ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်း(စ)
Vol. 45 Ch. 684
ဤအခွင့်အရေးသည် ချိပ်ပိတ်စည်းကို ပို၍မြန်ဆန်စွာ ချိပ်ပိတ်နိုင်ရန်ဖြစ်ကြောင်း သူသိသော်လည်း မည်သို့ဖြစ်စေ ဤသည်မှာ မဟာအကြီးအကဲပေးသော အခွင့်အရေးကြီး ဖြစ်သည်။ ထို့ကြောင့် ရွှီချင်းသည် လက်သီးနှစ်ဖက်ဆုပ်လိုက်ပြီး မဟာအကြီးအကဲကို တည်ကြည်စွာ အရိုအသေပေးလိုက်သည်။
မဟာအကြီးအကဲသည် ခေါင်းညိတ်လိုက်သည်။ သူ၏ ပင်ပန်းနွမ်းလျသော မျက်နှာပေါ်မှာ အသိအမှတ်ပြုမှု ထွက်ပေါ်လာသည်။ သူသည် ယင်ဟွမ်ပြည်နယ်ထဲမှ ပေါ်ထွက်လာသော ရွှီချင်းအပေါ် မြင့်မြင့်မှန်းထားသည်။
ရွှယ်လျန့်ကျစ်လည်း ထိုသို့ဆိုလျှင် သတ္တမသခင်ကြီးသည်တော့ ပြောရန်မလိုတော့ပေ။ ဤအခိုက်အတန့်မှာ သူက မုတ်ဆိတ်မွှေးကို ပွတ်သပ်နေသည်။ သူ၏ မျက်နှာပေါ်မှ ဘဝင်ခိုက်သော အမူအရာသည် လူတိုင်းမြင်သာသော အဆင့်တစ်ခုထိ ရောက်ရှိနေသည်။
နတ်မိမယ်ကျစ်ရွှမ်၏ လှပသော မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင် ဖြစ်ပေါ်လာသည်။ ယခုအချိန် သူ၏ မျက်လုံးထဲတွင် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်သည် အတောက်ပဆုံးဖြစ်နေဟန် တူသည်။
သို့သော်လည်း ယင်းသည် ကျယ်လောင်သော အော်မြည်သံတစ်သံ အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်မသွားခင်ထိသာ ဖြစ်သည်။ လူတိုင်း၏ အကြည့်သည် ငှက်ကြီးချင်းချင်းပေါ်သို့ ကျရောက်သွားကြသည်။
ငှက်ကြီးချင်းချင်းသည် လေထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလျက် ဤကိစ္စတွင် ၎င်း၏ အကျိုးဆောင်မှုသည် မသေးငယ်ကြောင်း လူတိုင်းကို သတိပေးနေဟန် ရသည်။
“ ကျေးဇူးတင်ပါတယ် စီနီယာချင်းချင်း ”
မဟာအကြီးအကဲသည် လက်သီးနှစ်ဖက်ဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
သူ၏ အနောက်မှ ဗလာနတ္ထိအဆင့် ကျင့်ကြံသူအားလုံးသည် ငှက်ကြီးချင်းချင်းကို ကျေးဇူးတင်ကြသည်။ ထို့အတူ ကျင့်ကြံသူနှစ်သန်းကျော်သည်လည်း ၎င်းကို တစ်ညီတစ်ညာတည်း အရိုအသေပေးလိုက်ကြသည်။
ထိုသို့ကြီးမြတ်သော အလေးပြုမှုကိုရရှိသောအခါ ငှက်ကြီးချင်းချင်းသည် အတော်လေး စိတ်ကျေနပ်သွားသည်။ ၎င်းသည် မသိလိုက်မသိဘာသာ နန်းဟွမ်ကုန်းမြေ၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။ ၎င်း၏ အကိုကြီးက မည်သို့ကြောင့် ရောက်မလာသလဲဟု စဉ်းစားနေဟန် တူသည်။ သို့သော်လည်း နောက်တစ်စက္ကန့်မှာ ၎င်း၏ အကိုကြီးသည် မျိုးနွယ်စုများကြားမှ တိုက်ပွဲတွင် ပါဝင်ရသည်ကို သဘောမကျကြောင်း တွေးမိသွားသည်။
