရှိနေသည်။

ရွှီချင်းသည် ကျောက်စိမ်းပြားထဲမှ သတင်းအချက်အလက်ကို ဂရုတစိုက် ဖတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် ယင်ဟွမ်ပြည်နယ်၏ သတင်းအချက်အလက်များကို ဖတ်ကြည့်ပြီးသောအခါ သူ၏ မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ဓားကိုင်ရုံးတော်၏ ပုံမှန်အစီအရင်ခံစာများထဲတွင် သတင်းအပိုင်းအစတစ်ခုရှိကြောင်း သူသတိပြုမိသည်။

“ ဆက်သွယ်ပြီးတဲ့နောက်မှာ အဲ့ဒီအင်အားစုကြီးနှစ်ခုက ဒီအချိန်အတောအတွင်း သူတို့ရဲ့နယ်မြေကနေ ခြေတစ်လှမ်းတောင်မလှမ်းဖို့ သဘောတူခဲ့ကြတယ် ”

“ ဖိနှိပ်ခြင်းတောင်ကုန်းက ဝိညာဉ်တော်သုံးပါးနဲ့ တစ္ဆေအင်ပါယာတောင်ကုန်းက စိတ်ခုနစ်မျိုးက တစ္ဆေအင်ပါယာရဲ့ ဝိညာဉ်ကနေ ပြောင်းလဲဖြစ်ပေါ်လာခဲ့ကြတာ… တစ္ဆေအင်ပါယာတောင်ကုန်းရဲ့ ကျန်ရှိနေတဲ့ အမှတ်အသားတွေကို ဝိညာဉ်စုဆောင်းခြင်းအဆင့် ပုဂ္ဂိုလ်ကပဲ ဖျက်ဆီးနိုင်တယ်… ဒါကြောင့် သူတို့အားလုံးမှာ မသေမျိုးခန္ဓာကိုယ်ရှိတယ်… တကယ်လို့ သူတို့ကို တိုက်ခိုက်ခိုင်းဖို့ တွန်းအားပေးမယ်ဆိုရင် အကျအဆုံးက သေချာပေါက် ရှိလာလိမ့်မယ်… တကယ်လို့ သူတို့က မရိုးသားဘူးဆိုရင် အလောင်းကောင်တားမြစ်နယ်မြေကို ချိပ်ပိတ်ပစ်တာက အကျိုးမရှိဘူး ”

“ ဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့နဲ့ အချိန်အလဟဿမဖြစ်စေဖို့ ဓားကိုင်ရုံးတော်ခွဲက သူတို့ကို မတိုက်ခိုက်ခိုင်းဖို့ ဆုံးဖြတ်ခဲ့တယ် ”

ရွှီချင်းသည် ထိုသတင်းအချက်အလက်ကို ဖတ်ကြည့်ပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက မတ်တတ်ထရပ်လိုက်ပြီး အတွင်းရေးမှူးဌာနထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်သည်။

သူက ကောင်းကျိုးဆိုးကျိုးကို ချင့်ချိန်စဉ်းစားနေသည့်အလား သူ၏ အကြည့်သည် ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ချိတုံချတုံဖြစ်မှုကြားတွင် တစ်လှည့်စီ ပြောင်းလဲနေသည်။

ချင်းချိုးနှင့် နင်ယန်သည် ရွှီချင်း၏ မချင့်မရဲဖြစ်နေပုံကို ရှားရှားပါးပါး မြင်တွေ့သွားသည်။ ကောင်းကင်နက်နတ်သားတော်အဖြစ် သူဟန်ဆောင်ခဲ့စဉ်အခါကပင် ရွှီချင်းကို ထိုသို့ပုံစံမျိုးဖြင့် သူတို့သည် တစ်ခါမှ မမြင်တွေ့ဖူးပေ။ ထို့ကြောင့် သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အလိုလို အသက်ပြင်းပြင်း မရှူဝံ့ကြတော့ချေ။

ထိုသို့ဖြင့် ရွှီချင်းသည် မျက်မှောင်ကြုတ်လျက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ တစ္ဆေအင်ပါယာနတ်နန်းတော်ကို အာရုံခံမိပြီးနောက် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက အပြင်ဘက်မှ ကောင်းကင်ကို ကြည့်လိုက်သည့်အခါ ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာသည် သူ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။

“ ချင်းချိုးနဲ့ နင်ယန်… မင်းတို့နှစ်ယောက် အတွင်းရေးမှူးဌာနကို ကြီးကြပ်ဆောင်ရွက်ရလိမ့်မယ်… ရှေ့တန်းစစ်မြေပြင်က သတင်းအချက်အလက်တွေကို စုဆောင်းပြီး စီမံဆောင်ရွက်ပါ… ပြီးတော့ အထောက်အပံ့ပစ္စည်းတွေ ပို့ဆောင်တဲ့ လုပ်ငန်းစဉ်ကို စစ်ဆေးစောင့်ကြည့်ပါ… ချင်းချိုး မင်းကို အမိန့်တော်ဓားကနေ ငါ့ဆီ အရေးကြီးကိစ္စတွေ အကြောင်းကြားနိုင်ဖို့ ဓားကိုင်ရုံးတော်ရဲ့ အစီအရင်ကို အသက်သွင်းနိုင်ဖို့ အခွင့်အာဏာကို ငါပေးမယ် ”

