ငါပြန်လာပြီ(ဂ)
Vol. 45 Ch. 677
ယင်းသည် ရွှီချင်း၏ မျှော်လင့်ထားမှုနှင့် အံဝင်ခွင်ကျမဖြစ်ပေ။ သူ၏ အစီအစဉ်အရဆိုလျှင် ယင်းသည် အမွှေအနှစ်ကဲ့သို့သော တစ်စုံတစ်ခု ဖြစ်သင့်ပေသည်။
သို့သော်လည်း ဤကိစ္စသည် ပြဿနာမရှိပေ။ လက်နက်ဝိညာဉ်နိုးထလာခြင်းသည် သူ့အစီအစဉ်၏ ပထမခြေလှမ်း ဖြစ်သည်။ ထို့ကြောင့် သူက ညင်သာစွာ ပြောသည်။
“ ဒီတော့ မင်း ဒီကိစ္စကို ဝိညာဉ်တော်သုံးပါးနဲ့ စိတ်ခုနစ်မျိုးဆီ သွားပြောနိုင်မလား… သူတို့ကိုပြောလိုက်… ငါလာနေပြီလို့ ”
အကယ်၍ ကုန်သည်တစ်ဦးက သူ၏ ကုန်ပစ္စည်းကောင်းမွန်ကြောင်းနှင့် အသုံးဝင်ကြောင်းကို သက်သေပြချင်သည်ဆိုလျှင် ဝယ်သူများ၏ ယုံကြည်မှုနှင့် အသိအမှတ်ပြုမှုကို ဦးစွာလိုအပ်ပေသည်။
အကယ်၍ ကုန်သည်က ထိုအချက်များကို ကျော်လွန်သွားပြီး ဝယ်သူများဆီသို့ တိုက်ရိုက်ပြောမည်ဆိုလျှင် အကျိုးသက်ရောက်မှုသည် အလွန်ဆိုးဝါးလိမ့်မည်။ အကယ်၍ သူက သက်သေတချို့ကို ထုတ်ပြလျှင်တောင် အကျိုးသက်ရောက်မှုသည် မကောင်းမွန်နိုင်ပေ။
သို့သော်လည်း အကယ်၍ ကုန်သည်ဆီမှာ အသိအမှတ်ပြုမှု အထောက်အထားများ အလုံအလောက်ရှိမည်ဆိုလျှင် ရလဒ်သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလိမ့်မည်။
ယင်းသည် လီယုံကျောက်တိုင်ဆီသို့ ရွှီချင်းရောက်လာရသည့် အကြောင်းအရင်း ဖြစ်ပေသည်။
ဤခြေလှမ်းသည် အလွန်အရေးကြီးသည်။
သို့သော်လည်း ဤခြေလှမ်းမအောင်မြင်လျှင် ရွှီချင်းဆီမှာ တခြားနည်းလမ်းများ ရှိသေးပေသည်။ ထိုနည်းလမ်းများက အများကြီး ပိုရှုပ်ထွေးပြီး ပိုအန္တရာယ်များရုံသာ ဖြစ်သည်။
သူ၏ အဓိကရည်ရွယ်ချက်သည် ကုန်သည်တစ်ဦးဖြစ်လာပြီး တစ္ဆေအင်ပါယာတောင်ကုန်း၏ ဝိညာဉ်တော်သုံးပါးနှင့် စိတ်ခုနစ်မျိုးဖြင့် သဘောတူညီမှုတစ်ခု ပြုလုပ်ရန် ဖြစ်သည်။
လီယုံကျောက်တိုင်မှ လက်နက်ဝိညာဉ်သည် သူ၏ အသိအမှတ်ပြုမှု အထောက်အထားဖြစ်သည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် လက်နက်ဝိညာဉ်သည် ၎င်း၏ အထူးနည်းလမ်းကိုအသုံးပြုပြီး ဤကိစ္စကို ဝိညာဉ်တော်သုံးပါးနှင့် စိတ်ခုနစ်မျိုးထံသို့ အသံပို့လွှတ်လိုက်သည်။ ထို့နောက် ရွှီချင်းသည် ထွက်ခွာသွားသည်။