အဝေးမှ ဝိညာဉ်တော်နှစ်ပါးနှင့် စိတ်ခုနစ်မျိုးသည်လည်း ထိုအခိုက်အတန့်မှာ သတိပြန်ဝင်လာကြသည်။ ခေါင်းဆောင်ဖြစ်သော ကောင်းကင်ဝိညာဉ်လူပုလေး၏ မျက်နှာသည် အေးတိအေးစက် ဖြစ်နေသည်။ သူက မဟာအကြီးအကဲကိုကြည့်လိုက်ပြီး နောက်ဆုံးမှာ ရွှီချင်းထံသို့ အကြည့်ပြောင်းရွှေ့လိုက်သည်။
“ ငါတို့ဘက်က သဘောတူညီမှုကို ဆောင်ရွက်ပြီးပြီ… ငါတို့ မင်းကို စောင့်နေမယ် ”
ရွှီချင်းသည် တည်ကြည်စွာ ခေါင်းညိတ်သည်။
ကောင်းကင်ဝိညာဉ်လူပုလေးသည် အနောက်လှည့်လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ မြေကြီးဝိညာဉ်သည်လည်း ထိုနည်းလမ်းအတိုင်း ထွက်ခွာသွားသည်။ စိတ်ခုနစ်မျိုးသည် မီးခိုးငွေ့သို့ ပြောင်းလဲသွားပြီး လေထဲတွင် လွင့်ပြယ်သွားသည်။ ဖြစ်စဉ်တစ်ခုလုံးတွင် သူတို့သည် ဝိညာဉ်သခင်မယုံကျင်းကို အာရုံမစိုက်ခဲ့ကြပေ။
မည်သို့ဖြစ်စေ သူက ဓားကိုင်ရုံးတော်ခွဲ၏ လက်ထဲတွင် ရှိနေသည်မဟုတ်ပါလော။ အကယ်၍ သူတို့က သူ့ကို ပြန်ခေါ်သွားမည်ဆိုလျှင် ဓားကိုင်ရုံးတော်ခွဲသည် အေးဆေးငြိမ်နေလိမ့်မည်မဟုတ်ပေ။ ထိုသို့ဆိုမှတော့ သူ့ကို ဓားစာခံအဖြစ် နေခဲ့စေခြင်းသည် ပို၍ကောင်းလိမ့်မည်။ သို့မှသာလျှင် အားလုံးသည် စိတ်အေးနိုင်ကြမည်။
ဝိညာဉ်သခင်မယုံကျင်းသည် အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော်လည်း သူတတ်နိုင်သောအရာ မရှိပေ။ သူ၏ အပေါင်းအဖော်များအကြောင်းကို သူကောင်းကောင်းသိသည်။ သူတို့သည် ဇစ်မြစ်တစ်ခုတည်းမှ မွေးဖွားလာကြသော်လည်း လွတ်လပ်မှုကိုသာ ပိုပြီးအလေးထားကြသည်။
ဝိညာဉ်တော်နှစ်ပါးနှင့် စိတ်ခုနစ်မျိုးထွက်ခွာသွားကြပြီးနောက် မဟာအကြီးအကဲသည် ရှင်းလင်းရေးတာဝန်ကို ညွှန်ကြားလိုက်သည်။ ထို့နောက် သူသည် ရွှီချင်းနှင့် ယင်ဟွမ်ပြည်နယ်မှ ဗလာနတ္ထိအဆင့် ကျင့်ကြံသူများကို အစည်းအဝေးလုပ်ရန် စုဝေးလိုက်သည်။
အစည်းအဝေးတွင် ပါဝင်ခွင့်ရသည့် ဗလာနတ္ထိကျင့်ကြံသူများတွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်သည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။ ရွှီချင်းကိုကြည့်သော သူ၏ အကြည့်သည် ယခင်နှင့် အနည်းငယ် ကွာခြားသွားပြီး လေးနက်မှုတစ်စွန်းတစ်စ ပါရှိသည်။
