ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်း(က)
Vol. 45 Ch. 679
ရွှီချင်းသည် သူတို့ကို အလျင်စလို မဆုံးဖြတ်စေလိုပေ။ အချိန်အတော်ကြာသည်အထိ ကောင်းကင်ဝိညာဉ်နှင့် မြေကြီးဝိညာဉ်ထံမှ မည်သည့်တုံ့ပြန်စကားမှ မကြားရသောအခါ သူသည် မည်သည့်စကားမှ ထပ်မပြောတော့ပေ။ စာတစ်ကြောင်းသာ ချန်ထားခဲ့လိုက်သည်။
“ ဝိညာဉ်အရှင်နှစ်ပါးက ဒီကိစ္စကို အချိန်ယူပြီး အေးဆေးစဉ်းစားသင့်ပါတယ်… ဒီည နေဝင်ရီတရောအချိန် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ရဲ့ အပြင်ဘက်က တောင်ပင်လယ်ဒေသမှာ ငါ စောင့်နေမယ် ”
ရွှီချင်းသည် စကားဆုံးအောင် ပြောပြီးနောက် သူ၏ နတ်ဘုရားအာရုံကို ငှက်ကြီးချင်းချင်းဆီသို့ ပို့လွှတ်လိုက်သည်။ ငှက်ကြီးချင်းချင်းသည် လေချဉ်တတ်လိုက်ပြီး ၎င်း၏ ဦးခေါင်းကို မြှောက်ကာ စူးစူးဝါးဝါး အော်မြည်လိုက်သည်။ ၎င်းသည် အတောင်ပံကို အကြမ်းပတမ်း တဖျတ်ဖျတ်ခတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
တိမ်တိုက်များနှင့် မြူခိုးသည် ကောင်းကင်ထက်တွင် စုဝေးသွားပြီး ငှက်ကြီးချင်းချင်း၏ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ မကြာမီ မရေမတွက်နိုင်သော မိုးကြိုးသွားများသည် တိမ်တိုက်အမည်းများထဲတွင် လင်းလက်သွားကြသည်။ တိမ်တိုက်များနှင့် မြူခိုး ပေါက်ကွဲသွားသောအခါ ငှက်ကြီးချင်းချင်း၏ ဧရာမပုံရိပ်သည် တစ္ဆေအင်ပါယာတောင်ကုန်း၏ ဦးတည်ရာသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။
နှစ်နာရီကြာပြီးနောက် တစ္ဆေအင်ပါယာတောင်ကုန်းသည် မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည်။
တစ္ဆေအင်ပါယာထံမှ ဖြစ်ပေါ်လာသော တောင်ကုန်းသည် အလွန်အမင်း ထူးခြားဆန်းကြယ်သည်။ တောင်ကုန်းကို ယိုယွင်းပျက်စီးနေသော သစ်ပင်ခြောက် သစ်ရွက်ခြောက်များနှင့် ရေညှိအလွှာများဖြင့် အထပ်ထပ် ဖုံးလွှမ်းထားသော်လည်း ၎င်း၏ စစ်ချပ်ဝတ်မှ ရက်စက်ကြမ်းကြုတ်မှုနှင့် ဧရာမဓားမော့နှစ်လက်မှ ထုတ်လွှတ်နေသော အန္တရာယ်အငွေ့အသက်ကို မဖုံးကွယ်နိုင်သေးပေ။
၎င်းသည် ထိုနေရာတွင် ထိုင်နေပြီး တားမြစ်ပင်လယ်၏ ဦးတည်ရာသို့ မျက်နှာမူထားသည်။ ၎င်း၏ ဦးခေါင်းသည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည့်အလား အောက်သို့ အနည်းငယ် ငုံ့ထားသည်။
ကြီးမားကျယ်ပြောသော ဧရာမတောင်ကြီးကိုကြည့်နေရင်း ရွှီချင်း၏ နှလုံးသည် ပရမ်းပတာဖြစ်လာသည်။
သတ္တမသခင်ကြီးသည် သူ့အား နားလည်ဆင်ခြင်နိုင်ရန် ဤနေရာသို့ ခေါ်ဆောင်လာခဲ့စဉ်က သူတို့သည် တစ္ဆေအင်ပါယာတောင်ကုန်းမှ စိတ်ခုနစ်မျိုးကို မမြင်တွေ့ခဲ့ကြပေ။ သူတို့သည် တောင်အောက်ခြေရှိ နယ်မြို့တွင် နေထိုင်ကြသည်။
ယခုအခါ တစ္ဆေအင်ပါယာတောင်ကုန်းဆီသို့ နောက်တစ်ကြိမ် သူကြည့်နေစဉ် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ တစ္ဆေအင်ပါယာနတ်နန်းတော်သည် အနည်းငယ် တုန်ခါလာသည်။
ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်လေရာ သူ၏ မျက်လုံးသည် ဝင်းလက်သွားသည်။ သူက မိစ္ဆာအသွင်ပြောင်းစာလုံးများကို ခြေမွဖျက်ဆီးလိုက်ပြီး ငှက်ကြီးချင်းချင်းက တောင်ကုန်းဆီသို့ ပိုပြီးနီးကပ်စွာ ရွေ့လျားသွားနေစဉ် တစ္ဆေအင်ပါယာတောင်ကုန်း၏ ပုံရိပ်သည် သူ၏ အနောက်တွင် ထွက်ပေါ်လာသည်။
ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းများ ဖြစ်ပေါ်လာကြသည်။
တစ္ဆေအင်ပါယာတောင်ကုန်းနှစ်ခုတွင် တစ်ခုသည်အကြီး တစ်ခုသည်အသေး၊ တစ်ခုသည်အစစ် တစ်ခုသည်အတု ဖြစ်သည်။ ထိုတောင်ကုန်းနှစ်ခုသည် အပြန်အလှန် စိုက်ကြည့်နေဟန် ရ၏။
ထိုအခိုက်အတန့်မှာ အစစ်အမှန်တစ္ဆေအင်ပါယာတောင်ကုန်းထံမှ မာန်ဖီဟိန်းသံများ ထွက်ပေါ်လာသည်။ အနက်ရောင် မီးခိုးငွေ့ခုနစ်တန်းသည် တစ္ဆေအင်ပါယာတောင်ကုန်းပေါ်ရှိ ကမ္ဘာကြီးနှစ်ခုထဲမှ ထွက်ပေါ်လာကြပြီး ကောင်းကင်ဆီသို့ ပျံသန်းသွားကြသည်။
သူတို့ထဲမှ မည်သူမဆို ပေတစ်ထောင်ရှည်လျားကြပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျကို ထုတ်လွှတ်နေသည်။ သူတို့သည် အလွန်ကြီးမားသော မီးခိုးမျက်နှာခုနစ်ခုသို့ ပြောင်းလဲသွားကြပြီး မြေပြင်ကို ငုံ့ကြည့်လိုက်ကြသည်။
သူတို့၏ အသွင်ပုံစံသည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ လူသားပုံစံ၊ သားရဲပုံစံ၊ အမျိုးသားနှင့် အမျိုးသမီးပုံစံ၊ အသက်ကြီးသူနှင့် အသက်ငယ်သူပုံစံ အစရှိသဖြင့် မျက်နှာအမျိုးမျိုးရှိကြသည်။ အလယ်မှ မျက်နှာသည် တစ္ဆေအင်ပါယာနှင့်ပင် ဆင်တူသည်။
သူတို့၏ ထွက်ပေါ်လာမှုသည် ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ဖရိုဖရဲဖြစ်သွားစေသည်။ ကြည်လင်သော ကောင်းကင်သည် မည်းမှောင်သွားပြီး ဖိနှိပ်ခြင်းအားလှိုင်းသည် မြေပေါ်သို့ သက်ဆင်းလာသည်။
ကောင်းကင်သည် အရောင်ပြောင်းလဲသွားသည်နှင့် သူတို့၏ မျက်နှာပေါ်မှ ရက်စက်ကြမ်းကြုတ်မှုနှင့် အာဃာတသည် ပိုပြီးထင်ရှားလာသည်။ သူတို့သည် ရွှီချင်းကို ရန်ရှာလိုသော အကြည့်ဖြင့် ကြည့်နေကြသည်။
တစ်ချိန်တည်းမှာ တစ္ဆေများသည် တစ္ဆေအင်ပါယာတောင်ကုန်း၏ ပခုံးပေါ်ရှိ ကမ္ဘာကြီးနှစ်ခုထဲမှ ပျံသန်းထွက်လာကြပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားကြသည်။ တစ္ဆေရိုင်းများသာမက ထူးထူးဆန်းဆန်း သတ္တဝါများလည်း ထွက်လာကြသည်။
၎င်းတို့အားလုံးသည် တစ္ဆေအင်ပါယာတောင်ကုန်း၏ မဟာလောက ပြိုလဲသွားပြီးနောက် မွေးဖွားလာသော ရက်စက်ကြမ်းကြုတ်သည့် တည်ရှိမှုများ ဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ ၎င်းတို့က ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းထားလေရာ ငရဲပြည်ဂိတ်တံခါးက ပွင့်သွားပြီး တစ္ဆေထောင်သောင်းများစွာက ဆင်းသက်လာသလိုပင်။