ရွှီချင်းသည် ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်တွင် ရပ်လိုက်ပြီး ဝိညာဉ်တော်သုံးပါးတောင်ကုန်းဆီသို့ အရှိန်တင်လိုက်သည်။
တောင်ဘက်သို့ သူဦးတည်သွားလိုက်သည့်အခါ လေနှင့် နှင်းသည် တဖြည်းဖြည်း လွင့်ပြယ်သွားသည်။ မြေကြီးသည် တဖြည်းဖြည်း အဖြူရောင် လျော့နည်းသွားပြီး မြစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ ကျယ်ပြောသော မသေမျိုးမြစ်ကြီးတစ်စင်းက ရွှီချင်း၏ အမြင်အာရုံထဲတွင် ပေါ်ထွက်လာသောအခါ အတိတ်မှ သူ၏ မှတ်ဉာဏ်များသည် စိတ်ထဲမှာ ပြန်ထင်ဟပ်လာသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ဤသို့ပုံစံဖြင့် သူပြန်ရောက်လာလိမ့်မည်ဟု ရွှီချင်းသည် လုံးဝမျှော်လင့်မထားပေ။ တိတ်ဆိတ်ငြိမ်သက်နေစဉ် ငှက်ကြီးချင်းချင်းသည် အော်မြည်လိုက်လေရာ ရွှီချင်းကို အတိတ်က မှတ်ဉာဏ်များထဲမှ ဆွဲထုတ်လိုက်သည်။
“ စီနီယာ… အခုချိန်က မျိုးနွယ်တစ်စုကို အမြစ်ဖြတ်သုတ်သင်ဖို့ မလွယ်ကူသေးဘူး… ဒါပေမဲ့ ကျုပ် အခွင့်အရေးတစ်ခု ရှာပေးပါမယ် ”
ရွှီချင်းသည် အလျှင်စလို ပြောသည်။
ငှက်ကြီးချင်းချင်းသည် အနည်းငယ် နောင်တရသွားသည်။ ၎င်းသည် အတောင်ပံ တဖျတ်ဖျတ်ခတ်လိုက်ပြီး ရွှီချင်း၏ ညွှန်ပြမှုနောက်သို့ အမြန်ပျံသန်းသွားသည်။ ၎င်း၏ အလွန်မြန်ဆန်သော အလျင်ကြောင့် ဝိညာဉ်တော်သုံးပါးတောင်ကုန်းကို မြင်တွေ့ရန် အချိန်သိပ်မကြာခဲ့ပေ။
ထိုနေရာတွင် အရိုးများသည် တောင်ကုန်းများ တောအုပ်များသဖွယ် စုပုံတည်ရှိနေကြပြီး လူ့အရေပြားသည် နေရာတိုင်းတွင် တွယ်ကပ်နေသည်။ သူတို့၏ ဆံပင်သည် အမျှင်နက်သို့ ပြောင်းလဲသွားသည်။ လေတိုက်ခတ်သည့်အခါတိုင်း ဆံပင်သည် ပြန့်ကျဲသွားပြီး မြေပြင်သည် အနက်ရောင်စွန်းထင်သွားသည်။
ကောင်းကင်ပေါ်မှကြည့်လျှင် ဤနေရာတစ်ခုလုံးသည် အလောင်းတောင်ကုန်းများ သွေးပင်လယ်များဖြင့် ပြည့်နှက်နေသော ငရဲပြည်သဖွယ် တွေ့မြင်ရလိမ့်မည်။
အတိတ်တွင် အဘယ်ကြောင့် ဓားကိုင်ရုံးတော်က ဤသို့အင်အားစုကို တည်ရှိခွင့်ပြုထားကြောင်း ရွှီချင်းသည် နားမလည်ခဲ့ပေ။ သို့သော်လည်း ယခုတော့ တစ္ဆေအင်ပါယာသည် တကယ်မသေဆုံးသေးကြောင်း ပိုပြီးရှင်းလင်းစွာ သူနားလည်လာသည်။ သူ၏ အဆင့်သည် အလွန်မြင့်မားပြီး သူ၏ ဝိညာဉ်တော်သုံးပါးနှင့် စိတ်ခုနစ်မျိုးသည်လည်း မသေမျိုးစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