“ ရွှီချင်း မင်းရဲ့အမြင်ကို ငါ့ကိုပြောပြကြည့်ပါ ”
မဟာအကြီးအကဲသည် နဖူးကို ပွတ်သပ်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
သူ၏ စကားဆုံးသည့်အခါ ဗလာနတ္ထိအဆင့် ကျင့်ကြံသူဒါဇင်ကျော်၏ အကြည့်များသည် ရွှီချင်းအပေါ်သို့ ကျရောက်သွားကြသည်။ အကယ်၍ သူ၏ နေရာမှာသာ တခြားတစ်ယောက်ဆိုလျှင် ထိုသူသည် အပြင်းအထန် နှလုံးတုန်သွားလိမ့်မည်။
သို့သော်လည်း ရွှီချင်းသည် အတွေ့အကြုံများပြားသူ ဖြစ်သည်။ သူသည် နတ်ဘုရားတချို့ကိုပင် မြင်ဖူးသည်။ ထို့ကြောင့် ဗလာနတ္ထိအဆင့် ကျင့်ကြံသူများ၏ အကြည့်သည် သူ့အတွက် ဖိအားမဖြစ်စေပေ။
ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။
“ ရုံးတော်သခင်က ကျုပ်ကို အမိန့်တော်တစ်ခုပေးအပ်ပြီး ဖုန်းဟိုင်ဒေသငယ်က အထောက်အပံ့ပစ္စည်းတွေနဲ့ စစ်သည်တော်တွေကို စုဆောင်းခိုင်းတယ်… အထောက်အပံ့ပစ္စည်းတွေ စုဆောင်းတာကို ကျုပ်လုပ်ဆောင်ပြီးပြီ… အချိန်ကို တွက်ဆကြည့်မယ်ဆိုရင် သူတို့တွေ အခုလောက်ဆို စစ်မြေပြင်ဆီ ရောက်သွားလောက်ပြီ ”
“ စစ်သည်တော်စုဆောင်းတာကိုတော့ ရွှီကျောက်ပြည်နယ်နဲ့ ယင်ဟွမ်ပြည်နယ်ကို ကျုပ်စဉ်းစားထားတယ် ”
ထိုနေရာသို့ရောက်သည့်အခါ ရွှီချင်းသည် မဟာအကြီးအကဲကို ကြည့်လိုက်သည်။
မဟာအကြီးအကဲသည် ခေါင်းညိတ်လိုက်ပြီး သူ၏ ဘေးပတ်ပတ်လည်မှ ပုဂ္ဂိုလ်များကို ကြည့်လိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။
“ မင်းတို့ဘယ်လိုထင်လဲ ”
ရွှယ်လျန့်ကျစ်သည် အရင်ဦးစွာ ပြောသည်။
“ တိုက်ကြတာပေါ့ ”
သတ္တမသခင်ကြီး၏ အမူအရာသည် ယခင်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက ရွှယ်လျန့်ကျစ်၏ အနောက်တွင် မတ်တတ်ရပ်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်သည် ရွှီချင်းကိုကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ရွှမ်ယုံဂိုဏ်းက တိုက်ခိုက်မယ် ”
ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မှ တခြားဘိုးဘေးများသည်လည်း ခဏအကြာ တိတ်ဆိတ်သွားပြီးနောက် သဘောတူကြသည်။ မဟာမိတ်ခေါင်းဆောင်သည် ရွှီချင်းကိုကြည့်ပြီး ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ချီးကျူးသော အရိပ်အယောင် ထွက်ပေါ်လာသည်။