သို့သော်လည်း ၎င်းတို့သည် ငှက်ကြီးချင်းချင်းအတွက် ဘာမှမဟုတ်ပေ။ အမှန်မှာတော့ ငှက်ကြီးချင်းချင်း၏ ဦးခေါင်းသုံးလုံးထံတွင် စိတ်ဝင်စားသော အရိပ်အယောင်ပင် ထွက်ပေါ်နေသည်။ ၎င်းတို့သည် ထိုတစ္ဆေရိုင်းများ၏ အရသာကို မြည်းစမ်းကြည့်ချင်နေဟန် ရသည်။
ရွှီချင်းသည် ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်တွင် ရပ်လျက် ကောင်းကင်ပေါ်မှ ဧရာမမျက်နှာကြီးခုနစ်ခုကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ ငါ လက်နက်ဝိညာဉ် ကောင်းကင်ဝိညာဉ်နဲ့ မြေကြီးဝိညာဉ်ကို စကားပြောထားပြီးပြီ… အသေးစိတ်ကို ငါထပ်မပြောတော့ဘူး… မင်းတို့ တစ်ခုခုကို သိထားပြီးလောက်ပြီလို့ ငါထင်တယ် ”
“ ဒီနေ့ နေဝင်ရီတရောအချိန် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ရဲ့ အပြင်ဘက် တောင်ပင်လယ်ဒေသမှာ ငါစောင့်နေမယ် ”
ရွှီချင်းသည် စကားဆုံးသည်နှင့် လက်သီးနှစ်ဖက်ဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
အမှန်မှာတော့ ရွှီချင်းသည် ဤနေရာသို့ လာရောက်ရန် မလိုပေ။ မည်သို့ဖြစ်စေ ဝိညာဉ်တော်သုံးပါးနှင့် စိတ်ခုနစ်မျိုးသည် အင်အားစုနှစ်ခုအဖြစ် ကွဲနေသည့်တိုင် သူတို့သည် ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဝိညာဉ်တော်သုံးပါးတောင်ကုန်းတွင် သူပြောဆိုခဲ့သော အကြောင်းအရာနှင့်ပတ်သက်ပြီး တစ်ဖက်အုပ်စုက သတိမပြုမိသည်မှာ လုံးဝမဖြစ်နိုင်ပေ။
သို့သော်လည်း တစ်ခါတစ်ရံတွင် တစ်ဖက်လူ၏ လိုအပ်ချက်ကို ကိုယ်က သိထားလျှင်ပင် ကောင်းမွန်သော သဘောထားကို ထုတ်ပြရပေဦးမည်။
ရွှီချင်းသည် အနောက်သို့ လှည့်လိုက်ပြီး ထွက်ခွာရန်ပြင်လိုက်စဉ် ဧရာမမျက်နှာခုနစ်ခုထဲမှ တစ္ဆေအင်ပါယာနှင့် ဆင်တူသော ပထမစိတ်သည် မိုးထစ်ချုန်းသံပမာ ကျယ်လောင်သောအသံဖြင့် ရုတ်တရက် ပြောသည်။
“ မင်းရဲ့ကောင်းကင်ဘုံတာအိုကို ငါ့ကိုပြပါ ”
ရွှီချင်းသည် ရပ်သွားသည်။
သူက ခေါင်းလှည့်လိုက်ပြီး ပထမစိတ်ကို ကြည့်လိုက်သည်။ သူက ညာလက်ကိုမြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို မည်းမှောင်နေသော ကောင်းကင်ယံတွင် ဟိန်းသံများ ထွက်ပေါ်လာသည်။
တိမ်တိုက်များနှင့် မြူခိုးသည် ပင်လယ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားဟန်ရပြီး မိုဆာဆောသည် အထဲမှ ခုန်ထွက်လာသည်။ ၎င်း၏ ရှည်လျားသော နှုတ်ခမ်းမွှေးအနီများသည် တိမ်တိုက်များကြားထဲတွင် လှုပ်ယမ်းနေသည်။ ကောင်းကင်ဘုံတာအို၏ ကြောက်မက်ဖွယ် အရှိန်အဝါသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်ထွက်လာသည်။
စိတ်ခုနစ်မျိုးသည် နှုတ်ဆိတ်သွားကြသည်။