ယင်းက သူတို့ကို အလွန်ထူးခြားစေသည်။ သူတို့သည် တစ္ဆေအင်ပါယာ၏ အသက်ရှူသံတည်ရှိနေသရွေ့ သေဆုံးကြလိမ့်မည် မဟုတ်ချေ။
သူတို့သည် တကယ့်မသေမျိုးမဟုတ်ကြပေ။ ယင်းအစား သူတို့ကို မဖျက်ဆီးပစ်နိုင်ခြင်း ဖြစ်သည်။
အကယ်၍ သူတို့ကို ချောင်ပိတ်တွန်းအားပေးပြီး သူတို့၏ သီးခြားရပ်တည်မှုကို လက်လျော့ခိုင်းမည်ဆိုလျှင် တစ္ဆေအင်ပါယာသည် နိုးထလာလိမ့်မည်။
တစ်ချိန်တည်းမှာ ဖုန်းဟိုင်ဒေသငယ်၏ သေခြင်းရှင်ခြင်းသည် ပြန်လည်ရှင်သန်လာသော တစ္ဆေအင်ပါယာ၏ အတွေးတစ်ချက်ဖြင့် အဆုံးအဖြတ်ဖြစ်သွားလိမ့်မည်။
ဓားကိုင်ရုံးတော်၏ ထင်မြင်ချက်အရ ဝိညာဉ်စုဆောင်းခြင်းအဆင့် ရှေးဟောင်းကျင့်ကြံသူများသည် သူတို့ပြန်နိုးထလာသည့်အခါ အလွန်အမင်း ဆာလောင်မွတ်သိပ်ကြလိမ့်မည်။ သူတို့အတွက် ပြည်နယ်တစ်ခု သို့မဟုတ် ဒေသငယ်တစ်ခုလုံးကို ဝါးမျိုးရန်ဆိုသည်မှာ မဖြစ်နိုင်သောကိစ္စ မဟုတ်ပေ။
ထို့ကြောင့် ရာထူးခန့်အပ်ခံရသော ဒေသအကြီးအကဲတိုင်းသည် တစ္ဆေအင်ပါယာတောင်ကုန်းကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသည်။
ယနေ့ခေတ်တွင် လူသားမျိုးနွယ်သည် ဆက်လက် အင်အားကျဆင်းနေဆဲ ဖြစ်သည်။ အကယ်၍ ရှေးဘုရင်ရွှမ်ယုံ၏ ခေတ်တွင်ဆိုလျှင် ဝိညာဉ်တော်သုံးပါးနှင့် စိတ်ခုနစ်မျိုးကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်။ အကယ်၍ တစ္ဆေအင်ပါယာက အသက်ပြန်ရှင်လာမည်ဆိုလျှင်ပင် သူသည်လည်း ဖိနှိပ်ခံရမည့် ကံကြမ္မာမှ ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ချေ။
ထိုဝိညာဉ်တော်သုံးပါးနှင့် စိတ်ခုနစ်မျိုးသည်လည်း အလယ်အလတ်လမ်းစဉ်ကို ကောင်းမွန်စွာ နားလည်ထားကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ အင်အားကို အများကြီး မတိုးချဲ့ကြပေ။ သူတို့၏ ပိုင်နက်များထဲမှ မြို့ငယ်လေးများတွင် မျိုးနွယ်ပေါင်းစုံ ရှိပြီးကြပြီ ဖြစ်သည်။