“ ငါ့ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က ငါတို့ရဲ့ တာအိုကလေးငယ်နဲ့ လူသားမျိုးနွယ်ကို ထောက်ပံ့ပေးမယ် ”
“ ဒါဆို ထိုက်စီရှန်းမုန်ဂိုဏ်း၊ လီထူဂိုဏ်းနဲ့ ငါ့ယင်ဟွမ်ပြည်နယ်က တခြားလူသားမျိုးနွယ်အင်အားစုတွေရဲ့ သဘောကရော ဘယ်လိုတုန်း ”
မဟာအကြီးအကဲသည် ခေါင်းလှည့်လိုက်ပြီး တခြားဗလာနတ္ထိအဆင့် ကျင့်ကြံသူများကို ကြည့်လိုက်သည်။
ထိုက်စီရှန်းမုန်ဂိုဏ်းတွင် ဗလာနတ္ထိအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်ရှိသည်။ သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ငြင်းဆန်ရန် မည်သည့်အကြောင်းပြချက်မှ ရှာမရသောကြောင့် သူတို့သည် ခေါင်းညိတ်ရုံသာ တတ်နိုင်ကြသည်။
လီထူဂိုဏ်းသည် ခဏအကြာ စဉ်းစားပြီးနောက် သူတို့အားလုံးသည် ဤကိစ္စတွင် သဘောတူကြသည်။
“ ဒီလိုဆိုမှတော့ သံတော်ဆင့်ရွှီက ရုံးတော်သခင်ကိုယ်စား အမိန့်တော် ချမှတ်ပေးပါ ”
မဟာအကြီးအကဲ၏ အကြည့်သည် အားလုံးကို ဖြတ်ကျော်သွားပြီး နောက်ဆုံးတွင် ရွှီချင်းကို တည်ကြည်စွာ ကြည့်လိုက်သည်။
ရွှီချင်း၏ အမူအရာသည် လေးနက်သွားသည်။ သူက ရုံးတော်သခင်၏ တုံကင်ကို ထုတ်လိုက်ပြီး မြင့်မြင့်မြှောက်လိုက်သည်။ တုံကင်က အလင်းရောင်တောက်ပလာသောအခါ တုံကင်မှ ပေးအပ်နှင်းသော ဂုဏ်သရေရှိလေသံပါဝင်သည့် ရွှီချင်း၏ အသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
“ ဓားကိုင်ရုံးတော်ခွဲက ယင်ဟွမ်ပြည်နယ်ထဲက အင်အားစုအားလုံးကို ဦးဆောင်ပြီး ရွှီကျောက်ပြည်နယ်က ဝတ်ရုံတားမြစ်နယ်မြေရဲ့ ကဒ်ဘေးကို သွားရောက်ကူညီပေးပါ… ပြီးသွားရင် ပြည်နယ်နှစ်ခုက အင်အားစုတွေကို ပူးပေါင်းပြီး အနောက်ဘက် စစ်မြေပြင်ဆီ စစ်ကူပေးပါ ”
“ ရုံးတော်သခင်ရဲ့ အမိန့်တော်ကို ကျုပ်တို့နာခံပါတယ် ”
မဟာအကြီးအကဲသည် တည်ကြည်စွာ အရိုအသေပေးလိုက်သည်။
သူ၏ အနောက်မှ ဓားကိုင်အားလုံးသည် ခေါင်းငုံ့လိုက်ကြပြီး အမိန့်တော်ကို အသိအမှတ်ပြုလိုက်ကြသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ပေါ်လျှိုးထွက်လာကြသည်။
တခြားသော မျိုးနွယ်စုများနှင့် ဂိုဏ်းများမှ ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူများသည်လည်း တုံကင်ဆီသို့ ဦးညွတ်လိုက်ကြသည်။
နှစ်နာရီကြာပြီးနောက် မဟာအကြီးအကဲ ဖွဲ့စည်းလိုက်သော မဟာမိတ်စစ်တပ်သည် စုဝေးရောက်ရှိလာသည်။