ချင်းချိုးသည် ရင်ဘက်ကို ပုတ်လိုက်ပြီး သဘောတူညီကြောင်း ကျယ်လောင်စွာ အော်ပြောတော့မည့်အချိန် သူ၏ ဂုဏ်သိက္ခာကို စဉ်းစားမိသွားသည်။ ထို့ကြောင့် သူက ခန္ဓာကိုယ်မှ တုံ့ပြန်မှုကို အမြန်ဖိနှိပ်လိုက်ပြီး တည်ငြိမ်ချင်ယောင်ဆောင်ကာ ခေါင်းညိတ်လိုက်သည်။

နင်ယန်ဆီမှာ စိုးရိမ်ပူပန်မှု အများကြီးမရှိပေ။ သူက ‘ အင်း ’ဟုသာ ပြောသည်။ ထို့နောက် သူက စူးစမ်းသိလိုစွာ မေးသည်။

“ စီနီယာအကိုကြီးရွှီချင်း… မင်း အပြင်သွားတော့မလို့လား ”

ရွှီချင်းသည် နင်ယန်ကိုကြည့်လိုက်သည်။ သို့သော် ထိုမေးခွန်းကို သူမဖြေပေ။ သူသွားရောက်မည့် နေရာအတိအကျကို မည်သူ့ကိုမှ မပြောပြချင်ပေ။ ထို့ကြောင့် သူက တည်ငြိမ်စွာ ပြောသည်။

“ ဝတ်ရုံတားမြစ်နယ်မြေဆီ ငါခရီးထွက်ဦးမယ် ”

ထိုသို့ပြောပြီးနောက် ရွှီချင်းသည် အတွင်းရေးမှူးဌာနထဲမှ ထွက်လျှောက်သွားသည်။ ထို့နောက် သူသည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။

ငှက်ကြီးချင်းချင်းသည် ကျယ်လောင်စွာ အော်မြည်လိုက်သည်။ ဧရာမဦးခေါင်းသုံးလုံးသည် တိမ်တိုက်များကြားထဲတွင် ထွက်ပေါ်လာကြသည်။ ၎င်းတို့သည် ရွှီချင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး ဝါးမျိုချင်သော စိတ်ဆန္ဒကို ဖိနှိပ်လိုက်သည်။ ၎င်းတို့သည် နောက်ထပ်မျိုးနွယ်တစ်စုကို အမြစ်ဖြတ်သုတ်သင်ချင်နေသည့်အလားပင်။

ညာဘက်ဦးခေါင်းသည် အောက်သို့ အမြန်နိမ့်ဆင်းသွားပြီး ရွှီချင်းကို သယ်ဆောင်လိုက်သည်။

ရွှီချင်း၏ နတ်ဘုရားအာရုံ ပျံ့လွင့်သွားသောအခါ ငှက်ကြီးချင်းချင်း၏ မျက်လုံးထဲတွင် တင်းမာခက်ထန်သော အမူအရာ ထွက်ပေါ်လာသည်။ ၎င်းသည် အတောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်ပြီး ဒေသငယ်မြို့တော်၏ ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး ပျံတတ်သွားသည်။ မိုးထစ်ချုန်းသံများကြားတွင် ငှက်ကြီးချင်းချင်းသည် ရွှီချင်းကို သယ်ဆောင်လျက် ပျောက်ကွယ်သွားသည်။

ငှက်ကြီးချင်းချင်း၏ အရှိန်သည် တည်နေရာပြောင်းရွှေ့အစီအရင်ကို အသုံးပြုခြင်းထက် အများကြီး မနှေးကွေးပေ။ အလွန်ဝေးကွာသော ဒေသများဆီသို့ သွားသည့်အခါ တည်နေရာပြောင်းရွှေ့အစီအရင်သည် အများကြီး ပိုအဆင်ပြေပြီး ပိုမြန်ဆန်သည်။ သို့သော်လည်း ရွှီချင်းသည် သူသွားရောက်မည့် တည်နေရာအတိအကျကို အစောကြီး မထုတ်ဖော်ချင်ပေ။ အမှားအယွင်းဖြစ်ပေါ်လာနိုင်သည့် ရာခိုင်နှုန်းသည် မြင့်မားခြင်းမရှိသော်လည်း သူသည် သတိထားရဦးပေမည်။

ထို့ကြောင့် သူသည် ဒေသငယ်မြို့တော်၏ နယ်နိမိတ်အတွင်းမှ ထွက်ခွာသွားပြီးနောက် ဓားကိုင်ရုံးတော်မှ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုကို ရှာဖွေလိုက်ပြီး အရွယ်အစား ချုံ့ထားသော ငှက်ကြီးချင်းချင်းနှင့်အတူ အထဲသို့ ဝင်ရောက်သွားသည်။

All Chapters