ထိုဝိညာဉ်တော်သုံးပါးအပေါ် ရွှီချင်းသည် အကောင်းမြင်စိတ်မရှိပေ။ သို့သော်လည်း ယခု ရှေ့တန်းသည် အန္တရာယ်ထဲ ကျရောက်နေသည်။ သူတို့ကို သဘောမကျလျှင်ပင် သူလုပ်ဆောင်မှဖြစ်မည့် ကိစ္စတချို့ ရှိနေသေးပေသည်။
သူတို့ရောက်ရှိသွားကြသည့် ထိုအခိုက်အတန့်မှာ လေနှင့် တိမ်တိုက်များသည် ဝိညာဉ်တော်သုံးပါးတောင်ကုန်းပေါ်တွင် ပေါ်လျှိုးထွက်လာကြသည်။ မြေပြင်သည် တုန်လှုပ်သွားပြီး ကောင်းကင်ပေါ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။ ဤနေရာတွင် မူလက ဧရာမတောင်ကုန်းသုံးခုရှိသော်လည်း ယခုအခါ တောင်ကုန်းနှစ်ခုသာလျှင် ကျန်ရှိတော့သည်။
ဝိညာဉ်သခင်မယုံကျင်း နေထိုင်သော တောင်ကုန်းသည် ပြိုလဲပျက်စီးသွားခဲ့သည်မှာ ကြာလှချေ၏။ ယခု ထိုနေရာတွင် တောင်ကုန်းငယ်တစ်ခုသာလျှင် ကျန်ရှိတော့သည်။
တောင်ကုန်းများ၏ အပေါ်တွင် ကြီးမားသော ပလ္လင်နှစ်ခု ရှိသည်။
ညာဘက်မှ တောင်ကုန်းပေါ်တွင် ပလ္လင်၏ ဘေးပတ်ဝန်းကျင်ကို ဝိညာဉ်များဖြင့် ပြည့်နှက်နေသော ဧရာမသားရဲတစ်ကောင်၏ အရိုးများဖြင့် ထုဆစ်ပုံဖော်ထားသည်။ ပိန်ခြောက်ခြောက် လူ့ဘီလူးတစ်ကောင်သည် ပလ္လင်ပေါ်တွင် ထိုင်နေသည်။
သူ၏ တစ်ကိုယ်လုံးသည် ပိန်ခြောက်ကပ်ပြီး ကျောနောက်တွင် ကြီးမားသော အသားပိုတစ်ခု ရှိသည်။ ထိုအသားပိုပေါ်မှ စိမ်းဖန့်ဖန့် သွေးကြောများသည် စည်းချကျကျ လူးလွန့်သွားနေကြသည်။ စစ်ပွဲဗုံသံပမာ ကျယ်လောင်သော အသံသည် အသားပိုထဲမှ ထွက်ပေါ်လာပြီး ကမ္ဘာကို ဖြတ်ကျော်သွားကာ လူတိုင်း၏ စိတ်ကို လှုပ်ခါသွားစေသည်။
ထိုပုံရိပ်သည် ဝိညာဉ်တော်သုံးပါးထဲမှ မြေကြီးဝိညာဉ်ဖြစ်သော ဝိညာဉ်အရှင်ကြွယ်ဟန်ဖြစ်သည်။
သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်တွင် အရှိန်တင်၍ ပျံသန်းလာနေသော ငှက်ကြီးချင်းချင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ၎င်း၏ ဘေးမှ အရှည်လျားဆုံး တောင်ကုန်းသည်ကတော့ ထူထဲသော မြူခိုးနက်ဖြင့် ဖုံးလွှမ်းခံထားရပြီး အထဲမှ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ မြူခိုးထဲတွင် အသက်ရှူသံလှိုင်းတချို့သာ ပဲ့တင်ထပ်နေသည်။
ထိုနေရာသည် တစ္ဆေအင်ပါယာတောင်ကုန်း၏ အသန်မာဆုံး ဝိညာဉ်ဖြစ်သော ဝိညာဉ်အရှင်ထိုက်ကွမ်း တည်ရှိရာနေရာ ဖြစ်သည်။