အလောင်းကောင်တားမြစ်နယ်မြေကို ဖိနှိပ်ရန် လာရောက်ကူညီကြသော တားမြစ်ပင်လယ်မှ မျိုးနွယ်စုအမျိုးမျိုးသည် ထိုသို့စစ်ပွဲတွင် မပါဝင်ချင်ကြပေ။ ထို့ကြောင့် သူတို့သည် နှုတ်ဆက်ပြီးသည်နှင့်ချက်ချင်း ထွက်ခွာသွားကြသည်။ ဓားကိုင်ရုံးတော်ခွဲသည် သူတို့ကို အခက်တွေ့အောင် မလုပ်ပေ။ သူတို့ကို ယဉ်ကျေးစွာ ပြန်ပို့ကြသည်။
ယင်ဟွမ်ပြည်နယ်တွင်မူ လူတိုင်းသည် စစ်ထဲမပါဝင်ကြပေ။ မျိုးနွယ်စုများနှင့် ဂိုဏ်းများကို ကာကွယ်စောင့်ကြပ်ရန် လူတချို့ ကျန်နေခဲ့သည့်အပြင် အလောင်းကောင်တားမြစ်နယ်မြေ၏ ကျန်ရှိနေသော အရှုပ်အထွေးများကို ရှင်းလင်းရန် ပုဂ္ဂိုလ်ကြီးတချို့ ကျန်နေခဲ့သေးသည်။
သူတို့ထဲတွင် သတ္တမသခင်ကြီးနှင့် နတ်မိမယ်ကျစ်ရွှမ်သည် မဟာအကြီးအကဲ၏ ညွှန်ကြားမှုအရ အနောက်တွင် ကျန်နေခဲ့ပြီး အလောင်းကောင်တားမြစ်နယ်မြေကို စောင့်ကြပ်ရန် တာဝန်ပေးအပ်ခံရသည်။ သူတို့သည် စစ်မြေပြင်ဆီသို့ သွားရောက်ရန် မလိုအပ်ပေ။
ဤအကြောင်းကို ရွှီချင်းကြားသောအခါ မဟာအကြီးအကဲကို ကြည့်လိုက်သည်။ ဤအကြောင်းသည် သူနှင့်သက်ဆိုင်ကြောင်း ရွှီချင်း နားလည်သည်။ မည်သို့ဖြစ်စေ စစ်မြေပြင်တွင် အန္တရာယ်အလွန်များသည်။
ရွှီချင်းသည် ဤအချက်ကို တိတ်ဆိတ်စွာ သဘောတူခဲ့သည်။
ကျန်လူများသည် မဟာမိတ်စစ်တပ်တွင် ပါဝင်ကြရမည်ဖြစ်ပြီး ချီယွဲ့ထုံအဖွဲ့ကို ရွှယ်လျန့်ကျစ်က ဦးဆောင်လိမ့်မည်။
တစ်ချိန်တည်းမှာ မဟာအကြီးအကဲ၏ အကူအညီကြောင့် ယင်ဟွမ်ပြည်နယ်မှ အင်အားစုအမျိုးမျိုး၏ တားမြစ်အခွင့်အာဏာများသည် ဒေသငယ်မြို့တော်၏ တားမြစ်ဓမ္မရတနာထဲသို့ ပေါင်းစည်းသွားကြသည်။ ထိုအခါ ရွှေရောင်ပိုက်ကွန်သည် ယင်ဟွမ်ပြည်နယ်၏ ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်။ ယင်းက ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံသွားသောအခါ ဒေသငယ်မြို့တော်၏ တားမြစ်ဓမ္မရတနာသည် ပိုပြီးအားကောင်းလာသည်။
ထို့နောက် ယင်ဟွမ်ပြည်နယ်မှ မဟာမိတ်စစ်တပ်သည် ရွှီကျောက်ပြည်နယ်သို့ စတင်ထွက်ခွာကြသည်။
အရွယ်အစားစုံလင်သော မှော်ယာဉ်ပျံများသည် ကောင်းကင်တစ်ခွင် ဖြတ်ကျော်သွားသည်။ မှော်ယာဉ်ပျံသည် အရေအတွက် တစ်သိန်းကျော်ရှိပြီး ယာဉ်ပျံထဲတွင် ယင်ဟွမ်ပြည်နယ်၏ စစ်သည်တော်များ ပါရှိကြသည်။
မှော်ယာဉ်ပျံများ ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်သည် ဖုံးလွှမ်းခံရပြီး နေလုံးသည် ပုန်းကွယ်သွားလိမ့်မည် ဖြစ်သည်။