ရွှီချင်းသည် မိုဆာဆောကို ပြန်မခေါ်ခင် အချိန်တစ်ခဏကြာ စောင့်ဆိုင်းလိုက်သည်။ ထို့နောက် သူက ငှက်ကြီးချင်းချင်း၏ အလယ်ဦးခေါင်းကို လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။ ငှက်ကြီးချင်းချင်းသည် ရွှီချင်း၏ ရည်ရွယ်ချက်ကို နားလည်သည်။ ၎င်းသည် ရွှီချင်းကို သယ်ဆောင်လျက် လျှပ်စီးအလျှင်ဖြင့် ပျံသန်းမသွားခင် တစ္ဆေအင်ပါယာတောင်ကုန်းကို အကြိမ်ရေအနည်းငယ် လှည့်ပတ်လိုက်သည်။
ထိုသို့ဖြင့် အချိန်သည် ကုန်လွန်သွားပြီး ညနေခင်းသို့ ဖြည်းညင်းစွာ ရောက်ရှိလာသည်။
ညနေခင်းဖြစ်သော်လည်း နီညိုရောင်အလင်း မရှိပေ။ ကောင်းကင်သည် ဝါကြင့်ကြင့်အရောင်ဖြစ်၏။ ဤသည်မှာ ဘဝနေဝင်ချိန်ကို ရောက်ခါနီးနေသော အဖိုးအိုတစ်ဦးက သေဆုံးရန် ဆန္ဒမရှိဘဲ လူ့လောကတွင် ဆက်လက်နေရန် ရုန်းကန်နေသည့်ဟန် ရသည်။
ထို့ကြောင့် နေဝင်ရီတရောအလင်းရောင်တွင် ဆည်းဆာအရောင် တစ်စွန်းတစ်စ ပါဝင်နေသည်။ ထိုအလင်းရောင်သည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်၏ အပြင်ဘက်တွင် တည်ရှိသော တောင်ပင်လယ်ဒေသပေါ်သို့ ကျရောက်နေသည်။
ရွှီချင်းသည် တောင်ထိပ်ပေါ်တွင် မတ်တတ်ရပ်နေသည်။ သူ၏ ညာဘက်တွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ် ရှိသည်။ ကာကွယ်ရေးအစီအရင်သည် အသက်သွင်းထားပြီး ဖြစ်သည်။ နယ်မြေတစ်ခုလုံးသည် မာရှယ်လော ချမှတ်ခံထားရသည်။ ယင်းသည် အလောင်းကောင်တားမြစ်နယ်မြေ၏ ချိပ်ပိတ်မှုကျဆုံးခြင်းကို ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။
ဂိုဏ်းအမျိုးမျိုးမှ တားမြစ်ဓမ္မရတနာများသည် လေထဲသို့ မြှောက်တတ်သွားကြပြီး အသက်သွင်းခံထားရကြသည်။ ရံဖန်ရံခါ ၎င်းတို့ထံမှ ကမ္ဘာတုန်ဟီးစေမည့် အလင်းတန်းများ ထွက်ပေါ်လာကြပြီး တားမြစ်ပင်လယ်နက်၏ အနက်ပိုင်းထဲသို့ ပျံသန်းသွားကြသည်။
သူ၏ အရှေ့တွင် တားမြစ်ပင်လယ်နက် ရှိသည်။
ဆူနာမီလှိုင်းလုံးကြီးများသည် ထကြွလှုပ်ရှားလာပြီး ကျောက်ဆောင်များသည် ပြိုကျပျက်စီးသွားသည်။ အညိုရောင် ရေမြှုပ်များသည် ပင်လယ်ကမ်းစပ်တွင် စုပြုံသွားကြပြီး တစ်ခဏအကြာမှာ လွင့်ပြယ်သွားကြသည်။ သို့သော်လည်း ရေမြှုပ်အသစ်များသည် မကြာမီ ပြန်လည်ဖြစ်ပေါ်လာကြသည်။
တားမြစ်ပင်လယ်မှ ဓာတ်နှောများသည် ဆက်လက်ပျံ့နှံ့သွားနေပြီး ဘေးပတ်ဝန်းကျင်သို့ ကျူးကျော်ဝင်ရောက်လာနေသည်။
“ အလောင်းကောင်တားမြစ်နယ်မြေက အဲ့ဒီမှာ ”
ရွှီချင်းသည် တားမြစ်ပင်လယ်၏ အနက်ပိုင်းထဲသို့ ကြည့်လိုက်ပြီး စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။
သူသည် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ကောင်းကင်သည် တဖြည်းဖြည်း နက်မှောင်လာ၏။ အမှောင်ထုသည် နောက်ဆုံးလက်ကျန် နေရောင်ခြည်ကို အလျှင်အမြန် ဝါးမျိုနေသည်။ အနက်ရောင်က ကောင်းကင်နှင့် မြေပြင်ကြားမှ အရာအားလုံးကို လွှမ်းခြုံသွားတော့မည့်အချိန် ဧရာမပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။