ဝိညာဉ်တော်သုံးပါးတောင်ကုန်းမှ ကျင့်ကြံသူအများအပြားသည် ကောင်းကင်ပေါ်မှ ဖိအားကို အာရုံခံမိသွားကြသည်။ သူတို့သည် ထိတ်လန့်တုန်လှုပ်သွားကြသောအခါ ဝိညာဉ်အရှင်ကြွယ်ဟန်သည် ရုတ်တရက် ပါးစပ်ဟလိုက်သည်။
“ ရပ်စမ်း ”
“ ဂူး ”
ငှက်ကြီးချင်းချင်းသည် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ဖြစ်သည်နှင့်အညီ မည်သို့ကြောင့် ဝိညာဉ်အရှင်ကြွယ်ဟန်၏ စကားတစ်ခွန်းဖြင့် ရပ်တန့်နိုင်ပါမည်နည်း။ ထို့ကြောင့် ၎င်းသည် ဒေါသတကြီး အော်မြည်လိုက်ပြီး ဝိညာဉ်တော်သုံးပါးတောင်ကုန်း၏ ဘေးပတ်ဝန်းကျင်တွင် လှည့်ပတ်ပျံသန်းလိုက်သည်။
ထို့နောက် ၎င်း၏ ဘယ်ဘက်ဦးခေါင်းသည် ရှည်ထွက်လာပြီး မြေကြီးပေါ်သို့ အလျှင်အမြန် နိမ့်ဆင်းသွားလေရာ ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်ကို ဝါးမျိုလိုက်သည်။
တဂျွတ်ဂျွတ်ဝါးစားသံသည် မြည်ဟိန်းထွက်လာပြီး ခြောက်ခြားဖွယ် အော်ဟစ်ငိုကြွေးသံသည် နေရာတိုင်းမှ ပျံ့လွင့်ထွက်လာသည်။ သူတို့၏ အရသာသည် မဆိုးဝါးသည့်အလား ငှက်ကြီးချင်းချင်းသည် မြေကြီးပေါ်သို့ ဆင်းသက်လိုက်သည်။
၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် ဝိညာဉ်တော်သုံးပါးတောင်ကုန်းထက်ပင် ပို၍ရှည်လျားသည်။ ၎င်းသည် ထိုနေရာတွင် မတ်တတ်ရပ်ပြီး လွတ်မြောက်ရန် အော်ဟစ်ငိုကြွေးလျက် ထွက်ပြေးနေကြသော သရေစာများကို ဆက်လက်ဝါးစားလိုက်သည်။ တစ်ချိန်တည်းမှာ ၎င်းသည် မြေကြီးဝိညာဉ်ကို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော်လည်း ငှက်ကြီးချင်းချင်းသည် ဤတစ်ကြိမ် ရွှီချင်းရောက်ရှိလာသည့် ရည်ရွယ်ချက်ကို အကြမ်းဖျင်း နားလည်ထားသည်။ ထို့ကြောင့် ၎င်းသည် တစ်ခဏသာကြည့်ပြီး ၎င်း၏ ညာဘက်ဦးခေါင်းကို ဝိညာဉ်တော်သုံးပါးတောင်ကုန်း၏ အပေါ်သို့ရောက်အောင် ဆန့်တန်းလိုက်ပြီး တောင်ကုန်းကို ငုံ့ကြည့်လိုက်သည်။
ဝိညာဉ်အရှင်ကြွယ်ဟန်သည် တိတ်ဆိတ်နေပြီး အရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးနေကြသော သူ၏ လက်အောက်ငယ်သားများကို လျစ်လျူရှုထားလိုက်သည်။ ယင်းအစား သူက ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။